မိုဖန်အနေဖြင့် တော်ဝင်ငရဲစမ်းရေ အကြောင်းကို ကြားဖူးသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပါပေ။ ထိုစဉ်က မျက်လုံးတစ်လုံး မှော်ဝံပုလွေသည် တော်ဝင်ငရဲစမ်းရေ၏ စွမ်းအင်များကို ခိုးယူစုပ်ယူခဲ့သောကြောင့်သာ ပို၍မြင့်မားသော အဆင့်တစ်ခုသို့ ဆင့်ကဲပြောင်းလဲရန် နီးစပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်ငရဲစမ်းရေသည် ပိုမြို့၏ ကောင်းကင်ဘုံပေးသော ရတနာတစ်ပါး ဖြစ်ကြောင်း ထင်ရှားလှ၏။ မှော်သားရဲများပင်လျှင် ၎င်းကို ခိုးယူရန်အတွက် လူသားများ နေထိုင်ရာ ဘေးအန္တရာယ်များလှသော နယ်မြေများထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာကြသည် မဟုတ်ပါလား။
"ငါတို့ ပိုမြို့မှာက သဘာဝအရင်းအမြစ် ထူးထူးခြားခြားတချို့ ရှိတယ်... အဲဒါတွေကို မှော်တက္ကသိုလ် တက်တော့မယ့် အဆင့်ရောက်နေတဲ့သူတွေအတွက် အထူးသီးသန့် စီစဉ်ပေးထားတာပေါ့... ကံမကောင်းတာက တော်ဝင်ငရဲစမ်းရေ ဆိုတာက အရမ်းကို အကန့်အသတ်ရှိတဲ့ အရင်းအမြစ် ဖြစ်နေတာပဲ... ငါတို့က အချိန်အတိုင်းအတာ တစ်ခုရောက်မှ ကျောင်းသားတစ်ယောက်တည်းကိုပဲ အဲဒီမှာ ကျင့်ကြံခွင့် ပေးနိုင်တယ်... ဒီကျောင်းသားကိုလည်း ကျောင်းကပဲ ဒီတိုင်း ရွေးချယ်တာမျိုး မဟုတ်ဘဲ မှော်အင်အားစုတွေနဲ့ မျိုးရိုးကြီး မိသားစုတွေကလည်း အဲဒီနေရာကို ရဖို့အတွက် အပြိုင်အဆိုင် လုကြရတာပဲ..." ကျောင်းအုပ်ကြီးကျူးက ရှင်းပြလိုက်၏။
ထိုသို့ ပြောလိုက်သောအခါ တျန်းခိုင်က မချိပြုံး ပြုံးလျက် ဆိုလိုက်သည်။ "ကျောင်းအုပ်ကြီးကျူး... ကျွန်တော်တို့ အဲဒီနေရာကို မရခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီပဲ... အဲဒီနေရာကို မှော်မျိုးနွယ်တွေနဲ့ မျိုးရိုးကြီး မိသားစုတွေဆီက တပည့်တွေပဲ အမြဲ ရသွားကြတာလေ..."
"ဒါက ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး... မျိုးရိုးကြီး မိသားစုတွေနဲ့ မှော်မျိုးနွယ်တွေက သူတို့ရဲ့ အရင်းအမြစ်အားလုံးကို ထူးချွန်တဲ့ တပည့်တစ်ယောက်တည်းဆီမှာပဲ စုပုံပေးထားနိုင်ကြတာကိုး... နောက်ပြီး သူတို့ ပေးနိုင်တဲ့ ပျိုးထောင်မှုနဲ့ လေ့ကျင့်မှုတွေက ငါတို့လို တန်းတူညီမျှဝါဒကို ကျင့်သုံးတဲ့ ကျောင်းမျိုးက ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူးလေ..." ကျောင်းအုပ်ကြီးကျူးမှာ အတော်လေး တည်ငြိမ်နေပုံရပြီး ဤကိစ္စအပေါ်တွင် စိတ်မဝင်စားတော့သကဲ့သို့ ရှိနေပေသည်။
"မိုဖန်... ဒီတိုက်ပွဲရဲ့ ရလဒ်ကို မင်း သိပ်ပြီး အလေးထားနေစရာ မလိုပါဘူး... မျိုးရိုးကြီး မိသားစုက တပည့်တစ်ယောက်ရဲ့ အစွမ်းကို မြင်ဖူးသွားတာကလည်း မင်းအတွက် ကောင်းပါတယ်... နောက်နောင် ကျင့်ကြံတဲ့ လမ်းခရီးမှာ မင်း ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပိုပြီး ကြိုးစားနိုင်သွားတာပေါ့... မူမိသားစုရဲ့ ကလဲ့စားချေမှုအတွက်လည်း မင်း စိုးရိမ်မနေပါနဲ့... မင်း မှော်တက္ကသိုလ် ရောက်သွားရင် သူတို့ မင်းကို လွယ်လွယ်နဲ့ ထိလို့မရတော့ဘူး... တကယ်လို့ မင်းက ပိုမြို့မှာပဲ ဆက်နေမယ် ဆိုရင်လည်း ငါတို့က မင်းကို ဆက်ပြီး ပျိုးထောင်ပေးဖို့ အဆင်သင့်ပါပဲ..." တျန်းခိုင်က ပြောကြားလိုက်၏။
ဆရာနှစ်ဦး၏ စကားများကို ကြားရသောအခါ မိုဖန် ရင်ထဲမှာ အတော်လေး ဂရုဏာသက်သွားရသည်။
ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့သည် ကျောင်းသားများနှင့် မိဘများ၏ ရင်ထဲတွင် အဘယ်ကြောင့် ဤမျှ ဂုဏ်သိက္ခာ ကြီးမားရသနည်းဆိုသည်မှာ မေးနေစရာ မလိုတော့ပါပေ။ သူတို့သည် အခြေခံလူတန်းစား ကျောင်းသားများဘက်မှ အမြဲတမ်း ရပ်တည်ပေးခဲ့ကြခြင်း ဖြစ်ပေသည်။ မျိုးရိုးကြီး မိသားစုများနှင့် မှော်မျိုးနွယ်များ၏ ရန်မှပင် အခြေခံ ကျောင်းသားများကို ကာကွယ်ပေးလိုကြ၏။ ဤကဲ့သို့သော လူမျိုးများကို ရှာဖွေရန် ခက်ခဲလှပေသည်။ အခြားသော အစိုးရကျောင်းများမှ ကျောင်းအုပ်အများစုမှာ အင်အားကြီးသူများ၏ ဖားယားမှုကိုသာ ခံယူချင်ကြသည် မဟုတ်ပါလား။
"ကဲ... ပြိုင်ပွဲက သဘက်ခါပဲ... မင်းရဲ့ စိတ်ကို ပြင်ဆင်ထားပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့ပါ... မူမိသားစုက သေချာ ပျိုးထောင်ထားတဲ့ ယုအန်းကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပေမဲ့၊ ဒီတစ်ခါ မှော်တိုက်ပွဲက မင်းအတွက် အခွင့်အရေး တစ်ခုပါပဲ... ပိုမြို့က အရေးပါတဲ့ ပုဂ္ဂိုလ်တွေအများကြီး ရှေ့မှာ လူငယ်တွေ ယှဉ်ပြိုင်တာကို ပြခွင့်ရဖို့ဆိုတာ နေ့တိုင်း ကြုံရတဲ့အရာ မဟုတ်ဘူးလေ..."
"အင်း... မင်း တက္ကသိုလ် ရောက်သွားရင်တောင် မှော်ဆရာတစ်ယောက် တိုးတက်ဖို့အတွက် အရင်းအမြစ် အများကြီး လိုအပ်လိမ့်မယ်... အကယ်၍ မင်း တက္ကသိုလ် မတက်ခင်မှာ မင်းကို စောင့်ရှောက်ပေးမယ့်၊ ပံ့ပိုးပေးမယ့် ဩဇာရှိတဲ့သူ တစ်ယောက်ယောက်ကို ရှာထားနိုင်မယ် ဆိုရင် တက္ကသိုလ် ရောက်တဲ့အခါ မင်းအတွက် ပိုပြီး အဆင်ပြေတာပေါ့... ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ထဲက မှော်ဆရာတွေကြားထဲမှာ ပြိုင်ဆိုင်မှုက အခုထက် ပိုပြီး ပြင်းထန်လိမ့်မယ်... မင်းမှာ ဘာနောက်ခံမှ မရှိရင် နောက်ခံ အင်အားကြီးတဲ့ တခြားကျောင်းသားတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး..." ကျောင်းအုပ်ကြီးကျူးက မိုဖန်ကို အကြံပေးလိုက်၏။
ဆရာနှစ်ဦးစလုံးမှာ အပိုစကားများကို မပြောခဲ့ကြပေ။ အမှန်တကယ်ပင် သူတို့သည် မိုဖန် အနာဂတ်တွင် ကြုံတွေ့ရမည့် မေးခွန်းများအတွက် အဖြေများကို ကြိုတင် ပြောပြနေကြခြင်း ဖြစ်၏။ မှော်ဆရာများ၏ လမ်းခရီးမှာ ထင်သလောက် မရိုးရှင်းကြောင်း မိုဖန်ကို နားလည်စေလိုခြင်း ဖြစ်ပေသည်။
မိုဖန်သည် ဆရာနှစ်ဦးကို နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။ အချိန်များမှာ အလွန်ပင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။ မူမိသားစု၏ အိမ်ရာဝင်းကြီးအတွင်း၌မူ ဗုံမောင်းသံများ တညံညံဖြင့် အုန်းအုန်းကျွက်ကျွက် ပြင်ဆင်နေကြတော့သည်။
မိုဖန် ကျောင်းပြင်သို့ လမ်းလျှောက် ထွက်လာရင်း ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချမိ၏။
“တောက်... သုံးနှစ်ဆိုတဲ့ အချိန်က မြန်လိုက်တာ...”
မကြာခင်မှာပင် သူသည် ဤကျောင်းတော်ကြီး၏ တံခါးဝကို စွန့်ခွာရတော့မည် ဖြစ်ပေသည်။ လွန်ခဲ့သော သုံးနှစ်က သူသည် အလယ်တန်းကျောင်းမှ ထွက်လာခဲ့၏။ သုံးနှစ်အကြာတွင်မူ သူသည် ဤအထက်တန်းကျောင်းမှ ထွက်ခွာရန် အချိန်နီးကပ်လာခဲ့လေပြီ။
ယနေ့တွင် ကျောင်းတံခါးဝ၌ ကားများစွာ ဆိုက်ရောက်နေကြသည်။ အများစုမှာ သူတို့၏ ချစ်လှစွာသော မှော်ဆရာလေးများကို အိမ်ပြန်ခေါ်ရန် ရောက်လာကြခြင်း ဖြစ်၏။ ဆယ်ရက်အကြာတွင် ကျင်းပမည့် မှော်အထက်တန်း စာမေးပွဲကြီးကို ဆီးကြိုနိုင်ရန်အတွက် ကျောင်းတော်က ကျောင်းသားများကို ဆယ်ရက်တာ ကိုယ်တိုင်လေ့လာခွင့် အားလပ်ရက် ပေးထားခြင်း ဖြစ်ပေသည်။
သို့သော် မှော်အထက်တန်း စာမေးပွဲ မတိုင်မီတွင်မူ မိုဖန်၌ ဆင်နွှဲရမည့် မှော်တိုက်ပွဲ တစ်ခု ရှိနေသေး၏။ အမှန်တရားကို ဆိုရလျှင် သူသည် ဤနေ့ရက် ရောက်လာရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်ပေသည်။
မူဟဲက သူတို့၏ အိမ်ကို လုယူသွားစဉ်က ပြသခဲ့သော မာနကြီးလှသည့် အမူအရာကို သူ ဘယ်သောအခါမျှ မေ့လိမ့်မည် မဟုတ်ပေ။၊ သူ၏ ဖခင် မိုကျားရှင်းက နိမ့်ကျစွာဖြင့် တောင်းပန်ခဲ့ရသော မြင်ကွင်းကြောင့် သူ၏ ရင်ထဲ၌ တင်းကျပ်သွားခဲ့ရသည်ကိုလည်း မေ့နိုင်မည် မဟုတ်ပါပေ။
လွန်ခဲ့သော နှစ်နှစ်က မူကျားယွမ်၏ ထောင်လွှားသော အမူအရာကိုလည်း သူ မေ့လိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သော အချိန်များစွာက မူကျားယွမ်သည် သူတို့သားအဖကို ခွေးတစ်ကောင်လို သဘောထားကာ မောင်းထုတ်ခဲ့ပြီး၊ ထိုနေ့တွင်မူ အရိုးတစ်ခု ပစ်ပေးသကဲ့သို့ မိုဖန်ကို ပြန်ခေါ်ခဲ့ကာ သူ လာလိမ့်မည် မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။ သူသည် ဤလောကထဲတွင် ထိုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျတတ်သူများ၏ ခြေဖဝါးအောက်၌ အသုံးချခံရန် မွေးဖွားလာခဲ့သူမဟုတ်ချေ။ ဘယ်သူမှ တခြားသူ၏ ကျွန်အဖြစ် မွေးဖွားလာခြင်း မဟုတ်ပေ။ မိမိဘာသာ မိမိ သခင်၏ ဖိနပ်ကို လျှာဖြင့် လျက်လိုသူမှလွဲလျှင်ပင်။
သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော ကျင့်ကြံမှုများကို အသုံးချကာ မူဟဲတို့ အသေအချာ ပျိုးထောင်ထားသည့် တပည့်ကို အနိုင်ယူပြရပေလိမ့်မည်။ ထိုအခါမှသာ ထိုလူမိုက်ကြီးမှာ မီးပွားလေးတစ်ခုမှသည် တောမီးကြီး ဖြစ်လာနိုင်သည်ဆိုသည်ကို နားလည်သွားပေလိမ့်မည်။
"မိုဖန်... မိုဖန်" ရင်းနှီးနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက သူ့ကို လှမ်းအော်ခေါ်လိုက်၏။
"အဖေ... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ..." မိုဖန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ကျောင်းက အားလပ်ရက် ပေးတယ်ဆိုလို့ အဖေ မင်းကို လာကြိုတာလေ..." မိုကျားရှင်းက သူ၏ သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်ရာ သူ၏ မျက်နှာမှာ ရိုးသားသော အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။
၎င်းမှာ လွန်ခဲ့သော သုံးနှစ်က စာမေးပွဲကျပြီး ကျောင်းပြင် ထွက်လာစဉ်ကနှင့် အလားသဏ္ဌာန် တူလှပေသည်။ ထိုစဉ်ကလည်း ကျောင်းတံခါးဝတွင် ကားများ ပြည့်နှက်နေခဲ့ပြီး သူ၏ ဖခင် မိုကျားရှင်းမှာ လူအုပ်ကြားထဲတွင် ချွေးများ စိုရွှဲလျက် စောင့်နေခဲ့ခြင်း ဖြစ်၏။
ကွာခြားချက်မှာ မိုကျားရှင်းမှာ ယခင်ထက် ပို၍ အသားညိုကာ ပိန်လှီသွားခြင်းပင် ဖြစ်ပေသည်။ သူ၏ ဖခင်သည် လွန်ခဲ့သော သုံးနှစ်အတွင်း မိသားစုအတွက် နေရာအနှံ့ လှည့်လည် ရုန်းကန်နေခဲ့ရသည်ကို မိုဖန် တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
နောက်ထပ် ကွာခြားချက်တစ်ခုမှာ မိုဖန် ကိုယ်တိုင်ပင် ဖြစ်၏။ သူသည် အခြားသူများ၏ နောက်တွင် ကျန်ရစ်နေခဲ့သော ကျောင်းသားလေး ဘဝမှသည် ယခုအခါ လျှပ်စီးနှင့် မီးဒြပ်စင်များကို ပိုင်ဆိုင်ထားသော မှော်ဆရာတစ်ဦး ဖြစ်နေခဲ့လေပြီ။
အနည်းဆုံးတော့ သူသည် သူ့ကို မှော်ကျောင်းသို့ ပို့ရန် ဝေခွဲမရဖြစ်ခဲ့သော မိုကျားရှင်း၏ ဆုံးဖြတ်ချက်ကို ထိုက်ထိုက်တန်တန် တုံ့ပြန်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
"အဖေ... အရမ်း ပင်ပန်းအောင် မလုပ်ပါနဲ့... ကျွန်တော် အဖေ့ဆီကို ပိုက်ဆံတချို့ လွှဲပေးထားတယ် မဟုတ်လား..." ဖခင်ဖြစ်သူ၏ အသားညိုညို ပိန်ပိန်ကို မြင်သောအခါ မိုဖန် စိတ်မကောင်း ဖြစ်သွားရ၏။
"မင်း ပိုက်ဆံကို မင်းဘာသာ သိမ်းထားစမ်းပါ... မှော်ဆရာတစ်ယောက် ဖြစ်ဖို့ဆိုတာ ပိုက်ဆံ အများကြီး လိုတာလေ... ခံတပ်ထဲက မှော်ဆရာကြီးတွေ ပြောတာတော့ ကျင့်ကြံမှုအရှိန်ကို မြှင့်ပေးနိုင်တဲ့ ကြယ်မှုန်မှော်ရတနာ ဆိုတာ ရှိတယ်တဲ့... အဖေ ပိုက်ဆံ ထပ်စုပြီး အဲဒါလေး တစ်ခုလောက် ဝယ်ပေးနိုင်မလား ကြည့်ရမယ်... ဒါမှ မင်း တက္ကသိုလ် ရောက်တဲ့အခါ တခြား မြို့ကြီးက ကလေးတွေကို ယှဉ်နိုင်မှာပေါ့..." မိုကျားရှင်းက ပြုံးလျက် ဆိုလိုက်၏။
မိုဖန် ခဏမျှ စကားစအစရှာ မရဖြစ်သွားရသည်။ သိပ္ပံပညာ၏ နေရာတွင် မှော်ပညာက အစားထိုးဝင်ရောက်လာခဲ့သော်လည်း၊ မိုကျားရှင်းမှာမူ ရိုးသားဖြူစင်လှသော ဖခင်တစ်ဦးအဖြစ် ကျန်ရစ်နေဆဲပင် ဖြစ်၏။
"စိတ်မပူပါနဲ့ အဖေ... အဲဒါမျိုးကို ကျောင်းက ကျွန်တော့်ကို ပေးထားပြီးသားပါ... အဲဒီတော့ စိတ်မပူနဲ့တော့... အားတဲ့အခါ အဲဒီပိုက်ဆံကို ယူပြီး ဒေါ်လေးနဲ့အတူ အိမ်သွားကြည့်လိုက်ပါဦး... အခုချက်ချင်း မဝယ်နိုင်သေးရင်တောင် ငှားဖို့ပဲ ဖြစ်ဖြစ် သွားကြည့်ထားပေါ့..." မိုဖန်က ဆိုလိုက်၏။
ဤနှစ်အတွင်း မိုဖန် သားရဲအတော်များများ အမဲလိုက်ခဲ့သဖြင့် သူရရှိသော ကော်မရှင်ခမှာ ယွမ် ၁ သိန်း ၂ သောင်း၊ ၃ သောင်းခန့် ရှိပေသည်။
ဤပိုက်ဆံမှာ မှော်အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် မှော်ရတနာများ ဝယ်ရန် မလုံလောက်သော်လည်း၊ သူ၏ ဖခင်ကို အချိန်အတိုင်းအတာတစ်ခုအထိ အနားယူစေရန်နှင့် မိသားစု၏ ငွေကြေးဖိအားကို လျှော့ချပေးရန်အတွက်မူ လုံလောက်လှပေသည်။
အမှန်တရားမှာမူ ကြယ်မှုန်မှော်ရတနာမှာ အလွန်ပင် ဈေးကြီးလွန်းလှကြောင်း မိုဖန်က သူ၏ ဖခင်ကို မည်သို့ ပြောပြရမည်မှန်း မသိခြင်းပင် ဖြစ်၏။ ၎င်းမှာ နှစ်အနည်းငယ် ကြိုးစားရုံဖြင့် ဝယ်နိုင်သောအရာ မဟုတ်ပေ။ ဘဝပေါင်းများစွာ ကြိုးစားအားထုတ်လျှင်ပင် ဝယ်ယူနိုင်ရန် မလွယ်ကူလှသော ရတနာမျိုး ဖြစ်ပေသည်။
အခန်း (၇၄) ပြီး
***