နောက်ဆုံးအသုတ် လူသားများကို သွေးစွေ့က ဝါးမြိုလိုက်ချိန် သင်္ဘောပျံပေါ်သို့ ပြန်ရန် ပြင်နေသော ကျင့်ကြံသူ ဆယ်ဦးသည် စွေ့တောင်မှ ရုတ်တရက် ထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုဖိအားမှာ အလွန်တရာ ကြီးမားပြီး တောင်ကြီးတစ်လုံး ဖိနှိပ်ထားသကဲ့သို့ ပြင်းထန်လှသည်။ "ဖူး..." ထိုကျင့်ကြံသူ ဆယ်ဦးလုံး နေရာမှာတင် သွေးများ အန်ထုတ်လိုက်ရကာ ပျံသန်းခြင်း အတတ်ပညာများမှာ ချက်ချင်းဆိုသလို ပျက်ပြယ်သွားပြီး ကောင်းကင်ယံမှ အရှိန်ဖြင့် ပြုတ်ကျသွားသည်။
ထိုအခိုက်မှာပင် စွေ့တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ တောင်ပေါ်ရှိ ဂူပေါင်း ၁၈ ဂူအတွင်းမှ ပြင်းထန်သော လေပြင်းများ စတင်တိုက်ခတ်လာပြီး အတွင်းမှ တစ်စုံတစ်ခုက အလျင်အမြန် တိုးထွက်လာသကဲ့သို့ ဂူများအတွင်းရှိ လေထုကို အတင်းအဓမ္မ တွန်းထုတ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄ ပေခန့် ထူထဲသော အာရုံခံလက်တံ ၁၈ ခု ထိုဂူများအတွင်းမှ ထိုးထွက်လာသည်။ လက်တံများမှာ ပို၍ ရှည်ထွက်လာပြီး ကျင့်ကြံသူ ဆယ်ဦးကို ပတ်ချည်လိုက်ကာ တောင်ထိပ်ရှိ အသားလက်တံကြီးထံသို့ ပေါ့ပါးစွာ ပစ်တင်လိုက်ကြသည်။ ထိုလက်တံငယ်များက တောင်ခြေ၌ ပုပ်သိုးနေသော အသားများကို သိမ်းဆည်းနေသည့် ကျင့်ကြံသူ ခြောက်ဦးကိုလည်း အလွတ်မပေးဘဲ ဖမ်းချုပ်ပြီး အသားလက်တံကြီးဆီ ပစ်သွင်းဝါးမြိုလိုက်သည်။
ထို့နောက် ထိုလက်တံကြီးများမှာ သင်္ဘောပျံများဘက်သို့ လှည့်လာသည်။ သင်္ဘောပျံများပေါ်ရှိ ကာကွယ်ရေး အစီအရင်များလည်း စတင် အသက်ဝင်လာသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို တားဆီးနိုင်သော ကာကွယ်ရေး အစီအရင်များမှာ ထိုလက်တံများရှေ့တွင် စက္ကူပါးကဲ့သို့ ချက်ချင်းဆိုသလို ဆုတ်ဖြဲခံလိုက်ရသည်။ သင်္ဘောပျံကြီးများပင် တပါတည်း ကြိတ်ခြေခံလိုက်ရပြီး သင်္ဘောပျံပေါ်မှ ကျင့်ကြံသူများမှာ လွတ်ရာသို့ အတင်းအလုအယက် ထွက်ပြေးကြတော့သည်။
သို့သော်လည်း သင်္ဘောပျံတစ်စီးစီမှ ဓားပျံ စီးနင်း ထွက်ပြေးနိုင်ခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးစီမှ လွဲ၍ ကျန်ရှိသော ကျင့်ကြံသူများမှာ မြေပြင်သို့ ပြုတ်ကျသွားသည်။ ၎င်းတို့ မြေပြင်ပေါ် မကျမီမှာပင် လက်တံငယ်များက ဖမ်းဆီးပြီး သွေးစွေ့၏ ပါးစပ်အတွင်းသို့ ပစ်ချခြင်း ခံလိုက်ရသည်။ စုန့်ဝမ် ရှိနေသော သင်္ဘောပျံမှာ ယာဥ်တန်း၏ နောက်ဆုံးတွင် ရှိနေသဖြင့် လက်တံများက ရှေ့ရှိသင်္ဘောပျံများကို အရင်တိုက်ခိုက်နေခြင်းကြောင့် ထွက်ပြေးရန် အချိန်ခဏ ရစေခဲ့သည်။
"ငါ့နောက်က လိုက်ခဲ့" လျိုလဲ့ယီက အော်ဟစ်သတိပေးပြီး ဓားပေါ် ပျံတက်ကာ မြူများရှိရာသို့ အရှိန်ဖြင့် ဦးတည်သွားခဲ့သည်။ စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့လည်း သူ့နောက်မှ ကပ်လျက် ပျံသန်း ထွက်ခွာခဲ့ကြသည်။
စုန့်ဝမ်သည် ဓားပေါ်သို့ တက်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ယိုင်နဲ့သွားခဲ့သည်။ သွေးစွေ့မှ ထွက်ပေါ်လာသော ဖိအားမှာ အလွန်အားကောင်းပြီး၊ အတော်အလှမ်းဝေးသော နေရာတစ်ခုတွင် ရှိနေသလို၊ ပစ်မှတ်ထားခံရခြင်း မဟုတ်သည့်တိုင် သူ့အရှိန်ကို သိသိသာသာ လျော့နည်းသွားစေခဲ့သည်။ ပုံမှန်ထက် ဆယ်ဆမျှရှိသော ဝိညာဉ်စွမ်းအားကို ထုတ်သုံးမှသာ ပျံသန်းနှုန်းကို ထိန်းထားနိုင်ခဲ့သည်။
ကျိုးစစ်ယိမှာမူ အခြေတည် အစောပိုင်းအဆင့်သာ ရှိသေးပြီး သေရေးရှင်ရေး အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် သွေးစွေ့၏ ဖိအားအောက်တွင် ဓားဖြင့် ပျံသန်းရန်ပင် မဖြစ်နိုင်သလောက် ရှိနေခဲ့သည်။ သို့သော် သူမ၏ ဒုတိယအဆင့် နှောင်းပိုင်း ဝိညာဥ်သားရဲလင်းယုန်ကို ဆင့်ခေါ်ကာ ၎င်း၏ ကျောပေါ်တွင် စီးနင်းလိုက်ပါသွားခဲ့သည်။ စုန့်ဝမ်နှင့် အခြားသူများ ထွက်ခွာသွားသည်နှင့် လက်တံကြီးတစ်ခု ရောက်လာပြီး သင်္ဘောပျံကို ပတ်လိမ်ကာ တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။ မပြေးနိုင်ခဲ့သော ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ အချို့မှာ ဖမ်းဆီးခံလိုက်ရကာ သွေးစွေ့၏ ပါးစပ်အတွင်းသို့ ရောက်သွားကြတော့သည်။
ထိုကျင့်ကြံသူများ၏ သေဆုံးမှုမှာ စုန့်ဝမ်တို့ လွတ်မြောက်ရန်အတွက် တန်ဖိုးရှိသော အချိန်ကို ဝယ်ယူပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့သည် မြူများ၏ အစွန်းသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ လက်တံများ၏ လိုက်လံဖမ်းဆီးမှုမှ အခြေတည်အဆင့် ကျင့်ကြံသူ ရှစ်ဦးသာ မြူများအတွင်းသို့ ဝင်ရောက်ပြီး လွတ်မြောက်ခဲ့သည်။
မြူများအတွင်းသို့ ရောက်ရှိသွားသည်နှင့် စုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သွေးစွေ့၏ ဖိနှိပ်ထားသော အော်ရာများ ပျောက်ကွယ်သွားခြင်းပင်။ နောက်သို့ လှည့်ကြည့်လိုက်ရာ သွေးစွေ့၏ ဧရာမ လက်တံကြီးများမှာ မြူများကြောင့် ဝေဝါးသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ လက်တံများမှာ မြူထုအတွင်းသို့ လိုက်မလာကြပေ။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျန်ခုနစ်ဦးမှာလည်း အလျင်အမြန် ထွက်ပြေးနေကြသည်ကို မြင်ရသည်။ စုန့်ဝမ်သည် သူ၏ ပျံသန်းမှုအရှိန်ကို မသိမသာ လျှော့ချလိုက်ပြီး နောက်တွင် တိတ်တဆိတ် ချန်နေခဲ့ကာ ကူနှစ်ကောင်ကို လွှတ်ချလိုက်သည်။ ဤမြူများမှာ အမြင်အာရုံကို ဝေဝါးစေပြီး ဝိညာဉ်အာရုံကို ကာကွယ်နိုင်သော အစီအရင်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ကူပိုးကောင်များမှာ သူတို့၏ တည်ရှိမှုကို ဖျောက်ကွယ်ရာတွင် ထူးချွန်ကြသဖြင့် လူတိုင်း ထိတ်လန့်တကြား ထွက်ပြေးနေကြချိန်တွင် စုန့်ဝမ်၏ ထိုလှုပ်ရှားမှုကို မည်သူမှ သတိမထားမိခဲ့ကြပေ။
မကြာမီမှာပင် သူတို့ ရှစ်ဦးမှာ မြူထုကို ဖြတ်ကျော်ကာ စွေ့တောင်ကို ဝိုင်းရံထားသော အစီအရင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ အစီရင်ခံ၏ အပြင်ရောက်မှ ရပ်တန့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်စွာ စွေ့တောင်ဘက်သို့ ပြန်ကြည့်မိကြသည်။
"ဘာတွေဖြစ်သွားတာလဲ၊ သွေးစွေ့က ဘာလို့ ရုတ်တရက် ရူးသွပ်ပြီးတော့ လိုက်တိုက်ခိုက်နေရတာလဲ" ဟု ကျိုးစစ်ယိက မေးလိုက်သည်။ လျိုလဲ့ယီက ခေါင်းယမ်းလိုက်သည်၊ သူလည်း မသိပေ။
ထိုအချိန်တွင် အိုမင်းသောအသွင်ရှိသည့် ကျင့်ကြံသူတစ်ဦးက အားလုံးကို ရှင်းပြလာသည်။ "အဲဒါ သွေးစွေ့က သွေးကွီသားရဲတစ်ကောင် မွေးဖွားတော့မယ့် လက္ခဏာပဲ။ သွေးစွေ့က အနှစ်နှစ်ဆယ် တစ်ခါ နိုးတယ်၊ ရက် ၃၀ ကြာအောင် အစာစားပြီးမှ နောက်တစ်ခါ အိပ်မောကျသွားတတ်တာ။ ဒါပေမဲ့ အနှစ်တစ်ရာလောက်နေရင် သွေးကွီသားရဲတစ်ကောင်ကို မွေးဖွားတတ်တယ်။ အဲဒီအချိန်တွေဆိုရင် သွေးစွေ့ရဲ့ အစာစားချင်စိတ်က အရမ်း မြင့်တက်လာတတ်တယ်။ အခု သွေးစွေ့ နိုးလာတာ လေးရက်ရှိပြီ၊ နေ့တိုင်းလည်း ပုံမှန်ပမာဏအတိုင်း ကျွေးခဲ့တာပဲ။ ဒါပေမယ့် သွေးကွီ မွေးဖွားခါနီးဖြစ်လို့ သွေးအစာ မလုံလောက်တာကြောင့် ဗိုက်ဆာလာပြီး တိုက်ခိုက်တာ ဖြစ်ရမယ်"
ထိုစကားကို ကြားသောအခါ အားလုံးမှာ အံ့ဩသွားကြသည်။ "သွေးကွီသားရဲက သွေးစွေ့ရဲ့ မျိုးဆက်လား"
ထိုကျင့်ကြံသူအိုကြီးက ခေါင်းခါပြသည်။ "မျိုးဆက်လို့တော့ အတိအကျ ခေါ်လို့မရဘူး။ သွေးကွီသားရဲဆိုတာ သွေးစွေ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မှီတင်းနေထိုင်တဲ့ ကပ်ပါးသားရဲတစ်မျိုးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သွေးကွီသားရဲက သွေးစွေ့ရဲ့ ခန္ဓာကိုယ်ထဲက ပုပ်သိုးနေတဲ့ အသားတွေကို သန့်စင်ပေးပြီး၊ အဲဒီပုပ်သိုးနေတဲ့ အသားတွေကလည်း သွေးကွီသားရဲရဲ့ အင်အားကို တိုးတက်စေတယ်"
"သွေးစွေ့က သက်ရှိသားရဲမလား။ ဒါဆို အသားက ဘာလို့ အလိုအလျောက် ပုပ်သိုးနေရတာလဲ" ဟု ကျိုးစစ်ယိက စူးစမ်းမေးမြန်းသည်။
အဘိုးကြီးက ခေါင်းယမ်းလိုက်ပြီး "အဲဒါတော့ ဘယ်သူမှ မသိဘူး။ ဒဏ္ဍာရီတွေအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သက်တမ်းကုန်ခါနီးဖြစ်နေတဲ့ အကြီးအကဲတစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ကျင့်ကြံမှု အဆင့်တက်ဖို့ အခွင့်အလမ်း ရချင်တာရယ်၊ စူးစမ်းလိုစိတ်ကြောင့်ရယ် သွေးစွေ့ရဲ့ ဝါးမြိုတာကို ခံယူပြီး ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့တယ်။ သွေးစွေ့ရဲ့ ဗိုက်ထဲမှာ တစ်ရက်လုံး ပိတ်မိနေပြီး၊ နောက်တစ်နေ့ သွေးစွေ့ အစာစားတဲ့အချိန် ပြန်ပြီး လွတ်မြောက်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ အဲဒီအကြီးအကဲ ပြောပြချက်အရဆို သွေးစွေ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုပ်သိုးနေတဲ့ အသားတွေကို စားပြီး အချိန်အကြာကြီး အသက်ရှင်နေနိုင်တဲ့ သွေးကွီသားရဲလောင်းတွေ အများကြီး ရှိတယ်တဲ့။ အဲဒီကနေ ဂိုဏ်းက သွေးကွီသားရဲတွေ ရှိနေမှန်း သိသွားပြီး သူတို့ကို သွေးစွေ့ရဲ့ ကိုယ်ထဲကနေ ဆွဲထုတ်ဖမ်းဆီးဖို့ နည်းလမ်းတွေ ရှာခဲ့ကြတာ" ဟု ရှင်းပြသည်။
"သွေးကွီသားရဲက သွေးစွေ့ရဲ့ ကိုယ်ထဲမှာ ရှင်သန်နိုင်တယ်ဆိုရင်၊ သွေးကွီဝတ်စုံ ဝတ်ထားတဲ့သူလည်း သွေးစွေ့ရဲ့ ဗိုက်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာပေါ့" လျိုလဲ့ယီက အားလုံး သိချင်နေသော မေးခွန်းကို မေးလိုက်သည်။
"ငါ သိသလောက်တော့ အဲဒါ မဖြစ်နိုင်ဘူး။ တစ်ခါက ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက် သွေးကွီဝတ်စုံကို ဝတ်ပြီး သွေးစွေ့ကိုယ်ထဲကို ဝင်သွားခဲ့ဖူးတယ်၊ ဒါပေမဲ့ ဘယ်တော့မှ ပြန်ထွက်မလာခဲ့ဘူး"
လျိုလဲ့ယီက ထိုဂိုဏ်းသားအိုကြီးကို အရိုအသေပေးလိုက်ပြီး သူ၏ မျက်နှာတွင် အထင်ကြီးလေးစားမှုများ ပေါ်လာသည်။ "စီနီယာဝမ်ရဲ့ ဗဟုသုတက တကယ့်ကို ကျယ်ပြန့်တာပဲ။ ဒီလို လျှို့ဝှက်တဲ့ ကိစ္စတွေကိုတောင် သိနေတာကိုး"
စီနီယာဝမ်ဟုခေါ်သော ထိုအဘိုးကြီးက ခါးသီးစွာ ပြုံးလိုက်ပြီး "ငါက မင်းတို့ထက် အသက်နည်းနည်း ပိုကြီးလို့ အတွေ့အကြုံ ပိုများရုံပါပဲ။ လွန်ခဲ့တဲ့ အနှစ်တစ်ရာတည်းက စွေ့တောင်ကို လာပြီး သွေးစွေ့ကို အစာကျွေးခဲ့ဖူးလို့ သိနေတာပါ။ ပထမအကြိမ်ဆို အခြေတည်အဆင့် ရောက်ခါစပဲ ရှိသေးလို့ ဗိုက်ဆာနေတဲ့ သွေးစွေ့ဆီကနေ အသက်လုပြီး ပြေးခဲ့ရတာ"
ထိုအချိန်မှာပင် သားရဲဘုရင်ဂိုဏ်းအတွင်းမှ လူရိပ်နှစ်ခု ပျံသန်းလာခဲ့သည်။ သူတို့သည် အလွန်မြန်သောအရှိန်ဖြင့် ပျံသန်းလာပြီး စုန့်ဝမ်တို့အုပ်စုဆီ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ရောက်လာသူများမှာ ကျိုးရွှယ်လင်းနှင့် ဆံဖြူအဘိုးကြီး တစ်ဦးတို့ ဖြစ်သည်။
"တောင်သခင်ထန်ကို ဂါရဝပြုပါတယ်" "ဒုတောင်သခင်ကျိုးကို ဂါရဝပြုပါတယ်" အားလုံးက တညီတညွတ်တည်း အရိုအသေပြု နှုတ်ဆက်လိုက်ကြသည်။ စုန့်ဝမ်သည်လည်း အခြားသူများကဲ့သို့ပင် အရိုအသေပြု လိုက်သည်။ ထိုအချိန်မှာပင် သူသည် ဆံပင်ဖြူအဘိုးကြီးမှာ နာမည်ကျော် ဝိညာဉ်သားရဲတောင်၏ တောင်သခင်ထန်ကျင့်ရှန်ဖြစ်ကြောင်း စုန့်ဝမ် သိလိုက်ရသည်။
ကျိုးစစ်ယိနှင့် စုန့်ဝမ်တို့ကို ဤနေရာတွင် တွေ့လိုက်ရသော်လည်း ကျိုးရွှယ်လင်က သူတို့နှစ်ဦးကို ကြည့်ရုံသာ ကြည့်ပြီး ဘာမှဘဲ လျိုလဲ့ယီဘက်သို့ လှည့်ကာ "လဲ့ယီ... သွေးစွေ့ရဲ့ အခြေအနေ ဘယ်လိုလဲ" ဟု မေးသည်။ လျိုလဲ့ယီက သွေးစွေ့ မည့်သို့ ရူးသွပ်သွားခဲ့ကြောင်း၊ သင်္ဘောပျံ ဆယ်စီးကို ဖျက်ဆီးပြီး ဂိုဏ်းသားတွေကို ဝါးမြိုလိုက်ကြောင်း အပြည့်အစုံ တင်ပြလိုက်သည်။
အခြေအနေ သိရသောအခါ ကျိုးရွှယ်လင်နှင့် ထန်ကျင့်ရှန်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး စွေ့တောင်ဘက်သို့ ပျံသန်းသွားကြသည်။ သူတို့နှစ်ဦး မြူထုအတွင်း ဝင်သွားသောအခါ စုန့်ဝမ်က ခပ်တိုးတိုး မေးလိုက်သည်။ "တောင်သခင် နှစ်ယောက်က ဘာလုပ်ဖို့ ပြင်နေတာလဲ"
စီနီယာဝမ်က "သူတို့က သွေးကွီသားရဲကို ဆွဲထုတ်ဖမ်းဆီးဖို့ သွားကြတာ ဖြစ်လိမ့်မယ်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက သွေးကွီသားရဲကို ထိန်းချုပ်နိုင်ပြီး ဝိညာဉ်ပဋိညာဥ် ချုပ်ဆိုနိုင်ကြတယ်၊ အဲဒါက သူတို့ရဲ့ အင်အားကို အကြီးအကျယ် မြင့်တက်စေတာ။ သွေးစွေ့ရဲ့ ကိုယ်ထဲမှာ သွေးကွီသားရဲ မရှိတော့ဘူးဆိုရင် သူ့ကိုယ်ထဲမှာ ပုပ်သိုးနေတဲ့ အသားတွေကို အတင်းအဓမ္မ စွန့်ထုတ်လိမ့်မယ်၊ အဲဒါက ဝိညာဉ်သားရဲတွေကို ကျွေးဖို့ အကောင်းဆုံး အစားအစာတွေပဲပေါ့"ဟု ရှင်းပြသည်။
"သွေးကွီသားရဲကို ဆွဲထုတ်တာ ဟုတ်လား၊ သူတို့က သွေးစွေ့ကို မကြောက်ကြဘူးလား" ဟု စုန့်ဝမ်က အံ့ဩတကြီး မေးလိုက်မိသည်။
"တောင်သခင် နှစ်ယောက်ကတော့ အသေအချာ ပြင်ဆင်ထားမှာပေါ့။ သွေးစွေ့ ဗိုက်ပြည့်သွားအောင် ကျွေးရင် သူက ထပ်ပြီး တိုက်ခိုက်မှာ မဟုတ်တော့ဘူး"
"သွေးစွေ့ကို အစာကျွေးတဲ့အခါ ဘာလို့ သေမျိုးလူသားတွေ ကျွေးရတာလဲ။ မိစ္ဆာသားရဲတွေ ဒါမှမဟုတ် အလောင်းတွေနဲ့ မရဘူးလား" ဟု စုန့်ဝမ်က မေးသည်။
"အဲဒီအကြောင်းရင်းကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သွေးစွေ့ နိုးလာတိုင်းမှာ လူသားအစစ်တွေကိုပဲ စားတာ။ သွေးစွေ့က မိစ္ဆာသားရဲတွေကို မစားသလို၊ အဖိုးတန် ဆေးမြစ်တွေ ဝိညာဥ်ရတနာတွေကိုလည်း မစားဘူး၊ လူသားလတ်လတ်ဆက်ဆက်တွေကိုပဲ စားတာလို့ ပြောကြတယ်" ဟု စီနီယာဝမ်က သက်ပြင်းချရင်း ပြန်ဖြေသည်။ လမ်းမှန်ဂိုဏ်းတစ်ခုအနေနဲ့ သေမျိုးများအား ဖမ်းဆီးပြီး သားရဲအစာအဖြစ် ကျွေးမွေးနေသည်ဆိုခြင်းမှာ ကျင့်ဝတ်အရ ဝိရောဓိဖြစ်စရာပင် မဟုတ်ပါလား။
"ဒါပေမဲ့ တောင်သခင် နှစ်ယောက်က လူသားတစ်ယောက်မှ ပါမလာဘဲ လက်ဗလာနဲ့ အစီရင်ခံထဲကို ဝင်သွားကြတာပဲ" ဟု စုန့်ဝမ်က ထောက်ပြလိုက်သည်။
"သွေးကွီသားရဲ မွေးဖွားဖို့ သွေးစွေ့ လိုအပ်တဲ့ သွေးအစာ ပမာဏက အများကြီးပဲ။ လူတွေကို တစ်ယောက်ချင်း ကျွေးနေရင် အလုပ်ရှုပ်လွန်းမှာပေါ့၊ တောင်သခင် နှစ်ယောက်မှာ တခြား ပြင်ဆင်ထားတာတွေ ရှိနေမှာပါ" ဟု စီနီယာဝမ်က ခန့်မှန်းပြီး ပြောလိုက်သည်။
***