မူအိမ်တော်အတွင်းသို့ ရောက်ရှိပြီးနောက် မိုဖန်သည် ဖေးရှီ၊ လီဝန်ကျဲနှင့် ချိုက်ထန်တို့ သူ၏အကြောင်းကို ဆွေးနွေးနေကြသည်ကို မတော်တဆ ကြားလိုက်ရလေသည်။ ဖန်မိုနှင့် မိုဖန်မှာ တစ်ဦးတည်းဖြစ်ကြောင်း သူတို့သာ သိသွားပါက မည်ကဲ့သို့သော မျက်နှာပေးမျိုး ရှိကြမည်နည်း သူ တွေးတောမိလိုက်၏။
“ထားလိုက်ပါတော့... ဒီနေ့ရဲ့ မှော်တိုက်ပွဲကိစ္စကိုပဲ အာရုံစိုက်ရအောင်...”
မူအိမ်တော်၏ ခမ်းနားလှသော စားသောက်ပွဲခန်းမထဲသို့ ဝင်လိုက်သောအခါ စားပွဲပေါ်တွင် အရသာရှိလှသော စားဖွယ်စုံကို အမှန်တကယ်ပင် ခင်းကျင်းထားလေသည်။ ဗိုက်ဆာနေသော မိုဖန်သည် စတင်စားသောက်ရန် ပြင်လိုက်စဉ်မှာပင် အိမ်ထောင်မပြုရသေးသော မိန်းကလေးပျိုများ ဝိုင်းဝန်းနေသည့် ခန့်ညားသော နှုတ်ခမ်းမွှေးနှင့် လူတစ်ဦးနှင့် မျက်နှာချင်းဆိုင် တိုးတော့သည်။
"ကောင်စုတ်လေး... မင်း တကယ်ပဲ ဒီပွဲကို လာရဲတယ်ပေါ့လေ…" နှုတ်ခမ်းမွှေးနှင့် လူကြီးက မိုဖန်ကို စိုက်ကြည့်လိုက်၏။
"အကြီးတန်း နည်းပြ... ခင်ဗျားလည်း ဒီကို အလကား လာစားသောက်တာလား..." အကြီးတန်းနည်းပြ ကျန့်ခုံးကို ဤနေရာတွင် တွေ့ရလိမ့်မည် မိုဖန် မထင်ထားခဲ့မိပေ။
"အဟမ်း... မင်း ဘာတွေ ပြောနေတာလဲ" နှုတ်ခမ်းမွှေးနှင့် ကျန့်ခုံးသည် မိန်းကလေးများကြားမှ ရုန်းထွက်လာခဲ့သည်။ သူသည် မိုဖန်ကို ဘေးသို့ ဆွဲထုတ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဘယ်လိုလဲ... မင်း ကျောင်းဆင်းရင် ငါ့စစ်တပ်ထဲကို ဝင်ဖို့ စိတ်မဝင်စားဘူးလား... မင်းသာ မှော်တက္ကသိုလ် ကောင်းကောင်းတစ်ခုကို တက်နိုင်မယ်ဆိုရင် မင်းရဲ့ တက္ကသိုလ်စရိတ် အကုန်လုံးကို ငါတို့ စစ်တပ်က ထောက်ပံ့ပေးမယ်... မင်း သခင်ကြီးမူကို ပြဿနာရှာထားတာ ငါသိတယ်... အစိုးရက မင်းကို ကာကွယ်ပေးနိုင်တယ်၊ ပြီးတော့ မင်း မကျေနပ်ရင် ဒီမျိုးရိုးကြီး မိသားစုက ကောင်တွေကို နင်းခြေနိုင်ဖို့ ငါတို့ အာမခံတယ်... မင်း လုပ်သမျှ အရှုပ်ထုပ်တွေကို ငါတို့ ရှင်းပေးမယ်ကွာ"
ကျန့်ခုံးအနေဖြင့် မိုဖန်ကို စစ်တပ်ထဲသို့ ဆွဲသွင်းရန် ကြိုးစားသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပေ။
"မဝင်ပါဘူး... နေ့တိုင်း နယ်စပ်ကို စောင့်နေရတာ ပျင်းစရာကြီး... ကျွန်တော်က မြို့ကြီးပြကြီးတွေဆီ သွားလည်ချင်သေးတာ..." မိုဖန်က ငြင်းဆိုလိုက်၏။
"မြို့ကြီးတွေက ဘာကောင်းလို့လဲ... ကွန်ကရစ်တွေ၊ ကားမီးခိုးတွေနဲ့ နံစော်နေတာပဲ... ငှက်သံလေးတွေနဲ့ ပန်းရနံ့တွေ သင်းပျံ့နေတဲ့ ငါတို့ရဲ့ ခံတပ်ကြီးလောက် ဘယ်မှာ ကောင်းပါ့မလဲ... စားရတာ အဆင်မပြေရင်တောင် အပြင်ထွက်ပြီး မှော်သားရဲ တစ်ကောင်နှစ်ကောင်လောက် အမဲလိုက်ပြီး စားလို့ရတယ်... ဘယ်လောက် လွတ်လပ်သလဲ" ကျန့်ခုံးက ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် စစ်တပ်ထဲ မဝင်ဘူး..." မိုဖန်က ပြတ်ပြတ်သားသား ဆိုလိုက်၏။
"ကောင်းပြီလေ... မင်းကတော့ တကယ်ကို ခေါင်းမာတာပဲ... အကယ်၍ မင်းသာ ဒီနေ့ ခေါင်းညိတ်လိုက်မယ်ဆိုရင် ဒီအကြီးတန်းနည်းပြက နောင်ကျရင် မင်းရဲ့ အခက်အခဲမှန်သမျှကို ကူညီဖြေရှင်းပေးမှာ... အခုတော့ မင်းကို ယုအန်းက သေမတတ် ရိုက်နှက်ရင်တောင် ငါ ဂရုမစိုက်တော့ဘူး..." ကျန့်ခုံးက စိတ်ဆိုးမာန်ဆိုး ပြောလိုက်တော့သည်။
ကျန့်ခုံး၏ ဂုဏ်သတင်းနှင့်ဆိုလျှင် လူငယ်မှော်ဆရာများစွာမှာ သူ့ဆီသို့ ဝင်ရောက်နိုင်ရန် တောင်းပန်တိုးဝှေ့နေကြမည် ဖြစ်သော်လည်း၊ ဤကောင်လေးမှာတော့ သူ့ကို အဖတ်ပင် မလုပ်ပေ။ မိုဖန် လှည့်ထွက်သွားရန် ပြင်စဉ်မှာပင် ကျန့်ခုံးက မိုဖန်၏ ပခုံးကို ဖိထားလိုက်၏။
"အကြီးတန်းနည်းပြ... ဒါက ဘာသဘောလဲ... ကျွန်တော့်ကို အတင်းအကျပ် ဝင်ခိုင်းမလို့လား..." မိုဖန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ထိုအချိန်တွင် ကျန့်ခုံးသည် ယခင်မူလပုံစံမှ ပျောက်ကွယ်သွားပြီး အလေးအနက်ထားသော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်၏။
"ငါ့အဖွဲ့ထဲ မဝင်ရင်လည်း ရပါတယ်... ဒါပေမဲ့ ငါ့ကို အကူအညီတစ်ခုလောက်တော့ ပေးစမ်းပါ..."
"ဘာကိစ္စလဲ..." မိုဖန် အံ့သြသွားသည်။
"မင်း အဲဒီ ယုအန်းနဲ့ တိုက်တဲ့အခါ... သတိထားပါ"
"ဘာကို သတိထားရမှာလဲ..."
"သတိထားဖို့ပဲ ပြောတာ..."
"ကျွန်တော် နားမလည်ဘူး..." မိုဖန် ထပ်မေးရန် ပြင်စဉ်မှာပင် အရေးပါပုံရသော လူကြီးအချို့ လျှောက်လာကြသဖြင့် စကားစပြတ်သွားရသည်။
ထိုသူများမှာ ကျန့်ခုံးနှင့် ရင်းနှီးပုံရပြီး ကျန့်ခုံးကလည်း သူတို့ကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။ မိုဖန်မှာမူ ကျန့်ခုံး သူ့ကို ဘာလုပ်စေချင်မှန်း မသိသဖြင့် ဇဝေဇဝါ ဖြစ်ကျန်ရစ်ခဲ့တော့သည်။
သိပ်မကြာမီမှာပင် ကျောင်းအုပ်ကြီးကျူး၊ တျန်းခိုင်၊ ရန်ကျောက်ဟယ် နှင့် ပိုမြို့၏ အရေးပါသော ပုဂ္ဂိုလ်များ စတင်ရောက်ရှိလာကြသည်။ မူကျားယွမ် ကိုယ်တိုင်လည်း ယုအန်းကို ခေါ်ဆောင်ကာ ထိုသူများကို လိုက်လံနှုတ်ဆက်နေ၏။
ကျောင်းအုပ်ကြီးကျူးသည် မှော်ကျောင်းတော်များကို ကိုယ်စားပြုသူ ဖြစ်ပြီး ပိုမြို့ရှိ မှော်ကျောင်းအားလုံး၏ အမြင့်ဆုံးတောင်ဦးသဖွယ် ဖြစ်ပေသည်။ တျန်းခိုင်မှာ မုဆိုးအစည်းအရုံး၏ အကြီးအကဲ ဖြစ်ရာ သူ၏ အဆင့်အတန်းမှာ အလိုအလျောက် မြင့်မားနေ၏။ ရန်ကျောက်ဟယ်မှာ မှော်အစည်းအရုံးကို ကိုယ်စားပြုပြီး သူ၏ အရှိန်အဝါမှာ ရှေ့က နှစ်ဦးနှင့် မတိမ်းမယိမ်းပင် ဖြစ်သည်။ စစ်တပ်ဘက်မှ ကိုယ်စားပြုသူမှာ ကျန့်ခုံး ဖြစ်ပြီး၊ သူသည် ဤလူအုပ်ထဲတွင် အားအကောင်းဆုံး မှော်ဆရာဖြစ်ကာ ပိုမြို့၏စစ်နတ်ဘုရား ဖြစ်ပေသည်။
မူကျားယွမ်မှာမူ မိတ်ဆက်ပေးစရာပင် မလိုတော့ပေ၊ သူသည် ဤဒြပ်စင်မျိုးရိုးကြီး မိသားစု၏ ခေါင်းဆောင် ဖြစ်သည်။
မိုဖန်သည် ပိုမြို့၏ အရေးပါသော ပုဂ္ဂိုလ်အားလုံးနှင့် ဆုံဖူးနေသည်ကို သတိထားမိလိုက်ရာ... “ဒါဆိုရင် ငါကလည်း အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီလား...” တွေးမိလိုက်၏။
အမှန်စင်စစ် မိုဖန်သည် ထိုလူကြီးများနှင့် သူ့ကြားတွင် အလှမ်းကွာဝေးနေသေးကြောင်း သိရှိပေသည်။ သူသည် သာမန်ထက် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်နေသောကြောင့်သာ ထိပ်ပိုင်းပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ခံရခြင်း ဖြစ်၏။ သူသည် လူ့ပတ်ဝန်းကျင်သို့ ရောက်သွားပြီး အချိန်တစ်ခု ကြာသွားပါက သူတို့သည် သူ့ကို အမြန်ပင် မေ့သွားကြမည်ကို သူ နားလည်ထားပေသည်။
စစ်တပ်မှ နည်းပြသုံးဦး ဖြစ်သော လော့ယွင်ပေါ်၊ ဖန်လီကျွင်း နှင့် ပိုင်ရန် တို့လည်း တက်ရောက်လာကြသည်။ ခံတပ်မှ မုဆိုးဟောင်းများ၏ အဆိုအရ ဤနည်းပြသုံးဦး၏ စွမ်းအားမှာ မုဆိုးအဖွဲ့ခေါင်းဆောင် ရှုတာဟွမ် ထက်ပင် ပို၍ သန်မာကြပြီး အားလုံးမှာ အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်ရန် နီးစပ်နေသူများ ဖြစ်ကြ၏။
အမှန်တရားမှာ ပိုမြို့ကဲ့သို့သော မြို့ကလေးတွင် အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်သွားပါက အလွန်ပင် ခန့်ညားလှပေသည်။ မည်သည့် အင်အားစုမဆို ထိုကဲ့သို့သော သူများကို အခွင့်အရေးများ ပေးကာ ဆွဲဆောင်ရန် ကြိုးစားကြမည် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ မိုဖန်သာ အလယ်အလတ်အဆင့်သို့ ရောက်သွားပါက မူကျားယွမ်ပင်လျှင် သူ့ကို ပြဿနာရှာရဲတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပိုမြို့ရှိ အလယ်အလတ်အဆင့် မှော်ဆရာ အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်သောကြောင့် ဖြစ်၏။
"မူကျားယွမ်က ဒီတစ်ခါတော့ အစွမ်းကုန် လုပ်ထားတာပဲ၊ လူတွေ အများကြီး ဖိတ်ထားတာ... ဂုဏ်သရေရှိမှန်သမျှ အကုန်ဖိတ်ထားပြီး သူတို့တွေကလည်း မူကျားယွမ်ကို မျက်နှာပေးတဲ့အနေနဲ့ လာကြတာပဲ..." စားသောက်ပွဲအတွင်းတွင် လူအချို့က တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
"ဒါကတော့ ထုံးစံပါပဲ... မူမိသားစုက မူနင်းရွှဲလို ပါရမီရှင်တစ်ယောက် ထွက်လာပြီးကတည်းက သူတို့ရဲ့ အနာဂတ်က အခုထက် အများကြီး ပိုမြင့်သွားမှာလေ... မူကျားယွမ်က မကြာခင်မှာ ကောင်းကင်ကို လက်ဝါးနဲ့ အုပ်နိုင်မယ့်သူ ဖြစ်လာမှာကို ဘယ်သူက မသိဘဲ နေမလဲ... ဒီနေ့ သူက ပိုမြို့ရဲ့ အာဏာရှင်လေးကို မိတ်ဆက်ပေးမှာလေ... ဒါကြောင့် ပိုမြို့မှာ နောင်ကျရင် နေရာတစ်ခု ရချင်တယ်ဆိုရင် ဒီပွဲကို မလာဘဲ ဘယ်နေမလဲ... ဖိတ်ထားပါလျက်နဲ့ မလာရင်တော့ နာမည်ပျက်စာရင်း သွင်းခံရမှာပဲ..." မှော်အစည်းအရုံးမှ ဖြစ်ပုံရသော လူတစ်ဦးက တိုးတိုးလေး ဆိုလိုက်သည်။
"အဲဒါက နည်းနည်းတော့ မလွန်ဘူးလား..." အခြားတစ်ဦးက မေး၏။
"တကယ်ပါ၊ အတည်ပြောတာ... ငါတို့ကို ကြည့်ဦး၊ ဘယ်အရွယ်ရောက်မှ အလယ်အလတ်အဆင့် ဖြစ်တာလဲ... မူနင်းရွှဲကို ကြည့်ဦး၊ သူက အခုမှ ဘယ်လောက်ရှိသေးလဲ... အဲဒါကို ကြည့်ရုံနဲ့ မူမိသားစု အနာဂတ်မှာ ဘယ်လောက်အထိ အာဏာရှိလာမယ်ဆိုတာ သိနိုင်တာပေါ့"
"ဒါကြောင့် ကျန့်ခုံးလို သာမန်လူတွေထက် ကျော်လွန်နေတဲ့သူကလွဲရင် ကျန်တဲ့သူတွေကတော့ မူကျားယွမ်ကို လေးလေးစားစား ဆက်ဆံရမှာပဲ... ဟို မိုဖန်ဆိုတဲ့ မိုက်မဲတဲ့ ကောင်လေးက ဘာတွေ တွေးနေသလဲ မသိဘူး... ငါတို့တောင် မူကျားယွမ် ပြောသမျှကို ဟုတ်ကဲ့ လုပ်နေရတာကို သူက ပြန်ပြောရဲတယ်... သူကတော့ ပိုမြို့မှာ တကယ်ပဲ နေချင်ပုံမရဘူး"
"ဟူး... အဲဒါကတော့ ပြောရခက်ပါတယ်... မူနင်းရွှဲနဲ့ မူကျားယွမ်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ ကြားတယ်... အကယ်၍ မူနင်းရွှဲက တစ်ယောက်ယောက်ကို မထိနဲ့လို့ ပြောရင် မူကျားယွမ်လည်း သိပ်ပြီး လွန်လွန်ကျွံကျွံ မလုပ်ရဲဘူးလေ..."
"ဟုတ်တယ်... ပြီးတော့ အဲဒီ မိုဖန်ဆိုတဲ့ ကောင်လေးက တန်လန်ကျောင်းမှာ အမှတ်အကောင်းဆုံး ကျောင်းသားလို့ ကြားတယ်... လက်တွေ့လေ့ကျင့်ရေးမှာလည်း ကျန့်ခုံးရဲ့ ထောက်ခံမှုကို ရထားတာလေ... ကျောင်းအုပ်ကြီးကျူးနဲ့ တျန်းခိုင်တို့ကလည်း ဒီလို ကျောင်းသားမျိုးကို သေချာပေါက် ကာကွယ်မှာပဲ... သူတို့နှစ်ယောက်က မူကျားယွမ်ကို မဆန့်ကျင်ချင်ရင်တောင် ကျန့်ခုံးကတော့ ဂရုစိုက်မှာ မဟုတ်ဘူး... ကျန့်ခုံးက ဘယ်သူ့ကို ကြောက်ဖူးလို့လဲ... သူ့စစ်သည်ကို ထိတဲ့သူမှန်သမျှကို အိမ်အထိ လိုက်ဖျက်ဆီးမယ့်သူလေ"
ဖေးရှီသည် ထိုလူများ ဆွေးနွေးနေသည်ကို သတိထားမိလိုက်သဖြင့် ချက်ချင်းပင် သွားရောက် ပူးပေါင်းလိုက်တော့သည်။ သိပ်မကြာမီမှာပင် ဖေးရှီ ပြန်ရောက်လာ၏။ ရှောင်ကောက စပ်စုချင်သဖြင့် မေးလိုက်သည်။
"အစ်ကိုဖေးရှီ... လူတိုင်းက ယုအန်းနဲ့ မိုဖန်ဆိုတဲ့သူ အကြောင်းကို ဘာလို့ ဆွေးနွေးနေကြတာလဲ..."
"အော်... ငါလည်း အခုမှ သိတာ... မိုဖန်က မှော်ကျောင်းတော်ရဲ့ အင်အားကို ကိုယ်စားပြုတဲ့ သဘောရှိတယ်... သူက မှော်ကျောင်းသား တစ်ယောက်အနေနဲ့ မျိုးရိုးကြီး မိသားစုဝင် ယုအန်းနဲ့ ယှဉ်ပြိုင်ရမှာ... အနိုင်ရတဲ့သူက ပိုမြို့ရဲ့ အလွန်အမင်း အဖိုးတန်လှတဲ့ တော်ဝင်ငရဲစမ်းရေမှာ ကျင့်ကြံခွင့် ရမှာတဲ့..." ဖေးရှီက ရှင်းပြလိုက်သည်။
"ဒါဆို အဲလိုလား... မှော်ကျောင်းက ကျောင်းသားတစ်ယောက် တော်ဝင်ငရဲစမ်းရေထဲ ဝင်ခွင့်မရတာ နှစ်ပေါင်းများစွာ ရှိပြီလို့ ကြားဖူးတယ်..."
"ဒါက ပုံမှန်ပါပဲ... ကျောင်းမှာက ဂရုစိုက်ရမယ့် ကျောင်းသားတွေ အများကြီး ရှိတာလေ... တစ်ခါတစ်ရံမှ ထူးချွန်တဲ့ ပါရမီရှင် ထွက်လာတာကပဲ အမြတ်ထွက်တာပေါ့... မျိုးရိုးကြီး မိသားစုက တပည့်တွေကျတော့ အထူးရွေးချယ်ထားတဲ့ လူတော်တွေလေ... ကျောင်းလောက် လူမများပေမဲ့ သူတို့အားလုံးက လူတော်တွေချည်းပဲ... အဲဒီ မိုဖန်ဆိုတဲ့သူက ဒီနေ့ တခြားတစ်ယောက်အတွက် ခြေနင်းတုံး ဖြစ်သွားမယ်ဆိုရင်လည်း မထူးဆန်းပါဘူး..."
"အတော်လေး စိတ်မကောင်းစရာပဲနော်... လူပေါင်း တစ်ထောင်ငါးရာထဲကနေ ထိပ်ဆုံးက ထွက်လာတဲ့ ကျောင်းသားကတောင် မျိုးရိုးကြီး မိသားစုက လူကို မယှဉ်နိုင်ဘူးဆိုတာ..." ရှောင်ကောက သက်ပြင်းချလျက် ဆိုလိုက်သည်။ "မိသားစုကောင်းမှာ မွေးဖွားလာရတာကလည်း စွမ်းရည်တစ်ခုပဲပေါ့..."
အခန်း (၇၇) ပြီး
***