ကျိုးရွှယ်လင် ဂူအပြင်ဘက် ရောက်သည်နှင့် အသင့်စောင့်နေသော ဖုန့်ဖန်းယီ၊ စုန့်ဝမ်တို့နှင့် တည့်တည့်တိုးပါတော့သည်။
ကျိုးရွှယ်လင်ကို တွေ့သည်နှင့် "တောင်သခင်ဖုန့်... ကျွန်တော့်ကို ကယ်ပါဦး၊ ကျိုးရွှယ်လင်က ကျွန်တော့်ကို သတ်ချင်နေတာပါ" ဟု စုန့်ဝမ်က ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ပြောလိုက်သည်။
ဖုန့်ဖန်းယီမှာ သူ့မျက်နှာပေါ်မှ ကျေနပ်နေသော အပြုံးကို ဖုံးကွယ်ထားရန် ခဲယဉ်းနေသည်။ ဝိညာဉ်သားရဲတောင်က အင်အားကြီးမားပြီး အရင်းအမြစ်များပြားသဖြင့် ဆန်းကြယ်ချီ ပေါင်းစပ်မှုကိစ္စတွင် ဆေးလုံးတောင်ထက် အရင် ပြီးသွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ယခုမူ ကျိုးရွှယ်လင်က စိတ်လွတ်ကိုယ်လွတ်နှင့် စုန့်ဝမ်ကို လာရောက်တိုက်ခိုက်ပြီး စုန့်ဝမ်က လွတ်မြောက်သွားခဲ့သည်။ ဤသည်မှာ ကျိုးရွှယ်လင် ကိုယ့်သင်္ချိုင်းကိုယ်တူးခြင်းပင် ဖြစ်သည်။ "စိတ်မပူပါနဲ့ အကြီးအကဲဝူ၊ မင်းဘေးကင်းဖို့ ငါ အာမခံပါတယ်။ ကျိုးရွှယ်လင်က ဘာကြီးပဲဖြစ်ဖြစ် သားရဲသခင်ဂိုဏ်းမှာ သူ့သဘောအတိုင်း လုပ်လို့မရပါဘူး"
စုန့်ဝမ်နှင့်အတူ ဖုန့်ဖန်းယီကို မြင်လိုက်ရသောအခါ ကျိုးရွှယ်လင် တုန်လှုပ်သွားသည်။ စုန့်ဝမ်သည် ကျိုးစစ်ယိနှင့် ပူးပေါင်းကာ သူ့ကို တမင်တကာ မျှားခေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဝိညာဉ်ဖုံးကွယ်မြူခိုးကို သုံးကာ သူ့အာရုံကို ရှုပ်ထွေးစေပြီး မြွေလူသား ခုနစ်ကောင်လုံးကို သူ့လက်ဖြင့် သတ်မိစေရန် လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ရိပ်မိသွားသည်။
"အဲဒီကောင်မစုတ်… ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့" ကျိုးရွှယ်လင်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲပြူးထွက်နေသည်။
"ကျိုးရွှယ်လင်... ဒုတောင်သခင်တစ်ယောက် ဖြစ်ပြီးတော့ ဂိုဏ်းတူ အခြေတည်အဆင့် အကြီးအကဲကို အလစ်တိုက်ခိုက်ရဲတယ်ပေါ့၊ ဒါက သားရဲသခင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အပြုအမူပဲကွ" ဖုန့်ဖန်းယီက ကျယ်လောင်စွာ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ သူက ဤဖြစ်ရပ်ကို ဂိုဏ်းသားများ ပိုမိုသိရှိပြီး၊ ကျိုးရွှယ်လင် နာမည်ပျက်စေရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
"ဖုန့်ဖန်းယီ... လမ်းဖယ်စမ်း" ကျိုးရွှယ်လင်က ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် စိတ်လောနေသည်။
သို့သော် ဖုန့်ဖန်းယီက ကျိုးရွှယ်လင်ကို ကျဆုံးစေမည့် ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်လွှတ်မခံပေ။ ညကောင်းကင်ယံတွင် ဒါဇင်နှင့်ချီသော ပုံရိပ်များ သူတို့ဆီသို့ ပျံသန်းလာကြသည်။ ဖုန့်ဖန်းယီက ဆက်သွယ်ရေး ကျောက်စိမ်းပြားဖြင့် တစ်တောင်လုံးရှိ အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ချီစုစည်းခြင်းအဆင့် တပည့်အချို့ကို အကြောင်းကြားထားပြီးသား ဖြစ်သည်။ ထိုလူများမှာ ဂူအနီးတဝိုက်ကို ပိတ်ဆို့လိုက်သဖြင့် ကျိုးရွှယ်လင်အတွက် ထွက်ပေါက် မရှိတော့ပေ။
"ဖုန့်ဖန်းယီ... မင်း ဘာလုပ်ချင်နေတာလဲ"
ဖုန့်ဖန်းယီက မျက်ခုံးပင့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "ဘာလုပ်ချင်တာလဲ ဟုတ်လား။ ဂိုဏ်းသားအားလုံး မင်းရဲ့ ဟန်ဆောင်မျက်နှာဖုံးကို မြင်သွားအောင် လုပ်မလို့လေ"
"မင်း..." ကျိုးရွှယ်လင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းလူတွေကို ဖယ်ခိုင်းလိုက်၊ မဟုတ်ရင် ငါ တိုက်ခိုက်ရလိမ့်မယ်"
"ဟားဟား..." ဖုန့်ဖန်းယီက ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။ "ဒုတောင်သခင်ကျိုး... လူအားလုံးရဲ့ ရှေ့မှာ ဆေးတောင်က အခြေတည်အဆင့် အကြီးအကဲ ဆယ်ယောက်ကျော်နဲ့ တပည့်ပေါင်းများစွာကို မင်း တကယ် တိုက်ခိုက်ချင်လို့လား"
ထိုအချိန်မှာပင် ကျိုးစစ်ယိသည် စုန့်ဝမ်၏ ဂူထဲမှ ယိုင်နဲ့နဲ့နှင့် ထွက်လာခဲ့သည်။ သူမက ကျိုးရွှယ်လင်၏ ရှေ့တွင် ဒူးထောက်လျက် "အဖေ... ကျေးဇူးပြုပြီး သမီးကို ချမ်းသာပေးပါ၊ သမီး တကယ် မသေချင်ဘူး" ဟု အသနားခံတော့သည်။
ကျိုးစစ်ယိ၏ အသနားခံသံက မီးလောင်ရာလေပင့် ဖြစ်သွားခဲ့သည်။ ဂိုဏ်းတူ အကြီးအကဲကို လုပ်ကြံခြင်းမှာပင် ကြီးလေးသော အပြစ်ဖြစ်ရာ၊ မိမိ၏ သမီးအရင်းကိုပါ သတ်ရန် ကြိုးစားခြင်းမှာ လူမဆန်သော လုပ်ရပ်အဖြစ် လူအများက မြင်သွားကြသည်။ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျိုးစစ်ယိမှာ အလွန်လှပပြီး ပါရမီထူးချွန်သူ ဖြစ်သဖြင့် ကျင့်ကြံသူ အများအပြားက သူမကို လေးစားချစ်ခင်ကြသည်။ ယခု ကျိုးရွှယ်လင်းက ထိုကဲ့သို့သော သမီးကို ရန်မူချင်နေသည်ကို တွေ့ရသောအခါ လူအများက လက်ညှိုးထိုးကာ တိုးတိုးတိုးတိုးဖြင့် ဝေဖန်ကြတော့သည်။
ကျိုးရွှယ်လင်သည် သူ့သမီးကို ဒေါသတကြီး စိုက်ကြည့်နေပြီး လက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။ "ငါ နင့်ကို အနှစ်နှစ်ဆယ်ကျော် ပင်ပင်ပန်းပန်း ကျွေးမွေးလာခဲ့တာကို၊ နင်က ငါ့ရဲ့ ကျေးဇူးကို ဒီလို ရန်ငြိုးနဲ့ တုံ့ပြန်တယ်ပေါ့"
"အဖေ... သမီးက အသက်ရှင်ချင်ရုံပါ” ကျိုးစစ်ယိက သနားစရာကောင်းအောင် ငိုယိုကာ ပြောလိုက်သည်။
"နင်လို သမီးမိုက်ကို ငါ သတ်ပစ်မယ်" ကျိုးရွှယ်လင်၏ ဒေါသမှာ ထိပ်ဆုံးသို့ ရောက်သွားကာ သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။ သူသည် ကျိုးစစ်ယိကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ချင်နေသော်လည်း လူအများရှေ့တွင် သတ်ရန် မဝံ့ပေ။ မဟုတ်ပါက မိမိသမီးကို သတ်သူအဖြစ် နာမည်ဆိုးဖြင့် ကျန်ရစ်ပေလိမ့်မည်။
"ဒုတောင်သခင်ကျိုး၊ ခင်ဗျားကတော့ တကယ့်ကို လူမုန်းများတဲ့သူပဲ" ဖုန့်ဖန်းယီက ဘေးမှနေ၍ မီးလောင်ရာလေပင့် လုပ်နေသည်။
ထိုအချိန်မှာပင် ဝေးကွာသော ကောင်းကင်မှ လူပုံရိပ်အချို့ ပျံသန်းလာကြသည်။ ၎င်းတို့မှာ ဖုန့်ဖန်းယီ အကြောင်းကြားထားသည့် ဥပဒေခန်းမမှ လူများ ဖြစ်သည်။ ရောက်ရှိလာသူများထဲတွင် ဥပဒေခန်းမ၏ အကြီးအကဲ လော့လျန်၊ ဒုအကြီးအကဲ ဖုန်ရှင်းဟိုင်နှင့် အခြေတည်အဆင့် အကြီးအကဲအချို့ ပါဝင်သည်။
ကျိုးရွှယ်လင်၏ မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။ ဥပဒေခန်းမ၏ အကြီးအကဲနှင့် ဒုအကြီးအကဲတို့ ကိုယ်တိုင် ရောက်လာသဖြင့် ယနေ့ကိစ္စမှာ ကောင်းကောင်းမွန်မွန် ပြီးဆုံးလိမ့်မည် မဟုတ်ပေ။ မကြာမီမှာပင် သားရဲသခင်ဂိုဏ်း တစ်ခုလုံး သိသွားပေလိမ့်မည်။ ဂုဏ်သရေရှိသော ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် ဝိညာဉ်သားရဲတောင်၏ ဒုတောင်သခင်ဖြစ်သူ ကျိုးရွှယ်လင်သည် ဂိုဏ်းတူ အခြေတည်အဆင့် အကြီးအကဲကို လျှို့ဝှက်လုပ်ကြံခဲ့ပြီး ရှုံးနိမ့်သွားခဲ့ကြောင်းပင်။ သူ့ဂုဏ်သိက္ခာမှာ အောက်ဆုံးထိ ထိုးဆင်းသွားခဲ့ပြီ ဖြစ်သလို၊ ဂိုဏ်းချုပ်နေရာကို ပြိုင်ဆိုင်ရန် အရည်အချင်းလည်း လုံးဝ မရှိတော့ပေ။ ဖြောင့်မတ်သောလမ်းစဉ်တွင် အင်အားကို အလေးထားသော်လည်း ဖြောင့်မတ်မှန်ကန်မှုနှင့် တရားမျှတမှုကိုလည်း အပေါ်ယံအားဖြင့်ဖြစ်စေ အလေးထားကြသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသူမှာ သားရဲသခင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာစရာအကြောင်း လုံးဝမရှိပေ။ …..
"ခန်းမသခင်လော့၊ ဒုခန်းမသခင်ဖုန်... ခင်ဗျားတို့ အချိန်ကိုက် ရောက်လာတာပဲ။ ကျိုးရွှယ်လင်က ငါ့ဆေးတောင်က အကြီးအကဲတစ်ယောက်ကို လုပ်ကြံပြီး ဂိုဏ်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်။ သူ့ကို ဖမ်းဆီးပေးဖို့ ခင်ဗျားတို့ကို အကူအညီတောင်းရပါလိမ့်မယ်" ဖုန်ဖန်းယီ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသည်။
"ဖုန့်ဖန်းယီ... မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာပဲ။ ငါနဲ့ အကြီးအကဲဝူကြားမှာ ဘာရန်ငြိုးမှ မရှိဘူး၊ ငါက ဘာလို့ သူ့ကို သတ်ရမှာလဲ"
ဖန့်ဖုန်းယီက လှောင်ပြုံးပြုံးလိုက်သည်။ "ဒုတောင်သခင်ကျိုး... ငြင်းဆန်ဖို့ မကြိုးစားပါနဲ့တော့။ အကြီးအကဲဝူကို လုပ်ကြံဖို့ မဟုတ်ရင် ခင်ဗျား ဘာလို့ ညသန်းခေါင်ယံမှာ သူ့ဂူထဲကို ခိုးဝင်ရတာလဲ"
"ငါက အကြီးအကဲဝူနဲ့ ကိစ္စတစ်ခု ဆွေးနွေးဖို့ လာရှာတာ။ သူက ဂူထဲမှာ ရှိမနေဘဲ၊ ဂူရဲ့ အကာအကွယ်တွေလည်း ဟင်းလင်းပွင့်နေတာ။ အကြီးအကဲဝူကို စိုးရိမ်လို့ ငါ အထဲဝင်ကြည့်တာပဲ ရှိတယ်" ကျိုးရွှယ်လင်သည် စိတ်ကို ပြန်လည်စုစည်းကာ ဆင်ခြေတစ်ခုကို လုပ်ကြံဖန်တီးလိုက်သည်။
"ကျိုးရွှယ်လင်... ခင်ဗျား ဘယ်လောက်ပဲ စကားလုံးလှလှတွေ သုံးပါစေ၊ အမှန်တရားကို ပြောင်းလဲလို့ မရဘူး။ ကျိုးစစ်ယိ ဒီမှာ ရှိနေတယ်၊ သူက ခင်ဗျား ပြစ်မှုကျူးလွန်ပုံကို မြင်တွေ့ခဲ့တဲ့ သက်သေပဲ"
ကျိုးရွှယ်လင်ကလည်း ကျိုးစစ်ယိမှာ အဓိကကျသောသူ ဖြစ်ကြောင်း သိသည်။ သူမ၏ သက်သေထွက်ဆိုချက်ကသာ အဆုံးအဖြတ် ပေးပေလိမ့်မည်။ အကယ်၍ ကျိုးစစ်ယိသာ သူ့ဘက်မှ ရပ်တည်ပေးပါက ဤအခြေအနေမှ လွတ်မြောက်ရန် လမ်းစ ရှိသေးသည်။ သူသည် အကြီးအကဲဝူနှင့် ကိစ္စဆွေးနွေးရန် သမီးဖြစ်သူကို ခေါ်ဆောင်လာခဲ့ပြီး၊ ညသန်းခေါင်ယံ ရောက်ရှိချိန်တွင် ဂူ၏ အကာအကွယ်များ ပွင့်နေကာ အတွင်း၌ ဝိညာဥ်ဖုံးကွယ်မြူခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။ အကြီးအကဲဝူ၏ ဘေးကင်းမှုကို စိုးရိမ်သဖြင့် မြူခိုးများထဲသို့ ဝင်ရောက်သွားခဲ့ခြင်းသာ ဖြစ်သည်။ သေဆုံးနေသော မြွေလူသားများမှာ သူ့လက်ချက်မဟုတ်ဘဲ အခြားသူ၏ လက်ချက်သာ ဖြစ်ရမည်။ သူ ဓားချီကို အသက်သွင်းစဉ်က ဝိညာဉ်စွမ်းအားကို မသုံးဘဲ၊ ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြု၍ ဓား၏စွမ်းအားကို နှိုးဆွကာ ဓားချီ ထွက်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမြွေလူသားများ၏ ကိုယ်ပေါ်တွင် သူ့ဝိညာဉ်စွမ်းအား အကြွင်းအကျန်များ ရှိနေမည် မဟုတ်ပေ။ သူသာ အသေအလဲ ငြင်းဆိုနေမည်ဆိုလျှင် အခြားသူများမှာ သက်သေရှာတွေ့နိုင်မည် မဟုတ်ပေ။
ဤသည်မှာ ကျိုးရွှယ်လင် အပြစ်မှ လွတ်မြောက်ရန် ဆွဲထားသော အစီအစဉ် ဖြစ်သည်။ ယခု လိုအပ်နေသည်မှာ ကျိုးစစ်ယိ၏ ထောက်ခံချက်သာ ဖြစ်သည်။ ထို့ကြောင့် ကျိုးရွှယ်လင်သည် ကျိုးစစ်ယိထံသို့ အသံပို့လွှတ်ပြီး ဆက်သွယ်လိုက်သည်။ “စစ်ယိ... နင် ငါ့အပေါ် ရန်ငြိုးထားတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ အနှစ်နှစ်ဆယ်ကျော် သားအဖ သံယောဇဉ်နဲ့ ငါ နင့်ကို ကျွေးမွေးပြုစုလာတာတွေကို ထောက်ထားပြီး ငါ့ကို ကူညီပေးဖို့ မျှော်လင့်တယ်။ ဒီကိစ္စ ပြီးသွားတာနဲ့ ငါ ဝိညာဉ်ချုပ်နှောင်ကျိန်စာကို သေချာပေါက် ဖြည်ပေးပြီး နင့်ကို လွတ်လပ်ခွင့် ပေးပါ့မယ်။ အဲဒီအချိန်ကျရင် နင်လည်း လွတ်လပ်သွားမှာပါ”
ကျိုးရွှယ်လင်က သားအဖသံယောဇဉ်ဖြင့် သိမ်းသွင်းကာ အကျိုးအမြတ်ဖြင့် မျှားခေါ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဖုန့်ဖန်းယီ၊ လော့လျန်နှင့် ဖုန်ရှင်းဟိုင်တို့သည် ကျိုးရွှယ်လင် တိတ်တဆိတ် အသံလွှင့်နေသည်ကို ရိပ်မိကြသည်။ သို့သော် သူတို့ သုံးဦး၏ ကျင့်ကြံဆင့်မှာ ကျိုးရွှယ်လင်ထက် မသာလွန်သဖြင့် ကြားဖြတ် နားမထောင်နိုင်ကြပေ။
"ဒုတောင်သခင်ကျိုး... တိတ်တဆိတ် အသံလွှင့်ပြီး ပူးပေါင်းကြံစည်နေတာက လူကြီးလူကောင်း ပီသတဲ့ လုပ်ရပ် မဟုတ်ဘူးနော်။ ပွင့်ပွင့်လင်းလင်း ပြောလို့မရတဲ့ အရာက ဘာလဲ" ကျိုးစစ်ယိနှင့် ကျိုးရွှယ်လင်တို့ လျှို့ဝှက်ကြံစည်မည်ကို စိုးရိမ်သဖြင့် ဖုန့်ဖန်းယီက လှောင်ပြောင်လိုက်သည်။ သို့သော် သူက စိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။ ကျိုးရွှယ်လင်၏ နှိပ်စက်မှုကို ကာလရှည်ကြာ ခံလာရသော ကျိုးစစ်ယိသည် ကျိုးရွှယ်လင်၏ လိမ်ညာမှုများကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
ကျိုးစစ်ယိက "ကျိုးရွှယ်လင်က အကြီးအကဲဝူ သူ့ထက်အရင် မြွေလူသားတွေကို သန့်စင်ပြီး ဆန်းကြယ်ချီ ရရှိသွားမှာကို စိုးရိမ်နေလို့ မနာလိုစိတ်နဲ့ အကြီးအကဲဝူကို သတ်ဖို့ ကြံစည်ခဲ့တာပါ"ဟုဆိုကာ တဆုံးပို့လိုက်ပါတော့သည်။
ကျိုးရွှယ်လင်က သမီးဖြစ်သူစကားကြောင့် လက်သီးကို တင်းတင်းဆုပ်ကာ၊ မျက်လုံးများ ပြူးထွက်လျက်၊ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။ "နင်က နင့်အဖေအရင်းကိုတောင် မဟုတ်မမှန် စွပ်စွဲရဲတယ်ပေါ့။ ဒါက တကယ့်ကို လက်မခံနိုင်စရာပဲရ ဒီလို သမီးမိုက်ကို သတ်ပြီး ငါ့မိသားစုကို ငါကိုယ်တိုင် သန့်စင်ရလိမ့်မယ်"
ထိုသို့ပြောပြီး ကျိုးရွှယ်လင်က တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ "တော်တော့" ထိုအော်ဟစ်သံနှင့်အတူ ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာပြီး ပမထမဟာအကြီးအကဲယန်ယွီ ရောက်လာခဲ့သည်။
"ပထမမဟာအကြီးအကဲကို ဂါရဝပြုပါတယ်"
ဖုန့်ဖန်းယီ၊ လော့လျန်၊ ဖုန်ရှင်းဟိုင်နှင့် ကျိုးရွှယ်လင်တို့ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။ အခြားသူများလည်း ထိုနည်းတူ အရိုအသေပြုလိုက်ကြသည်။ ပထမမဟာအကြီးအကဲ ကိုယ်တိုင် ပေါ်လာသည်ကို မြင်ရသောအခါ လူတိုင်း အံ့ဩထိတ်လန့်သွားကြသည်။ အခြေတည်အဆင့် အကြီးအကဲတစ်ယောက် အလစ်တိုက်ခိုက်ခံရသည့် ကိစ္စက မဟာအကြီးအကဲကို ကိုယ်တိုင် ဆင်းလာစေသည်အထိ ဖြစ်စေသည်လား။
ကျိုးရွှယ်လင်သည် အလွန်တရာ ထိတ်လန့်သွားသည်။ ပထမမဟာအကြီးအကဲ ကိုယ်တိုင် ရောက်နေပြီဆိုလျှင် ယနေ့ကိစ္စမှာ ကောင်းကောင်းမွန်မွန် ပြီးဆုံးတော့မည် မဟုတ်သည်မှာ သေချာသည်။ ………..
***