မကြာမီအချိန်အတွင်းမှာပင် ညောင်ပင်များ ထူထပ်လှသော ဤလူနေရပ်ကွက်ဟောင်းအတွင်းသို့ တိုက်ခိုက်ရေးမှော်ဆရာများ ရောက်ရှိလာကြတော့သည်။
၎င်းတို့ထဲတွင် ကုသရေးမှော်ဆရာတစ်ဦးလည်း ပါဝင်ပြီး ခေါင်းဆောင် ရှုတာဟွမ်၏ စုတ်ပြဲနေသော ရင်ဘတ်ဒဏ်ရာကို ကုသပေးနေ၏။ ကံကောင်းထောက်မစွာဖြင့် ရှုတာဟွမ်မှာ မှော်ဆရာတစ်ဦး ဖြစ်သလို သူ၏ ခန္ဓာကိုယ်မှာလည်း ကြယ်အစုအဝေး၏ ပြုပြင်မွမ်းမံမှုကြောင့် သာမန်ထက် သန်မာနေခြင်း ဖြစ်ပေသည်။ အကယ်၍ သူသည် သာမန်အရပ်သားတစ်ဦးသာ ဖြစ်ခဲ့လျှင် ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ချေ ရှိပေသည်။
ရှုတာဟွမ်၏ ရင်ဘတ်မှ ဝမ်းဗိုက်အထိ ရှည်လျားလှသော သွေးစွန်းနေသည့် ဒဏ်ရာကြီးကို ကြည့်ရင်း မိုဖန်သည်လည်း ကာကွယ်ရေးမှော်ပညာ၏ အရေးပါပုံကို ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ မှော်ဝင်အရိုးလွှ ဒိုင်းကာကြောင့်လည်း ရင်ထဲမှ ဝမ်းသာပီတိ ဖြစ်နေမိ၏။ ထိုဒိုင်းသာ မရှိခဲ့လျှင် သူသည်လည်း ယခုအချိန်၌ အသက်ပျောက်နေလောက်ပြီ ဖြစ်ပေသည်။
"ဆရာရန်... ကျွန်မတို့ သတိပေးချက် ထုတ်ပြန်သင့်တယ်လို့ ထင်တယ်... အခုတလော မှော်သားရဲတွေ ပေါ်လာတဲ့အကြိမ်ရေက ခပ်စိပ်စိပ် ဖြစ်နေတယ်... ဒါက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး..." ချိုက်ထန်က အလယ်အလတ်အဆင့် မှော်ဆရာ ရန်ကျောက်ဟယ်ကို ပြောလိုက်၏။
"ငါတို့ မှော်ဆရာအသင်းက မုဆိုးအစည်းအရုံးနဲ့ ဆွေးနွေးနေကြပါတယ်... အစိုးရဘက်ကလည်း ဒီကိစ္စကို စဉ်းစားနေတယ်... ခက်တာက ငါတို့ သတိပေးချက် ထုတ်ပြန်ခဲ့တာ မကြာသေးဘူးလေ... အချိန်တိုအတွင်းမှာ နောက်တစ်ကြိမ် ထပ်ထုတ်ပြန်ရင် လူထုကြားထဲမှာ ထိတ်လန့်မှုတွေ ဖြစ်သွားနိုင်တယ်..." ရန်ကျောက်ဟယ်က စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။
"မြို့ထဲမှာ မရှိသင့်တဲ့ မျက်လုံးတစ်လုံး မှော်ဝံပုလွေတောင် ပေါ်လာပြီပဲ... ဒါက တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ သိသာနေတာပဲ မဟုတ်လား..." ချိုက်ထန်က ပြန်၍ ချေပလိုက်၏။
"စိတ်မပူပါနဲ့... ငါတို့ ဒီကိစ္စကို စုံစမ်းနေပြီ... မြို့ရဲ့ လုံခြုံရေးကိုလည်း အင်အားဖြည့်ထားပြီးသားပါ... ဒါပေမဲ့ ငါတို့ ကိုင်တွယ်လို့မရတဲ့ ထူးဆန်းတဲ့ အခြေအနေတွေ ရှိနေသေးတာမို့ မင်းတို့ မုဆိုးအဖွဲ့တွေရဲ့ အကူအညီကလည်း လိုအပ်နေဦးမှာပဲ..." ရန်ကျောက်ဟယ်က ပြန်လည် ဖြေကြားလိုက်ပေသည်။
"ကျွန်မတို့ တတ်နိုင်သမျှ ကူညီမှာပါ... ဒါပေမဲ့ အခု ခေါင်းဆောင်က ဒဏ်ရာရသွားတော့ ကျွန်မတို့ လှုပ်ရှားမှုတွေက..." ချိုက်ထန်က စကားကို အဆုံးမသတ်ဘဲ ရပ်လိုက်၏။
"မင်းတို့ ခေါင်းဆောင် ဒဏ်ရာသက်သာတဲ့အထိ မီးဒြပ်မှော်ဆရာတစ်ယောက်ကို ခေတ္တ အစားထိုးပေးထားပါ့မယ်... ဒါနဲ့ နေပါဦး... မင်းတို့အဖွဲ့ထဲ ဘယ်တုန်းက အဖွဲ့ဝင်သစ် တိုးလိုက်တာလဲ... ပြီးတော့ လျှပ်စီးမှော်ဆရာတောင် ဖြစ်နေပါလား..." ရန်ကျောက်ဟယ်က မိုဖန်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"လူသစ်ရွေးချယ်ပွဲကနေ ခေါ်ခဲ့တာပါ..."
"လူသစ်ရွေးချယ်ပွဲကနေ ဟုတ်လား..." ရန်ကျောက်ဟယ်မှာ ဆွံ့အသွားရပြီးမှ မတတ်သာသလို ရယ်လျက် ဆိုလိုက်၏။
"လျှပ်စီးမှော်ဆရာတစ်ယောက်က လူသစ်ရွေးချယ်ပွဲကို လာတယ်ဆိုတာ ငါ့သက်တမ်းတစ်လျှောက် ပထမဆုံး ကြားဖူးတာပဲ..."
လူတိုင်းက ရယ်မောလိုက်ကြပြီးနောက် သူတို့၏ အကြည့်များမှာ မိုဖန်ထံသို့ ရောက်ရှိသွားကြတော့သည်။
မိုဖန်၏ စွမ်းဆောင်ရည်မှာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်မှာ အမှန်ပင်။ ဆင့်ကဲပြောင်းလဲတော့မည့် ဝံပုလွေကြီးကြောင့် လူတိုင်း အသက်ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် သူသည် ဒုတိယအဆင့် လျှပ်စီးတိုက်ခိုက်မှုကို အသုံးပြုကာ အခြေအနေကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်၏။ မုဆိုးအဖွဲ့ဝင်များမှာလည်း မြို့ထဲတွင် သူတို့နှင့်အတူ လှည့်လည်သွားလာပေးမည့် ဤကဲ့သို့သော လျှပ်စီးမှော်ဆရာမျိုးကို ရရှိခဲ့သည့်အတွက် အလွန်ပင် ဝမ်းသာနေကြတော့သည်။ ဒုတိယအဆင့် လျှပ်စီးပညာကို တတ်မြောက်ထားသော မှော်ဆရာများကို မျိုးရိုးကြီး မိသားစုများကသာ အများဆုံး ခေါ်ယူထားကြသည် မဟုတ်ပါလား။ သူတို့သာ မုဆိုးအစည်းအရုံး၊ မှော်ဆရာအသင်း သို့မဟုတ် အစိုးရအဖွဲ့များဆီသို့ သွားခဲ့လျှင်ပင် မြင့်မားသော ရာထူးနေရာများကို စိတ်ကြိုက် ရွေးချယ်နိုင်စွမ်း ရှိကြပေသည်။
ယုအန်းမှာမူ ထိုနေရာတွင် ရပ်နေရင်း လူတိုင်း၏ အကြည့်များက ထိုလူငယ် လျှပ်စီးမှော်ဆရာထံတွင် စုပြုံနေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသွားတော့သည်။ သူသည် ရေခဲဒြပ်မျိုးရိုးကြီးမှ အရှိန်အဝါများကို ပိုင်ဆိုင်ထားပြီး သူ၏ သက်တူရွယ်တူများကြားတွင် ထူးချွန်သူ ဖြစ်သော်လည်း၊ လျှပ်စီးဒြပ်၏ တောက်ပမှုအောက်တွင်မူ သူ၏ အရှိန်အဝါမှာ မှေးမှိန်သွားရရှာပေသည်။
"ချိုက်ထန်... ဖန်မို တခြားအလုပ် ပြောင်းမသွားအောင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ပဲ ပတ်သက်ပြီး ဆွဲဆောင်ထားလိုက်ပါလား... ဘာပဲဖြစ်ဖြစ် သူက မင်းအသက်ကို တစ်ခါ ကယ်ထားတာပဲလေ... မင်းလည်း သူ့ကို ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိသေးဘူး မဟုတ်လား..." ဖေးရှီက စနောက်လိုက်၏။
"သွားစမ်းပါ..." ချိုက်ထန်၏ မာနကြီးသော မျက်နှာလေးမှာ နီမြန်းသွားပြီး ပြန်၍ အော်လိုက်တော့သည်။
ဘေးနားရှိ ယုအန်း၏ မျက်နှာမှာမူ ချက်ချင်းပင် ပို၍ မှောင်မှောင်မည်းမည်း ဖြစ်သွားရတော့၏။ မျက်လုံးတစ်လုံး မှော်ဝံပုလွေကြောင့် ဖြစ်ပေါ်ခဲ့သော ဆူပူမှုမှာ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့လေပြီ။
မိုဖန်သည် အဝတ်အစားများ လဲလှယ်ပြီးနောက် ကျောင်းဆောင်သို့ ပြန်လာခဲ့၏။ သူသည် ကျောင်းတံတိုင်းကို ကျော်တက်ရန် ပြင်လိုက်စဉ်မှာပင် ကျောင်းတံခါးဝတွင် ရိပ်ခနဲ လှုပ်ရှားသွားသော အရိပ်ကလေးတစ်ခုကို တွေ့လိုက်ရသည်။
"ကျိုးမင်..." မိုဖန် အနည်းငယ် အံ့အားသင့်သွားရ၏။ ဤမိန်းကလေးက ဘာလို့ အိမ်ပြန်မအိပ်ဘဲ ဒီမှာ လာစောင့်နေရသနည်း။
"မိုဖန်... တော်သေးတာပေါ့... ငါ ထင်နေတာက..." ကျိုးမင်သည် မိုဖန်ကို ဘေးကင်းကင်းနှင့် မြင်လိုက်ရသောအခါ မျက်ရည်များ ဝဲလာတော့သည်။
ကျိုးမင်သည်လည်း အရွယ်ကောင်း မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ မိုဖန်က လက်တွေ့ကွင်းဆင်းလေ့ကျင့်စဉ်က လူတိုင်းကို ကယ်တင်ရန် သူ၏ အသက်ကို စတေးခဲ့သည့်အပေါ် သူက အလွန်ပင် စိတ်လှုပ်ရှားခဲ့ရ၏။ သို့သော် သူ၏ မာနကြောင့် ထိုခံစားချက်ကို ထုတ်မပြနိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်လည်း သူမ အဘွား၏ ကိစ္စကြောင့် မိုဖန်ကို နောက်တစ်ကြိမ် အသက်ဘေးထဲ တွန်းပို့သလို ဖြစ်ခဲ့ရပြန်သည်။ မိုဖန်က သူမအသက်တင်မက အဘွား၏ အသက်ကိုပါ ကယ်တင်ပေးခဲ့သဖြင့် ဤကျေးဇူးကို မည်သို့ ဆပ်ရမည်မှန်း သူမသိတော့ချေ။
ကျိုးမင် ငိုနေသည်ကို မြင်သောအခါ မိုဖန်လည်း အတော်လေး နေရခက်သွားရသည်။
"ဘာပဲဖြစ်ဖြစ်... ငါ့အဘွားကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ငါ့မိဘတွေက အမြဲတမ်း အလုပ်ရှုပ်နေတော့ ငါက အဘွားနဲ့ပဲ ကြီးပြင်းလာခဲ့ရတာ..." ကျိုးမင်က ဆက်ပြောနေ၏။
မိုဖန်သည် သူ့ကို အတော်ကြာအောင် နှစ်သိမ့်ပေးပြီးနောက် အမျိုးသမီးဆောင်သို့ ပြန်ရန် တိုက်တွန်းလိုက်ရသည်။ ညဉ့်နက်သန်းခေါင်မှာ ကောင်လေးတစ်ယောက်က ငိုနေသည့် ကောင်မလေးတစ်ယောက်ကို အိမ်ပြန်လိုက်ပို့နေသည့် မြင်ကွင်းမှာ တခြားသူများအတွက် အတွေးပွားစရာ ဖြစ်နိုင်သည် မဟုတ်ပါလား။
ကျောင်းဆောင်သို့ ပြန်ရောက်သောအခါ အတူနေသူများက အခြေအနေကို လာရောက် မေးမြန်းကြသေး၏။ လူတိုင်း အိပ်ပျော်သွားပြီးနောက် မိုဖန်သည် ကျောင်းဆောင်အမိုးပေါ်ရှိ ရေလှောင်ကန်ရှိရာသို့ ပြေးထွက်လာခဲ့၏။ ဤနေရာမှာ မိုဖန် ကျင့်ကြံခြင်း ပြုလုပ်ရာတွင် အနှောင့်အယှက်ကင်းသည့် နေရာလေး ဖြစ်ပေသည်။
"ဒီ ဆွဲသီးလေးက ဝိညာဉ်အနှစ်သာရကို စားပြီးတာတောင် ဘာလို့ တုံ့ပြန်မှု မရှိတာလဲ... အိပ်မောကျနေတာများလား..." မိုဖန်က အမိုးပေါ်တွင် ထိုင်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်၏။
ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဆွဲသီးလေးမှာ နိုးထလာသော ကလေးငယ်တစ်ယောက်အလား ဖြည်းဖြည်းချင်း တုန်ခါလာပြီး၊ လက်တစ်ဆစ်ခန့် အကွာအဝေးအထိ တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။ ထိုအလင်းရောင်မှာ အလွန်ပင် ပျစ်ခဲလှပြီး အနက်ရောင် ဆွဲသီးလေးကို ပိုးချည်မျှင်များဖြင့် ပတ်ထားသည့်အလား ခံစားရ၏။
“ပိုးအိမ်ဖွဲ့ပြီး အသစ်တစ်ဖန် ပြန်မွေးဖွားတော့မှာလား...”
ဆွဲသီးလေး၏ ပြောင်းလဲမှုကို ကြည့်ရင်း မိုဖန်၏ စိတ်ထဲတွင် ထိုစကားလုံးက ပေါ်လာတော့သည်။ အမှန်တကယ်ပင် ဆွဲသီးလေးမှာ အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားပြီး အသွင်ပြောင်းလဲမှု တစ်ခုကို စတင်နေခြင်း ဖြစ်၏။ ၎င်း၏ ဟောင်းနွမ်းနေသော မျက်နှာပြင်မှာ သိသိသာသာ ပြောင်းလဲလာပြီး သံချေးတက်နေသည့် ပုံစံများလည်း မရှိတော့ချေ။ ယခုအခါ ၎င်းမှာ ကျောက်စိမ်းကဲ့သို့ပင် ချောမွတ်တောက်ပနေလေပြီ။
"အဘိုးရင် ငါ့ကို ပေးခဲ့တဲ့အရာက တကယ့် ရတနာပဲ..." မိုဖန် ငေးမောသွားရ၏။
သူသည် ဆွဲသီးလေး၏ ပြောင်းလဲမှုများကို သိသိသာသာ ခံစားနေရသည်။ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ သူ၏ ရင်ဘတ်ပေါ်ရှိ ဆွဲသီးဆီမှ အလွန်ပင် သက်သောင့်သက်သာရှိလှသော စွမ်းအားလှိုင်းလေးများ စီးဆင်းလာတော့သည်။ သာမန်အဆင့် ကြယ်မှုန်မှော်ရတနာ၏ အာဟာရကို ရရှိစဉ်က စမ်းရေထဲတွင် စိမ်နေရသကဲ့သို့ နွေးထွေးမှုကိုသာ ခံစားရခြင်း ဖြစ်၏။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို လျင်မြန်စွာ ပြေလျော့သွားစေသည့် ခံစားချက်မှာ အလွန်ပင် ထင်ရှားလှပေသည်။
သို့သော် ယခုအခါ ဆွဲသီး အသွင်ပြောင်းသွားပြီးနောက်တွင်မူ မိုဖန်သည် ထူးခြားသော အရာတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသလို ပို၍ ခံစားလာရသည်။ အကယ်၍ ထိုခံစားချက်ကို ဖော်ပြရလျှင် နူးညံ့လှသော ပိုးသားလေးနှင့် တူပေလိမ့်မည်။ ထိုပိုးသားလေးမှာ ခန္ဓာကိုယ် လှုပ်ရှားမှုများကို အနှောင့်အယှက် မဖြစ်စေဘဲ တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ကပ်တွယ်ထားသဖြင့်၊ တိုက်ပွဲကြောင့် ပင်ပန်းနေသော မိုဖန်မှာ ချက်ချင်းပင် လန်းဆန်းသွားရ၏။ ယင်းအဖြစ်ကြောင့် မိုဖန်မှာ အလွန်ပင် ဝမ်းသာသွားရ၏။
သူသည် ဝိညာဉ်အဆင့် ကြယ်မှုန်မှော်ရတနာ မျိုးကို တစ်ခါမျှ မမြင်ဖူးသော်လည်း၊ ဤကဲ့သို့သော ထူးခြားလှသည့် အာဟာရ ပေးစွမ်းနိုင်မှုမှာ ဝိညာဉ်အဆင့် မှော်ရတနာမှသာ ရရှိနိုင်မည်ဆိုသည်ကို သူ ကောင်းကောင်း သိလိုက်ပေသည်။ ပင်ပန်းနွမ်းနယ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားရုံတင်မက၊ သူ၏ ကြယ်အစုအဝေး မှာလည်း တောက်ပနေသည်ကို ခံစားနေရ၏။ ဤခံစားချက်မှာ ထိုင် ၍ကျင့်ကြံနေရသကဲ့သို့ပင် ဖြစ်ပေသည်။
"ကျင့်ကြံနေစရာ မလိုဘဲ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေတာလား.." မိုဖန်မှာ အကြီးအကျယ် တုန်လှုပ်သွားရတော့၏။
အခန်း(၇၁)ပြီး
***