"မလိုပါဘူးသားရာ သားက မကြာခင် တက္ကသိုလ်တက်တော့မှာပဲ၊ ဘယ်သူက အဲဒီအိမ်မှာ နေမှာလဲ... ရှင်းရှားကို ဒေါ်လေးဆီမှာ ထားတာကမှ ပိုကောင်းဦးမယ်၊ ယောကျ်ားလေးတွေချည်းပဲဆိုတော့ သူကို ဂရုစိုက်ရတာ ခက်တယ်လေ... ဒါကြောင့် သားက ဒေါ်လေးဆီကို လစဉ် ပိုက်ဆံပို့ပေးနေတာပဲ... ဒါနဲ့ စကားမစပ်၊ သား အဖေ့ကိုပေးထားတဲ့ ကတ်ထဲမှာ တစ်သိန်းကျော်ရှိတယ်၊ အဖေ ဟိုဟိုဒီဒီ သွားလာရင်း စုထားတဲ့ ရှစ်သောင်းနဲ့ဆိုရင် စုစုပေါင်း နှစ်သိန်းနီးပါး ရှိနေပြီ... အဲဒီလောက်ဆိုရင် မှော်အသုံးအဆောင်ပစ္စည်း တစ်ခုလောက် ဝယ်လို့ရပြီ မဟုတ်လား... အဲဒါက မှော်ဆရာတွေအတွက် အရမ်းအရေးကြီးတယ်လို့ ကြားတယ်..." မိုကျားရှင်းက ဆက်ပြောနေ၏။
"သားမှာ မှော်အသုံးအဆောင်ပစ္စည်း ရှိပြီးသားပါ အဖေ..."
"အော်... အေးအေး...အဖေ မေ့သွားတယ်၊ မင်း ကျန့်ခုံး ဆီကနေ မှော်ပစ္စည်းတစ်ခု ရထားတာပဲ... အမှန်အတိုင်းပြောရရင် မင်းက အဖေ့ကို တကယ် မျက်နှာပွင့်အောင် လုပ်ပေးတာပဲ... ခံတပ်ထဲက မုဆိုးဟောင်းတွေ အဲဒီအကြောင်း ပြောနေကြတာ အဖေ ဘယ်နှစ်ခါ ကြားနေရမှန်းတောင် မသိတော့ဘူး"
ထိုအကြောင်းကို ပြောလိုက်သောအခါ မိုကျားရှင်း၏ မျက်နှာမှာ ဝင်းပသွားပြီး ၎င်းမှာ တစ်နှစ်ပင် ရှိသွားပြီဖြစ်ကြောင်း သူ အခုမှ သတိပြုမိတော့သည်။
"မနက်ဖြန်ကျရင် သား မူအိမ်တော်ကိုသွားပြီး ယုအန်းဆိုတဲ့သူနဲ့ မှော်တိုက်ပွဲ ပြိုင်ရလိမ့်မယ်..."
မိုဖန်က သူ၏ဖခင်ကို ရိုးသားစွာ ပြောပြလိုက်၏။
"သိတာပေါ့၊ သိတာပေါ့... အဖေ မူမိသားစုထဲက လူကြီးတချို့ကို ယုအန်းက မင်းအပေါ် နည်းနည်း လျှော့ပေးဖို့ အကူအညီ တောင်းထားပြီးသားပါ... ဘာပဲဖြစ်ဖြစ် မင်းက သူ့ရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားအတွက် ကံကောင်းခြင်းတွေ ယူဆောင်ပေးဖို့ သွားရတာပဲလေ... ပိုမြို့က ဩဇာရှိတဲ့သူတွေ အများကြီးရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြခွင့်ရတာကလည်း မင်းအတွက် အလွန်ရှားပါးတဲ့ အခွင့်အရေးပဲ... ဒါနဲ့ နေပါဦး၊ မင်း အဲဒီတုန်းက ဘယ်လိုဖြစ်ပြီး ဒီလောက် ထူးခြားတဲ့ နည်းလမ်းကို တွေးမိသွားတာလဲ.. ဘာပဲဖြစ်ဖြစ် သခင်ကြီးမူကို ထပ်ပြီး စိတ်မဆိုးအောင် နေဦးနော်၊ သူက မင်းနဲ့ မူနင်းရွှဲတို့ကြားက ကိစ္စကို အခုထိ မကျေနပ်သေးဘူး... မင်းကလည်း ငယ်ငယ်လေးနဲ့ မိသားစုတစ်ခုရဲ့ အဖိုးတန်ရတနာလေးကို ခိုးပြေးဖို့အထိ လုပ်ခဲ့တာကိုး..." မိုကျားရှင်းက ဆို၏။
မိုကျားရှင်းသည် အတိတ်က ဖြစ်ပျက်ခဲ့သည်များအတွက် မိုဖန်ကို အပြစ်မတင်ခဲ့ပေ။ ထိုစဉ်က မိုဖန်မှာ ငယ်လွန်းသဖြင့် မိုက်မဲသော အလုပ်အချို့ လုပ်မိသည်မှာ သဘာဝပင် ဖြစ်၏။ ထို့ပြင် အကြီးမားဆုံး ပြဿနာမှာ သူ၏သားကြောင့်မဟုတ်ဘဲ တစ်ဖက်မိသားစုက အင်အားကြီးလွန်းနေခြင်းကြောင့်သာ ဖြစ်ပေသည်။
“ဟူး... မူနင်းရွှဲသာ သာမန်မိသားစုက သမီးဖြစ်ခဲ့ရင်... ငါ့မှာ ချွေးမတစ်ယောက် ရနေလောက်ပြီ... ဒီကောင်လေးက တခြားဘာမှ မဟုတ်ပေမဲ့ ငယ်ငယ်လေးနဲ့ မိန်းကလေးတွေကို သိမ်းသွင်းနိုင်တဲ့နေရာမှာတော့ ထူးချွန်သားပဲ...”
ဤမှော်တိုက်ပွဲကို မိုကျားရှင်းက အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုအဖြစ် မြင်နေခြင်း ဖြစ်၏။ မိုဖန်ထက် ပို၍ တော်သော အခြားတပည့်များစွာမှာလည်း ထိုကဲ့သို့ ခမ်းနားလှသော အရွယ်ရောက်ခြင်း အခမ်းအနားတွင် ပါဝင်ခွင့်ရရန် အလွန်ပင် တက်ကြွနေကြပေသည်။ ယုအန်းကို ပံ့ပိုးပေးရုံမျှသာ ဆိုသော်လည်း ၎င်းမှာ ကြီးကျယ်လှသော ဂုဏ်သရေတစ်ခု ဖြစ်ပေသည်။ မိုဖန်လို လူတစ်ယောက်အတွက် ဤကဲ့သို့သော အခွင့်အရေးမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။
"အဖေ... သား အနိုင်ရမှာပါ..." မိုဖန်က အလေးအနက် ပြောလိုက်သည်။
"စိတ်ကူးယဉ် မနေပါနဲ့ သားရယ်၊ အခု မင်းရထားတဲ့ အမှတ်တွေနဲ့တင် အဖေက ကျေနပ်နေပါပြီ..." မိုကျားရှင်းက မိုဖန်၏ ပခုံးကို ပုတ်ကာ ရယ်မောရင်း ဆိုလိုက်၏။ မိုကျားရှင်း၏ အမူအရာကို ကြည့်ပြီး မိုဖန်၏ ရင်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
မူမိသားစု၏ ဖိတ်စာများကို လွန်ခဲ့သော နေ့ကတည်းက ပေးပို့ထားခဲ့ခြင်း ဖြစ်၏။ တစ်ခုတည်းသော မူအိမ်တော်ကြီးမှာ ဂုဏ်သရေရှိ မိတ်ဆွေများနှင့် အထက်တန်းလွှာ လူအုပ်ကြီးများဖြင့် ပြည့်လျှံနေတော့သည်။ မူအိမ်တော်၏ ဝန်ထမ်းများမှာလည်း အလွန်ပင် အလုပ်ရှုပ်နေကြပြီး ပန်းခြံထဲရှိ ပေါင်းပင်တစ်ပင်ကိုပင် ပြဿနာအကြီးအကျယ်လုပ်ကာ ရှင်းလင်းနေကြ၏။
မူကျားယွမ်သည် ဤတစ်ကြိမ် အရွယ်ရောက်ခြင်း အခမ်းအနားအတွက် အစွမ်းကုန် ပြင်ဆင်ထားပြီး ပိုမြို့ရှိ လူတိုင်း သိစေရန် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
မူကျားယွမ်က သူ့ကို ဘာကြောင့် ယုအန်းနှင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ရသနည်း မိုဖန် ယခင်က တွေးတောခဲ့ဖူး၏။ ယခုမှာ ထိုမြေခွေးအိုကြီးသည် ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပုံရသည်။ ၎င်းမှာ ကြီးကျယ်လှသော စားပွဲသောက်ပွဲကြီးအတွက် ကံကောင်းခြင်း လက်ဆောင်လေးတစ်ခု ထပ်ဖြည့်လိုက်ခြင်းသာ ဖြစ်၏။
စားသောက်နေရုံသက်သက်ဆိုလျှင် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ မျိုးဆက်သစ် လူငယ်များ၏ တိုက်ပွဲကို ကြည့်ရခြင်းက ပို၍ ကောင်းပေလိမ့်မည်။ သူသည် လူအများ၏ အကြည့်အောက်တွင် မိုဖန်ကဲ့သို့သော မြောင်းထဲက ကြွက်တစ်ကောင်ကို နှိမ်နင်းပြနိုင်ရုံတင်မကဘဲ၊ သူ၏ မူမိသားစုအတွက်လည်း မျက်နှာပွင့်စေမည် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ထိုအဘိုးကြီး မူကျားယွမ်က ဤမျှအထိ လူသိရှင်ကြား ကြေညာလိမ့်မည် မိုဖန် မထင်ခဲ့မိပေ။ ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့ ပြောခဲ့သလိုပင် ဖြစ်နိုင်သည်။ ၎င်းမှာ မျိုးရိုးကြီး မိသားစု၏ တပည့်များနှင့် ကျောင်းသားများကြားက ပြိုင်ပွဲတစ်ခုပင် ဖြစ်၏။ “ကောင်းပြီလေ... ရန်ငြိုးအဟောင်းရော အသစ်ရော အကုန်လုံးကို တစ်ခါတည်း ရှင်းပစ်ကြတာပေါ့”
မိုဖန်သည် သူ၏ အိမ်ဟောင်းရှေ့တွင် ရပ်နေရင်း၊ မီးအိမ်များနှင့် ရောင်စုံအလံများဖြင့် ခမ်းနားစွာ အလှဆင်ထားသော မူအိမ်တော်ကို မော့ကြည့်ကာ အေးစက်စွာ ပြုံးလိုက်တော့သည်။
အိမ်တော်၏ အပေါ်ထပ်တွင် မူကျားယွမ်မှာ ရုတ်တရက် နှာချေလိုက်၏။ သူသည် လက်ရှိတွင် လက်ဖက်ရည်သောက်ခန်းထဲ၌ ထိုင်ကာ သူ၏ နှုတ်ခမ်းမွှေးကို ပွတ်သပ်နေပြီး၊ နွေရာသီ အားလပ်ရက်တွင် ပြန်ရောက်နေသော မူနင်းရွှဲကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာထားဖြင့် ရှိနေ၏။
"ဒီအရွယ်ရောက်ခြင်း အခမ်းအနားက မူလက သမီးအတွက် ပြင်ဆင်ထားတာပါ... ဒါပေမဲ့ သမီးက ငါတို့ ထင်ထားတာထက် ပိုပြီး ထူးချွန်နေတယ်ဆိုတာ အဖေ မထင်ထားခဲ့ဘူး... ဒီ ပိုမြို့သေးသေးလေးက သမီး ယှဉ်ပြိုင်နေရမယ့် နေရာ မဟုတ်တော့ပါဘူး... ဒါကြောင့် ဒီအခမ်းအနားကို ယုအန်းကို ပေးလိုက်တာပေါ့၊ သူက ငါတို့ မိသားစုအပေါ် သစ္စာရှိတယ်... နောင်တစ်ချိန်မှာ သမီး တခြား ဒြပ်စင်မျိုးရိုးကြီး မိသားစုတွေနဲ့ ယှဉ်ပြိုင်တဲ့အခါ သူက သမီးရဲ့ လက်ရုံး ဖြစ်လာနိုင်လိမ့်မယ်..." မူကျားယွမ်က ဆို၏။ သူ၏ သမီးအတွက် မူကျားယွမ်မှာ များစွာ အားထုတ်ခဲ့ရခြင်း ဖြစ်ပေသည်။
"ဘာလို့ သူ့ကို အခုချိန်ထိ ဒီလောက်အထိ ဖိနှိပ်ထားရတာလဲ... အကယ်၍ အဖေက ယုအန်းကို တော်ဝင်ငရဲစမ်းရေမှာ ကျင့်ကြံခွင့် ရစေချင်တာ ဆိုရင်တောင် တခြားတစ်ယောက်ကို ရွေးလို့ ရတာပဲ..." နောက်ဆုံးတွင် မူနင်းရွှဲ မနေနိုင်တော့ဘဲ ပြောလိုက်ရတော့သည်။ မူနင်းရွှဲ ရည်ညွှန်းနေသည့် "သူ" မှာ မိုဖန်ပင် ဖြစ်၏။
"အဲဒီ ကောင်စုတ်က လူအများကြီးရှေ့မှာ အဖေ့ကို စော်ကားခဲ့တာလေ၊ ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ... သူက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ် ထင်နေတာလား၊ တော်လှပြီ ထင်နေတာလား မသိဘူး... သူ့ကို ဒီလို ထူးထူးခြားခြား အခွင့်အရေးမျိုး ပေးတာက ဘာမှားလို့လဲ... အဖေ အားလုံး စီစဉ်ထားပြီးသား၊ အချိန်ကျရင် သမီးက ဘေးမှာ ထိုင်ပြီး ကြည့်နေရုံပဲ..." ထိုကိစ္စကို ပြောလိုက်သည်နှင့် မူကျားယွမ်၏ စိတ်အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“အခုထိ အဲဒီကောင်ကို ကာကွယ်နေတုန်းလား...”
မူကျားယွမ် နားမလည်နိုင်ပေ။ မျိုးရိုးကြီး မိသားစုတွေထဲမှာ ထူးချွန်တဲ့ တပည့်တွေ အများကြီး ရှိနေသော်လည်း မူနင်းရွှဲက သူတို့အား တစ်ခွန်းမဟခဲ့ချေ။ ယခုတွင် အမှားကို ဝန်မခံတတ်၊ ဘာစွမ်းရည်မှ မရှိတဲ့ ဆင်းရဲသား ကောင်လေးတစ်ယောက်ကိုမှ ဂရုစိုက်နေသည်။
"ဒါဆိုရင်လည်း ယုအန်းကို အရမ်းလွန်မသွားခင် ရပ်ခိုင်းလိုက်ပါ" ဖခင်ဖြစ်သူသည် ဤကိစ္စတွင် တစ်ဖဝါးမှ နောက်ဆုတ်မည်မဟုတ်ကြောင်း မူနင်းရွှဲ သိသဖြင့် သူ၏ နောက်ဆုံးနည်းလမ်းကိုသာ ပြောလိုက်ရတော့သည်။
"စိတ်မပူပါနဲ့၊ အဖေ့မှာ ကျင့်ဝတ်ရှိပါတယ်... ကောင်းကင်နဲ့ မြေကြီး ကွာခြားပုံကို မသိတဲ့ ဒီကောင်လေးကို အဖေနင်းခြေခဲ့တဲ့ သိက္ခာဆိုတာ ဘာမှမဟုတ်သေးဘူးဆိုတာ သိစေချင်ရုံတင်ပါ... မနက်ဖြန်ကျရင် လူအများကြီးရဲ့ အကြည့်အောက်မှာ အရှက်တကွဲ ရှုံးနိမ့်ရတာကမှ တကယ့် သိက္ခာကျတာဆိုတာ သူ သိသွားပါလိမ့်မယ်..." မူကျားယွမ်က ပြုံးလိုက်၏။
“ကောင်လေး... မင်းက ငါ မူကျားယွမ်နဲ့ ကစားချင်တာလား... ငါ ပိုတစ်မြို့လုံးကို တုန်လှုပ်စေခဲ့တုန်းက မင်းက မင်းအမေ ဗိုက်ထဲမှာပဲ ရှိသေးတယ်”
“ငါ မူကျားယွမ်မှာ မင်းကို ပိုမြို့ထဲမှာ မျက်နှာမဖော်နိုင်အောင် လုပ်မယ့် နည်းလမ်းတွေ အများကြီး ရှိတယ်ကွ ဟား...ဟား..ဟား....”
အခန်း (၇၅) ပြီး
***