"ကျွန်တော့်ဆီကို ပွင့်ပွင့်လင်းလင်း လာဆွေးနွေးတယ်ဆိုတော့ အစ်မမှာ ကျိုးရွှယ်လင်ကို ကိုင်တွယ်ဖို့ အစီအစဉ်ရှိပြီးသားပဲ မဟုတ်လား"ဟု စုန့်ဝမ်က မေးလိုက်သည်။
ကျိုးစီယီက ခေါင်းညိတ်ပြပြီး သူ့အစီအစဥ်ကို ရှင်းပြသည်။ "ကျိုးရွှယ်လင်က အစ်မကို သွေးငှက်အတောင်ဆိုတဲ့ လျှို့ဝှက်လက်နက်တစ်စုံ ပေးထားတယ်။ အဲဒီထဲမှာ အခြေတည်အဆင့် ကျင့်ကြံသူတောင် ထိတာနဲ့ သေနိုင်တဲ့ အဆိပ်တွေ သုတ်ထားတယ်။ အစ်မရဲ့ အစီအစဉ်က အဲဒီအဆိပ်ပြင်းတွေကို ဖယ်ထုတ်ပြီး သာမန်အဆိပ်နဲ့ အစားထိုးမယ်။ ပြီးရင် အဲဒီလက်နက်နဲ့ မောင်လေးကို ဒဏ်ရာရအောင် လုပ်မယ်။ အဲဒီနောက်မှာ မောင်လေးက အစ်မကို ဖမ်းမိသွားသလိုမျိုး ဟန်ဆောင်ပြီး ဖုန့်ဖန်းယီဆီ ခေါ်သွားပေးပါ။ အဲဒီအခါကျရင် အစ်မက ကျိုးရွှယ်လင်းဟာ ဆန်းကြယ်ချီ ပေါင်းစပ်မှုကို ဖျက်ဆီးဖို့ ကြံစည်နေတဲ့ နောက်ကွယ်က လက်မည်းကြီးပါဆိုပြီး စွပ်စွဲမယ်။ ဖုန့်ဖန်းယီက ဂိုဏ်းချုပ်နေရာကို လိုချင်နေတာဆိုတော့ ကျိုးရွှယ်လင်ကို ဖယ်ရှားဖို့ ပထမမဟာအကြီးအကဲဆီ သေချာပေါက် တိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ကျိုးရွှယ်လင်လည်း အရေးယူခံရမယ်၊ အစ်မရဲ့ ဝိညာဉ်ချုပ်နှောင်ကျိန်စာ ဖြည်ပေးဖို့လည်း မဟာအကြီးအကဲကို အကူအညီတောင်းလို့ ရလိမ့်မယ်"
စုန့်ဝမ်က ခေါင်းယမ်းလိုက်သည်။ "အစ်မပြောတဲ့ အစီအစဉ်အတိုင်းဆိုရင် ကျိုးရွှယ်လင်းက အလွန်ဆုံး ခဏတဖြုတ် အကျဉ်းချခံရုံပဲ ရှိမှာပါ။ ဂိုဏ်းက ဒီလိုကိစ္စသေးသေးလေးအတွက် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပြင်းပြင်းထန်ထန် စီရင်မှာ မဟုတ်ဘူး။ အစ်မနဲ့ ကျွန်တော် ဂိုဏ်းကနေ ထွက်ပြေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ မဟုတ်ရင် ကျိုးရွှယ်လင် လွတ်လာတဲ့နေ့မှာ ကျွန်တော်တို့ နှစ်ယောက်လုံး သူ့ဒေါသဒဏ်ကို ခံကြရလိမ့်မယ်"
စုန့်ဝမ် ပြောသည်မှာ ယုတ္တိတန်သဖြင့် ကျိုးစစ်ယိ ထိတ်လန့်သွားသည်။ "ဒါဆို မောင်လေးဝူမှာ ပိုကောင်းတဲ့ အစီအစဉ် ရှိလား"
စုန့်ဝမ် ခေါင်းညိမ့်လိုက်သည်။ "ကျိုးရွှယ်လင်ကို တိုက်ခိုက်မယ်ဆိုရင် တစ်ချက်တည်းနဲ့ အပြတ်အသတ် သေစေနိုင်မယ့် ထိုးနှက်ချက်မျိုး ဖြစ်ရမယ်"
ခေတ္တမျှ ကျိုးစစ်ယိ တွေဝေသွားသော်လည်း ချက်ချင်းဆိုသလို မျက်လုံးများ တောက်ပသွားခဲ့သည်။ တစ်သက်တာလုံး နှိပ်စက်ခံလာရသဖြင့် သူမတွင် သားအဖ သွေးသားသံယောဇဥ် မရှိတော့ပေ။ ...
ထိုနေ့ ညသန်းခေါင်ယံအချိန်တွင် ကျိုးစစ်ယိသည် မျက်နှာဖြူဖျော့ကာ ဖရိုဖရဲဖြစ်နေပြီး ဒဏ်ရာ ပြင်းထန်စွာ ရထားသည့်ပုံစံဖြင့် စုန့်ဝမ်၏ ဂူအတွင်းမှ ထွက်လာကာ ဝိညာဉ်သားရဲတောင်ဆီသို့ ပျံသန်းသွားခဲ့သည်။ သူမ၏ နာကျင်နေသော အမူအရာအောက်တွင် စိုးရိမ်စိတ်များ ရှိနေသည်။ စုန့်ဝမ်၏ အစီအစဉ်သာ အောင်မြင်ခဲ့ပါက ကျိုးရွှယ်လင်ကို ပြန်လမ်းမရှိသည့် အခြေအနေသို့ အမှန်တကယ် တွန်းပို့နိုင်ပေလိမ့်မည်။ သို့သော် ဤအစီအစဉ်အတွက် သူမဘက်က အသက်နှင့်ရင်း စွန့်စားရမည်ဖြစ်ပြီး စုန့်ဝမ်မှာမူ မည်သည့်စွန့်စားမှုမှ လုပ်စရာမလိုပေ။ ကျိုးရွှယ်လင်ကို အပြတ်ရှင်းနိုင်ရန် ကျိုးစစ်ယိအနေဖြင့် ထိုစွန့်စားမှုကို လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။
ခဏအကြာတွင် သူမသည် ကျိုးရွှယ်လင်၏ ဂူအပြင်ဘက်သို့ ရောက်ရှိလာသည်။ ရောက်သည်နှင့် တပြိုင်နက် အစီအရင်များ ပွင့်သွားသဖြင့် အထဲသို့ တန်းဝင်ခဲ့လိုက်သည်။ အထဲရောက်သည်နှင့် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
ချက်ချင်းပင် ကျိုးရွှယ်လင်သည် ကျိုးစစ်ယိ ရှေ့တွင် ပေါ်လာပြီး အေးစက်စွာ ငုံ့ကြည့်လိုက်သည်။ "ဘယ်လိုဖြစ်လို့ ဒီလောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတာလဲ" ကျိုးရွှယ်လင်က ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ကျိုးစစ်ယိ၏ ကိုယ်တွင်းအင်္ဂါများ အကြီးအကျယ် ပျက်စီးနေပြီး ခန္ဓာကိုယ်အတွင်း၌ လျှပ်စီးစွမ်းအားများ ပရမ်းပတာ လှုပ်ရှားနေသည်ကို သိလိုက်ရသည်။ အမှန်တကယ် ဒဏ်ရာရထားပြီး အသက်ပင် အန္တရာယ်ရှိနေသည့် အနေအထားပင်။
ကျိုးစစ်ယိက လက်ကို ခဲယဉ်းစွာ မြှောက်ပြီး ကျိုးရွှယ်လင်၏ ခြေကျင်းဝတ်ကို ဆွဲကိုင်လိုက်သည်။ "အဖေ... ကျေးဇူးပြုပြီး... သမီးကို ကယ်ပါ... အဟွတ် ဟွတ်..." စကားပြောနေစဉ်မှာပင် သွေးများ ထပ်မံ အန်ထွက်လာသည်။
စေခိုင်းထားသည့်ကိစ္စ မပြီးပြတ်သေးသည့်အပြင် အသုံးချစရာ ကျန်ရှိနေသေးသဖြင့် ကျိုးရွှယ်လင်းသည် သူမကို သေခွင့်မပေးလိုသေးပေ။ ထို့ကြောင့် ဝိညာဉ်စွမ်းအား ထုတ်လွှတ်ကာ ကိုယ်တွင်းမှ လျှပ်စီးစွမ်းအားများကို ဖယ်ရှားပေးလိုက်သည်။ ကျိုးစစ်ယိ၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာပြီး အသက်အန္တရာယ် ကင်းလွှတ်သွားသည်။
"နင့်ကို ဘယ်သူက ဒဏ်ရာရအောင် လုပ်လိုက်တာလဲ"
"ဝူရှန်းပါ"
"နင် သူ့ကို သွားလုပ်ကြံတာလား။ အခြေအနေ ဘယ်လိုလဲ" ဟု ကျိုးရွှယ်လင်က အလောတကြီး မေးလိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျိုးစီယီက ဖြည်းဖြည်းချင်း ပြန်ဖြေသည်။ "ဝူရှန်းက မြင်ရသလောက် မရိုးရှင်းဘူး။ သူက သွေးငှက်အတောင်နဲ့ ထိပြီး ဒဏ်ရာရသွားတယ်၊ ဒါပေမဲ့ ချက်ချင်း မသေဘဲ၊ လျှပ်စီးမန္တန်နဲ့ ပြန်တိုက်ခိုက်လို့ သမီးလည်း ဒီလောက်အထိ ဒဏ်ရာရသွားတာ။ နောက်တော့ သူ့ကိုယ်သူ ကာကွယ်ဖို့ သတ္တမအဆင့် အစီအရင်ကို အသက်သွင်းလိုက်ပြီး သတိလစ်သွားတယ်။ သမီးကလည်း ဒဏ်ရာ အရမ်းပြင်းနေတော့ အဲဒီအစီရင်ခံကို မဖောက်နိုင်ဘဲ အဖေ့ကို အစီရင်ခံဖို့ ပြန်လာခဲ့တာပါ"
ကျိုးရွှယ်လင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။ "ဒါဆို နင်ပြောချင်တာက ဝူရှန်းကို မသတ်နိုင်ခဲ့တဲ့အပြင် ငါ့ဂူကိုပါ ပြန်လာတယ်ပေါ့။ ဝူရှန်းကို လုပ်ကြံတဲ့ အပြစ်ထဲမှာ ငါ့ကိုပါ ဆွဲထည့်ချင်နေတာလား"
ကျိုးစစ်ယိ ထိတ်လန့်သွားပုံဖြင့် "မဟုတ်ပါဘူး အဖေ၊ အဲလို မဟုတ်ပါဘူး။ သမီး အခု ပြန်လာတာက အဖေ့အတွက် အရမ်းအရေးကြီးတဲ့ သတင်းတစ်ခု ရှိလို့ပါ။ ဝူရှန်းရဲ့ ဂူထဲမှာ ဒုတိယအဆင့် မြွေလူသား ခုနစ်ကောင် ရှိနေတယ်။ အဲဒီထဲက အစ်မတစ်ကောင်က ဆန်းကြယ်ချီ ကြွယ်ဝတဲ့အဆင့်ကို ရောက်တော့မယ်” ဟု အလျင်အမြန် ပြောလိုက်သည်။ သူမသာ အမြန်မပြောလျှင် ကျိုးရွှယ်လင်က သတ်ပစ်လိမ့်မည်ဟု ကြောက်နေပုံရသည်။
"ဘာ…. ဝူရှန်းက မြွေလူသားကို ဆန်းကြယ်ချီ ကြွယ်ဝတဲ့အဆင့်အထိ သန့်စင်နိုင်ခဲ့တယ် ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လွန်ခဲ့သော သုံးလကျော်ကမှ ဝူရှန်းသည် ဆန်းကြယ်ချီ အနည်းငယ် ထွက်ပေါ်လာအောင်သာ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ကို သူသိထားသည်။ ယခုကဲ့သို့ အချိန်တိုအတွင်းမှာ ဆန်းကြယ်ချီ ကြွယ်ဝသည့်အဆင့်အထိ ရောက်သွားသည်မှာ ဖြစ်နိုင်ပါမည်လော။ ဆန်းကြယ်ချီ၏ ပထမဆုံး အစအန ထွက်ပေါ်လာဖို့ကသာ အခက်ဆုံးဖြစ်ပြီး၊ ပြီးလျှင် အရှိန်အဟုန်နှင့် တိုးတက်သည့်သဘောပင်လော။ ကျိုးရွှယ်လင်၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးကာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ ကျိုးကြောင်းဆင်ခြင်မှုအရ ယခုလောက် မြန်မြန် ထိုအဆင့်ကို ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် ကျိုးရွှယ်လင်သည် ဆန်းကြယ်ချီအကြောင်း ယခုမှ ကြားဖူးခြင်းဖြစ်သဖြင့် သဘောသဘာဝနှင့် မည်မျှမြန်မြန် တိုးတက်နိုင်သည်ကို မသိရှိပေ။
ကျိုးရွှယ်လင် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်လာသည်။ ကျိုးစစ်ယိ ပြောသည်သာ အမှန်ဆိုလျှင် ဂိုဏ်းချုပ်နေရာမှာ ဖုန့်ဖန်းယီ၏ လက်ထဲသို့ ရောက်သွားပေတော့မည်။ သူ့ရင်ထဲတွင် မကျေနပ်မှုများ လှိုင်းထလာသည်။ ကျိုးရွှယ်လင်၏ အကြည့်မှာ အေးစက်ပြီး ရက်စက်သော အသွင်သို့ ပြောင်းသွားသည်။ "ငါ ဂိုဏ်းချုပ်နေရာကို ဖုန့်ဖန်းယီလက်ထဲ အရောက်မခံနိုင်ဘူး။ နောင်တက်မဲ့ ဂိုဏ်းချုပ်က ငါပဲ ဖြစ်ရမယ်”
ထိုစဥ်မှာပင် ကျိုးစစ်ယိက လက်ကိုမြှောက်ကာ တံဆိပ်ပြားတစ်ခု ကျိုးရွှယ်လင်ထံ ကမ်းပေးလိုက်သည်။ "ဒါ ဝူရှန်းရဲ့တံဆိပ်ပြားပါ။ သမီး အလစ်တိုက်ခိုက်တာ ခံလိုက်ရပြီးမှ ကျကျန်ခဲ့တာ။ ဝူရှန်း ဒဏ်ရာရပြီး အဆိပ်မိနေတာကို ဘယ်သူမှ မသိသေးဘူး။ အခုသွားရင် သူ့ကို သတ်ပြီး အဲဒီ မြွေလူသားကို လုယူဖို့ အခွင့်အရေး ရှိသေးတယ်"
ကျိုးရွှယ်လင်သည် ဝိညာဉ်စွမ်းအားကို တံဆိပ်ပြားထဲ ထည့်သွင်းကာ စစ်ဆေးကြည့်လိုက်ပြီး၊ ၎င်းမှာ ဝူရှန်း၏ တံဆိပ်ပြား အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဝူရှန်းကို သေစေချင်သော်လည်း သူကိုယ်တိုင် လက်စဖျောက်ရန်မှာမူ မဝံ့မရဲ ဖြစ်နေသည်။ ယင်းမှာ ပထမမဟာအကြီးအကဲ၏ ဒေါသကို သေချာပေါက် ဆွပေးသလို ဖြစ်လိမ့်မည်။ သို့သော် ကျိုးစစ်ယိ၏ စကားက သူ့ကို သတိပေးနေပြန်သည်။ ဆန်းကြယ်ချီ ကြွယ်ဝသည့်အဆင့်သို့ ရောက်ခါနီး မြွေလူသားကို လက်လွှတ်ရလျှင် ဂိုဏ်းချုပ်နေရာ လက်လွှတ်ရမည်မှာ ကျိန်းသေပင်။ လက်ဝယ်ရရှိပြီး ထိန်းချုပ်နိုင်ခဲ့ပါက မဟာအကြီးအကဲ၏ ဒေါသကို ပြေလျော့စေနိုင်လိမ့်မည်။ မဟာအကြီးအကဲအတွက် အရေးကြီးသည်မှာ ထိုမြွေလူသားသာ ဖြစ်သည်။
ကျိုးရွှယ်လင်က ကျိုးစစ်ယိကို စိုက်ကြည့်ရင်း "နင်ပြောတာတွေက လိမ်နေတာတော့ မဟုတ်ဘူးမလား"ဟု ခြိမ်းခြောက်ဟန်ဖြင့် မေးလိုက်သည်။
"သမီးအသက်က အဖေ့လက်ထဲမှာပါ၊ သမီး ဘယ်လိုလုပ် လိမ်ရဲမှာလဲ။ သမီး မျှော်လင့်တာကတော့ အဖေ ကတိတည်ပြီး ဝိညာဉ်ချုပ်နှောင်ကျိန်စာကို ဖြည်ပေးဖို့ပါပဲ"
ကျိုးရွှယ်လင်က ဘာမှမပြောဘဲ ကျိုးစစ်ယိ မျက်လုံးများကို စိုက်ကြည့်နေသည်။ ကျိုးစစ်ယိလည်း ကျောရိုးထဲမှ စိမ့်တက်လာသော အအေးဓာတ်ကို ခံစားရသည်အထိ ကြောက်ရွံသွားသော်လည်း အားနည်းချက်ဟန် မပြဘဲ ပြန်လည် စိုက်ကြည့်နေခဲ့သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ကျိုးရွှယ်လင်က ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ကာ ကျိုးစစ်ယိကို တိုက်ကျွေးလိုက်ပြီး သူမ၏ အတွင်းဒဏ်ရာများကို ခေတ္တ တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။
ထို့နောက် ကျိုးရွှယ်လင်သည် သူ့အော်ရာကို ဖုံးကွယ်ကာ ကျိုးစစ်ယိနှင့်အတူ ညအမှောင်ကို အကာအကွယ်ယူပြီး စုန့်ဝမ်၏ ဂူအပြင်ဘက်သို့ ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် တံဆိပ်ပြားကို သုံးကာ ဂူ၏အတားအဆီးများကို ဖွင့်လိုက်သည်။
ဂူပေါက်ဝ ပွင့်သွားသော်လည်း ကျိုးရွှယ်လင်က ချက်ချင်း မဝင်သေးဘဲ ဝိညာဉ်အာရုံဖြင့် ဂူအတွင်းကို စူးစမ်းကြည့်ရာ ဒုတိယအဆင့် ဝိညာဥ်ဖုံးကွယ် အစီအရင်တစ်ခု ရှိနေသည်ကို သတိပြုမိသည်။ ထိုအစီအရင်သည် မြွေကျင်းအပါအဝင် ဂူ၏ နေရာအများစုကို လွှမ်းခြုံထားသည်။ ခံစစ်စွမ်းအားမှာ သိပ်မပြင်းထန်သော်လည်း ဖုံးကွယ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် ကျိုးရွှယ်လင်သည် အစီအရင် အတွင်းပိုင်းမှ လှုပ်ရှားမှုများကို မသိနိုင်ပေ။
ကျိုးရွှယ်လင်က ချက်ချင်း မဝင်သေးဘဲ ကျိုးစစ်ယိကို ဂူအတွင်းသို့ ပစ်သွင်းလိုက်သည်။ ထူးခြားမှု မရှိကြောင်း သိရမှ သူကိုယ်တိုင် ဂူထဲသို့ ဝင်ခဲ့သည်။ ထို့နောက်တွင် ပြင်ပမှ လူများ သတိမထားမိစေရန် တံဆိပ်ပြားဖြင့် ဂူအဝကို ပြန်လည် ပိတ်ဆို့လိုက်သည်။
ထို့နောက် ဒုတိယအဆင့် ဝိညာဥ်ဖုံးကွယ်အစီအရင်ကို အတင်းအဓမ္မ ဖောက်ထွက်ရန် ပြင်သည်။ ၎င်းက ဆူညံသံ ထွက်ပေါ်စေမည် ဖြစ်သော်လည်း ဂူကို ပိတ်ထားသဖြင့် အပြင်လူများ သတိထားမိရန် ခက်ခဲသွားလိမ့်မည်။ ကျိုးရွှယ်လင်သည် သုံးပေခန့်ရှည်သော စိမ်းဖန့်ဖန့် ဓားတစ်လက်ကို ကိုင်ကာ အစီအရင်၏ အကာအရံအနီးသို့ ချဉ်းကပ်သွားပြီး ဓားရှည်ဖြင့် အစီရင်ခံ၏ အတားအဆီးကို ထိုးစိုက်လိုက်သည်။
အစီအရင် အတားအဆီးမှာ ကျောက်ခဲတစ်လုံး ပစ်ချခံလိုက်ရသည့် ကန်ရေပြင်ကဲ့သို့ လှိုင်းထကာ ကွဲအက်သွားသည်။ သို့သော်လည်း နောက်ထပ် မြင်ကွင်းက ကျိုးရွှယ်လင်၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ပေးစွမ်းလာခဲ့သည်။ အစီအရင် ပျက်စီးသွားသည်နှင့် အဖြူရောင်မြူခိုးများ အဆက်မပြတ် တိုးထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရွှယ်လင်နှင့် ကျိုးစစ်ယိတို့မှာ ဂူတစ်ခုလုံး ပြည့်နှက်သွားသော မြူခိုးများအတွင်း နစ်မြုပ်သွားခဲ့သည်။
'ဝိညာဉ်ဖုံးကွယ်မြူခိုး' ကျိုးရွှယ်လင်၏ အနည်းငယ် မျက်နှာပျက်သွားသည်။ ကျဉ်းမြောင်းသော ဂူအတွင်းတွင် ဝိညာဉ်ဖုံးကွယ်မြူခိုးများမှာ အလွန်သိပ်သည်းလှသည်။ ၎င်း၏ သိပ်သည်းဆမှာ ကွင်းပြင်တွင် သုံးခဲ့သည်ထက် အဆပေါင်းများစွာ ပိုများနေသည်။ ရှေ့တွင် အဖြူရောင် မြူခိုးများမှလွဲ၍ ဘာမှမမြင်ရတော့သလို၊ ဝိညာဉ်အာရုံကို နှိပ်ကွပ်မှုမှာလည်း အလွန်ပြင်းထန်လှသည်။ ကျိုးရွှယ်လင်၏ ဝိညာဉ်အာရုံမှာ တစ်ပေခွဲခန့်သာ ထိုးဖောက်နိုင်သဖြင့် မျက်မမြင်တစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး ကျိုးစစ်ယိနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားသည်။
ရုတ်တရက် ရှေ့ရှိ မြူခိုးများမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး လေထုကို ဖြတ်သန်းသွားသော စူးရှသည့် အသံတစ်ခုနှင့်အတူ ကြီးမားသော အားအဟုန်တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ကျိုးရွှယ်လင်က ဝူရှန်း၏ အလစ်တိုက်ခိုက်မှုဟု ထင်မှတ်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ ဝိညာဉ်ဖုံးကွယ်မြူခိုးကြောင့် အာရုံများ ရှုပ်ထွေးနေသော်လည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ ခဲယဉ်းလှသည်။ ကျိုးရွှယ်လင် ဓားရှည်ကို လှုပ်ရှားလိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားချီတစ်ခု မြူခိုးများကို ဖြတ်သန်းသွားသည်။
"ဇွတ်" တစ်စုံတစ်ခုကို ထိုးခုတ်မိသွားသည့် အသံ ထွက်ပေါ်လာသည်။ အသေးစိတ် မစစ်ဆေးရသေးခင်မှာပင် ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ ပို၍ လှုပ်ရှားလာသဖြင့် ကျိုးရွှယ်လင်လည်း ဓားရှည်ကို လှည့်ပတ်ကာ အရပ်မျက်နှာ အနှံ့အပြားသို့ ထက်မြက်သော ဓားချီများစွာ ထုတ်လွှတ်လိုက်သည်။
"ဇွတ်.. ဇွတ်..." ဓားနှင့် ထိုးခံရသည့် အသံများနှင့်အတူ လေးလံသော အရာဝတ္ထုများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံများ ထွက်ပေါ်လာသည်။ "ဒုန်း၊ ဒုန်း၊ ဒုန်း..."
ကျိုးရွှယ်လင်း တစ်ခုခု မှားနေပြီဆိုတာကို ရိပ်မိလိုက်သည်။ သူတိုက်ခိုက်မိသည်မှာ ဝူရှန်း မဟုတ်သလို၊ ဝိညာဉ်လက်နက်လည်း မဟုတ်ဘဲ ရှည်မျောမျော သက်ရှိအချို့ ဖြစ်သည်။ ရှေ့တိုးပြီး အနီးကပ် စစ်ဆေးလိုက်ရာ ဝူရှန်း၏ ဂူထဲတွင် အကျဉ်းချထားသော မြွေလူသားများ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ သူ၏ တိုက်ခိုက်မှု နှစ်ကြိမ်အတွင်းမှာတင် မြွေလူသား ခုနစ်ကောင်လုံးကို ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ ပူးပေါင်းကြံစည်မှုအတွင်း ကျရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဂူအဝသို့ အမြန်ဆုံး ဦးတည်လိုက်သည်။ ……..
***