ဝိညာဉ်ချုပ်နှောင်ကျိန်စာဆိုသည့် စကားလုံးက ကျိုးစစ်ယိ ရင်ထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေသော ကြောက်ရွံ့မှုကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ "သမီး... သမီး သွားပါ့မယ်... ဒါပေမဲ့ အဖေ ကတိတည်ရမယ်။ ဝူရှန်းသေသွားတာနဲ့ အဲဒီကျိန်စာကို ဖယ်ရှားပေးရမယ်"
ကျိုးစစ်ယိက နောက်ဆုံးတွင် သဘောတူလိုက်သောအခါ ကျိုးရွှယ်လင်သည် အသာအယာ ပြုံးလိုက်သည်။ "ဝူရှန်း သေသွားတာနဲ့ ဝိညာဉ်ချုပ်နှောင်ကျိန်စာက အလိုလို ပျောက်ကွယ်သွားမှာပါ"
ကျိုးစစ်ယိ ထရပ်လိုက်ပြီး သူမ၏ ဖခင်ကို ကြည့်လိုက်သည်။ "အဖေ ကတိတည်လိမ့်မယ်လို့ သမီး မျှော်လင့်ပါတယ်" ထိုနောက် ခမ်းနားသောဂူအိမ်ကို တစ်ချက် ကြည့်လိုက်သည်။ ဤနေရာကား သူမ ကြီးပြင်းလာခဲ့သည့် နေရာပင်။ သို့သော် ဤနေရာအပေါ် မည်သည့် သံယောဇဉ်မျှ မရှိပေ။ ဤနေရာသည် သူမအား အဆုံးမရှိသော နာကျင်မှုများကိုသာ ပေးခဲ့သည်။ ဤသည်မှာ သူမ၏ ဘဝတွင် ဤနေရာသို့ နောက်ဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပေလိမ့်မည်။ ရလဒ်က မည်သို့ပင်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ဤဂူအတွင်းသို့ နောက်တစ်ကြိမ် ခြေချမည် မဟုတ်တော့ပေ။ နောက်ဆုံးအနေဖြင့် ကြည့်ပြီးနောက် ကျိုးစစ်ယိလည်း ဖခင်ဖြစ်သူကိုပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့သည်။
ထွက်သွားသော ကျိုးစစ်ယိကို ကြည့်ရင်း ကျိုးရွှယ်လင်က "အရင်ဆုံး နင့်ဂူကို ပြန်၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး စေ့စပ်တဲ့ အစီအစဉ်တစ်ခု ဆွဲ။ စိတ်လိုက်မာန်ပါ မလုပ်နဲ့"ဟု သတိပေးလိုက်သေးသည်။
ကျိုးစစ်ယိ ပျောက်ကွယ်သွားသည်နှင့် ကျိုးရွှယ်လင်၏ မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်သွားတော့သည်။ "ဝိညာဉ်ချုပ်နှောင်ကျိန်စာက ပျောက်ကွယ်သွားမှာ အမှန်ပဲ၊ နင့်ရဲ့ ဝိညာဉ်နဲ့အတူ တစ်ပါတည်း ပျောက်ကွယ်သွားမှာပေါ့။ ငါ နင့်ကို အနှစ်နှစ်ဆယ်ကျော် ပျိုးထောင်လာခဲ့တာ၊ နောက်ဆုံးကျတော့ နင်ကလည်း နင့်ရဲ့ ဖာသည်မ အမေလိုပဲ ငါ့ဆီကနေ ထွက်သွားဖို့ပဲ ကြိုးစားနေတာလား။ ဘာလို့ လူတိုင်းက ငါ့ကို သစ္စာဖောက်နေရတာလဲ"
ကျိုးရွှယ်လင်သည် ရူးသွပ်နေသော လူတစ်ယောက်ကဲ့သို့ အော်ဟစ်နေခဲ့သည်။ သူ့ဆဲဆိုသံများမှာ ကျယ်ပြောသော ဂူအတွင်းတွင် အဆုံးမရှိ ပဲ့တင်ထပ်နေတော့သည်။ …….
နှစ်ရက် ကြာပြီးနောက်...
စုန့်ဝမ် ဂူအိမ်အတွင်း မြွေလူသားကို သန့်စင်နေစဥ် ဂူအပြင်ဘက်မှ ကျိုးစစ်ယိ၏ အသံကို ကြားလိုက်ရသည်။ "မောင်လေးဝူ... အစ်မ ဆွေးနွေးစရာ ရှိလို့၊ ဂူတံခါးလေး ခဏလောက် ဖွင့်ပေးလို့ ရမလား"
သန့်စင်ခြင်းလုပ်ငန်း တစ်ဝက်တစ်ပျက် ဖြစ်နေသဖြင့် စုန့်ဝမ်သည် နှောက်ယှက်မခံလိုပေ။ ထို့ကြောင့် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ အကြောင်းကြားလိုက်သည်။ “အစ်မကျိုး... ကျွန်တော် အခု အလောင်းသန့်စင်နေလို့ အပြင်ထွက်လို့ မရသေးဘူး။ အရေးကြီးတဲ့ ကိစ္စရှိရင် ဆက်သွယ်ရေးအဆောင်ကနေပဲ ပို့ပေးပါ”
မကြာမီမှာပင် ကျိုးစစ်ယိထံမှ အကြောင်းပြန်စာ ရောက်လာသည်။ “မောင်လေးဝူ... အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ စိတ်အေးလက်အေး ဆက်လုပ်ပါ”
စုန့်ဝမ်လည်း ကျောက်စိမ်းပြားကို ပြန်သိမ်းပြီး အလုပ်ကို ဆက်လုပ်ခဲ့သည်။ နာရီဝက်ခန့် ကြာပြီး အလောင်းသန့်စင်ခြင်း ပြီးဆုံးသွားသောအခါ မြွေလူသားကို မြွေကျင်းထဲသို့ ပြန်ထည့်လိုက်သည်။ ဂူကို စောင့်ကြည့်ရန် သူထားခဲ့သော ကူကောင်မှတဆင့် ကျိုးစစ်ယိက ထွက်မသွားဘဲ ဂူအပြင်ဘက်တွင် စောင့်နေသည်ကို သိလိုက်ရသည်။
ကျိုးစစ်ယိကို အပြင်မှာ ဒီအတိုင်း စောင့်ခိုင်းထားခြင်းမှာ မသင့်တော်သဖြင့် အပြင် ထွက်လာခဲ့သည်။ "အစ်မကျိုး... အခုထိ စောင့်နေတာလား" စုန့်ဝမ်က မသိဟန်ဆောင်ကာ အံ့ဩသွားသည့် အမူအရာဖြင့် မေးလိုက်သည်။
"မောင်လေးဝူ... နောက်ဆုံးတော့ ထွက်လာပြီပဲ" ဟု ကျိုးစစ်ယိက ဝမ်းသာအားရ ပြောလိုက်သည်။
"အစ်မကျိုး .. ဘာများ အရေးကြီးလို့လဲ"
"အရေးကြီးတာ မဟုတ်ပါဘူး၊ အစ်မ အလောင်းသန့်စင်တာ တိုးတက်မလာလို့ မောင်လေး သန့်စင်တာကို ဘေးကနေ ကြည့်ခွင့်ရမလားလို့ လာမေးတာ၊ အဆင်ပြေမလား"
စုန့်ဝမ်သည် ဘာမှ သံသယမဝင်ဘဲ လွယ်လွယ်ကူကူ သဘောတူလိုက်သည်။ "အစ်မကျိုးက အလောင်းသန့်စင်တာကို ကြည့်ချင်တာဆိုရင် ပြဿနာမရှိပါဘူး။ အတော်ပဲ... ကျွန်တော့်မှာ တတိယအကြိမ် သန့်စင်ရမယ့် မြွေလူသားတစ်ကောင် ရှိတယ်။ အဲဒီအကောင်ကို မြွေဂူကို ခေါ်သွားလိုက်မယ်၊ အဲဒီမှာ ကျန်းပင်းနဲ့ လီရှီတို့လည်း ရှိနေတော့ တစ်ပါတည်း ပြပေးလို့ ရတာပေါ့"
ကျန်းပင်းနှင့် လီရှီတို့မှာ မြွေဂူမှ စီမံခန့်ခွဲသူ အကြီးအကဲများ ဖြစ်ကြပြီး သူတို့၏ အလောင်းသန့်စင်ခြင်းပညာမှာ အခြေခံအဆင့်သာ ရှိကြသည်။ သူတို့သည်လည်း စုန့်ဝမ် အလောင်းသန့်စင်သည်ကို ကြည့်ချင်ကြောင်း အကြိမ်ကြိမ် ပြောဖူးကြသည်။
ကျိုးစစ်ယိ တိတ်ဆိတ်သွားသည်။ မြွေဂူကို သွားမည်ဆိုလျှင် အခြားအကြီးအကဲ နှစ်ယောက်လည်း ရှိနေမည်ဖြစ်ရာ၊ ၎င်းမှာ သူမ လိုချင်သော အခြေအနေ မဟုတ်ပေ။ သူမ လိုချင်သည်မှာ စုန့်ဝမ်နှင့် နှစ်ယောက်တည်း ရှိမည့် အခွင့်အရေး ဖြစ်သည်။ ထို့အပြင် ၎င်းမှာ စုန့်ဝမ်၏ ဂူအတွင်း၌သာ ဖြစ်ရမည်။ သူမ ဖြစ်ချင်သော အခြေအနေ မဟုတ်သဖြင့် ကျိုးစစ်ယိ မျက်မှောင်ကြုတ်လိုက်မိသည်။ " မောင်လေးရဲ့ ဂူထဲမှာပဲ ပြပေးလို့ မရဘူးလား။ မြွေလူသားကို ဟိုဟိုသည်သည် သယ်နေရတာ အလုပ်ရှုပ်ပါတယ်"
စုန့်ဝမ် ခဏစဉ်းစားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆိုရင် ကျန်းပင်းနဲ့ လီရှီတို့ကို ဒီကို အမြန်ဆုံး လာခဲ့ဖို့ အကြောင်းကြားလိုက်မယ်" စကားဆုံးသည်နှင့် စုန့်ဝမ် ဆက်သွယ်ရေး ကျောက်စိမ်းပြား နှစ်ခုကို ကိုင်လိုက်သည်။
"မောင်လေးဝူ... ခဏစောင့်ဦး" ကျိုးစစ်ယိက အလျင်အမြန်ပင် တားလိုက်သည်။
စုန့်ဝမ်က သူမကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ "အစ်မကျိုး ..တခြားကိစ္စ ရှိသေးလို့လား"
"အစ်မတစ်ယောက်တည်းကိုပဲ ပြပေးလို့ ရမလား"
"ဘာလို့လဲ" စုန့်ဝမ်သည် သူမကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျိုးစစ်ယိ ယနေ့တွင် အနည်းငယ် ထူးဆန်းနေပြီး တစ်ခုခု မှားနေသည်ဟု သူ ခံစားရသည်။
"အစ်မ …" ကျိုးစစ်ယိက ပြောဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘာမှ ပြောမထွက်ဘဲ တုံ့ဆိုင်းနေခဲ့သည်။ "ဒီနေရာက စကားပြောဖို့ မကောင်းဘူး။ မောင်လေးရဲ့ ဂူထဲမှာ စကားပြောလို့ ရမလား"
စုန့်ဝမ်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ "အစ်မကျိုး... တစ်ခုခုဖြစ်..."
စုန့်ဝမ် စကားမဆုံးခင်မှာပင် ကျိုးစစ်ယိက ဆက်မပြောရန် မျက်ရိပ်ပြနေသည်ကို သတိထားမိလိုက်သည်။ တချိန်တည်းမှာပင် သိုလှောင်အိတ်ထဲရှိ ကျိုးစစ်ယိ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြား တုန်ခါနေသည်ကို စုန့်ဝမ် ခံစားလိုက်ရသည်။ သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ကျိုးစစ်ယိသည် နှုတ်ဖြင့် မပြောသလို အသံပို့လွှတ်ခြင်းကိုလည်း မသုံးပေ။ ယင်းအစား ပို၍ လျှို့ဝှက်သော ဆက်သွယ်ရေးကျောက်စိမ်းပြားဖြင့် ဆက်သွယ်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့ကို ချောင်းမြောင်းနားထောင်နေမည်ကို စိုးရိမ်သည့်သဘောပင်။
စုန့်ဝမ် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို တိတ်တဆိတ် ထုတ်ကြည့်လိုက်သည်။ “တစ်ယောက်ယောက်က မောင်လေးရဲ့ အသက်ကို လိုချင်နေတယ်”
စုန့်ဝမ် အံအားသင့်သွားပြီး သူနှင့် ရန်ငြိုးရှိသူများကို အလျင်အမြန် စီစစ်လိုက်သည်။ သားရဲသခင်ဂိုဏ်းတွင် သူနှင့် ရန်ငြိုးရှိသူမှာ လျန်ထျန်းလုသာ ဖြစ်သည်။ သို့သော် လျန်ထျန်းလုသည် သူ့အလုပ်မှာ ပထမမဟာအကြီးအကဲနှင့် ဆက်စပ်နေသည်ကို သိထားသဖြင့် တိုက်ခိုက်ရဲမည် မဟုတ်ပေ။ လျန်ထျန်းလု မဟုတ်လျှင် မည်သူ ဖြစ်နိုင်သနည်း၊ ဘာကြောင့် ကျိုးစစ်ယိက သိနေရတာလဲ။ သတ်မည့်သူက ကျိုးစစ်ယိနှင့် တစ်စုံတစ်ရာ ဆက်စပ်နေသလော။
စုန့်ဝမ်သည် ကျိုးစစ်ယိကို တစ်ချက်ကြည့်လိုက်ပြီး အထဲသို့ ဝင်ရန် အမူအရာ ပြလိုက်သည်။ "ကောင်းပြီလေ၊ အစ်မကျိုး ကြွပါ"
ဂူအတွင်းသို့ ရောက်သည်နှင့် စုန့်ဝမ်သည် ကျိုးစစ်ယိနှင့် ခပ်ခွာခွာ နေလိုက်သည်။ ဦးစွာ ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို အသက်သွင်းပြီးမှ စကားစပြောသည်။ "အစ်မကျိုး... ဘယ်သူက ကျွန်တော့်ကို သတ်ချင်နေတာလဲ"
စုန့်ဝမ်၏ သတိကြီးစွာ အကာအကွယ်ယူနေသည်ကို ကြည့်ရင်း ကျိုးစစ်ယိသည် ခါးသီးစွာ ပြုံးလိုက်မိသည်။ ကျိုးရွှယ်လင်က သူမကို လူသတ်ရန် လွှတ်လိုက်ခြင်းမှာ တကယ့်ကို စိတ်ကူးယဉ်ဆန်လှသည်။ ဝူရှန်း၏ သတိကြီးသော စရိုက်နှင့်ဆိုလျှင် မည်သို့မျှ လွယ်ကူမည် မဟုတ်ပေ။ "ကျိုးရွှယ်လင်က မောင်လေးကို သတ်ဖို့ အစ်မကို လွှတ်လိုက်တာ"
စုန့်ဝမ် အံအားသင့်သွားသည်။ ကျိုးရွှယ်လင် သူ့သမီးကို လူသတ်ဖို့ လွှတ်လိုက်တာလား။ ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ဝမ်ထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ထိုအငွေ့အသက်မှာ ဆောင်းရာသီ၏ အေးစက်သော လေပြင်းများကဲ့သို့ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေသည်။ ကျိုးစစ်ယိလည်း တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် စုန့်ဝမ်ကို ထိတ်လန့်တကြား ကြည့်နေမိတော့သည်။ ထိုအချိန်တွင် စုန့်ဝမ်မှာ စစ်မြေပြင်မှ ထွက်လာသော သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့် တူနေပြီး သေခြင်းတရား၏ အရှိန်အဝါများ လွှမ်းမိုးနေသည်။ ၎င်းမှာ သူ၏ ပုံမှန် ကြောက်တတ်ပြီး သတိကြီးသော အမူအရာနှင့် လုံးဝ ခြားနားလှသည်။ ကျိုးစစ်ယိသည် ကျိုးရွှယ်လင် အပါအဝင် လူတိုင်း အခြေအနေကို လျှော့တွက်ထားမိကြသည်ကို သိလိုက်ရသည်။ ဝူရှန်းသည် လွယ်ကူသော ပြိုင်ဘက် မဟုတ်သည်မှာ သေချာလှသည်။
"ကျွန်တော်က ဆန်းကြယ်ချီကို ပေါင်းစပ်နိုင်တာနဲ့ ဝိညာဉ်သားရဲတောင်ကို မဝင်လို့ ကျိုးရွှယ်လင်က သတ်ချင်နေတာလား"
ကျိုးစစ်ယိက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဆန်းကြယ်ချီက နောင်တက်မယ့် ဂိုဏ်းချုပ်ကို ရွေးချယ်မယ့်ကိစ္စနဲ့ ဆက်စပ်နေတယ်။ မောင်လေးသာ ဆန်းကြယ်ချီကို အရင်ဆုံး အပြည့်အဝ ပေါင်းစပ်နိုင်ရင် ဂိုဏ်းချုပ်နေရာက ဆေးတောင်သခင် ရွှေအမြုတေ ကျင့်ကြံသူဆီကို ရောက်သွားလိမ့်မယ်။ ကျိုးရွှယ်လင်က အာဏာကို အရမ်းမက်မောတဲ့သူဆိုတော့ အဲဒီလို ဖြစ်လာမှာကို မလိုလားဘူး။ ဒါကြောင့် ဆေးလုံးတောင်ရဲ့ တိုးတက်မှု နှေးကွေးသွားအောင် မောင်လေးကို ဖယ်ရှားချင်နေတာ"
ထိုစကားကို ကြားလိုက်ရသောအခါ လွန်ခဲ့သော ရက်အနည်းငယ်က ကိစ္စကို စုန့်ဝမ် သတိရသွားသည်။ ထိုအချိန်က ဆေးတောင်၏ တောင်သခင် ဖုန့်ဖန်းယီ သူ့ထံသို့ ရုတ်တရက် လာရောက်ကာ လစာကို တိုးပေးခဲ့သည်။ တောင်ထိပ်ခန်းမ အကြီးအကဲများအတွက် လစဉ်လစာမှာ ဝိညာဉ်ကျောက်တုံး တစ်ထောင်နှင့် အကျိုးပြုအမှတ်နှစ်ရာ ဖြစ်သည်။ မြွေဂူကို တာဝန်ယူရသူအနေဖြင့် စုန့်ဝမ်သည် ထပ်ဆောင်း ဆုကြေးအနေဖြင့် ဝိညာဥ်ကျောက်တုံး တစ်ထောင်နှင့် အမှတ် နှစ်ရာကိုလည်း ရရှိသည်။ ဖုန့်ဖန်းယီက ထိုလစာကို နှစ်ဆ တိုးပေးလိုက်ခြင်း ဖြစ်သည်။ ယခုဆိုလျှင် စုန့်ဝမ်သည် လစဉ် ကျောက်တုံး လေးထောင်နှင့် အမှတ် ရှစ်ရာ ရရှိနေပြီဖြစ်သည်။ ၎င်းမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် အလွန်များပြားသော ဝင်ငွေပင်။
ဆန်းကြယ်ချီ သန့်စင်ခြင်းက ဂိုဏ်းချုပ်နေရာနှင့် သက်ဆိုင်နေသဖြင့် ဖုန့်ဖန်းယီ၏ လုပ်ရပ်မှာ အဓိပ္ပာယ်ရှိသွားသည်။ ဖုန့်ဖန်းယီက စုန့်ဝမ်ကို အလောင်းသန့်စင်ခြင်း၌သာ အာရုံစိုက်ပြီး ဆန်းကြယ်ချီ ပေါင်းစပ်မှုကို အမြန်ဆုံး အောင်မြင်စေရန်အတွက် ယခုကဲ့သို့ ရက်ရက်ရောရော ပေးကမ်းနေခြင်း ဖြစ်သည်။ သူကိုယ်တိုင် ဂိုဏ်းချုပ်နေရာကို ပြိုင်ဆိုင်ချင်နေခြင်း ဖြစ်သည်။
စုန့်ဝမ်က ကျိုးစစ်ယိကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။ "ဒါဆို အစ်မကျိုးက ဘာလို့ မတိုက်ခိုက်သေးတာလဲ။ ဘာလို့ မိသားစုကို သစ္စာဖောက်ပြီး ဒီအကြောင်း လာပြောရတာလဲ"
ကျိုးစစ်ယိက ပြန်မဖြေဘဲ ခါးပတ်ကို ဖြေလိုက်ပြီး အပေါ်ဝတ်စုံကို ချွတ်ချလိုက်သည်။ ကျိုးစစ်ယိ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ကြောက်မက်ဖွယ် အမာရွတ်များစွာဖြင့် ပြည့်နှက်နေသည်။ ထိုအမာရွတ်များမှာ ရွံရှာဖွယ်ကောင်းသော ပိုးကောင်များ တစ်ကိုယ်လုံး တွားသွားနေသကဲ့သို့ ရှိသည်။ သူမ၏ ခန္ဓာကိုယ်ကို အခြားသူတစ်ယောက်ရှေ့တွင် ပထမဆုံးအကြိမ် ထုတ်ပြခြင်း ဖြစ်ကောင်းဖြစ်နိုင်သဖြင့် ကျိုးစစ်ယိ မျက်နှာမှာ အနည်းငယ် နီမြန်းသွားကာ အဝတ်ကို ချက်ချင်း ပြန်ဝတ်လိုက်သည်။
"ဒီအမာရွတ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကျိုးရွှယ်လင်က နှိပ်စက်ထားခဲ့တဲ့ အမှတ်အသားတွေပဲ။ ဒါတွေက ကျိုးရွှယ်လင်ရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ့ အစ်မရဲ့ ခံစားချက်တွေအတွက် သက်သေတွေပဲ။ တစ်နေ့ကျရင် ကျိုးရွှယ်လင်ဆီက တရားမျှတမှု ပြန်ယူဖို့ မမေ့အောင် ထိန်းသိမ်းထားတာ" ဟု ကျိုးစစ်ယိက အံကြိတ်ကာ အမုန်းတရားများဖြင့် ပြောလိုက်သည်။
သို့သော်လည်း စုန့်ဝမ်က သူမ၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကို မြင်လိုက်ရသော်လည်း ထိုကြောက်စရာကောင်းသော အမာရွတ်များအပေါ် မည်သည့် သနားစိတ်မျှ မရှိသလို၊ မလျော်ကန်သော အတွေးမျိုးလည်း မရှိပေ။ "ကျိုးရွှယ်လင်ဆီကနေ ဒီလို နှိပ်စက်ခံနေရတာကို ဘာလို့ ထွက်မပြေးတာလဲ"
ကျိုးစစ်ယိက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ခါးသီးစွာ ပြုံးလိုက်သည်။ "ထွက်ပြေးမယ်၊ ငယ်ငယ်ကတည်းက အစ်မရဲ့ ဝိညာဉ်ပေါ်မှာ ကျိုးရွှယ်လင်က ဝိညာဉ်ချုပ်နှောင်ကျိန်စာ ခတ်ထားတာလေ။ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ"
"ဒါဆို ဒါတွေကို ဘာလို့ လာပြောတာလဲ"
"ကျိုးရွှယ်လင်က မောင်လေးရဲ့ အသက်ကို လိုချင်သလိုပဲ၊ အစ်မကိုလည်း ချန်ထားမှာ မဟုတ်ဘူး။ အခု သူက တို့နှစ်ယောက်လုံးရဲ့ ရန်သူပဲ။ ဒါကြောင့်မို့လို့ ကျိုးရွှယ်လင်ကို အတူတူ ရင်ဆိုင်ဖို့ မောင်လေးကို ကမ်းလှမ်းတာပါ"
စုန့်ဝမ် အတွေးနက်သွားသည်။ ကျိုးစစ်ယိ ပြောသည်မှာ အမှန်ဆိုလျှင် သူမအတွက် တကယ်ကို လမ်းစပျောက်နေခြင်း ဖြစ်သည်။ သူမသာ သူ့ကို သတ်လိုက်လျှင် သူမပါ သေရမည်ကို သေချာပေါက် သိနေသည်။ မသတ်လျှင်လည်း ကျိုးရွှယ်လင်ဆီမှ နှိပ်စက်မှု ခံရမည်မှာ မလွဲပင်။
စုန့်ဝမ်မှာ သေဘေးအောက် ရောက်နေသကဲ့သို့ ရှိသော်လည်း သူ့အခြေအနေမှာ ကျိုးစစ်ယိထက် အများကြီး ပိုကောင်းသည်၊ ရွေးချယ်စရာများ ရှိသေးသည်။ ဖုန့်ဖန်းယီထံမှ အကူအညီ တောင်းနိုင်သလို၊ မြွေဂူထဲမှာ ပုန်းနေခြင်းဖြင့်လည်း လောလောဆယ် ဘေးကင်းနိုင်သည်။ သို့သော် ၎င်းတို့မှာ ရေရှည်အတွက် အဆင်မပြေပေ။ လောလောဆယ် သူက ဖုန့်ဖန်းယီအတွက် တန်ဖိုးရှိနေသဖြင့် ကာကွယ်ပေးလိမ့်မည်။ သို့သော် အသုံးမလိုတော့သည့်အခါ သူ့အတွက်နှင့် ကျိုးရွှယ်လင်ကို ရင်ဆိုင်ပေးလိမ့်မည်ဟု စုန့်ဝမ် မယုံကြည်ပေ။
အမှန်စင်စစ် စုန့်ဝမ်အနေဖြင့် သားရဲသခင်ဂိုဏ်းမှ ထွက်ခွာသွားရန် ရွေးချယ်နိုင်သော်လည်း ယခုအရေးက ထိုသို့ လမ်းပိတ်သွားသည့် အဆင့်အထိ မရောက်သေးပေ။ ထို့အပြင် သားရဲသခင်ဂိုဏ်းအတွင်း၌ စုန့်ဝမ် လိုချင်နေသော အရာများ ရှိနေသေးသည်။ သက်ရှည်ကျင့်စဉ်၏ နောက်ဆက်တွဲ နည်းစနစ်များ၊ ရွှေအမြုတေ ဖြစ်ပေါ်လာစေရန်နှင့် သန့်စင်ရန် နည်းလမ်းများ၊ သားရဲသခင်ဂိုဏ်းမှ အကြီးအကဲများ၏ ရွှေအမြုတေအဆင့် ရောက်ရှိခြင်းဆိုင်ရာ အသိအမြင်များမှာ သူ လိုချင်နေသော အရာများပင် ဖြစ်သည်။ …….
***