အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေပြီ။ မိုဖန်သည် သူ၏ အဖိုးတန်လှသော လူပျိုပေါက်အရွယ် အချိန်များကို ကျင့်ကြံခြင်းနှင့် သားရဲမုဆိုးအလုပ်များတွင်သာ မြှုပ်နှံထားခဲ့ပြီး ၎င်းအတွေ့အကြုံများကိုလည်း အလွန်ပင် နှစ်သက်သဘောကျနေမိ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုဖန် သတ်ဖြတ်ခဲ့သော မှော်သားရဲ အရေအတွက်မှာ ၁၅ကောင်ထက်မနည်း ရှိနေခဲ့လေပြီ။ မုဆိုးအစည်းအရုံးရှိ ဝါရင့်မုဆိုးကြီးများ၏ အမြင်တွင်မူ သူသည် အတွေ့အကြုံ အလွန်ရင့်ကျက်လှသော မှော်ဆရာတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံနေရပြီ ဖြစ်၏။
ကျောင်းတွင်လည်း ကျောင်းသားများအတွက် ဘဝအဆင့်အတန်း မြင့်မားသွားစေမည့် မှော်အထက်တန်း စာမေးပွဲကြီးမှာ တဖြည်းဖြည်း နီးကပ်လာတော့သည်။
"မင်းရဲ့ သာယာတဲ့နေ့ရက်တွေကတော့ မကြာခင် ကုန်ဆုံးတော့မှာပါ မိုဖန်ရာ..." ကျောင်ကူဆန်းက မိုဖန်၏ ဒုက္ခကို တွေးမြင်ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
ကျောင်းဆင်းပွဲ နီးကပ်လာခြင်းမှာ ကျောင်းအုပ်ကြီး ကိုယ်တိုင် သက်သေအဖြစ် ရှိနေခဲ့သော မှော်တိုက်ပွဲကတိကဝတ် ရက်စွဲ နီးကပ်လာခြင်းကိုလည်း ဆိုလိုပေသည်။
ထိုလူကြီး မူကျားယွမ်မှာ အတော်လေး ကောက်ကျစ်သည်ကို မိုဖန် ဝန်ခံရပေလိမ့်မည်။ သူသည် မှော်တိုက်ပွဲကို မှော်အထက်တန်း စာမေးပွဲ မတိုင်မီ ရက်စွဲတစ်ခုတွင် သတ်မှတ်ထားခြင်း ဖြစ်၏။ ၎င်းမှာ အကယ်၍ မိုဖန်အနေဖြင့် ဤမှော်တိုက်ပွဲတွင် တစ်စုံတစ်ရာ ထိခိုက်မှု ဖြစ်ခဲ့ပါက ၎င်းသည် သူ၏ အရေးကြီးလှသော စာမေးပွဲ စွမ်းဆောင်ရည်အပေါ် များစွာ သက်ရောက်မှု ရှိသွားစေရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။
"အစ်ကိုဖန်... ကျွန်တော် အိမ်နီးနားချင်းတွေဆီက ကြားတာတော့ မူကျားယွမ်က ယုအန်းရဲ့ (၁၈) နှစ်ပြည့် အရွယ်ရောက်ခြင်း အခမ်းအနားအတွက် ပြင်ဆင်နေတယ်တဲ့... ကျွန်တော်တို့ ပိုမြို့မှာ အရွယ်ရောက်ခြင်း အခမ်းအနားကို အရေးတကြီး သတ်မှတ်ထားကြတာဆိုတော့ မူမိသားစုလို မျိုးရိုးကြီး မိသားစုက သူတို့ရဲ့ အရေးအပါဆုံး တပည့်အတွက် လုပ်ပေးမယ့် အခမ်းအနားကတော့ ဘယ်အရာထက်မဆို ပိုပြီး ခမ်းနားမှာ သေချာတယ်..." ကျန်းဟိုက ပြောပြလာသည်။
"ငါ သိပါတယ်... သူတို့က ချမ်းသာပြီး အာဏာရှိတဲ့ ဧည့်သည်တွေကို ဖိတ်မှာပေါ့... ပိုမြို့က အရေးပါတဲ့လူတွေ အကုန်လုံး ဖိတ်ခံရမှာပဲ... အဆင့်အတန်းရှိတဲ့ မိသားစုတွေက ဒီလိုမျိုး လုပ်ပြရတာကို ဝါသနာပါတာပဲ မဟုတ်လား..." မိုဖန်က ဆို၏။
"ဒါပေမဲ့ ဒါက အစ်ကို့အတွက် အရမ်း နစ်နာတာပဲ... အဲဒီ အဘိုးကြီးက သိသိသာသာကို အစ်ကို့ကို လိမ်ညာဖို့ ကြိုးစားနေတာ... သူက အစ်ကို့ကို ယုအန်းအတွက် ခြေနင်းတုံးအဖြစ် သုံးချင်နေတာပဲ... ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုဖန်က အခု တန်လန်မှော်အထက်တန်းကျောင်းရဲ့ နံပါတ်တစ် ကျောင်းသားလေ...တကယ်လို့အစ်ကိုက ဒီလောက် လူအများကြီး ရှေ့မှာသာ ရှုံးသွားခဲ့ရင် သူတို့မိသားစုရဲ့ အရှိန်အဝါက ပိုကြီးသွားမှာပေါ့... ပြီးတော့ တန်လန် ကျောင်းသားပေါင်း တစ်ထောင်ငါးရာထဲက နံပါတ်တစ်က သူတို့ မိသားစုက မွေးထုတ်ပေးတဲ့ တပည့်ကို မယှဉ်နိုင်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်သွားမှာ... ကျောင်းအုပ်ကြီးကျူးလည်း မျက်နှာပျက်ရတော့မှာပဲ..."
ကျောင်းအုပ်ကြီးကျူးမှာ တန်လန် မှော်အထက်တန်းကျောင်း၏ အရေးအပါဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး၊ သူနှင့် မူကျားယွမ်တို့မှာ ပိုမြို့၏ ပြိုင်ဘက်ဟောင်းကြီးများပင် ဆိုနိုင်ပေသည်။
ပိုမြို့တွင် ကျောင်းအုပ်ကြီးကျူး၏ ဂုဏ်သိက္ခာမှာ အလွန်ပင် မြင့်မားလှ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူထု၏ ယုံကြည်မှုကို ရရှိထားသောကြောင့် ဖြစ်ပေသည်။ နောက်ခံမရှိဘဲ ထူးချွန်ထက်မြက်လာကြသော အခြေခံလူတန်းစား မှော်ဆရာအားလုံးမှာ ကျောင်းအုပ်ကြီးကျူး၏ ပံ့ပိုးမှုမပါဘဲ အောင်မြင်ရန် မလွယ်ကူလှပါပေ။ ကျောင်းအုပ်ကြီးသည် ကျောင်းတော်ကြီးကို အသုံးချကာ နောက်ခံမရှိသော်လည်း တောက်ပသော မှော်ဆရာများစွာကို မြေတောင်မြှောက် ပေးခဲ့သူ ဖြစ်၏။
မူကျားယွမ်သည် မင်းစိုးရာဇာ မျိုးနွယ်များထဲမှ ထူးချွန်သော ကလေးငယ်များကို အခြေခံကာ ပိုမြို့အတွင်း၌ နှစ်ရှည်လများ ရပ်တည်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်တိုင်း အခြေခံလူတန်းစား မှော်ဆရာများနှင့် မျိုးရိုးကြီး မှော်ဆရာများမှာ အမြဲတမ်း ယှဉ်ပြိုင်မှုများ ရှိတတ်ကြသည်။ မူကျားယွမ်အတွက် နှစ်စဉ် အရေးကြီးဆုံး အချိန်မှာ သူ၏ မှော်မျိုးနွယ်ထဲမှ လူငယ်မှော်ဆရာများက ကျောင်းအုပ်ကြီးကျူး၏ အများပြည်သူဆိုင်ရာ တန်လန် မှော်ကျောင်းတော်မှ ကျောင်းသားများကို အပြတ်အသတ် အနိုင်ယူပြသည်ကို ကြည့်ရခြင်းပင် ဖြစ်၏။
တျန်းခိုင်နှင့် ကျောင်းအုပ်ကြီးကျူးတို့မှာ ကျောင်းတော်ဘက်မှ အပြည့်အဝ ရပ်တည်ပေးထားကြသူများ ဖြစ်ပေသည်။ ထို့ကြောင့် မိုဖန်က မူကျားယွမ်ကို စော်ကားခဲ့စဉ်ကပင်၊ ၎င်းတို့သည် မျိုးရိုးကြီး မိသားစု၏ မျိုးဆက်သစ်နှင့် တိုက်ပွဲတစ်ခုကို မဖြစ်မနေ စီစဉ်ပေးခဲ့ရသော်လည်း ဤကိစ္စကို တစ်နည်းနည်းဖြင့် ဖိနှိပ်ပေးထားခဲ့ကြခြင်း ဖြစ်၏။
နှစ်စဉ် စာမေးပွဲတွင် S သုံးလုံး ရရှိထားသော ကျောင်းသားတစ်ဦးမှာ ကျောင်းတော်ကြီး၏ ရတနာပင် ဖြစ်ပေသည်။ သူတို့အနေဖြင့် အာဏာရှင် မူကျားယွမ်က ထိုကျောင်းသားကို ဖိနှိပ်သွားမည်ကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။
မိုဖန်က သောင်းကျန်းနေသော ဆင့်ခေါ်သားရဲကို အေးအေးဆေးဆေး နှိမ်နင်းပြနိုင်ခဲ့သည်ကို ကြားသိရပြီးနောက် ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့မှာ ရတနာတစ်ပါးကို ရရှိထားသကဲ့သို့ ပို၍ပင် ခံစားလာရတော့သည်။
မိုဖန် ကိုယ်တိုင်မှာမူ ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့က သူ့အပေါ် အမြဲတမ်း စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့သည်ကို မသိရှိခဲ့ပါပေ။ အခြေခံလူတန်းစား မှော်ဆရာများကို အလေးထားသော ထိုနှစ်ဦးမှာ သူ့ကို စောင့်ကြည့်ရန် လူများကို အမြဲ စီစဉ်ပေးထားခဲ့ခြင်း ဖြစ်၏။
သို့သော် ကျောင်းသည်မှာ ကျောင်းသာ ဖြစ်သဖြင့် အတ္တမကြီးနိုင်ပါပေ။ သူတို့သည်လည်း မိုဖန်ကို ကြယ်မှုန်မှော်ရတနာတစ်ခု အမြဲတမ်း သုံးနိုင်ရန် ပေးလိုကြသော်လည်း၊ သူတို့သည် မျိုးရိုးကြီး မိသားစုများကဲ့သို့ တစ်ဦးတည်းကိုသာ မျက်နှာသာပေးပြီး အခြားသူများကို ခွဲခြားဆက်ဆံခြင်းမျိုး မပြုလုပ်နိုင်ပါပေ။
ယုအန်း၏ ပွဲတော်တစ်ခုအလား ခမ်းနားလှသော အရွယ်ရောက်ခြင်း အခမ်းအနား ရောက်ရှိလာချိန်တွင် ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့မှာ မနေသာတော့ဘဲ မိုဖန်ကို ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါ်ယူလိုက်ကြတော့သည်။
မိုဖန်သည် တျန်းခိုင်နှင့် ယခင်က ဆုံဖူးခဲ့ပြီး ဖြစ်၏။ သူသည် မိုဖန်ကို ကူညီရန် ရှေ့ထွက်ပေးခဲ့ဖူးသူ ဖြစ်သလို၊ ပိုမြို့ မုဆိုးအစည်းအရုံး၏ အကြီးအကဲလည်း ဖြစ်ပေသည်။ သူသည် အလယ်အလတ်အဆင့် မှော်ဆရာ ရန်ကျောက်ဟယ်ထက်ပင် ပို၍ သန်မာသူ ဖြစ်၏။
ကျောင်းအုပ်ကြီးကျူးနှင့်မူ မိုဖန် ပထမဆုံးအကြိမ် ဆုံဖူးခြင်း ဖြစ်ပေသည်။ ကျောင်းသားများနှင့် မိဘများ၏ ရင်ထဲတွင် မြင့်မားသော ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသော ဤကျောင်းအုပ်ကြီးမှာ တစ်သီးပုဂ္ဂလ နေထိုင်လိုသော ရသေ့ကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေ၏။ သို့သော် အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက သူသည် ရှေ့ထွက်ကာ တာဝန်ယူလေ့ရှိပေသည်။
"မိုဖန်... မင်းနဲ့ အလေးအနက် ဆွေးနွေးစရာ တချို့ ရှိနေတယ်..." တျန်းခိုင်က စတင် ပြောကြားလိုက်သည်။
မိုဖန်မှာလည်း ထိုနေရာတွင် ရပ်ကာ အသေအချာ နားထောင်နေမိ၏။
"အမှန်အတိုင်းပြောရရင် ငါတို့ တန်လန် မှော်ကျောင်းသားတွေနဲ့ မူမိသားစုရဲ့ တပည့်တွေကြားမှာ အခါအားလျော်စွာ ထိတွေ့ဆက်ဆံမှုတွေ ရှိတတ်တယ်... အရင်နှစ်တွေကတော့ ငါတို့က ကျောင်းသားတွေထဲက အတော်ဆုံးနဲ့ တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးသူကို ရွေးပြီး ပိုမြို့က မိသားစုဝင်တွေနဲ့ ယှဉ်ပြိုင်ခိုင်းလေ့ ရှိတာပေါ့... မူလကတော့ ငါတို့က ရိုးရိုးရှင်းရှင်းပဲ လျှပ်စီးမှော်ဆရာ ဖြစ်တဲ့ ရှုကျောက်ထင်ကို မျှော်လင့်ထားခဲ့တာ... သူက လျှပ်စီးဒြပ်ဆိုတော့ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်း ပိုများတာကိုး... ဒါပေမဲ့ နှစ်စဉ် စာမေးပွဲမှာ မင်းက ရမှတ်တွေ အရမ်းကောင်းခဲ့သလို သူတို့မိသားစုကို စိန်ခေါ်ဖို့အထိ သတ္တိရှိခဲ့တယ်... မူကျားယွမ်က မင်းကို ဒုက္ခမပေးနိုင်အောင်လို့ ဒီကိစ္စကို ဖြစ်ကိုဖြစ်လာမယ့် ပြိုင်ပွဲဆီကို ဦးတည်ပေးလိုက်ရတာပဲ..." တျန်းခိုင်က မိုဖန်ကို ရိုးသားစွာ ရှင်းပြလာသည်။
"ကျွန်တော် သိပါတယ်... အာ... ကျွန်တော် ဆိုလိုတာက ဒီလို ခက်ခဲတဲ့ အခြေအနေကနေ ကူညီပေးခဲ့တဲ့ လူကြီးမင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်..." မိုဖန်က ဆို၏။
"အမှန်အတိုင်းပြောရရင် ငါတို့ မင်းအတွက် အချိန်နှစ်နှစ်လောက် ဆွဲပေးထားခဲ့တာပဲ... ဒီနှစ်နှစ်အတွင်း မင်းရဲ့ တိုးတက်မှုတွေကိုလည်း ငါတို့ သတိထားမိပါတယ်... ဒါပေမဲ့ မင်း အဲဒီတုန်းက ရိုင်းစိုင်းခဲ့တဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးကတော့ ရှိနေတုန်းပဲ..." တျန်းခိုင်က မတတ်သာသလို ခေါင်းခါလျက် ဆိုလိုက်သည်။
တျန်းခိုင်သည် အခြားသူများထံမှ သတင်းအချက်အလက်အချို့ ရရှိထားပြီး ဖြစ်၏။ ယုအန်း၏ ကျင့်ကြံမှုမှာ ဤနှစ်နှစ်အတွင်း အဆမတန် တိုးတက်လာခဲ့သည်။ ထို့အပြင် သူသည် မိသားစု၏ ပံ့ပိုးမှုဖြင့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံများစွာကိုလည်း ရရှိထား၏။ မိုဖန် မည်မျှပင် ထက်မြက်ပါစေ ယုအန်း၏ ပြိုင်ဘက် ဖြစ်လာနိုင်ပါမည်နည်း။ ယခင်တုန်းက ဆင့်ခေါ်သားရဲကို သတ်နိုင်ခဲ့ခြင်းဟာ ကံကောင်းလို့သာ ဖြစ်တယ်လို့ လူတိုင်းက ထင်နေကြခြင်း ဖြစ်ပေသည်။
ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်၏။
"မိုဖန်... ကောင်းကင်ကြီးက တစ်ခါတလေမှာ မတရားဘူးဆိုတာ ငါတို့ သိပါတယ်... တချို့လူတွေကို မွေးကတည်းက အထူးအခွင့်အရေးတွေ ပေးထားတတ်ပေမယ့် တချို့ကတော့ ဘာမှမရကြဘူး... ဒါပေမဲ့ ဒါက မင်းအနေနဲ့ နတ်ဘုရားတွေကို အပြစ်တင်ဖို့ ဒါမှမဟုတ် တခြားသူတွေကို စော်ကားပြီး ရင်ထဲက မကျေနပ်ချက်တွေကို ဗလိုင်းကြီး ထုတ်ဖော်ဖို့ အကြောင်းပြချက် မဖြစ်သင့်ဘူး... မင်းအနေနဲ့ အဲဒီလို အဆင့်မြင့်ပုဂ္ဂိုလ်တွေကို မကျေနပ်ကြောင်း ပြောလိုက်တာက လူအများကြီး လုပ်ချင်နေတဲ့အရာ ဖြစ်ပေမယ့်၊ တစ်ဖက်မှာလည်း မင်းကိုယ်မင်း ချောက်ကမ်းပါး အစွန်းပေါ်ကို တွန်းပို့လိုက်တာပဲ... မင်းရဲ့ အင်အားက ဒီလို မျိုးရိုးကြီး မိသားစုကို ယှဉ်ဖို့ မတတ်နိုင်သေးတဲ့ အချိန်မှာ ဒေါသကို မျိုသိပ်ထားတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး..." ကျောင်းအုပ်ကြီးကျူးက စေတနာအပြည့်ဖြင့် ဆုံးမစကား ဆိုလိုက်သည်။
ကျောင်းအုပ်ကြီးကျူးမှာ ကျောင်းအုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရာ မာနကြီးသော ကျောင်းသားများစွာကို မြင်ဖူးခဲ့ပြီး ဖြစ်၏။ ထိုသူများထဲမှ တချို့မှာ အမှန်တကယ် ထူးချွန်လာပြီး လူအများ လေးစားရသော မှော်ဆရာများ ဖြစ်လာခဲ့ကြသော်လည်း၊ တချို့မှာမူ မည်သည့်သတင်းမှ မကြားရတော့သည်အထိ ပျောက်ကွယ်သွားခဲ့ကြရသည်။
ပါရမီသည် အရေးကြီးသည်၊ ကျင့်ကြံမှုမှာလည်း အရေးကြီးသည်။သို့သော် အရေးကြီးဆုံးမှာ အခြေအနေအရပ်ရပ်ကို အကဲခတ်တတ်ရန် ဖြစ်ပေသည်။ ကျောင်းတော်ကြီးသည် မိုဖန်ကို နှစ်အနည်းငယ်သာ ကာကွယ်ပေးနိုင်မည် ဖြစ်၏။ လူ့ပတ်ဝန်းကျင်သို့ ရောက်ရှိသွားပြီးနောက်တွင်မူ အာဏာရှိသူများ၏ စကားကသာ အရာရာ ဖြစ်သွားတော့မည် ဖြစ်ပေသည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဲဒီတုန်းက ကျွန်တော် တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာပါ..." မိုဖန်က ခေါင်းညိတ်ပြလိုက်၏။
"ငါတို့ မင်းကို ဒီနေ့ ခေါ်လိုက်တဲ့ အကြောင်းရင်းကတော့ မင်းကို ဆုံးမဖို့ သက်သက် မဟုတ်ပါဘူး... ငါတို့ တကယ်ပဲ မင်းကို ဒီတစ်ခါ ပြိုင်ပွဲမှာ အနိုင်ရစေချင်တယ်... ဘာလို့လဲဆိုတော့ အနိုင်ရတဲ့သူက ပိုမြို့ရဲ့ တစ်ခုတည်းသော တော်ဝင်ငရဲစမ်းရေမှာ ကျင့်ကြံခွင့် ရမှာမို့လို့ပဲ..." ကျောင်းအုပ်ကြီးကျူးက ဆက်ပြောလိုက်သည်။
" တော်ဝင်ငရဲစမ်းရေ ဟုတ်လား..." မိုဖန်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့၏။
အခန်း (၇၃) ပြီး
***