ကျိုးစစ်ယိသည် ပျံသန်းနေစဉ် သူမ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ၊ ဒေါသများနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းနေခဲ့သည်။ ခဏအကြာတွင် သူမသည် ဝိညာဉ်သားရဲတောင်၏ ထိပ်ဖျားရှိ ဂူအိမ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး တံဆိပ်ပြားတစ်ခု ထုတ်ယူကာ ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်ရာ ဂူအဝင်ဝရှိ အစီအရင်များ လွယ်လွယ်ကူကူ ပွင့်သွားခဲ့သည်။
ဂူအတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းပြီး ဆယ်ဧကဝန်းကျင်ခန့် ရှိကာ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည်။ ဂူကြမ်းပြင်ကို ပထမအဆင့် ဝိညာဉ်ပစ္စည်းဖြစ်သော ကျောက်စိမ်းပြားများ ခင်းကျင်းထားပြီး၊ နံရံလေးဖက်တွင် နဂါးနှင့် ဖီးနစ်ရုပ်ပုံများ၊ ထူးဆန်းသော သားရဲရုပ်ပုံများကို ထွင်းထုထားသည်။ မျက်နှာကြက်တွင်မူ ဒုတိယအဆင့် ဝိညာဉ်ပစ္စည်း ညအလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် လူဦးခေါင်းအရွယ်အစားရှိသော ပုလဲလုံးပေါင်း ၈၁ လုံးကို တပ်ဆင်ထားသည်။ ဂူအတွင်းရှိ ကုတင်၊ ထိုင်ခုံနှင့် စားပွဲများမှာလည်း အဖိုးတန် ဝိညာဉ်သစ်သားများနှင့် ဝိညာဉ်သတ္တုများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဂူ၏ အလယ်တွင် ကျိုးရွှယ်လင်သည် မျက်စိမှိတ်ကာ ကျင့်ကြံနေခဲ့သည်။ ကျိုးစစ်ယိ ဝင်လာသောအခါ ကျိုးရွှယ်လင်မှာ မည်သည့် တုံ့ပြန်မှုမှ မပြသလို မျက်တောင်ပင် မခတ်ပေ။ သူမ၏ ဖခင်အနီးသို့ ချဉ်းကပ်သွားချိန်တွင် ကျိုးစစ်ယိ၏ မျက်နှာ၌ ဝမ်းသာသည့် အမူအရာ လုံးဝ မရှိဘဲ ကြောက်ရွံ့မှုများကသာ ပို၍ လွှမ်းမိုးလာခဲ့သည်။ "အဖေ... သမီး တာဝန် မကျေပါဘူး။ ဝူရှန်းကို ဂိုဏ်းပြင်ပ ထွက်လာအောင် မဖျောင်းဖျနိုင်ခဲ့ဘူး"
ကျိုးရွှယ်လင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ပြီး အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူ၏ အသံမှာလည်း အေးစက်နေသည်။ "အသုံးမကျတဲ့ အမှိုက်မ။ ငါ နင့်ကို ပြုစုပျိုးထောင်လာတာ အနှစ်နှစ်ဆယ်ကျော်ပြီ၊ ဒီကိစ္စလေး တစ်ခုကိုတောင် နင် မကိုင်တွယ်နိုင်ဘူးလား"
ကျိုးစစ်ယိသည် တုန်တုန်ယင်ယင်ဖြင့် "သမီးလည်း ဘာလို့လဲဆိုတာ မသိဘူး၊ ဝူရှန်းက ဂိုဏ်းထဲကနေ ထွက်ဖို့ လုံးဝ ငြင်းနေတာ။ သမီး ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ သူက အပြင်ကို ခြေတစ်လှမ်းတောင် မလှမ်းဘူး"ဟု ဆိုသည်။
"ဟမ့်" ကျိုးရွှယ်လင်က နှာခေါင်းရှုံ့လိုက်သည်။ "အသုံးမကျတာက အသုံးမကျတာပဲ၊ အကြောင်းပြချက်တွေ လာမပေးနဲ့" ပြောပြောဆိုဆိုနှင့် သူ့ညာလက်ဖြင့် ရိုက်ထုတ်လိုက်ရာ လေထုထဲတွင် စွမ်းအင်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
"ဖြန်း" ထိုစွမ်းအင်မှာ ကျိုးစစ်ယိပါးကို ပြင်းထန်စွာ ရိုက်မိသွားသဖြင့် လွင့်ထွက်သွားခဲ့သည်။ ကျိုးစစ်ယိ၏ ဘယ်ဘက်ပါးမှာ ချက်ချင်းဆိုသလို ရောင်ရမ်းလာပြီး နီရဲနေသော လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။ ကျိုးစီယီသည် မြေပြင်ပေါ်သို့ လဲကျသွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူမ၏ ပါးပေါ်တွင် ပူစပ်ပူလောင် ခံစားချက်နှင့်အတူ စိတ်ထဲတွင် ဝမ်းနည်းမှုများ လှိုင်းထလာပြီး မျက်ရည်များ ချက်ချင်း ဝဲတက်လာခဲ့သည်။ မျက်ရည်များမှာ ပါးပြင်ပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
သမီးဖြစ်သူ ငိုနေသည်ကို မြင်သောအခါ ကျိုးရွှယ်လင်မှာ ပို၍ ဒေါသထွက်လာသည်။ ဒေါသတကြီး ထရပ်လိုက်ပြီး သူ့မျက်လုံးများမှာ မီးဟုန်းဟုန်း တောက်လောင်နေသည်။ "ပြီးခဲ့တဲ့ရက်တွေက နင်ပဲ ဝူရှန်းရဲ့ ယုံကြည်မှုကို ရနေပြီလို့ ပြောခဲ့တယ် မဟုတ်လား။ အခု နင်က မှောင်ခိုဈေးကို အတူတူ သွားရအောင်လို့ ခေါ်တာတောင် သူက သဘောမတူဘူး။ ဒါကို နင်က ယုံကြည်မှုလို့ ခေါ်တာလား။ ငိုနေတယ် … ငိုတာကလွဲရင် နင် ဘာလုပ်တတ်သေးလဲ အသုံးမကျတဲ့ကောင်မ။ နင့်ရဲ့ အမေနဲ့ အတူတူပဲ၊ ဘာမှလည်း အသုံးမကျဘဲ ဒုက္ခပဲ အမြဲပေးတတ်တာ။ ကိစ္စလေး တစ်ခုတည်းကိုတောင် နင် မလုပ်နိုင်ဘူး။ နင့်ကို ထားထားလို့ ဘာအသုံးကျမှာလဲ။ နင့်အမေ ငါ့ကို သစ္စာဖောက်ပြီး ထွက်သွားကတည်းက နင့်ကို သားရဲတွေဆီ ကျွေးလိုက်ရမှာ"
ကျိုးရွှယ်လင်သည် ဒေါသတကြီး အော်ဟစ်ဆဲဆိုရင်း လက်ကို မြှောက်ကာ ကျိုးစစ်ယိ နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။ ယခုတစ်ခါမှာမူ သူမ၏ ညာဘက်ပါးကို ထိမှန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လှပသော မိန်းကလေး၏ ပါးနှစ်ဖက်လုံးမှာ ရောင်ရမ်းသွားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည်။ ကျိုးစစ်ယိသည် မြေပြင်ပေါ်တွင် ခွေယိုင်နေပြီး သူမ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့သည်။ သူမတွင် ပြန်လည် ခုခံဖို့ သတ္တိမရှိသလို၊ အော်ဟစ်ငိုယိုဖို့ သတ္တိပင် မရှိတော့။ တိတ်တဆိတ် မျက်ရည်ကျလျက်သာ ငြိမ်ခံနေခဲ့ရသည်။ ငယ်စဉ်ကတည်းက ယခုအချိန်အထိ သူမသည် ဤကဲ့သို့ အရိုက်အနှက် ခံရပေါင်း မရေတွက်နိုင်အောင် ရှိခဲ့ပြီဖြစ်သည်။
သို့သော်လည်း ကျိုးရွှယ်လင်က ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။ သူ၏ မျက်နှာမှာ ကြမ်းတမ်းသော ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ့စိတ်ထဲတွင် ပိတ်မိနေသော မကျေနပ်မှုများကို အကုန်ထုတ်ဖော်နေသကဲ့သို့ ရှိသည်။ လတ်တလောတွင် ကျိုးရွှယ်လင်သည် အရာရာတိုင်း မှားယွင်းနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။ ပထမဆုံးအချက်မှာ ဆေးတောင်က ဆန်းကြယ်ချီကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့သော်လည်း ဝိညာဉ်သားရဲတောင်မှာမူ ဘာတိုးတက်မှုမှ မရှိခြင်း ဖြစ်သည်။ ထို့နောက် အနှစ်တစ်ရာမှာ တစ်ခါသာ ကြုံရသော သွေးကွီသားရဲ ဖမ်းဆီးရေး လုပ်ငန်းစဉ်မှာလည်း ရှုံးနိမ့်သွားခဲ့သည်။ သူသည် အရာရာကို ပြင်ဆင်ထားခဲ့ပြီး သွေးကွီသားရဲကို ဖမ်းမိလျှင် ၎င်းမှာ သူ့အပိုင် ဖြစ်လာမည် မဟုတ်ပါလား။ အသေအချာ ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သော အစီအစဉ်မှာ အလဟဿ ဖြစ်သွားခဲ့ရသည်။
ကျိုးရွှယ်လင်သည် မြေပြင်ပါ် ခွေခွေလေး လဲနေသော ကျိုးစစ်ယိအနီးသို့ လျှောက်သွားကာ ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။ ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ တောင်သခင် ထန်ကျင့်ရှန်၏အသံ ထွက်ပေါ်လာသည်။ "ဒုတောင်သခင်ကျိုး... ငါ မင်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိတယ်"
ထိုအသံကို ကြားလိုက်ရသောအခါ ကျိုးစစ်ယိ၏ ရင်ဘတ်ကို ကန်တော့မည့် ကျိုးရွှယ်လင်၏ ခြေထောက်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် မြေပြင်ပေါ်တွင် ခွေလဲနေသော ကျိုးစစ်ယိကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ "မထနိုင်ဘူးလား၊ နင့်မျက်နှာက ဒဏ်ရာတွေကို ကုလိုက်စမ်း။ သနားစရာကောင်းအောင် လုပ်ပြမနေနဲ့"
ထိုသို့ ပြောပြီးနောက် ကျိုးရွှယ်လင်သည် ဂူအဝင်ဝသို့ လှည့်ထွက်သွားခဲ့ကာ သူ့မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
အရိုက်အနှက် ထပ်ခံရမည်ဟု ထင်ထားသော ကျိုးစစ်ယိလည်း ထထိုင်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်၍ မျိုချလိုက်သည်။ ဝိညာဉ်စွမ်းအားကို သုံး၍ ဆေးလုံးကို သန့်စင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောင်ရမ်းနေသော သူမ၏ မျက်နှာမှာ အရင်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ မျက်နှာပေါ်ရှိ ဝမ်းနည်းပူဆွေးသော အမူအရာမှာလည်း ပျောက်ကွယ်သွားခဲ့ပြီး ဘာမှမဖြစ်ခဲ့သလိုပင်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန် ချောမွေ့လှသဖြင့် သူမသည် ဤကဲ့သို့ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးကြောင်း ထင်ရှားလှသည်။
"တောင်သခင်ထန်... တောင်သခင် ကျွန်တော့်ဆီ လာလည်တာ တကယ့်ကို ရှားပါးလှပါတယ်။ ကြွပါ၊ ကြွပါ" ကျိုးရွှယ်လင်သည် ဂူ၏ အတားအဆီးများကို ဖွင့်ပေးလိုက်ပြီး ထန်ကျင့်ရှန်ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။ ထန်ကျင့်ရှန်သည်လည်း ဂူအတွင်းသို့ ဝင်လာခဲ့သည်။
ဂူအတွင်းရှိ ကျိုးစစ်ယိ မြင်သောအခါ "ဪ... တူမလေးလည်း ရှိနေတာကိုး။ ဒီနေ့ ဆေးတောင်က မြွေဂူကို မသွားဘူးလား" ဟု မေးလိုက်သည်။
ကျိုးစစ်ယိက"သမီး အဖေနဲ့ မတွေ့ရတာ ကြာလို့ လွမ်းတာနဲ့ လာတွေ့တာပါ"ဟုသာ ပြန်ဖြေလိုက်သည်။
ထန်ကျင့်ရှန်သည် လိမ္မာယဉ်ကျေးလှသော ကျိုးစစ်ယိကို ကြည့်ကာ ကျိုးရွှယ်လင်ကို အားကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ခင်ဗျားမှာ ဒီလို လိမ္မာယဉ်ကျေးပြီး အလိုက်သိတတ်တဲ့ သမီးရှိတာ တကယ့်ကို အားကျစရာပဲ"
ကျိုးရွှယ်လင်က သူ၏ လက်ကို ဝှေ့ယမ်းလျက် နှိမ့်ချဟန် ပြုလိုက်သည်။ "တောင်သခင်ထန် ချီးမွမ်းလွန်းနေပါပြီ။ ဒီကလေးက ကျွန်တော် အလိုလိုက်ထားလို့ ယဉ်ကျေးမှု သိပ်မရှိတာမို့လို့ စိတ်ထဲ မထားပါနဲ့"
ထို့နောက် ကျိုးစစ်ယိကို ပြောလိုက်သည်။ "တောင်သခင်ထန်အတွက် လက်ဖက်ရည် ဘာလို့ မဖျော်ပေးတာလဲ။ သူ လာလည်ဖို့ ဘယ်လောက်တောင် ခဲယဉ်းလဲ။ အဖေတို့ ဧည့်ဝတ်မကျေလို့ မဖြစ်ဘူး"
ထန်ကျင့်ရှန်သည် ထိုင်ခုံတွင် ထိုင်ကာ လက်ဖက်ရည် ဖျော်ရန် အလုပ်ရှုပ်နေသော ကျိုးစစ်ယိကို ကြည့်ပြီး "အရင်တုန်းက ခင်ဗျားရဲ့ လက်တွဲဖော် လမ်းခွဲသွားပြီး ဒီသမီးလေးကို ထားခဲ့တုန်းက ခင်ဗျားပဲ တစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အနှစ်နှစ်ဆယ်ကျော် ကုန်လွန်သွားပြီး တူမလေးတောင် အရွယ်ရောက်လာပြီပဲ"ဟု ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ စရိုက်တွေက မကိုက်ညီကြပါဘူး။ သမီးလေးကို မွေးပြီးတာနဲ့ သူ့အမေက ထွက်သွားခဲ့တာပါ" ဟု ကျိုးရွှယ်လင်က သက်ပြင်းချကာ ပြောလိုက်သည်။ ထို့နောက် စကားလမ်းကြောင်းပြောင်းပြီး "တောင်သခင်... ဒီနေ့ ကျွန်တော့်ဆီ လာရတဲ့ အရေးကြီးတဲ့ ကိစ္စက ဘာများပါလဲ"ဟု မေးလိုက်သည်။
ထိုအချိန်တွင် ကျိုးစစ်ယိက ဝိညာဉ်လက်ဖက်ရည်ကို ဖျော်ပြီး ယူလာခဲ့သည်။ သူမသည် လက်ဖက်ရည်အိုးကို ချထားပေးပြီး နောက်သို့ ဆုတ်သွားခဲ့သည်။ ထန်ကျင့်ရှန်က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး "လက်ဖက်ရည် ကောင်းသားပဲ" ဟု ဆိုသည်။ ထို့နောက် ခွက်ကို ချလိုက်ပြီး "ငါ ဒီနေ့ လာတာက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့ပါ" ဟု ဆိုလာသည်။
ကျိုးရွှယ်လင်က သဘောပေါက်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ဦးကို လွှမ်းခြုံထားသော ဝိညာဉ်အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အတားအဆီး၏ အပြင်ဘက်တွင် ရှိနေသော ကျိုးစစ်ယိမှာမူ သူတို့၏ စကားသံများကို ဘာမှ မကြားရတော့ပေ။
ကျိုးစစ်ယိသည် အစီအရင်အတွင်း၌ အားတက်သရော စကားပြောဆိုနေကြသော လူနှစ်ယောက်ကို ကြည့်ရင်း သူမရင်ထဲတွင် ဝမ်းနည်းမှုများ ခံစားနေရသည်။ အစောကလေးတင် စကားဝိုင်းထဲ၌ သူမ၏ မိခင်အကြောင်း ပါသွားသည်။ ၎င်းက သူမ၏ အတွေးများကို ဟိုဟိုသည်သည် လွင့်ပျံသွားစေရန် တွန်းပို့နေသကဲ့သို့ပင်။ ထိုစဉ်က မိခင်ကသာ သူမကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့ပါက သူမသည်လည်း အခြားသော မိန်းကလေးများကဲ့သို့ အေးချမ်းပျော်ရွှင်စွာ နေရပေလိမ့်မည်။ ယခုမူ ငရဲကဲ့သို့သော ဘဝတွင် ရှင်သန်နေရပြီး နေ့စဉ်နှင့်အမျှ ပျော်ရွှင်ဟန်ဆောင်နေရသည်။
အတန်ကြာ ဆွေးနွေးပြီးနောက် ထန်ကျင့်ရှန်လည်း နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ ထန်ကျင့်ရှန် ထွက်သွားသည်နှင့် ကျိုးရွှယ်လင်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြန်လည်အေးစက်သွားသည်။ သူက ကျိုးစစ်ယိကို ခေါ်ယူပြီး လက်ဝါးခန့်ရှိသော အနက်ရောင်သေတ္တာတစ်လုံး ပစ်ပေးလိုက်သည်။ "ဒါက သွေးငှက်အတောင်ပဲ။ ဝိညာဉ်စွမ်းအားနဲ့ အသက်သွင်းလိုက်ရင် အဆိပ်ပြင်းတွေ သုတ်ထားတဲ့ ဓားသွား ၁၃ ချောင်း ထွက်လာလိမ့်မယ်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ထိတာနဲ့ သေစေနိုင်တယ်။ နင် ဒါကို ယူပြီး ဝူရှန်းရဲ့ဂူကိုသွား၊ သူ့ကိုရော အဲဒီဂူထဲမှာ တခြားသူ ရှိနေရင် ဘယ်သူပဲဖြစ်ဖြစ် အပြတ်ရှင်းပစ်လိုက်။ နင်နဲ့ သူက ရင်းနှီးတော့ သိပ်ခက်မှာ မဟုတ်ဘူး"
ကျိုးစစ်ယိလည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ "ဝူရှန်းက အခု ဂိုဏ်းအတွက် အရမ်းအရေးပါနေတာလေ၊ သမီးသာ သူ့ဂူထဲဝင်ပြီး သတ်လိုက်ရင် သေချာပေါက် ပေါ်သွားမှာပဲ။ ဂိုဏ်းက သမီးကို အလွတ်ပေးမှာ မဟုတ်ဘူး"
"သူ့ကို သတ်ပြီးတာနဲ့ ချက်ချင်း ထွက်ပြေးပေတော့။ လိုက်ဖမ်းတဲ့သူတွေကို ဟန့်တားဖို့ ငါ နည်းလမ်းရှာပေးမယ်"
ကျိုးစစ်ယိလည်း မြေပြင်ပေါ် ဒူးထောက်ပြီး အသနားခံတော့သည်။ "အဖေ... သမီး မသေချင်သေးဘူး။ ဝူရှန်းကို သတ်ဖို့ မလုပ်ပါနဲ့။ သူသေသွားရင် ပထမမဟာအကြီးအကဲ သေချာပေါက် အမျက်ထွက်မှာပဲ။ သမီးက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လိုက်ဖမ်းတာကနေ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။ အဖေ့ကိုလည်း သံသယဝင်နိုင်တယ်၊ အဖေ .. စဥ်းစားပါဦး"
ကျိုးရွှယ်လင်က ကျိုးစစ်ယိရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ "နင်သာ သူ့ကို သတ်နိုင်ရင် နင့်ဝိညာဉ်ပေါ်မှာ ငါချိတ်ပိတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးမယ်။ အဲဒီအချိန်ကျရင် နင် အမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ လွတ်လပ်ခွင့်ကို ရလိမ့်မယ်"ဟု အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
ကျိုးစစ်ယိ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင် လက်ခနဲ ဖြစ်သွားသော်လည်း ကြောက်ရွံ့မှုက ချက်ချင်း ပြန်လည်လွှမ်းမိုးသွားသည်။ "အဖေ... ကျေးဇူးပြုပြီး သမီးကို လွှတ်ပေးပါ။ သမီး တကယ် မသေချင်ဘူး"
ကျိုးရွှယ်လင်က သမီးဖြစ်သူ၏ မေးစေ့ကို ခပ်တင်းတင်း ဖမ်းညှစ်ကိုင်ရင်း အကြပ်ကိုင်လာသည်။ "နင် လုပ်ရမယ်၊ အစောကလေးတင် ထန်ကျင့်ရှန် လာပြောသွားတယ်။ ပထမမဟာအကြီးအကဲက ဘယ်တောင်ကပဲဖြစ်ဖြစ် မြွေလူသားကို ဆန်းကြယ်ချီ အပြည့်အဝရတဲ့အထိ သန့်စင်နိုင်မလဲ၊ ပထမဆုံး အောင်မြင်တဲ့တောင်ကနေ နောင်တက်မယ့် ဂိုဏ်းချုပ်ကို ရွေးချယ်မယ်လို့ ကတိပေးလိုက်ပြီတဲ့။ ထန်ကျင့်ရှန်မှာ သက်တမ်း သိပ်မကျန်တော့ဘူး၊ သူက ဂိုဏ်းချုပ် မဖြစ်နိုင်ဘူး။ ဝိညာဉ်သားရဲတောင်သာ အရင်ဆုံး အောင်မြင်မယ်ဆိုရင် နောက်ဂိုဏ်းချုပ်က ငါ ဖြစ်လာမှာပဲ။ အခု တစ်ခုတည်းသော အတားအဆီးက ဝူရှန်းပဲ။ သူ သေသွားရင် ဆေးတောင်က အချိန်တိုအတွင်းမှာ လုပ်နိုင်ဖို့ ခက်လိမ့်မယ်။ ဝိညာဉ်သားရဲတောင်မှာ လူအင်အားရော အရင်းအမြစ်တွေရော အများကြီးရှိတယ်၊ ငါတို့က သူတို့ထက် အရင် ပထမမဟာအကြီးအကဲရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ အသေအချာပဲ၊ နားလည်လား"
ကျိုးစစ်ယိက ငိုယိုလျက် ခေါင်းယမ်းလိုက်သည်။ "အဖေ... ဝူရှန်းကို သတ်ဖို့ ပိုပြီး လျှို့ဝှက်တဲ့ နည်းလမ်းကို စဉ်းစားကြရအောင်ပါ"
"ဒီကောင်က သတိကြီးလွန်းတယ်၊ ဂိုဏ်းထဲကနေတောင် ထွက်ခဲတယ်။ အလုပ်လုပ်ဖို့ အဆင်ပြေဆုံးနေရာက သူ့ရဲ့ ဂူပဲ။ နင်က သူနဲ့ ရင်းနှီးတော့ သူ့ဂူထဲကို ဝင်ဖို့ လွယ်တယ်"
"ဒါပေမဲ့..."
ကျိုးစစ်ယိက တစ်ခုခု ထပ်ပြောချင်သော်လည်း ကျိုးရွှယ်လင်က ကြားဖြတ်ပြောလိုက်သည်။ "နင် ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင် နင့်ဝိညာဉ်ထဲမှာရှိတဲ့ ဝိညာဉ်ချုပ်နှောင်ကျိန်စာကို ငါ အသက်သွင်းလိုက်မယ်" ……….
***