စုန့်ဝမ်တို့ ထွက်သွားပြီးနောက် ကျိရုရွယ်သည် သူမ၏ ဆရာဖြစ်သူ ယန်ယုရှန်ကို သွားတွေ့ပြီး နှုတ်ဆက်သည်။ ယန်ယုရှန်က ခေါင်းညိတ်လိုက်ပြီး "မင်း အရှေ့ဟွာဖန်းဈေးမှာ လျှို့ဝှက်ထောက်လှမ်းနေတာ ဆယ်နှစ်ရှိပြီ၊ မင်း တကယ် ပင်ပန်းခဲ့ရမှာပဲ" ဟု ဆိုသည်။ "ဆရာ့အတွက် အလုပ်လုပ်ပေးရတာ ဘယ်တော့မှ မပင်ပန်းပါဘူး" ဟု ကျိရုရွယ်က ပြန်ဖြေသည်။
ယန်ယုရှန်က "လေ့မိသားစုကို စုံစမ်းတာ ဘယ်လိုလဲ" ဟု မေးသည်။
ကျိရုရွယ်ကလည်း စုံစမ်းသိရှိသမျှ တင်ပြလိုက်သည်။ "လေ့မိသားစု ဝိညာဥ်သန္ဓေအဆင့် ဘိုးဘေး ဒဏ်ရာရပြီးတော့ သူတို့တွေ အရမ်းကို ငြိမ်နေကြတယ်။ ပုံမှန် စီးပွားရေးကိစ္စတွေကလွဲရင် တခြား ဘာမှ မလှုပ်ရှားကြတာမို့ စုံစမ်းဖို့ သိပ်မရှိပါဘူး။ ဒါပေမဲ့ လမ်းမှန်နှင့် နတ်ဆိုးဂိုဏ်းတိုက်ပွဲ ပြီးသွားလို့ ပြန်လာတဲ့ လေ့ကျန်းကို အရှေ့ဟွာဖန်းဈေးမှာ ခဏခဏ တွေ့နေရပါတယ်။ သူ့သားလေ့ထျန်းယု သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းနေပုံရတယ်"
"လေ့ကျန်းရဲ့သား သေသွားတာလား"
"ဟုတ်ကဲ့၊ လေ့ထျန်းယုက ကျင့်ကြံခြင်း ပါရမီ ကောင်းသလို မိုးကြိုးလျှပ်စီးပါရမီလည်း ထူးချွန်တဲ့သူပါ။ သူ့သေဆုံးမှုက လေ့ကျန်းကို အကြီးအကျယ် ဒေါသထွက်စေမှာ အသေအချာပါပဲ။ အခုတလော အရှေ့ဟွာဖန်းဈေးနားမှာ အလောင်းနတ်ဆိုဂိုဏ်းက ကျင့်ကြံသူတွေ ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေတယ်။ လေ့မိသားစုက အဲဒီအကြောင်းတွေကို စုံစမ်းနေပြီး လေ့ကျန်းကလည်း ဒီဈေးကို ခဏခဏ လာနေပါတယ်။ လေ့ထျန်းယု သေဆုံးတာ အလောင်းနတ်ဆိုးဂိုဏ်းက မိစ္ဆာလူတွေနဲ့ ပတ်သက်နေမယ်လို့ ကျွန်မ ထင်ပါတယ်"
ကျိရုရွယ်၏ စကားကို ကြားပြီးနောက် ယန်ယုရှန်က စဉ်းစားလိုက်သည်။ "ဒီကိစ္စကို သုံးပြီး လေ့ကျန်းကို ဆွဲဆောင်လို့ ရနိုင်မလား" …….
စုန့်ဝမ်နှင့် လျိုကျန်းတို့ မြွေဂူသို့ ပြန်ရောက်သောအခါ ကျိုးစစ်ယိနှင့် တန်းတိုးသည်။
"မောင်လေးဝူ... မင်း တရားခံသွားဖမ်းတယ်လို့ ကြားတယ်။ မိခဲ့လား၊ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စမျိုးကို ဘာလို့ ငါ့ကို မခေါ်တာလဲ" ကျိုးစစ်ယိ၏ မျက်နှာတွင် အခွင့်အရေးကြီးတစ်ခုကို လက်လွတ်လိုက်ရသကဲ့သို့ စိတ်ပျက်နေသော အမူအရာ ရှိနေသည်။
စုန့်ဝမ်နှင့် လျိုကျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦးလုံး၏ မျက်နှာတွင် ကြောက်စိတ်များ ရှိနေဆဲ ဖြစ်သည်။ တက်ကြွနေသော ကျိုးစစ်ယိကို ကြည့်ပြီး ချက်ချင်း စကားမပြန်နိုင် ဖြစ်နေသည်။
"မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ။ ဘာလို့ ဘာမှ မပြောကြတာလဲ၊ ဘယ်လိုဖြစ်ခဲ့သလဲ ပြောပါဦး။ တရားခံကို ဥပဒေခန်းမမှာ အပ်ထားခဲ့တာလား"
မတတ်သာသည့်အဆုံး စုန့်ဝမ် ပြန်ဖြေလိုက်ရသည်။ "စီနီယာအစ်မကျိုး... မမေးတာ ပိုကောင်းပါလိမ့်မယ်။ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ရှိခဲ့လို့ ပြောပြဖို့ မသင့်တော်ပါဘူး။ ဝိညာဉ်သားရဲမွေးမြူရေးခြံက တပည့်တွေ အသတ်ခံရတဲ့ကိစ္စကိုလည်း ရှေ့ဆက်ပြီး အရေးယူတော့မှာ မဟုတ်ပါဘူး"
ကျိုးစစ်ယိက နားမလည်နိုင်သကဲ့သို့ မျက်လုံးအပြူးသားဖြင့် ပြန်ကြည့်နေသည်။ "တရားခံကို မဖမ်းဘဲ ဒီအတိုင်း လွှတ်ထားလိုက်မှာလား၊ အဲဒါက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူးလား။ ပြီးတော့ ကျောက်စိမ်းမြွေတွေ ဆုံးရှုံးသွားတာက ထိခိုက်မှုတွေ ရှိလာမှာပဲ"
လျိုကျန်းလည်း မနေသာတော့ဘဲ ကြားဖြတ်ပြောလိုက်သည်။ မဟုတ်လျှင် ကျိုးစစ်ယိက သူတို့ မေ့ပစ်ချင်နေသော အကြောင်းအရာများကို ဆက်ဆွနေဦးမည် မဟုတ်ပါလား။ "အကြီးအကဲကျိုး... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ရအောင်။ နောက်ထပ် မပြောပါနဲ့တော့။ မြွေတွေ ဆုံးရှုံးသွားတာအတွက် ဝိညာဉ်သားရဲတောင်ကနေ မြွေအသစ်တွေ တောင်းပေးဖို့ စီစဉ်ထားပါတယ်။ ဆေးတောင်က တပည့်တချို့ကိုလည်း ဒီဂူမှာ မြွေလူသားမွေးဖို့ ရွေးချယ်သွားမှာဆိုတော့ မကြာခင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ"
စုန့်ဝမ်နှင့် လျိုကျန်းတို့က တရားခံဖမ်းသည့် လုပ်ငန်းစဉ်ကို မပြောပြချင်မှန်း သိလိုက်ရသောအခါ ကျိုးစစ်ယိလည်း အလိုက်တသိဖြင့် ဆက်မမေးတော့ပေ။
လျိုကျန်း ထွက်သွားပြီးနောက် ကျိုးစစ်ယိက "မောင်လေးဝူ... မင်း အရင်တစ်ခါက ဂိုဏ်းရဲ့ နတ်ဘုရားသားရဲကို ကြည့်ချင်တယ်လို့ ပြောဖူးတယ်လေ၊ အခု အဲဒါကို အစ်မ စီစဉ်ပြီးပြီ။ မနက်ဖြန် မွန်းတည့်ချိန်ကျရင် အစ်မနဲ့အတူ စွေ့တောင်ကို လိုက်ခဲ့ပါ" ဟု ဆိုသည်။
စွေ့တောင်သည် သားရဲသခင်ဂိုဏ်း၏ တားမြစ်နယ်မြေဖြစ်ပြီး ဂိုဏ်း၏ နက်ရှိုင်းသော နေရာတွင် တည်ရှိသည်။ ထိုတောင်၏ ပတ်ဝန်းကျင် ဆယ်မိုင်ခန့်တွင် အခြားတောင်ကုန်းများ မရှိဘဲ တစ်ခုတည်း သီးသန့်ရှိနေသည်။ စွေ့တောင်သည် တစ်နှစ်ပတ်လုံး မြူထူများ ဖုံးလွှမ်းနေပြီး အစီအရင် အတားအဆီးများစွာဖြင့် ကာရံထားသဖြင့် တောင်ပေါ်တွင် ဘာရှိသည်ကို မမြင်နိုင်ပေ။ …….
နောက်တစ်နေ့တွင် စုန့်ဝမ်လည်း ကျိုးစစ်ယိနှင့်အတူ သင်္ဘောပျံကြီးတစ်စီးပေါ်သို့ တက်လိုက်သည်။ ဤသင်္ဘောပျံမှာ ဝိညာဉ်သားရဲတောင်မှ ဖြစ်ပြီး ပေ ၁၅၀ နီးပါး ရှည်လျားသည်။ သင်္ဘောပေါ်တွင် ကျင့်ကြံသူ ဆယ်ဂဏန်းလောက်သာ ရှိပြီး အခြေတည်အဆင့် တစ်ယောက်မှလွဲ၍ ကျန်သူများမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သင်္ဘောပေါ် တက်လိုက်သည်နှင့် သင်္ဘောဝမ်းဗိုက်အတွင်း၌ သေမျိုးလူသားတစ်ထောင်ကျော်ကို ဖမ်းဆီး ထည့်သွင်းထားသည်ကို စုန့်ဝမ် သတိပြုမိလိုက်သည်။ ထိုသင်္ဘောပျံကဲ့သို့ပင် အခြားသင်္ဘောပျံ ဆယ်စီးခန့်လည်း ရှိနေသည်။
"ညီမလေး... ရောက်ပြီလား" ဟူသော နှုတ်ဆက်သံနှင့်အတူ ခန့်ညားသော အမျိုးသားတစ်ဦး အနီးရောက်လာသည်။ "အကိုကြီးလျို" ဟု ကျိုးစစ်ယိက ဝမ်းသာအားရ ခေါ်လိုက်သည်။ အကိုလျိုဆိုသူက ကျိုးစစ်ယိကို ကြင်နာဟန်ဖြင့် ခေါင်းညိတ်ပြပြီးနောက် စုန့်ဝမ်ကို လှည့်ကြည့်ကာ "ဒါက အကြီးအကဲဝူ ဖြစ်ရမယ်"ဟုဆိုပြီး နှုတ်ဆက်လာသည်။ စုန့်ဝမ်ကလည်း “စီနီယာလျိုကို ဂါရဝပြုပါတယ်" ဟု ဆိုလိုက်သည်။
လမ်းတွင် ကျိုးစစ်ယိက ကြိုပြောပြထားပြီး ဖြစ်သည်။ စီနီယာလျို၏ အမည်အပြည့်အစုံမှာ လျိုလဲ့ယီဖြစ်ပြီး အခြေတည် အလယ်အဆင့်ကျင့်ကြံသူ ဖြစ်ကာ ကျိုးရွှယ်လင်၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်။ သူက ကျိုးစစ်ယိထက် ဆယ်နှစ်ကျော် ကြီးသဖြင့် သူမကို ညီမအရင်းကဲ့သို့ ချစ်ခင်သူ ဖြစ်သည်။
စကားစမြည်ပြောပြီးနောက် လျိုလဲ့ယီက စုန့်ဝမ်နှင့် ကျိုးစစ်ယိကို သင်္ဘောဦးပိုင်းသို့ ခေါ်သွားကာ လေသံတိုးတိုးဖြင့် မှာကြားလိုက်သည်။ "ဒီသင်္ဘောကို ငါ တာဝန်ယူထားတာ။ မင်းတို့တွေ ဂိုဏ်းရဲ့ နတ်ဘုရားသားရဲကို ကြည့်ချင်တာက ပြဿနာမရှိပေမဲ့ ငါ့အစီအစဉ်အတိုင်း လိုက်နာရမယ်။ သင်္ဘောပျံပေါ်ကနေပဲ ကြည့်ရမယ်၊ အပြင်ကို မထွက်ရဘူး။ ဘာပဲမြင်မြင် အော်ဟစ်တာတွေ၊ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ရဘူး။ မှတ်ထားပါ... စွေ့တောင်ရဲ့နယ်မြေထဲ ရောက်တာနဲ့ မင်းတို့ရဲ့ ဝိညာဉ်အာရုံတွေကို ရုပ်သိမ်းလိုက်ပါ။ နတ်ဘုရားသားရဲကို ဝိညာဉ်အာရုံနဲ့ လှမ်းပြီး မစမ်းသပ်မိပါစေနဲ့၊ မဟုတ်ရင် ပြဿနာတက်လိမ့်မယ်"
ကျိုးစစ်ယိက "စိတ်မပူပါနဲ့ အကိုကြီးလျို၊ ညီမတို့ ဒုက္ခမပေးပါဘူး" ဟု ကတိပေးလိုက်သည်။ စုန့်ဝမ်ကလည်း အစီအစဉ်အတိုင်း လိုက်နာမည်ဟု ခေါင်းညိတ်ပြလိုက်သည်။
သင်္ဘောပျံ ဆက်ထွက်ခွာလာရာ မကြာမီမှာပင် မြူထုကြီးများ ရှေ့တွင် ပေါ်လာခဲ့သည်။ သင်္ဘောပျံ ဆယ်စီးမှာ တန်းစီလျက် မြူထူများအတွင်းသို့ တိုက်ရိုက်မောင်းနှင်သွားကြသည်။ မြူထူများကို ဖြတ်ကျော်လိုက်သောအခါ ပေတစ်သောင်းနီးပါး မြင့်သော တောင်ကြီးတစ်လုံးကို မြင်လိုက်ရသည်။ ထိုတောင်တွင် သစ်ပင်တစ်ပင်မှမရှိဘဲ ညိုမည်းနေသော ကျောက်တုံးကြီးများသာ ရှိနေသည်။ တောင်ထိပ်တွင် အချင်း ပေနှစ်ဆယ်ခန့် ကျယ်ဝန်းသော တွင်းနက်ကြီးတစ်ခု ရှိပြီး အတွင်း၌ မှောင်မည်းနေသဖြင့် အလင်းရောင်များပင် ဝါးမြိုခံထားရသကဲ့သို့ ရှိနေသည်။ တောင်ပတ်ပတ်လည်တွင်လည်း ငါးပေခန့်ကျယ်သော ဂူပေါင်း ၁၈ ဂူ ရှိနေပြီး အားလုံးမှာ မှောင်မည်းနေကြသည်။
စုန့်ဝမ်တို့ သင်္ဘောပျံမှာ ယာဥ်တန်း၏ နောက်ဆုံးတွင် ရှိနေပြီး လေထဲတွင် ငြိမ်သက်စွာ ရပ်တန့်နေသည်။ ရှေ့ဆုံးသင်္ဘောပေါ်မှ အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် သံကြိုးတစ်ချောင်းကို ဆွဲကာ သင်္ဘောပျံပေါ်မှ ပျံထွက်လာသည်။ ထိုသံကြိုးတွင် သေမျိုးလူငယ်များကို ချည်နှောင်ထားသည်။ ထိုလူများ၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အချို့က အော်ဟစ်ငိုယိုနေကြကာ အချို့မှာမူ ကြောက်လွန်းသဖြင့် ဝိညာဉ်မဲ့နေသော အလောင်းကောင်များကဲ့သို့ ဖြစ်နေကြသည်။ ထိုအမျိုးသမီးသည် စွေ့တောင်ထိပ်ရှိ တွင်းနက်ကြီးပေါ်တွင် ရပ်တန့်လိုက်ပြီး သံကြိုးနှင့်အတူ လူများကို တွင်းထဲသို့ ပစ်ချလိုက်သည်။
ရုတ်တရက် စွေ့တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ကျောက်တုံးများမှာ တောင်အောက်သို့ လိမ့်ကျလာခဲ့သည်။ တောင်ထဲတွင် အိပ်မောကျနေသော မိစ္ဆာကြီးတစ်ကောင် နိုးထလာသည့်အလားပင်။ ချက်ချင်းပင် လုံးပတ်ဆယ်ပေခန့် ထူထဲသော အသားလက်တံကြီး တစ်ခု တွင်းနက်ကြီးအတွင်းမှ ထိုးထွက်လာခဲ့သည်။ ထိုလက်တံ၏ ထိပ်ဖျားတွင် အက်ကြောင်းတစ်ခု ပွင့်လာပြီး၊ လူများနှင့် သံကြိုးမှာ ထိုအက်ကြောင်းအတွင်းသို့ ကျဆင်းသွားခဲ့သည်။ "ဂလု" ဟု မြည်ကာ ဝါးမြိုလိုက်သံပင် ထွက်ပေါ်လာသည်။
"မြန်မြန်လုပ်ကြ၊ သွေးအစာတွေကို နတ်ဘုရားသားရဲဆီ မြန်မြန်ပို့ပေးကြစမ်း" ရှေ့ဆုံးသင်္ဘောပျံမှ အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်လာသည်။ ချက်ချင်းဆိုသလို ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကာ လူသားများကို ထိုအသားလက်တံကြီးအတွင်းသို့ ပစ်ချလိုက်ကြသည်။ လူသားတစ်ထောင်ကျော်မှာ မျက်စိတစ်မှိတ်အတွင်း ဝါးမြိုခံလိုက်ရသည်။ ထို့နောက် ဒုတိယသင်္ဘောပျံမှ ကျင့်ကြံသူများကလည်း ဆက်လက်လုပ်ဆောင်ကြသည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုန့်ဝမ်မှာ မယုံနိုင် ဖြစ်နေသည်။ သူက သားရဲသခင်ဂိုဏ်း၏ နတ်ဘုရားသားရဲမှာ ခန့်ညားသော ဝိညာဉ်သားရဲ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူကို ကြောက်ရွံ့ရိုသေမှု ပေးစွမ်းနိုင်မည့် အရာမျိုး ဖြစ်ရမည် မဟုတ်ပါလား။ သို့သော် ယခု မြင်နေရသည်မှာ ပုပ်သိုးနေသည့်အသွင်ရှိသော အသားလက်တံကြီးတစ်ခုသာ ဖြစ်သည်။ ဤအရာသည် နတ်ဘုရားသားရဲဟူသော ဘွဲ့အမည်နှင့် လုံးဝ မထိုက်တန်ပေ။ ၎င်းသည် အသိဉာဏ်မရှိဘဲ ဗီဇအတိုင်းသာ လှုပ်ရှားနေသော အဆင့်နိမ့်ဝိညာဉ်သားရဲတစ်ခုနှင့်သာ တူနေသည်။
ကျိုးစစ်ယိသည်လည်း ထိုအသားလက်တံကြီးကို စိတ်ပျက်စွာ ကြည့်နေသည်။ သူမ၏ မျက်လုံးထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များပင် ရှိနေသည်။ ထိုအရာသည် သူမ စိတ်ကူးထားသော နတ်ဘုရားသားရဲနှင့် အလှမ်းဝေးလွန်းနေသည်။
စုန့်ဝမ်နှင့် ကျိုးစီယီတို့၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည်ကို လျိုလဲ့ယီ သတိပြုမိသွားပုံရသဖြင့် သူက တိုးတိုးလေး ရှင်းပြလိုက်သည်။ "ဒီနတ်ဘုရားသားရဲကို သွေးစွေ့လို့ ခေါ်တယ်။ ဒီလက်တံက သူ့ရဲ့ အစာစားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ရှိသေးတာ။ သူ့ခန္ဓာကိုယ်အစစ်အမှန်က ဒီစွေ့တောင်ရဲ့ အောက်ခြေမှာ မြှုပ်နှံထားတာ။ အဲဒီအကောင်ရဲ့ ပုံစံအစစ်အမှန်ကိုတော့ တို့ဂိုဏ်းက မဟာအကြီးအကဲ သုံးယောက်ပဲ မြင်ဖူးလိမ့်မယ်"
"ဟိုလူတွေ... ဘာလုပ်နေကြတာလဲ" စွေ့တောင်၏ တောင်ခြေတွင် ပေ ၅၀ခန့် ကျယ်ဝန်းသော ကျင်းကြီးတစ်ကျင်း ရှိနေသည်ကို စုန့်ဝမ် သတိပြုမိသွားသည်။ ထိုကျင်းထဲတွင် မည်းနက်နေသော အသားတုံးကြီးများစွာ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည်။ ထိုအသားတုံးများမှာ အရွယ်အစား အမျိုးမျိုးရှိပြီး အချို့မှာ အချင်း ၁၀ ပေခန့်အထိ ကြီးမားကာ အချို့မှာမူ ပန်းကန်လုံးခန့်သာ ရှိသည်။ ထိုအသားတုံးများမှ ပြင်းထန်သော သွေးညှီနံ့နှင့် ပုပ်သိုးသောအနံ့များ ထွက်ပေါ်နေသည်။
ထိုနေရာတွင် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တပည့် ခြောက်ဦး ရှိနေပြီး သူတို့ရှေ့တွင် တစ်တောင်ခန့် မြင့်သော ကျောက်စိမ်းသေတ္တာများ ရှိနေကြသည်။ သူတို့က ဓားများဖြင့် ထိုပုပ်သိုးနေသော အသားတုံးများကို လှီးဖြတ်ကာ ကျောက်စိမ်းသေတ္တာများထဲသို့ ထည့်နေကြသည်။ သွေးစွေ့သားရဲကို ဆွဲဆောင်မိမည်စိုးသဖြင့် ထိုခြောက်ဦးမှာ ဝိညာဉ်စွမ်းအားကို မသုံးရဲကြဘဲ ခွန်အားသက်သက်ဖြင့်သာ အလုပ်လုပ်နေကြခြင်း ဖြစ်သည်။
လျိုလဲ့ယီက ထိုနေရာသို့ လှမ်းကြည့်ကာ ရှင်းပြသည်။ "အဲဒီအသားတုံးတွေက သွေးစွေ့ဆီကနေ စွန့်ထုတ်လိုက်တဲ့ ပုပ်သိုးနေတဲ့ အသားတွေပဲ။ အဲဒီထဲမှာ သွေးစွေ့ရဲ့ ဝိညာဉ်ဓာတ် အစအနလေးတွေ ပါဝင်နေတော့ ဝိညာဉ်သားရဲတွေအတွက် အကောင်းဆုံး အစာပဲပေါ့။ မြွေလူသားတွေကို ကျွေးတဲ့ အသားလုံးတွေဆိုတာ ဒီပုပ်သိုးနေတဲ့ အသားတွေကို ဝိညာဉ်ဆေးမြစ်တွေနဲ့ ရောစပ်ပြီး လုပ်ထားတာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ဝမ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ကူပိုးကောင်ထံမှ ပြင်းထန်သော တောင့်တမှုကိုလည်း ခံစားမိလိုက်သည်။ ကူပိုးကောင်များသည် သွေးစွေ့မှ စွန့်ထုတ်လိုက်သော ထိုပုပ်သိုးနေသည့် အသားများအပေါ် အလွန်အမင်း စိတ်ဝင်စားနေခြင်း ဖြစ်သည်။ လူအများရှေ့တွင် ကူပိုးကောင်များကို မလွှတ်ရဲသဖြင့် တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး အသားလက်တံကြီး အစာစားနေသည်ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
မကြာမီ လျိုလဲ့ယီ၏ သင်္ဘောပျံ အလှည့်ရောက်လာခဲ့သည်။ သူ့လက်အောက်ရှိ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဆယ်ဦးက သံကြိုးဖြင့် ချည်နှောင်ထားသော သေမျိုးလူသားတစ်ထောင်ကျော်ကို ဆွဲခေါ်လျက် စွေ့တောင်ထိပ်သို့ ပျံတက်သွားကြသည်။ ထိုသေမျိုးလူသားများမှာ ထိတ်လန့်တကြား အသနားခံနေရင်း တောင်လယ်ရှိ အသားလက်တံကြီး အတွင်းသို့ ပစ်ချခံလိုက်ရသည်။ ဤနည်းဖြင့် သင်္ဘောပျံဆယ်စီးပေါ်မှ သောင်းနှင့်ချီသော သေမျိုးလူသားအားလုံးမှာ သွေးစွေ့၏ အစာအဖြစ် ကျွေးမွေးခြင်း ခံလိုက်ရတော့သည်။ ……..
***