မိုဖန် ကျင့်ကြံနိုင်သည့် အချိန်ပမာဏမှာ သာမန်လူများထက် အဆမတန် ပို၍ ရှည်လျားလှပေသည်။ ကြယ်မှုန်မှော်ရတနာ၏ အကူအညီဖြင့် သူသည် တစ်နေ့လျှင် ၁၂ နာရီခန့် အေးအေးဆေးဆေး ကျင့်ကြံနိုင်စွမ်း ရှိ၏။
သို့သော်လည်း လူတစ်ယောက်၏ အချိန်မှာ အကန့်အသတ် ရှိပေသည်။ အကယ်၍ ပို၍အဆင့်မြင့်သော မှော်ရတနာက ကျင့်ကြံချိန်ကိုသာ ပိုတိုးပေးနိုင်မည်ဆိုလျှင် မိုဖန်အတွက်မူ သိပ်ပြီး အဓိပ္ပာယ်မရှိလှပေ။ မိုဖန်အနေဖြင့် တစ်နေ့လျှင် ၂၄ နာရီပတ်လုံး ကျင့်ကြံနေမည် မဟုတ်ပေ။
တိုက်ပွဲအတွေ့အကြုံများအရ မှော်ဆရာတစ်ယောက်သည် မိမိ၏ အစွမ်းအစ တိုးတက်ရန်အတွက် ကျင့်ကြံခြင်း တစ်ခုတည်းအပေါ်တွင်သာ မှီခိုနေ၍ မရကြောင်း မိုဖန် နားလည်သွားခဲ့သည်။ ထို့ထက်စာလျှင် တိုက်ပွဲများကို ရင်ဆိုင်ရခြင်း၊ အသက်အန္တရာယ်နှင့် ကြုံတွေ့ရခြင်းနှင့် အင်အားကြီးသော ရန်သူကို ရင်ဆိုင်ရချိန်တွင် ပို၍ သန်မာလိုသော စိတ်ဆန္ဒ ပြင်းပြခြင်းတို့က ကြယ်အစုအဝေးကို နှေးကွေးသော်လည်း သိသိသာသာ တိုးတက်လာစေသည့် အထောက်အကူများ ဖြစ်ပေသည်။
ထို့ကြောင့် မိုဖန်သည် နေ့စဉ် ကျင့်ကြံချိန်ကို အချိန်အတော်ကြာ ထိန်းသိမ်းထားရန် လိုအပ်သလို မုဆိုးအဖွဲ့၏ လှုပ်ရှားမှုများတွင်လည်း ပါဝင်နေရခြင်း ဖြစ်၏။ အကယ်၍ ပို၍အဆင့်မြင့်သော မှော်ရတနာက ကျင့်ကြံနိုင်သည့် အချိန်ပမာဏကိုသာ တိုးမြှင့်ပေးမည်ဆိုပါက တစ်နေ့လျှင် ဆယ်နာရီကျော် ကျင့်ကြံနေသူ မိုဖန်အတွက် ထိရောက်မှု သိပ်ရှိမည်မဟုတ်ပေ။
သို့သော် မိုဖန် မျှော်လင့်ထားသည်ထက် ပိုသည်မှာ ဝိညာဉ်အဆင့် မှော်ရတနာသည် မိုဖန်ကို ကျင့်ကြံချိန် တိုးပေးရုံတင်မကဘဲ သူ၏ ကြယ်အစုအဝေးကိုပါ တိုက်ရိုက်အားကောင်းစေခြင်းပင် ဖြစ်၏။
သူ မကျင့်ကြံဘဲ အနားယူနေချိန်မှာပင် သူ၏ ကြယ်အစုအဝေးမှာ တဖြည်းဖြည်း ချဲ့ထွင်အားကောင်းနေပေလိမ့်မည်။ သူ ကျင့်ကြံနေချိန်တွင်မူ ပုံမှန်ထက် အဆပေါင်းများစွာ ပို၍ ထိရောက်သော တိုးတက်မှုကို ရရှိစေမည် ဖြစ်ပေသည်။
မိုဖန်သည် ကျင့်ကြံချိန် ရှည်လျားမှုကို ရရှိထားပြီးဖြစ်ရာ ယခုကဲ့သို့ ကျင့်ကြံမှု ထိရောက်နှုန်းကပါ အရှိန်မြင့်တက်လာခြင်းမှာ သူ၏ စွမ်းအားကို ဒုံးပျံတစ်စင်းလို အရှိန်မြှင့်တင်လိုက်သကဲ့သို့ပင် ဖြစ်၏။
“အလန်းကြီးပဲ... ဒီအတိုင်းသာဆိုရင် ငါ ကျောင်းမဆင်းခင်မှာ မီးဒြပ်မှော်ပညာကို တတိယအဆင့် ရောက်အောင် လုပ်နိုင်ရုံတင်မကဘူး... လျှပ်စီးဒြပ်ကိုလည်း တတိယအဆင့် ရောက်အောင် လုပ်နိုင်မှာပဲ... ငါသာ ပိုပြီး ကြိုးစားမယ်ဆိုရင် အလယ်အလတ်အဆင့် မှော်ဆရာရဲ့ အဆင့်ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်...”
ကြယ်ပွင့်များ တတိယအဆင့်သို့ ရောက်ရှိသွားခြင်းမှာ ကြယ်အစုအဝေးမှသည် နက်ဗျူလာအဖြစ်သို့ ကူးပြောင်းရန် အလွန်ပင် နီးစပ်သွားပြီ ဆိုလိုခြင်း ဖြစ်ပေသည်။
မိုဖန်သည် အလယ်အလတ်အဆင့် မှော်ဆရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အတော်များများ လေ့လာထားပြီး ဖြစ်၏။ မှော်ဆရာတစ်ဦး၏ စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ပထမဆုံး ဖြစ်တည်လာသော ဒြပ်စင်ကို ကြယ်အစုအဝေး ခေါ်ဆိုပေသည်။
မှော်ဆရာ၏ စိတ်ဝိညာဉ်ကမ္ဘာထဲရှိ ကြယ်အစုအဝေးမှာ နက်ဗျူလာအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ကြယ်လမ်းကြောင်းမှာ ပို၍ ခန့်ညားတောက်ပလာမည် ဖြစ်ပြီး၊ ၎င်းမှာ မှော်ဆရာတစ်ဦး အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခြင်းကို ဖော်ညွှန်းခြင်း ဖြစ်၏။
နက်ဗျူလာမှာ ကြယ်အစုအဝေးထက် များစွာ ပိုမို အားကောင်းလှပေသည်။ အကယ်၍ ကြယ်အစုအဝေးသည် ကျယ်ပြောလှသော စကြဝဠာထဲမှ သေးငယ်ပြီး တောက်ပသော ဖုန်မှုန့်လေးတစ်ခုသာ ဆိုပါက၊ နက်ဗျူလာမှာမူ ကြယ်အလင်းတန်းများ စုဆုံရာ တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ နက်ဗျူလာသည် ပို၍ များပြားလှသော မှော်စွမ်းအင် များကို သိုလှောင်ထားနိုင်၏။ ၎င်းမှာ အစွမ်းထက်လှသော အလယ်အလတ်အဆင့် မှော်ဆရာများသည် ကောင်းကင်ယံကို ဖြိုခွဲကာ ခန့်ညားစွာ ရောက်ရှိလာနိုင်ပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်ပေသည်။
ကြယ်အစုအဝေးအတွင်းရှိ ကြယ်ပွင့်များကို ဆက်သွယ်လိုက်ပါက အခြေခံအဆင့်ကို ရရှိမည် ဖြစ်၏။ နက်ဗျူလာအတွင်းရှိ ကြယ်ပွင့်များဖြင့် ကြယ်ပုံရိပ်ယောင် တစ်ခု ဖော်ဆောင်နိုင်ပါက အလယ်အလတ်အဆင့် မှော်ပညာ အသုံးပြုနိုင်မည် ဖြစ်ပေသည်။
အလယ်အလတ်အဆင့် မှော်ဆရာ ရန်ကျောက်ဟယ် သူ၏ မှော်ပညာကို ထုတ်ဖော်စဉ်က သူ့ ခြေဖဝါးအောက်တွင် အလွန်ပင် ဆန်းကြယ်ခန့်ညားလှသော ကြယ်ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်ကို မိုဖန် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ ၎င်းမှာ ကြယ်လမ်းကြောင်း၏ အလင်းရောင်နှင့် မတူဘဲ ပို၍ ဆန်းပြားကာ ပို၍ အစွမ်းထက်လှ၏။ ထိုစွမ်းအားမှာ အခြေခံအဆင့်မှာတင် ဝဲလည်နေရဆဲ ဖြစ်သော မှော်ဆရာအားလုံး၏ အားကျမှုကို ရရှိစေရန် လုံလောက်လှပေသည်။
လမ်းမတစ်ခုလုံးကို ဆေးကြောပစ်နိုင်သော အလယ်အလတ်အဆင့် ရေဒြပ်မှော်ပညာ နှင့် ကားတစ်စီးလောက် လေးလံသော ဝံပုလွေကြီးကို မီတာဆယ်ဂဏန်းအထိ လေထဲ မြှောက်တင်ပစ်နိုင်သော အလယ်အလတ်အဆင့် လေဒြပ်မှော်ပညာတို့မှာ အလွန်ပင် အစွမ်းထက်လှပေသည်။ ၎င်းတို့၏ စွမ်းအားမှာ အခြေခံအဆင့် မှော်ပညာများနှင့် ယှဉ်လျှင် အခြားကမ္ဘာတစ်ခုလိုပင် ကွာခြားလှပေသည်။
“လေဒြပ်နဲ့ ရေဒြပ် အလယ်အလတ်အဆင့် မှော်ပညာတွေတောင် ဒီလောက် အစွမ်းထက်နေရင်... ငါသာ လျှပ်စီးဒြပ်နဲ့ မီးဒြပ်ရဲ့ အလယ်အလတ်အဆင့် မှော်ပညာတွေကို တတ်မြောက်သွားတဲ့အခါ မူမိသားစုကို ဘယ်သူက ကြောက်နေဦးမှာလဲ...ကြိုးစားပြီး ကျင့်ကြံရမယ်...ငါ မိုဖန်ရဲ့ မယုံနိုင်စရာ ကောင်းတဲ့ ဘဝသစ်က အခုမှ စတင်တာကွ...”
....
ဆောင်းလေအေးများမှာ မြောက်ဘက်အရပ်မှ တိုက်ခတ်လာ၏။ လေတိုက်ရာ လမ်းကြောင်းတစ်လျှောက်တွင် သစ်ပင်များမှာ သူတို့၏ သစ်ရွက်များကို စွန့်ပစ်ကာ လေအေးကို ကိုယ်တုံးလုံးဖြင့် ဆီးကြိုနေကြတော့သည်။
တောင်ဘက်အရပ်တွင်မူ ဆောင်းလေ၏ ဒဏ်ကို သစ်ပင်ပန်းမန်များမှာ မခံစားရချေ။ လေမည်မျှပြင်းပြင်း သစ်ပင်များမှာ အမြဲတမ်း စိမ်းလန်းစိုပြည်နေဆဲပင်။ သစ်ရွက်အချို့ ကြွေကျခြင်းမှာ ရာသီဥတုကို မျက်နှာသာပေးရုံမျှသာ ဖြစ်ပြီး ၃၆၅ ရက်ပတ်လုံး စိမ်းလန်းနေကြသည်မှာ ထုံးစံပင် ဖြစ်၏။
မိုဖန် ရှိနေသည့် ပိုမြို့မှာ ရာသီဥတု ကွဲပြားမှု သိပ်မရှိလှပေ။ တစ်ခါတစ်ရံ ရာသီဥတု ပြောင်းလဲတတ်သည်မှာ တိုင်ဖွန်းမူန်တိုင်း လာတော့မည်ဆိုသည့် လက္ခဏာပင် ဖြစ်၏။
မုန်တိုင်းရာသီ နောက်တစ်ခု ရောက်ရှိလာပြန်လေပြီ။ မိုဖန်နှင့် သူ၏ သူငယ်ချင်းများမှာ သူတို့၏ ကျောင်းဆောင်ထဲတွင်သာ ကွေးနေကြတော့သည်။ စိုစွတ်အေးစက်ပြီး မှိုနံ့အနည်းငယ် ရနေသော ကျောင်းဆောင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျောင်းသားအများစုမှာ လာမည့်နှစ်တွင် ဖြေဆိုရမည့် မှော်အထက်တန်း စာမေးပွဲအတွက် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
အထက်တန်းအောင်ရုံမျှသာ ရှိသော မှော်ဆရာတစ်ဦးမှာ လူ့ပတ်ဝန်းကျင်တွင် အတော်လေး ရုန်းကန်ရမည်ဆိုသည်ကို မည်သူမျှ မသိကြပေ။ အကယ်၍ ပို၍မြင့်မားသော ရာထူးနေရာကို မရရှိပါက ပို၍မြင့်မားသော မှော်ပညာအဆင့်သို့ တက်လှမ်းရန်ခက်ခဲလာမည် ဖြစ်၏။ အကယ်၍ မိမိ၏ သက်တူရွယ်တူများထဲမှ ထင်ပေါ်ကျော်ကြားလာပြီး လူအများ၏ လေးစားမှုကို ခံရသော မှော်ဆရာတစ်ဦး ဖြစ်လိုပါက မှော်တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်နိုင်ရန် လိုအပ်ပေသည်။ ထိုမှသာ အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အလမ်းမှာ ပိုမိုအရာထင်လာမည် ဖြစ်ပေသည်။
အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်လာခြင်းမှာ မှော်ဆရာတစ်ဦးအတွက် ဘဝကို အလုံးစုံ ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးပင် ဖြစ်၏။ ကျောင်းသားအားလုံးမှာ ဤအခွင့်အရေးအတွက် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်ပေသည်။
"အစ်ကိုမိုဖန်... ညီမ ကုသရေးဒြပ်စင်ကို ရရှိသွားပြီ... အစ်ကိုမိုဖန် ဒဏ်ရာရခဲ့ရင် ညီမက မှော်ပညာနဲ့ ကုပေးလို့ ရပြီပေါ့..." စာတိုလေးနှင့်အတူ ချစ်စရာကောင်းသော အပြုံးမျက်နှာပုံလေး ရောက်လာ၏။
မိုဖန် အနည်းငယ် အံ့အားသင့်သွားရသည်။
“ဟင်... ဒါ ဘယ်လိုဖြစ်တာလဲ...”
"ကုသရေးဒြပ် ဟုတ်လား... ဘယ်လိုဖြစ်ပြီး ကုသရေးဒြပ်ကို ရသွားတာလဲ... အားလုံးက အခြေခံဒြပ်စင်တွေကိုပဲ ရကြတာလေ... မင်းက ဘယ်လိုဖြစ်ပြီး ပထမဆုံးအကြိမ်မှာတင် အလင်းမှော်ပညာကို ရသွားတာလဲ..." မိုဖန်က အလောတကြီး စာပြန်လိုက်၏။
"လူတိုင်းရဲ့ ပထမဆုံးအကြိမ်မှာ အခြေခံဒြပ်စင်တွေကိုပဲ ရတတ်တာ မှန်ပါတယ်... ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိတာပေါ့... တချို့လူတွေက ထူးခြားတဲ့ ပစ္စည်းတွေကို သုံးပြီး မှော်နှိုးခြင်းကို လုပ်ဆောင်ကြတယ်လို့ ကြားဖူးတယ်... အဲဒါဆိုရင် ကိုယ်လိုချင်တဲ့ ဒြပ်စင်ကို ရဖို့ အခွင့်အလမ်း ပိုများတာပေါ့..." ယဲ့ရှင်းရှားက ပြန်ပြောလာသည်။
" မှော်နှိုးခြင်းကို လုပ်ဆောင်တာ ဟုတ်လား... အဲဒါဆိုရင် ငါ အလယ်အလတ်အဆင့်ကို ရောက်လို့ နောက်ထပ် ဒြပ်စင်တစ်ခု ထပ်လိုချင်တဲ့အခါ မင်းပြောတဲ့ နည်းလမ်းကို သုံးလို့ရတာပေါ့နော်..." မိုဖန်မှာ ဝမ်းသာသွားရပြီး ကောင်းကင်နှင့် မြေကြီးကို အသစ်တစ်ဖန် မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"ရတာပေါ့... ဒါပေမဲ့ အဲဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ရှာနိုင်ဖို့ လိုအပ်လိမ့်မယ်..."
"ရှင်းရှား... မင်းကို သိပ်ကျေးဇူးတင်သွားပြီ ... မင်းက ငါ့ရဲ့ အခက်ခဲဆုံး ပြဿနာကြီးကို ဖြေရှင်းပေးလိုက်တာပဲ..."
မိုဖန်၏ ပျင်းရိငြီးငွေ့နေသော စိတ်အခြေအနေမှာ ချက်ချင်းပင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားတော့သည်။
သူသည် မှော်နှိုးခြင်းမှာ ကံတရားအပေါ်မှာသာ မူတည်သည်ဟု အမြဲတမ်း ထင်ခဲ့ခြင်း ဖြစ်၏။ ဤကမ္ဘာပေါ်တွင် မှော်နှိုးခြင်းကို လမ်းကြောင်းပေးနိုင်သော နည်းလမ်းရှိမည် သူ တစ်ခါမျှ မတွေးခဲ့မိပေ။ အကယ်၍ ထိုသို့ဆိုလျှင် သူ အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီး ဒုတိယဒြပ်စင်ကို နှိုးဆွမည့်အခါ ထိုနည်းလမ်းကို အသုံးပြုကာ အမှောင်ဒြပ်စင် (အမည်းရောင်မှော်ပညာ)ကို ရယူနိုင်မည် မဟုတ်ပါလား။
မှော်ပညာ၏ ပြတင်းပေါက်မှာ မိုဖန်အတွက် ခဏချင်းအတွင်းမှာပင် ကျယ်ကျယ်ပြန့်ပြန့် ပွင့်သွားခဲ့လေပြီ။ ထိုပြတင်းပေါက် ပွင့်သွားသည့် အကြိမ်တိုင်းတွင် မိုဖန်သည် သူ မျှော်လင့်တောင့်တနေသော အနာဂတ်ကို မြင်တွေ့နေရပြီး၊ ၎င်းက သူ့ကို စိတ်အားထက်သန်စွာ ကျင့်ကြံရန် တွန်းအားပေးနေတော့သည်။
သူ၏ လျှပ်စီးနှင့် မီးဒြပ် ကြယ်အစုအဝေးများမှာ အဆင်ပြေစွာ တိုးတက်နေပြီး၊ သူ မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ မြန်ဆန်နေ၏။ အထူးသဖြင့် ကျင့်ကြံခြင်းနှင့် မုဆိုးအဖွဲ့တွင် ပါဝင်တိုက်ခိုက်ခြင်းတို့ကြောင့် သူသည် သူ၏ သက်တူရွယ်တူများကို အဝေးကြီးမှာ ကျန်ရစ်ခဲ့အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
သို့သော် ဤကဲ့သို့သော အရာများကို ကြွားဝါနေစရာ မလိုပေ။ မှော်အထက်တန်း စာမေးပွဲနေ့ ရောက်သည့်အခါတွင်မူ သူ၏ သူငယ်ချင်းများမှာ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။
အခန်း(၇၂)ပြီး
***