"တောက်... ဒီအဘိုးကြီး မူကျားယွမ်ကတော့ အစွမ်းကုန် လုပ်ထားတာပဲ၊ အဲဒီ ယုအန်းရဲ့ ကိုယ်ပေါ်မှာ မှော်အသုံးအဆောင်တွေနဲ့ မှော်ရတနာတွေ ဘယ်နှစ်ခုတောင် ပါနေသလဲဆိုတာ မင်းတို့ ရေတွက်လို့ရလား..."
တျန်းခိုင်သည် ၎င်းကို မြင်လိုက်ရသောအခါ သူ၏ ထိုင်ခုံပေါ်မှပင် ခုန်ထွက်မတတ် ဖြစ်သွားရသည်။ ကျောင်းအုပ်ကြီးကျူးမှာမူ ခေါင်းကိုသာ တရစပ် ခါယမ်းနေမိတော့၏။
ကျောင်းမှ ကျောင်းသားများစွာသည် မျိုးရိုးကြီး မိသားစုမှ တပည့်များကို မယှဉ်နိုင်ရခြင်းမှာ သူတို့၏ ကျင့်ကြံမှု အနည်းငယ် လိုအပ်နေခြင်းကြောင့်သာမက၊ သူတို့၏ အသုံးအဆောင်ပစ္စည်းများမှာလည်း မယှဉ်နိုင်သောကြောင့် ဖြစ်ပေသည်။
ဤအရွယ်ရောက်ခြင်း အခမ်းအနားအတွက် အဘိုးကြီး မူကျားယွမ်သည် ယုအန်းကို မည်မျှလောက်သော မှော်အသုံးအဆောင်များ ပေးထားသည်ကို မည်သူမျှ မသိနိုင်ပါပေ။
“မိုဖန်ကရော...”
ကျန့်ခုံးဆီမှ ရရှိထားသော အရိုးလွှဒိုင်းကာ မှလွဲလျှင် သူ့တွင် အခြားဘာမှ ရှိပုံမရပေ။
“ဒါကို ဘယ်လိုလုပ်ပြီး တိုက်မှာလဲ...”
ထိုမြင်ကွင်းကို ကြည့်ပြီး ကျောင်းအုပ်ကြီးကျူးနှင့် ကျောင်းဘက်မှ လူအများအပြားမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။
"တျန်းခိုင်... ဒီတိုက်ပွဲကို ခင်ဗျားကိုယ်တိုင် ခွင့်ပြုခဲ့တာဆိုတော့ ခင်ဗျားပဲ ဒိုင်လူကြီး လုပ်ပေးလိုက်ပါဦး..." မူကျားယွမ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ သူသည် ကြောင်က ကြွက်ကို ကစားနေသည့် ပြကွက်မျိုးကို ကြည့်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်၏။
တျန်းခိုင်မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ သူ၏ရင်ထဲတွင် မိုဖန်အတွက်သာ ဆုတောင်းပေးနေမိသည်။
"မင်းတို့ နှစ်ယောက်လုံးက မျိုးဆက်သစ် လူငယ်တွေထဲမှာ နာမည်ကျော်တွေပဲ၊ ဒီလို ယှဉ်ပြိုင်တာက မင်းတို့ရဲ့ ကျင့်ကြံမှုကို ပိုပြီး ကြိုးစားလာအောင် တွန်းအားပေးဖို့ပဲ... ကဲ... ကိုယ့်နေရာကိုယ် ယူကြ" တျန်းခိုင်သည် လူငယ်မှော်ဆရာ နှစ်ဦးကြားတွင် ရပ်ကာ လူတိုင်းကြားနိုင်သော အသံဖြင့် ဆိုလိုက်၏။
ထို့နောက် တျန်းခိုင်သည် ကွင်းထဲမှ လုံးဝ ထွက်မသွားဘဲ ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်လိုက်သည်။ အကယ်၍ တစ်ခုခု ဖြစ်လာပါက သူသည် ထိုနေရာမှနေ၍ အလျင်အမြန် တားဆီးနိုင်မည် ဖြစ်သောကြောင့် ဖြစ်၏။
"ကောင်းပြီ... လက်ဆွဲနှုတ်ဆက်ကြ၊ ငါ့ရဲ့ အချက်ပေးသံကို စောင့်ကြဦး..." တျန်းခိုင်က ဆိုသည်။
မိုဖန်နှင့် ယုအန်းတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကာ လက်များကို ဆန့်ထုတ်လိုက်ကြ၏။ ယုအန်း၏ လက်ဖဝါးပေါ်တွင် ရေခဲငွေ့အချို့ အုံ့ဆိုင်းသွားသည်။ မိုဖန် သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့် ခဏမှာပင် သူ၏ အရိုးတွင်းအထိ ထိုးဖောက်ဝင်ရောက်လာသော အေးစက်လှသည့် လေထုကို ခံစားလိုက်ရ၏။
မိုဖန်၏ တုံ့ပြန်မှုမှာ မြန်ဆန်လှပေသည်။ သူ၏လက်မောင်းမှာ တောက်လောင်နေသော အနီရောင်သို့ ပြောင်းလဲသွားပြီး၊ ထိုမီးလျှံများက သူ၏ အသား၊ သွေးကြောနှင့် အရိုးများကို ကာကွယ်ပေးလိုက်၏။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ကျန်ရှိသော လက်တစ်ဖက်ကို မြှောက်ကာ ယုအန်းကို လယ်ခလယ်ထောင်ပြလိုက်တော့သည်။
"မင်းက တကယ်ကို ဘာမှမသိတဲ့ ကြွက်စုတ်လေးပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ မင်းရဲ့ ဦးနှောက်ကို အကုန်ခဲပစ်လိုက်မယ်... အဲဒါမှ မင်း နည်းနည်း ခေါင်းကြည်သွားမှာ..." ယုအန်းသည် လက်ကို လွှတ်လိုက်ပြီးနောက် အေးစက်စွာ ရယ်မောလျက် သူ၏နေရာသို့ ပြန်သွား၏။
"အရူး..." မိုဖန်က ပြန်ပြောလိုက်သည်။
မိုဖန်သည် သူ၏ သတ်မှတ်ထားသော နေရာသို့ ပြန်ရောက်သောအခါ မသိစိတ်ဖြင့် မျက်လုံးကို ခဏတာ မှိတ်လိုက်မိသည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ဤအိမ်တော်ထဲသို့ ဝင်လာကတည်းက သူ့အပေါ် လှောင်ပြောင်သရော်သည့် အကြည့်များနှင့် သနားဂရုဏာသက်သည့် အကြည့်များ မည်မျှရှိနေသည်ကို သူ မမှတ်မိတော့ပေ။ လူအများအပြားက သူ့ကို အလွန်သတ္တိရှိသည်ပြောနေကြသော်လည်း သူတို့၏ နှုတ်ခမ်းထောင့်များရှိ အထင်အမြင်သေးသော အပြုံးများကမူ "မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ၊ မဖြစ်နိုင်တာကို ကြိုးစားနေတယ်" ဆိုနေကြသကဲ့သို့ပင်။
ထိုလူများသည် အခြားသူများ၏ ကံဆိုးမှုကို ကြည့်ကာ ဝမ်းသာတတ်ကြပြီး၊ အတင်းအဖျင်း ပြောရသည်ကို နှစ်သက်ကာ သူတို့၏ အသိပညာနှင့် သာလွန်မှုကို ပြသရသည်ကို ခုံမင်ကြ၏။ ယနေ့သည် မိုဖန်က ထိုသူအားလုံးကို ပါးစပ်ပိတ်အောင် လုပ်မည့်နေ့ပင် ဖြစ်သည်။
"တိုက်ပွဲ... စတင်တော့..." အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တျန်းခိုင်သည် မိုဖန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော မှော်တိုက်ပွဲ၏ အစကို ကြေညာလိုက်တော့သည်။
နောက်တစ်စက္ကန့်မှာပင် မိုဖန်၏ မျက်ဝန်းများမှ နီရဲသော မီးလျှံရောင်ခြည်များ ချက်ချင်း ထွက်ပေါ်လာ၏။ ထိုရောင်ခြည်ထဲတွင် မီးလျှံကြယ် ခုနစ်လုံးကို ရှင်းလင်းစွာ မြင်နိုင်ပြီး၊ ၎င်းတို့သည် အချင်းချင်း လျင်မြန်စွာ ဆက်သွယ်ကာ ကြယ်လမ်းကြောင်း တစ်ခုကို တည်ဆောက်လိုက်ကြသည်။ တောက်ပသော ကြယ်လမ်းကြောင်းမှတစ်ဆင့် မှော်ပညာ ထွက်ပေါ်လာသည်။
မိုဖန်၏ လက်ဖဝါးပေါ်တွင် မီးလုံးတစ်လုံး တောက်လောင်လာ၏။ ပူပြင်းလှသော မီးလျှံစွမ်းအင်များသည် ပတ်ဝန်းကျင်ရှိ လောင်ကျွမ်းနိုင်သောအရာ မှန်သမျှကို လောင်မြိုက်ရန် ခုန်ပေါက်နေကြသည်။
"မီးတောက်ပေါက်ကွဲခြင်း - လောင်မြိုက်ခြင်း...”
မိုဖန်၏ ကြယ်လမ်းကြောင်း တည်ဆောက်မှု အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် လူများ၏ နားထဲတွင် တျန်းခိုင်၏ တိုက်ပွဲစတင်ခြင်း ကြေညာသံမှာပင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။
ထိုကဲ့သို့ ကျွမ်းကျင်လှသော မှော်အသုံးပြုမှုကို မြင်လိုက်ရသဖြင့် တက်ရောက်လာသူတိုင်း အံ့အားသင့်သွားကြသည်။
"သူ့မှာ စွမ်းရည်အချို့ ရှိသေးပုံပဲ... ဒါပေမဲ့ ပြဿနာက အဲဒီ ပထမအဆင့် မီးတောက်ပေါက်ကွဲမှုက လုံးဝ အသုံးမဝင်တာပဲ..."
"ထူးဆန်းတယ်... ဒီကောင်က မီးတောက်ပေါက်ကွဲခြင်း အရိုးထိလောင်ကျွမ်းခြင်း ကို တတ်မြောက်ထားပြီးပြီ မဟုတ်လား... ဘာလို့ ပထမအဆင့်ဖြစ်တဲ့ လောင်မြိုက်ခြင်းကို သုံးနေရတာလဲ... အရိုးထိလောင်ကျွမ်းခြင်းရဲ့ စွမ်းအားက အများကြီး ပိုပြင်းထန်တာလေ၊ သူက မှော်ပညာကို အရင် သုံးခွင့်ရတာတောင် ဘာလို့ ပိုပြီး ပြင်းပြင်းထန်ထန် မတိုက်တာလဲ..." နည်းပြ လော့ယွင်ပေါ်က သူ၏ ရင်ထဲရှိ သံသယကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
မိုဖန်အကြောင်း သိထားသူများမှာမူ သူသည် ကျောင်းတစ်ခုလုံးတွင် အခြေခံမှော်ပညာ၏ ဒုတိယအဆင့်ကို ပထမဆုံး တတ်မြောက်ခဲ့သူဖြစ်ကြောင်း သိကြပေသည်။ မီးတောက်ပေါက်ကွဲခြင်း အရိုးထိလောင်ကျွမ်းခြင်း၏ အစွမ်းကိုလည်း လက်တွေ့လေ့ကျင့်စဥ်က မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ ယခုကဲ့သို့ အရေးကြီးသော တိုက်ပွဲတွင် သူသည် ဘာကြောင့် လောင်မြိုက်ခြင်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သနည်း။
တစ်ဖက်တွင်မူ ယုအန်းမှာ အလျင်စလို မရှိပေ။ သူသည် မိုဖန် ကြယ်လမ်းကြောင်း တည်ဆောက်နေသည်ကို ရပ်ကြည့်နေပြီး... "မင်း မှော်ပညာကို အရင် သုံးနိုင်တော့ရော ဘာဖြစ်လဲ" ဆိုနေသည့်အလားပင်။
"ရေခဲပျံ့နှံ့ခြင်း...”
ယုအန်းသည်လည်း ဆက်မစောင့်တော့ဘဲ သူ၏ ကြယ်များကို စိတ်အလိုအတိုင်း ထိန်းချုပ်လိုက်၏။
သူသည်လည်း မိုဖန်ကဲ့သို့ပင် ကျွမ်းကျင်လှပေသည်။ ယုအန်း ဝတ်ဆင်ထားသော အဖိုးတန် အဖြူရောင် ဝတ်စုံတစ်ဝိုက်တွင် အေးစက်လှသော လေပွေများ ဝဲလည်နေသည်။
"ရေခဲပျံ့နှံ့ခြင်း - ခဲစေခြင်း"
ယုအန်းသည် သူ၏ မှော်ပညာအမည်ကို ဆက်လက် ရွတ်ဆိုလိုက်၏။ တစ်ခဏအတွင်းမှာပင် တစ်ခုလုံးသော ကွင်းအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားတော့သည်။ ပူပြင်းလှသော နွေလယ်ရာသီမှ အေးစက်သော ဆောင်းရာသီသို့ ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ပင်။
နှင်းပွင့်များ လွင့်ပျံလာပြီး၊ လေထဲတွင် ရေခဲစများနှင့် နှင်းမှုန်များ လွင့်ဝဲနေကြတော့သည်။ ဖြူစင်သော နှင်းမှုန်များသည် မိုဖန်ရှိရာသို့ ကျဆင်းလာ၏။ ရေခဲပျံ့နှံ့ခြင်း၏ အေးခဲမှု အရှိန်အရ အကယ်၍ မိုဖန်သာ ထိုဧရိယာအတွင်းတွင် သုံးစက္ကန့်ထက်ပို၍ ရပ်နေပါက သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ သေချာပေါက် ခဲသွားပေလိမ့်မည်။
ရေခဲပျံ့နှံ့ခြင်းသည် တိုက်ပွဲတစ်ခုတွင် အလွန်ပင် အားသာချက်ရှိသော မှော်ပညာ ဖြစ်၏။ အခြေခံအဆင့်တွင် လေဒြပ်စင်နှင့် မြေဒြပ်စင်တို့ကသာ ရွေ့လျားမှုဆိုင်ရာ မှော်ပညာများ ရှိကြခြင်း ဖြစ်သည်။
ရေခဲပျံ့နှံ့ခြင်း၏ အာနိသင်မှာ ဧရိယာတစ်ခုလုံးကို သက်ရောက်စေခြင်း ဖြစ်၏။ နှင်းများ မြေပြင်ပေါ်သို့ ကျဆင်းလာသည်နှင့် မှော်ဆရာအနေဖြင့် သုံးစက္ကန့်အတွင်း ထိုဧရိယာမှ ထွက်ပြေးရမည် ဖြစ်ပြီး၊ မပြေးနိုင်ပါက အေးခဲသွားပေလိမ့်မည်။ လုံလောက်သော အရှိန်မရှိသူများမှာ ထိုအေးခဲဇုန်မှ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။
ယုအန်း၏ရေခဲပျံ့နှံ့ခြင်းသည် မိုဖန်ရှိရာ ပတ်ဝန်းကျင် ဧရိယာအတော်များများကို ဖုံးလွှမ်းထားလေသည်။ မိုဖန်အနေဖြင့် အစွမ်းကုန် ပြေးလျှင်ပင် သုံးစက္ကန့်အတွင်း ထိုဧရိယာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သုံးစက္ကန့်အကြာတွင် မိုဖန်မှာ လူသားပစ်မှတ်တစ်ခု ဖြစ်သွားတော့မည်။
ထို့နောက်တွင် ယုအန်းက နောက်ထပ် ရေခဲလွှာတစ်ခုဖြင့် ထပ်မံ ဖုံးအုပ်လိုက်မည် ဖြစ်ရာ၊ နောက်ထပ် သုံးစက္ကန့်အကြာတွင် မိုဖန်သည် လူအများ၏ လှောင်ပြောင်ခြင်းကို ခံရမည့် ရေခဲရုပ်ထုတစ်ခု ဖြစ်သွားပေလိမ့်မည်။
၎င်းကို တားဆီးရန် နည်းလမ်းမရှိပေ။ နှေးကွေးသော မှော်ဆရာများနှင့် မှော်သားရဲများကို ရင်ဆိုင်ရာတွင် ရေခဲဒြပ်စင်မှာ အလွန်ပင် ထိရောက်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ရေခဲပျံ့နှံ့ခြင်းမှာ အခြေခံမှော်ပညာများထဲတွင် နည်းစနစ်များစွာ မလိုအပ်ဘဲ အလွန်ပင် အသုံးဝင်သော မှော်ပညာဖြစ်သောကြောင့် ဖြစ်၏။
"တောက်... ဒီကောင်လေး ရူးသွားတာလား၊ ဘာလို့ ထိုနေရာမှာပဲ ရပ်နေရတာလဲ..."
"ငါသာဆိုရင် ချက်ချင်း ပြေးတော့မှာပဲ... ခဲသွားတာနဲ့ အကုန် ပြီးသွားမှာလေ..."
မိုဖန်သည် မပြေးခဲ့ပေ။ အကယ်၍ အခြားသော ဝါရင့်မှော်ဆရာများသာ ရေခဲပျံ့နှံ့ခြင်းနှင့် ရင်ဆိုင်ရပါက အလွယ်တကူ အေးခဲမသွားစေရန် ချက်ချင်း ရွေ့လျားကြမည် ဖြစ်သည်။
"ငါ့ကို အေးခဲချင်တာလား..." ထိုအချိန်တွင် မိုဖန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။
မိုဖန်သည် သူ၏လက်ထဲမှ မီးလျှံများကို ယုအန်းဆီသို့ မပစ်ခဲ့ပေ။ အမှန်တကယ်တော့ သူသည် ပထမအဆင့် မီးလျှံမှော်ပညာလေးဖြင့် ယုအန်းကို အနိုင်မရနိုင်ကြောင်း ကောင်းကောင်း သိထားပြီး ဖြစ်သည်။ အဘယ်ကြောင့်မူ... ဤ မီးတောက်ပေါက်ကွဲခြင်း လောင်မြိုက်ခြင်းတွင် အခြားသော ပါးနပ်သည့် လုပ်ဆောင်ချက်တစ်ခု ရှိနေသေးသောကြောင့်ပင်။
အခန်း (၇၉) ပြီး
***