မိုဖန်သည် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ရှိ လူများထံမှ သတင်းအချက်အလက်အချို့ကို စုံစမ်းရရှိခဲ့သည်။
“ငါထင်တဲ့အတိုင်းပဲ... လူငယ်နှစ်ယောက်ရဲ့ တိုက်ပွဲကို ဘာလို့ ဒီလောက်အထိ ခမ်းနားအောင် လုပ်ထားလဲဆိုတော့ ဒါက ပိုမြို့ရဲ့ အင်အားစုတွေကြားက ပြိုင်ဆိုင်မှု ဖြစ်နေတာကိုး...”
ဤတိုက်ပွဲသည် သူ့အတွက် အမှန်တကယ်ပင် မဆိုးလှပေ။ တိုက်ပွဲတွင် ကောင်းကောင်းစွမ်းဆောင်နိုင်ပါက သူ့နာမည်ကို လူသိရှင်ကြား ကြေညာနိုင်မည် မဟုတ်ပါလား။
"ကျိုးမင်... ကျန်းဟို... ဟဲယု... ကျန်းယင်လု... ဝမ်ဆန်းဖန့်... ရှုကျောက်ထင်...ဟင် မင်းတို့လည်း ဒီကို ရောက်နေတာလား..." မိုဖန်သည် လူအုပ်ကြားတွင် သူ၏ အတန်းဖော်များကို ရုတ်တရက် တွေ့လိုက်ရသဖြင့် အံ့သြသွား၏။
"ကျောင်းကနေ ဖိတ်စာအနည်းငယ် ရထားလို့လေ၊ မူပိုင်က ငါတို့ကို ဒီထဲဝင်နိုင်အောင် ကူညီပေးတာ... ကျောင်းရဲ့ နံပါတ်တစ် ပါရမီရှင်နဲ့ မျိုးရိုးကြီး မိသားစုက တပည့် တိုက်ခိုက်တာကို ကြည့်ဖို့ဆိုတာ နေ့တိုင်းကြုံရတာမှ မဟုတ်တာ... ငါတို့ ဘယ်လိုလုပ် မလာဘဲ နေမလဲ..." ရှုကျောက်ထင်၏ အသံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။
လျှပ်စီးဒြပ်စင် အသုံးပြုသူဖြစ်သည့် ရှုကျောက်ထင်အတွက် ဤနေရာသည် မူလက သူ၏နေရာ ဖြစ်၏။ သို့သော် နောက်ဆုံးတွင် ထိုနေရာကို မိုဖန်က လုယူသွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် လက်တွေ့လေ့ကျင့်ရေးက ဖြစ်ရပ်များအပြီးတွင် ရှုကျောက်ထင်၏ မိုဖန်အပေါ် ထားရှိသော မူန်းတီးမှုမှာ ယခင်ကကဲ့သို့ မပြင်းထန်တော့ပေ။ အားလုံး၏ အသက်ကို မိုဖန်က ကယ်တင်ခဲ့သည် မဟုတ်ပါလား။ အမှန်တကယ်တော့ သူသည် မိုဖန်အနေဖြင့် ထိုတိုက်ပွဲတွင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ပြီး မှော်ကျောင်းတော်များအတွက် မျက်နှာပွင့်အောင် လုပ်ပေးနိုင်ရန် မျှော်လင့်နေမိခြင်း ဖြစ်သည်။
"အစ်ကိုဖန်... ဖိတ်စာစာရင်းထဲမှာ အန်ကယ်မိုကျားရှင်းရဲ့ နာမည်ကို ကျွန်တော် တွေ့လိုက်တယ်၊ အဲဒါ မူဟဲဆိုတဲ့ကောင် လုပ်တာနေမှာ..." ကျန်းဟိုက သတိပေးလိုက်၏။
"ဒါက ကောင်းတဲ့အရာပဲလေ..."
"မိုဖန်... အစွမ်းကုန် ကြိုးစားနော်..." ကျိုးမင်က အပြုံးလေးဖြင့် အားပေးလိုက်သည်။
မိုဖန်က ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သော နှစ်နှစ်က မိုဖန်အနေဖြင့် သူ၏တိုက်ပွဲသည် ယနေ့တွင် လူအများကြား၌ ဤမျှအထိ စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မည်ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ပေ။ လူအများ၏ အာရုံစိုက်မှုကို ခံရခြင်းက တစ်ဘဝတွင် တစ်ခါသာ ကြုံရမည့် အတွေ့အကြုံမျိုး မဟုတ်ပါလား။
"အားလုံးပဲ... ကျွန်တော့်သားအတွက် လာရောက် ဂုဏ်ပြုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... အချိန်တွေက မြန်လွန်းလှတယ်လေ၊ တစ်နေ့မှာ ကျွန်တော်တို့အားလုံး မှော်ပညာကို အသုံးမပြုနိုင်တော့တဲ့ အဆင့်ကို ရောက်လာကြမှာပဲ... ပိုမြို့ရဲ့ အနာဂတ်ဟာ ပိုပြီး ငယ်ရွယ်ပြီး ပိုပြီး ထူးချွန်တဲ့ လူငယ်တွေရဲ့ လက်ထဲကို မလွဲမသွေ ရောက်ရှိသွားမှာပါ... ခင်ဗျားတို့က ကျွန်တော် ဒီပွဲကို ကျွန်တော့်သားရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားအတွက်ပဲ ဖိတ်တယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်...တပည့်က ဆရာ့ထက် တော်ရမယ်ဆိုတာကို ကျွန်တော် အမြဲ ယုံကြည်တယ်... ကျွန်တော် မူကျားယွမ်အနေနဲ့ ပိုမြို့အတွက် ဒီလောက်ပဲ လုပ်ပေးနိုင်ပါတယ်... မှော်ဆရာတွေနဲ့ ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးခဲ့တဲ့ ပိုမြို့ရဲ့ လက်ရှိအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ပဲ ကျွန်တော် ကူညီနိုင်တာပါ... ဒါပေမဲ့ နောက်လာမယ့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်းမှာ ပိုမြို့ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ပိုပြီး စည်ကားဝပြောလာမှာပါ... ပိုပြီး ထွန်းကားတဲ့ မှော်မြို့တော်ကြီး ဖြစ်လာဖို့က သေချာပေါက် ဖြစ်နိုင်ပါတယ်... ဒီတော့ ပိုမြို့ရဲ့ အနာဂတ်အတွက် ဒီလို ခမ်းနားတဲ့ ပွဲကြီးတစ်ခုကို ခင်းကျင်းပြီး အားလုံး အတူတူ သက်သေတည်ပေးဖို့ မသင့်တော်ဘူးလားဗျာ..." မူကျားယွမ်သည် ပွဲစီစဉ်သူပီပီ ဝိုင်နီခွက်ကို မြှောက်ကာ တက်ရောက်လာသော ဧည့်သည်များကို မျက်နှာသာပေးလျက် မိန့်ခွန်းခြွေလိုက်သည်။
"ကောင်းပါပြီ... ပိုမြို့ရဲ့ အနာဂတ်အတွက် သောက်ကြတာပေါ့..." ရန်ကျောက်ဟယ်က ပထမဆုံး ထရပ်ကာ မူကျားယွမ်ကို နှုတ်ဆက်လိုက်၏။
"ဒီနေရာမှာ ရှိနေတဲ့သူတွေ အားလုံးက ပိုမြို့အကြောင်း ဆွေးနွေးဖို့ အရည်အချင်း ရှိတဲ့သူတွေချည်းပဲ... ပိုမြို့ရဲ့ အနာဂတ်ကို မျှော်လင့်နေတာ သခင်ကြီးမူ တစ်ယောက်တည်း မဟုတ်ပါဘူး... ဒီအတွက် ကျွန်တော် တစ်ခွက်တည်းနဲ့ အကုန်သောက်ပါ့မယ်"
ဧည့်သည်များအားလုံး ထရပ်ကာ တစ်ယောက်ကိုတစ်ယောက် ဂုဏ်ပြုရင်း ဝိုင်များကို သောက်လိုက်ကြတော့သည်။ ခန်းမထဲရှိ လူအုပ်ကြားတွင် မိုဖန်သည် ဆရာမထန်ယွဲ့ကို တွေ့လိုက်ရ၏။ သူမသည်လည်း မူကျားယွမ်၏ စကားများကို နားထောင်ပြီး မိုဖန်ကဲ့သို့ပင် ပျို့အန်ချင်စိတ် ဖြစ်နေပုံရပြီး၊ ဂုဏ်ပြုသောက်ကြစဉ်မှာပင် မျက်လုံးကို အပေါ်သို့ လှန်ပြလိုက်သေးသည်။
မူကျားယွမ်၏ မည်သည့်အချက်ကို ဆရာမထန်ယွဲ့က မကျေမနပ် ဖြစ်နေသည်ကိုမူ သူ မသိပါပေ။ မူအိမ်တော်၏ ခမ်းနားထည်ဝါလှသော စားသောက်ပွဲကြီး ပြီးဆုံးသွားပြီးနောက်တွင်မူ အားလုံး စောင့်မျှော်နေသည့် ယနေ့၏ အရေးအကြီးဆုံး အစီအစဉ်ဖြစ်သော မှော်တိုက်ပွဲ စတင်တော့မည် ဖြစ်သည်။
တက်ရောက်လာသူ အများစုမှာ မူကျားယွမ်၏ မိန့်ခွန်းများကို နားထောင်ရန် လာကြခြင်း မဟုတ်ပေ။ ယခုနှစ်အတွက် တော်ဝင်ငရဲစမ်းရေကို မည်သည့်မိသားစုက ရရှိသွားမည်နည်းဆိုသည်ကိုသာ သူတို့ သိချင်နေကြခြင်း ဖြစ်၏။
ပိုမြို့တွင် အခြေခံအဆင့် မှော်ဆရာများစွာ ရှိသော်လည်း၊ သူတို့မှာ မှော်ပညာ တစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ အသုံးပြုနေရသဖြင့် လက်ဖဝါးများပင် ထူနေကြလေပြီ။ သို့သော် အလယ်အလတ်အဆင့် သို့ တက်လှမ်းနိုင်သူမှာ အမှန်တကယ်တွင် မည်မျှရှိသနည်း။
ကြယ်အစုအဝေးမှာ ခန့်မှန်းရ ခက်လှပေသည်။ အချို့မှာ အစပိုင်းတွင် ပါရမီ ပြသနိုင်သော်လည်း နောက်ဆုံးတွင် ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ကြပေ။ ထို့ကြောင့် တစ်သက်လုံး အခြေခံအဆင့် မှော်ဆရာအဖြစ်သာ နေသွားရသူများကို နေရာတိုင်းတွင် တွေ့နိုင်၏။ ထို့ကြောင့် မှော်ဆရာတစ်ဦးကို အလယ်အလတ်အဆင့်သို့ ရောက်ရန် အခွင့်အလမ်းများစွာ မြှင့်တင်ပေးနိုင်သည့် ကောင်းကင်ဘုံ ရတနာဖြစ်သော တော်ဝင်ငရဲစမ်းရေသည် လူတိုင်း အိမ်မက်ထဲမှာပင် တောင့်တနေရသော မြင့်မြတ်သည့်အရာ ဖြစ်လာသည်။
ကံမကောင်းစွာဖြင့် ၎င်းကို လူငယ်မှော်ဆရာများအတွက်သာ ဖွင့်လှစ်ပေးခြင်း ဖြစ်၏။ ထို့ပြင် တစ်နှစ်လျှင် တစ်ဦးတည်းသာ ဝင်ခွင့်ရပြီး မျိုးရိုးကြီး မိသားစုဝင်များကို အနိုင်ယူနိုင်သူမှာ အလွန်ပင် ရှားပါးလှပေသည်။
မိုဖန်သည် ကျောင်းသားဘဝတုန်းက ပိုမြို့တွင် ဤကဲ့သို့သော ရတနာမျိုး ရှိသည်ကို မသိခဲ့ပေ။ ထိုစဉ်က သူ၏ ရိုင်းစိုင်းပြီး စိတ်လိုက်မာန်ပါ ပြုမူခဲ့မှုက သူ့ကို ပိုမြို့ရှိ လူအများအပြား တက်မက်နေကြသော ထိုကျင့်ကြံမှု အခွင့်အရေးနှင့် ဆုံစည်းပေးလိမ့်မည်လည်း မထင်ခဲ့ချေ။
၎င်းမှာ "မင်း အစွမ်းကုန် မကြိုးစားကြည့်ရင် မင်းမှာ ဘယ်လောက် အင်အားရှိတယ်ဆိုတာ သိမှာမဟုတ်ဘူး" ဆိုသည့် စကားနှင့် ကိုက်ညီနေသကဲ့သို့ပင်။ မှော်တိုက်ပွဲ စတင်မည့်အချိန် ရောက်လာပြီ ဖြစ်သည်။ မိုဖန်သည် မူကျားယွမ်၏ အစီအစဉ်များအတိုင်း မှော်တိုက်ပွဲ ဆင်နွှဲမည့် ကွင်းအတွင်းထဲတွင် စောင့်ဆိုင်းနေ၏။
ကွင်းအလယ်တွင် ဘဲဥပုံစံ ကွင်းပြင်ကျယ်ကြီး တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ကျောင်းရှိ လေ့ကျင့်ရေးကွင်းထက် အများကြီး ပိုမိုကြီးမားပြီး အားကစားကွင်းကြီး တစ်ခုနီးပါး ရှိပေသည်။
ဘေးတစ်ဖက်တစ်ချက်စီတွင်မူ ယနေ့ ဖိတ်ကြားထားသော ပိုမြို့မှ ဧည့်သည်တော်များအတွက် အဆင့်ဆင့် မြင့်တက်သွားသော ထိုင်ခုံနေရာများ ရှိနေသည်။
မိုဖန်သည် ကွင်းလယ်တွင် ရပ်နေ၏။ အမှန်တရားကို ဆိုရလျှင် သူ ထိုနေရာမှာ ရပ်နေသည်မှာ အတန်ကြာနေပြီ ဖြစ်သည်။ ယုအန်းမှာ နောက်ကျနေ၏။ မူကျားယွမ်သည် သူ့ကို စင်ပေါ်သို့ အလွန်ခမ်းနားစွာ တက်လာစေချင်သည်မှာ ထင်ရှားလှပေသည်။ထိုကဲ့သို့သော ခံစားချက်မှာ မကောင်းလှပေ။
၎င်းမှာ မိုဖန်ကို နွားသတ်ကွင်းထဲ ရောက်နေသကဲ့သို့ ခံစားရစေသည်။ သူသည် လူအများ ကြည့်ရှုနိုင်ရန်အတွက် ကွင်းထဲသို့ လွှတ်လိုက်သော နွားတစ်ကောင်နှင့် တူနေပြီး၊ ပရိသတ်များက ထိုနွားတွင် မည်မျှ အလေးချိန်ရှိသနည်း၊ ဦးချိုများက မည်မျှ ထက်သနည်း ဆိုသည်ကို ကြည့်နေကြခြင်း ဖြစ်၏။ ထို့နောက်တွင်မူ ဇာတ်ဆောင်ဖြစ်သော ခန့်ညားထည်ဝါလှသည့် နွားသတ်သမားက မကြာမီတွင် ခမ်းနားစွာ ဝင်ရောက်လာပေလိမ့်မည်။ မီးရောင်စုံများ လင်းလက်လာပြီး လက်ခုပ်သံများ တညံညံ ထွက်ပေါ်လာပေလိမ့်မည်။
"ငါ့သား... ဟုတ်တယ်၊ အဲဒါ ငါ့သားပဲ..." မိုကျားရှင်းမှာ အလွန်ပင် ပျော်ရွှင်နေပြီး ဘေးရှိ မူမိသားစုမှ ဝန်ထမ်းဟောင်းများကို ဂုဏ်ယူစွာ ပြောပြနေ၏။
"မဆိုးပါဘူး...မင်း ကံကောင်းသွားပြီလို့ ပြောရမှာပဲ..." ဥယျာဉ်စောင့် ဝန်ထမ်းတစ်ဦးက ဆိုသည်။
"ဟုတ်ပါ့မလား... အရိုက်မခံရရင် တော်လှပြီ၊ ဒီယုအန်းဆိုတဲ့ကောင်က သူ့ရဲ့ ညီအစ်ကို မောင်နှမတွေ အပေါ်မှာတောင် ပုံမှန်မဟုတ်ဘဲ အရမ်းရက်စက်တယ်လို့ ငါကြားဖူးတယ်..." သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ဝင်ပြောလိုက်၏။
"လူငယ်တွေ အချင်းချင်း စမ်းသပ်ကြတာပဲလေ... ဘယ်လောက်အထိ ရက်စက်မှာလဲ..." မိုကျားရှင်းက ရယ်မောလျက် ဆိုလိုက်သည်။
မိုကျားရှင်း၏ အမြင်တွင်မူ ၎င်းမှာ သာမန် မှော်တိုက်ပွဲတစ်ခုမျှသာ ဖြစ်၏။ မူကျားယွမ်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးတစ်ဦးမှာ ကလေးဆန်သော စိတ်ထားမျိုး ရှိလိမ့်မည် မဟုတ်လည်း သူ ထင်မှတ်ထားပေသည်။ အမှန်တရားမှာမူ လူအများအပြားက မူကျားယွမ်သည် ကောင်းကင်နှင့် မြေကြီး ကွာခြားပုံကို မသိသော ဤမိုဖန်ကို နင်းခြေချင်နေသည်ကို သိနေကြခြင်း ဖြစ်၏။
"လောင်းကြေးထပ်မယ်ဟေ့... ဒီမိုဖန်ဆိုတဲ့ ကောင်လေးက တစ်ချက်တည်းနဲ့ ရှုံးသွားမယ်လို့ ငါလောင်းတယ်"
"တောက်... ဘာပဲဖြစ်ဖြစ် သူက တန်လန်ကျောင်းရဲ့ နံပါတ်တစ် ကျောင်းသားပဲလေ... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ငါကတော့ လောင်းမှာပဲ... ယုအန်းရဲ့ စွမ်းရည်အကြောင်း ငါ အများကြီး ကြားဖူးပြီးပြီ..."
လူအများ ဆွေးနွေးနေကြစဉ်မှာပင် ထူးခြားလှသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ယုအန်းမှာ နောက်ဆုံးတွင် ထွက်ပေါ်လာတော့သည်။ သူ၏ အဝတ်အစားများမှာ သားရေနှင့် ပြုလုပ်ထားပုံရသော်လည်း တစ်ချိန်တည်းမှာပင် အရည်အသွေးမြင့် ပိုးသားနှင့်လည်း တူနေ၏။ ၎င်းမှာ မီးရောင်အောက်တွင် တဖိတ်ဖိတ် တောက်ပနေသည်။ သူ၏ တစ်ကိုယ်လုံးမှာ နန်းတော်ထဲသို့ လမ်းလျှောက်ဝင်လာသော မင်းသားလေးတစ်ပါးနှင့်ပင် တူလှပေသည်။
အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် အလွန်ပင် အားစိုက်ထားကြောင်း သိသာလှ၏။ ၎င်းမှာ ညှပ်ဖိနပ်စီးကာ ကွင်းထဲ ရောက်နေသော မိုဖန်နှင့် အလွန်ပင် သိသာလှသော ကွာခြားချက်ကို ဖြစ်ပေါ်စေတော့သည်။
ထိုအဆင့်မြင့် ဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် ယုအန်း၏ အရှိန်အဝါမှာ အဆင့်များစွာ မြင့်တက်သွားခဲ့လေပြီ။ သူ၏ မြင့်မားသော အရပ်အမောင်းနှင့် ယောကျာ်းဆန်သော အသွင်အပြင်များက မိန်းကလေးအချို့ကို ဆွဲဆောင်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
နှင်းကဲ့သို့ ဖြူစင်သော အဝတ်အစားပေါ်တွင် မိသားစု၏ ရေခဲမှော် ပုံရိပ်များ ပါဝင်နေ၏။ ယုအန်းသည် ခမ်းနားစွာ ကွင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သူသည် ယနေ့၏ ဇာတ်ဆောင်ဖြစ်ကြောင်း ဖော်ပြနေသည့် ယုံကြည်ချက်အပြည့်ရှိသော အပြုံးတစ်ခု ရှိနေတော့သည်။
အခန်း (၇၈) ပြီး
***