လရောင်မှာ သာယာလှပနေပြီး တိတ်ဆိတ်ငြိမ်သက်နေသော ပိုမြို့အနှံ့တွင် လေပြေများ တိုက်ခတ်နေ၏။ ၎င်းမှာ တောင်ဘက်ပိုင်း မြို့ကလေးများတွင်သာ တွေ့ရတတ်သည့် နူးညံ့သိမ်မွေ့သော အလှတရားမျိုး ဖြစ်ပေသည်။ မြို့ပြင်ဘက်ရှိ တောင်တန်းကြီးများမှာလည်း အဆုံးမရှိ သွယ်တန်းနေကြ၏။
မနက်ဖြန်သည် သူ၏ဘဝအတွက် အလွန်ပင် အရေးကြီးသော နေ့တစ်နေ့ ဖြစ်ပေသည်။ ဆင်းရဲသား ကလေးများအတွက် အရွယ်ရောက်ခြင်း အခမ်းအနားဟူ၍ သီးသန့်မရှိပေ။ သို့သော် အခြားသူများ၏ အမြင်တွင်မူ သူသည် ချမ်းသာသော မိသားစုမှ တပည့်တစ်ဦးအတွက် ဇာတ်ပို့နေရာမှ ပါဝင်ပေးရခြင်းဖြင့် တော်တန်ရုံ အရွယ်ရောက်ခြင်း အခမ်းအနားတစ်ခုကို ရရှိထားသည် ထင်မြင်နေကြ၏။
လူတိုင်း၏ အမြင်တွင် သူသည် ကြမ်းပြင်ပေါ်၌ ဝပ်စင်းကာ ယုအန်း၏ တောက်ပသော သားရေဖိနပ်များအတွက် ခြေနင်းတုံးအဖြစ် ဟန်ဆောင်ပေးနေရခြင်း ဖြစ်ပြီး၊ ထိုမှသာ ယုအန်းသည် သူ၏ သက်တူရွယ်တူများကြားတွင် ပို၍ ထင်ပေါ်ကျော်ကြားလာမည် ဖြစ်ပေသည်။
မိုဖန်သည် သူ၏လက်ထဲမှ ဘီယာဘူးကို မြှောက်ကာ အေးစက်လှသော ဘီယာများကို လည်ချောင်းထဲသို့ မော့ချလိုက်တော့သည်။ သူ၏ရှေ့တွင် မြင့်မားလှသော မျှော်စင်ကြီးတစ်ခု ရှိနေ၏။ မီတာတစ်ရာ မြင့်သော ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးမှာ သူ့ရှေ့တွင် ထောင်မတ်စွာ ရှိနေခြင်း ဖြစ်သည်။ ၎င်းမှာ မြို့လယ်ခေါင်တွင် ခန့်ညားထည်ဝါစွာ စိုက်ထူထားသော၊ တောက်ပသည့် မီးရောင်စုံများဖြင့် ပြည့်နှက်နေသည့် ဓားတစ်စင်းနှင့်ပင် တူလှပေသည်။
မိုဖန်သည် လေတိုက်ခတ်နေသော ဝရံတာတွင် ထိုင်နေ၏။ အရင်တုန်းက သူသည် ဤနေရာတွင် ထိုင်ရသည်ကို အလွန်သဘောကျခဲ့သည်။ ဤနေရာမှနေ၍ ပိုမြို့၏ စည်ကားလှသော မြင်ကွင်းများဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ မူအိမ်တော်၊ ပိုမြစ် နှင့် တောင်ဘက်တောင်ကုန်းပေါ်ရှိ တန်လန် မှော်အထက်တန်းကျောင်းတို့ကို လှမ်းမြင်နိုင်သောကြောင့် ဖြစ်၏။
သူသည် အတိတ်ကို ပြန်လည် စဉ်းစားကာ သတိရနေမိသည်။ ထိုစဥ် သူ့နောက်ဘက်မှ နှေးကွေးပြီး စည်းချက်ကျလှသော ခြေသံအချို့ ထွက်ပေါ်လာ၏။ အေးစက်လှသော လေပြေတစ်ခု သူ၏နောက်ဘက်မှ တိုက်ခတ်လာရာ မိုဖန်အနေဖြင့် လှည့်ကြည့်စရာပင် မလိုဘဲ မည်သူဖြစ်ကြောင်း သိလိုက်ပေသည်။
"ငါ ရှင်းရှားကို မေးကြည့်တော့ နင် ဒီမှာ ရှိနေနိုင်မယ်လို့ သူမက ပြောတယ်..." မိန်းကလေး၏ ကြည်လင်လှသော အသံလေး ထွက်ပေါ်လာသည်။ အကယ်၍ ထိုအသံမှာ အေးစက်ပြီး ပြတ်သားမနေပါက နှင်းကျသောနေ့မှ ငွေခေါင်းလောင်းလေးတစ်ခု၏ အသံကဲ့သို့ပင် လှပနေပေလိမ့်မည်။
"ဒီလောက် ညဉ့်နက်မှ ငါ့ကို လာရှာတာလား... ဒီတစ်ခါတော့ ငါ နင့်ကို ခိုးမပြေးနိုင်ဘူးနော်..." မိုဖန်က မြေပဲထုပ်ထားသော စက္ကူခွံကို ဆွဲယူကာ သူ့ဘေးတွင် ချလိုက်ပြီး တစ်စုံတစ်ဦးကို ထိုင်ရန် နေရာပေးလိုက်သည့် သဘော ပြုလုပ်လိုက်သည်။
မူနင်းရွှဲမှာ ရပ်နေရင်း မိုဖန်၏ ရင်းနှီးနေသော အမူအရာများကို ကြည့်ကာ အတိတ်က ကိစ္စအချို့ကို ပြန်လည် သတိရသွားမိ၏။ သူငယ်စဉ်က မိုဖန်သည် သူ့ကို ထူးဆန်းသော နေရာများသို့ ခေါ်သွားကာ ကစားလေ့ရှိသည်။ မိုဖန်သည် မည်သည့်နေရာကို ရောက်ရောက် ကြမ်းပြင်ပေါ်တွင် ထိုင်နိုင်သော်လည်း၊ မုနင်းရွှဲမှာ သူ၏ လှပသော စကတ်လေးများ ပေကျံသွားမည်ကို စိုးရိမ်သဖြင့် ထိုင်ရန် ငြင်းဆန်လေ့ရှိ၏။ ထိုအခါ သူသည် သူ့ဘေးတွင် ထိုင်ရန် သန့်ရှင်းသော အရာတစ်ခုခုကို အမြဲ ရှာပေးတတ်သည်။ တစ်ခါတစ်ရံ သူ၏ ဂျာကင်အင်္ကျီမှာ ပေကျံသွားတတ်သော်လည်း သူကတော့ သူမအတွက် ခင်းပေးမြဲ ဖြစ်၏။
"မနက်ဖြန် မသွားပါနဲ့... ယုအန်းက နင့်အပေါ်မှာ အရမ်းရက်စက်လိမ့်မယ်... သူက ငါ့အဖေ ခိုင်းသမျှကို အကုန်လုပ်တဲ့သူ... ငါ့အဖေကို ထိခိုက်အောင်လုပ်တဲ့သူ၊ ဆဲဆိုတဲ့သူ ဘယ်သူ့ကိုမဆို သူက ရန်ငြိုးထားတတ်ပြီး နင် သေတဲ့အထိ သူက ရပ်မှာမဟုတ်ဘူး..." မူနင်းရွှဲက လျှောက်မလာဘဲ ထိုနေရာမှာ ရပ်ကာ မိုဖန်ကို ပြောလိုက်သည်။
"နင့်အဖေကတော့ ခွေးကောင်းတစ်ကောင်ကို မွေးထားတာပဲ... နင့်အဖေ ကိုက်ခိုင်းတဲ့သူမှန်သမျှကို သူက လိုက်ကိုက်မှာပဲ မဟုတ်လား..." မိုဖန်သည် ယုအန်းအပေါ်တွင် ကောင်းသောအမြင်မရှိပေ။
"သူက တကယ်ထူးဆန်းတယ်... ငါလည်း သူ့ကို မကြိုက်ဘူး..." မူနင်းရွှဲက သဘောတူလိုက်၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့... မနက်ဖြန်ကျရင် ငါ သူ့ကို ဆုံးမပေးလိုက်မယ်..." မိုဖန်က ပြုံးလျက် ဆိုလိုက်သည်။
"နင် ငါပြောတာကို နားမလည်ဘူးလား... မနက်ဖြန် မသွားပါနဲ့လို့ ပြောနေတာလေ..." မူနင်းရွှဲက မျက်မှောင်ကြုတ်လိုက်၏။
"မမလေး... နင် အလယ်အလတ်အဆင့်ကို ရောက်ပြီလား..."
"မနက်ဖြန် မသွားပါနဲ့... ဒီကိစ္စကို ရှောင်ရှားပြီးတာနဲ့ မှော်တက္ကသိုလ်ကို ချက်ချင်းသွားလိုက်ပါ... နင် တက္ကသိုလ်တက်နေတဲ့ အချိန်အတွင်းမှာ ငါက ငါ့မိသားစုရဲ့ အာဏာကို ဖြည်းဖြည်းချင်း ထိန်းချုပ်ထားမယ်... နင် ပိုမြို့ကို ပြန်လာတဲ့အခါ ဘယ်သူမှ နင့်ကို ဘာမှမလုပ်နိုင်စေရဘူး..."
"နင်က ငါ့ကိုစိုးရိမ်နေတာလား... ဒါပေမဲ့ ငါကတော့ သွားမှာပဲ..." မိုဖန်က လှည့်ကြည့်ကာ ပြောလိုက်သည်။
"နင်..." မူနင်းရွှဲမှာ အလွန်ပင် စိတ်ဆိုးသွားသဖြင့် သူ၏ နှလုံးခုန်သံတောင်မြန်လာတော့သည်။
သူ့ကို အလေးအနက် ကူညီချင်နေသော်လည်း သူကတော့ နောက်ပြောင်နေဆဲပင်။ မူနင်းရွှဲသည် မိုဖန်ကို ပြော၍မရတော့ကြောင်း သိလိုက်သဖြင့် လှည့်ထွက်သွားတော့သည်။
....
"အစ်ကိုဖန်... မင်းသမီးလေးက အစ်ကို့ကို လာရှာတယ်လို့ ကြားတယ်..." ကျန်းဟိုက စာပို့လာ၏။
"အေး..."
"ဘာဖြစ်လို့လဲ..."
"သူမက ငါ့ကို အခုထိ အထင်ကြီးနေတုန်းပဲလေ... ပြီးတော့ ယုအန်းဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ကောင် အကြောင်းကို ငါ့ကို သတိပေးချင်လို့တဲ့..."
"ကျေးဇူးပြုပြီး ပုံမှန်အတိုင်းပဲ ပြောပါ..."
"ကောင်းပြီလေ... သူက ငါ့ကို အသေမခံချင်ရင် ထွက်ပြေးဖို့ ပြောတာပါ... ဟား ဟား ဟား..."
"အစ်ကိုဖန်... ကျွန်တော်လည်း အစ်ကို့ကို ထွက်ပြေးဖို့ပဲ အကြံပေးချင်တယ်... ယုအန်းက ပုံမှန်မဟုတ်ဘူး၊ တစ်ကိုယ်လုံးက ထူးဆန်းနေတာ..."
နောက်ဆုံးတွင် ထိုနေ့ကို ရောက်ရှိလာခဲ့လေပြီ။ ဒေါ်လေး မိုချင်း၏ အိမ်တွင် တည်းခိုနေသော မိုဖန်သည် မနက်စောစောကတည်းက မလှမ်းမကမ်းရှိ မူအိမ်တော်ဆီမှ ပွဲတော်ကျင်းပနေသည့် အသံများကို ကြားနေရ၏။
ဇိမ်ခံကားများမှာ တစ်စီးပြီးတစ်စီး တောင်ပတ်လမ်းအတိုင်း မူအိမ်တော်ထဲသို့ ဝင်ရောက်နေကြသည်။ ဆိုင်ကယ်တစ်စီးဖြင့် သွားနေသော မိုဖန်မှာ ယုအန်း၏ ပြိုင်ဘက်ဆိုသည့် ဘွဲ့ထူးအတွက် မျက်နှာပျက်စရာ ဖြစ်နေမလားဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပါပေ။ သံတံခါးကြီးထဲသို့ ဝင်ခါနီးမှာပင် မိုဖန်သည် ရင်းနှီးနေသော ပုံရိပ်အချို့ကို တွေ့လိုက်ရ၏။
"လီဝန်ကျဲ... ဖေးရှီ... နောက်ဆုံးတော့ ရောက်လာကြပြီပဲ... မြန်မြန်ဝင်ခဲ့ကြ၊ ငါတို့ အိမ်တော်မှာ ပိုမြို့ရဲ့ အကောင်းဆုံး စားဖိုမှူးတွေ ရှိတယ်... မင်းတို့ စားရတာ အဆင်ပြေစေရမယ်လို့ ငါ အာမခံတယ်..." ချိုက်ထန်က တံခါးဝတွင် ရပ်ကာ သူ၏ အဖွဲ့ဝင်များကို ဆီးကြိုနေခြင်း ဖြစ်သည်။
"ဟားဟားဟား... မင်း ကျေးဇူးကြောင့် ငါတို့လို မြို့စောင့်အရာရှိ သေးသေးလေးတွေက ဒီလို မျိုးရိုးကြီး မိသားစုရဲ့ အိမ်ကို လာကြည့်ခွင့် ရတာပေါ့..." ဖေးရှီက သူ၏ အသံမြည်နေသော ဝမ်းဗိုက်ကို ပုတ်ကာ ဆိုလိုက်သည်။
"ဖန်မိုက အလုပ်တွေရှိလို့ မလာနိုင်တာ နှမြောဖို့ ကောင်းလိုက်တာ... မဟုတ်ရင် မင်းတို့ရဲ့ ခမ်းနားလှတဲ့ ဘဝကြီးကို သူ မြင်သွားရင် မင်းကို မရမက လိုက်နေတော့မှာ သေချာတယ်..." လီဝန်ကျဲက ဝင်ပြောလိုက်၏။
ချိုက်ထန်က လီဝန်ကျဲကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ အမှန်တကယ်တော့ ချိုက်ထန်မှာ အနည်းငယ် စိတ်ပျက်နေမိခြင်း ဖြစ်၏။ သူမသည် ဖန်မိုကို သူမ၏ အိမ်သို့ အမှန်တကယ်ပင် ဖိတ်ကြားချင်ခဲ့ခြင်း ဖြစ်ပေသည်။
“ဟင်... အဲဒါ ဖန်မိုလား...”
ချိုက်ထန်၏ အကြည့်မှာ ရုတ်တရက် ရင်းနှီးနေသော ပုံရိပ်တစ်ခုဆီသို့ ရောက်သွား၏။ အသေအချာ ကြည့်လိုက်ပြီးနောက်တွင်မူ သူသည် ချက်ချင်းပင် ရွံရှာမူန်းတီးသွားတော့သည်။
“အဲဒါက ဘယ်လိုလုပ် ဖန်မို ဖြစ်မှာလဲ... သိသိသာသာကို အဲဒီ လူယုတ်မာလေး မိုဖန်ပဲဟာ...ဒီကောင်က ဘယ်က သတ္တိတွေ ရလာသလဲ မသိဘူး... ယုအန်းနဲ့ တကယ်ပဲ မှော်တိုက်ပွဲ ဆင်နွှဲတော့မှာလား... ဘာဖြစ်ဖြစ် သူကတော့ သေမတတ် အရိုက်ခံရမှာ သေချာတယ်..”
"ဟွန့်... လာတယ်ပေါ့လေ..." ချိုက်ထန်က မိုဖန်ကို ခပ်စောင်းစောင်း ကြည့်ကာ မာနထောင်လွှားစွာ မေးလိုက်သည်။
"အေးလေ... မနက်စာ စားဖို့ တခြားနေရာမှ မရှိတာ..." မိုဖန်က ဂျစ်ကန်ကန်ပုံစံမျိုးဖြင့် ပြန်ဖြေလိုက်၏။
ချိုက်ထန် ဒေါသထွက်သွားရသည်။ ထိုလူယုတ်မာလေးက မူအိမ်တော်ကို ဘူဖေးစားသောက်ဆိုင်လို သဘောထားနေသည်။
"နင် အခု တောင်းပန်မယ်ဆိုရင် ယုအန်းကို နင့်အပေါ်မှာ နည်းနည်း လျှော့ပေးဖို့ ငါ ပြောပေးမယ်..." ချိုက်ထန်က နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
"နင်က ငါတို့ ငယ်ငယ်တုန်းက ကိစ္စတွေကို အခုထိ စိတ်ထဲ ထားနေတုန်းပဲလား... အဲဒါဆိုရင်လည်း အဲဒီအတွက် ငါကပဲ တာဝန်ယူပေးပါ့မယ်... ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး..." မိုဖန်က ဆို၏။
"သွားသေလိုက်စမ်း..."
မိုဖန်သည် ချိုက်ထန်ကို စနောက်ပြီးနောက် ရယ်မောကာ မူအိမ်တော်ထဲသို့ လမ်းလျှောက်ဝင်သွားတော့သည်။ ဘာလိုပင်ဖြစ်ဖြစ် သူသည် ယနေ့အတွက် အရေးပါသော ဇာတ်ဆောင်တစ်ဦး ဖြစ်သဖြင့် သူ့အတွက် နေရာတစ်ခု ရှိပေလိမ့်မည်။
"ဒီ မောက်မာတဲ့ ကောင်လေးက ဘယ်သူလဲ..."
"မျိုးရိုးကြီး မိသားစုက တပည့် တစ်ယောက်ယောက် ဖြစ်မှာပေါ့... ငါတို့ ညီမလေး ချိုက်ထန်ကိုတောင် ညစ်ညမ်းတဲ့ စကားတွေနဲ့ ပြောရဲတယ်ဆိုတော့..."
"ဘာ မျိုးရိုးကြီး မိသားစုလဲ... ကားဒရိုင်ဘာရဲ့ သားပါဟာ... သခင်ကြီးမူကို ဆဲခဲ့တဲ့သူ၊ ပြီးတော့ ဒီနေ့ ယုအန်းနဲ့ မှော်တိုက်ပွဲ ဆင်နွှဲမယ့်သူက သူပဲ..." ချိုက်ထန်က ရွံရှာစွာဖြင့် ပြန်ပြောလိုက်သည်။
"ဒီဘက်ခေတ် လူငယ်တွေက ဒီလောက်တောင် မောက်မာနေကြတာလား..."
"အားလုံးတော့ မဟုတ်ပါဘူး... ငါတို့အဖွဲ့ထဲက ဖန်မိုကို ကြည့်ပါလား၊ လျှပ်စီးဒြပ်စင်ကို ပိုင်ဆိုင်ထားပြီး တကယ့်ကို သန်မာတဲ့သူ... ငယ်ငယ်လေးရှိသေးပေမဲ့ မမောက်မာဘူး... ချိုက်ထန်... ငါ မင်းကို အကြံပေးမယ်၊ ဖန်မိုကို အမြန်ဆုံး ဖမ်းထားလိုက်... တခြားမိန်းကလေးတစ်ယောက်က သူ့ကို ခေါ်သွားရင်တော့..." ဖေးရှီက နောက်တစ်ကြိမ် ထပ်ပြောလိုက်ပြန်သည်။
"အပိုတွေ ပြောမနေနဲ့...ဟွန့်... ငါက သူ့ကို ဒီနေ့ ငါ့အိမ်ကို လာဖို့ ဖိတ်ထားတာကို သူက မလာဘူးလေ... သူ့ကို ဘယ်သူက နားလည်နိုင်မှာလဲ" ချိုက်ထန်၏ ပါးပြင်လေးများမှာ နီမြန်းသွားပြီး တိုးတိုးလေး အလျင်အမြန် ရှင်းပြလိုက်တော့သည်။
အခန်း (၇၆) ပြီး
***