အစ်ကိုရွှီက ဘာစကားမျှ မပြောဘဲ ယင်ထိန်မြို့နယ်မှ ထွက်ခွာလာခဲ့သည်။ သူက မှောင်မိုက်နေသော တောအုပ်ထဲသို့ ပြေးဝင်သွားပြီး သစ်ပင်တစ်ပင်ကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်ရာ သစ်ကိုင်းပေါ်မှ နှင်းများက တဖွဲဖွဲ ကျဆင်းလာတော့သည်။
"ငါ့မှာ သားသမီးတွေနဲ့ မိသားစုသာ မရှိဘူးဆိုရင် ဒါမှမဟုတ် အသက်က နှစ်ဆယ်လောက် ပိုငယ်မယ်ဆိုရင် ဒီနေ့ ငါ အသက်ပေးပြီးတော့ ဖုန်းယီအန်းကို တစ်ပါတည်း ခေါ်သွားမှာပဲ"
သူက အမောတကော အသက်ရှူရင်း ပြောလိုက်သည်။ သူ၏ ရင်ထဲတွင် အလွန် ခံရခက်နေပြီး လက်မောင်းများကလည်း တုန်ရီနေပေသည်။ သူက ထိုအခန်းထဲတွင် အစော်ကားခံခဲ့ရသည်။ ယခုအချိန်အထိ သူ၏ ပါးပေါ်တွင် လက်ဝါးရာများ ရှိနေဆဲ ဖြစ်သည်။ ယောက်ျားတစ်ယောက်အနေနှင့် ထိုအရှက်ကွဲမှုကို သူ ခါးစည်းမခံနိုင်ပေ။
သို့သော် သူ့တွင် မိသားစု ရှိနေသလို သူကလည်း လူငယ်တစ်ဦး မဟုတ်တော့ချေ။ သူ ထမ်းဆောင်ရမည့် တာဝန်များနှင့် ဝတ္တရားများက သူ့ကို အောင့်အီးသည်းခံရန် ဖိအားပေးနေခြင်း ဖြစ်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ငါ့ရဲ့ သွေးပူမှုတွေကတော့ ဘဝရဲ့ ဖိစီးမှုတွေကြားမှာ ကုန်ဆုံးသွားခဲ့ပြီပဲ။"
ချင်မင်က မည်သို့ နှစ်သိမ့်ပေးရမှန်း မသိဘဲ သူ၏ စိတ်အာရုံမှာလည်း လိုက်ပါ လှုပ်ရှားနေမိသည်။
"ဦးလေးရွှီ စိတ်မဆိုးပါနဲ့ဦး သူတို့ ဒီလို မကောင်းမှုတွေ လုပ်နေတာဆိုတော့ တစ်နေ့နေ့မှာ အပြစ်ပေးခံရမှာပါ။"
အချိန်အတော်ကြာမှ အစ်ကိုရွှီက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ပြန်ကြရအောင်"
ညကောင်းကင်ယံတွင် နှင်းပွင့်လေးများ ကျဆင်းနေဆဲ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ၎င်းတို့နှစ်ဦး စကားသိပ်မပြောဖြစ်ကြသဖြင့် ချင်မင်က အငွေ့အသက်များကို လျှော့ချရန်အတွက် စကားစလိုက်သည်။
"တောင်ရှင်းလင်းရေးက ဘာလို့ မစသေးတာလဲ။"
အစ်ကိုရွှီက ပြန်ဖြေသည်။
"အထက်က လူတွေက တောင်ပေါ်က လျှို့ဝက်ဆန်းပြားတဲ့ သတ္တဝါတွေနဲ့ ဆွေးနွေးနေတုန်း ထင်တယ်။"
ထို့နောက်တွင် သူ၏ မျက်နှာက ပျက်ယွင်းသွားသည်။ ကင်းလှည့်အဖွဲ့တွင် မျိုးစေ့များ အပင်ပေါက်မြန်စေရန် လှုံ့ဆော်ဆေးရည် တစ်မျိုး ရှိပြီး သုံးရက်အကြာတွင် သစ်ပင်နှစ်ပင်ရွာသို့ ပို့ဆောင်ကာ မီးစမ်းရေထဲတွင် လောင်းထည့်လိမ့်မည်ဟု ဆိုသည်။ ယင်းက လမင်းနက်အတွက် အကျိုးရှိသော်လည်း မီးစမ်းရေအတွက်မူ ဆိုးကျိုးများ ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။
"တခြားရွာတွေကရော သဘောတူကြလား။"
ချင်မင်က မေးမြန်းလိုက်သည်။
အစ်ကိုရွှီက သက်ပြင်းချရင်း ပြောပြသည်။
"ရွာသုံးရွာကတော့ ပြဿနာရှိခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေက ရိက္ခာပင်တွေ လျော့နည်းလာတာကို ကြည့်ပြီး မျိုးစေ့တွေမှာ ပြဿနာရှိနေတာကို သူတို့လည်း ရိပ်မိကြတာပေါ့။ ဒါပေမဲ့ နောက်ဆုံးတော့ ဖိအားတွေကို မတောင့်ခံနိုင်ဘဲ သဘောတူလိုက်ကြရတာပဲ။ ဘေးနားက ချင်းဆန်းရွာ တစ်ရွာပဲ ကျန်တော့တယ်။ ကင်းလှည့်အဖွဲ့ကလည်း ဟိုရောဂါသည်လေးကို ကျင့်စဉ်ပေးခဲ့တဲ့သူကို ကြောက်နေကြလို့ အတင်းအကျပ် မလုပ်ရဲကြတာ။"
"မကြာခင်မှာ လလယ်ကို ရောက်တော့မယ်။"
ချင်မင်က မှောင်မိုက်နေသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ ကင်းလှည့်အဖွဲ့မှ လူများသည် လလယ်နှင့် လကုန်ရက်များတွင်သာ တောင်ပေါ်တွင် အတူတူ ရှိနေတတ်ကြကြောင်း သူ သိရှိထားသည်။
ထိုအချိန်တွင် နီရဲနေသော နွားကြီးတစ်ကောင် လမ်းဆုံမှ ပေါ်ထွက်လာသဖြင့် မမြင်ဘဲ မနေနိုင်လောက်အောင် ဖြစ်သည်။ ၎င်း၏ ကိုယ်ထည်က လူတစ်ရပ်မက မြင့်မားလှပြီး အမွေးများကလည်း တောက်ပကာ အနီရောင်အလင်းများ ထွက်ပေါ်နေသည်။ ပုံမှန် ချိုနှစ်ဖက်အပြင် ၎င်း၏ နဖူးအလယ်တွင် ထက်မြက်လှသော ဦးချိုတစ်ချောင်းလည်း ရှိနေပေသည်။ ယင်းက မျိုးဗီဇပြောင်း သတ္တဝါ တစ်မျိုး ဖြစ်သည်မှာ ထင်ရှားလှသည်။
သို့သော် အာရုံအဖမ်းစားဆုံးမှာ ထိုနွားကြီးပေါ်တွင် ထိုင်နေသော အမျိုးသားပင် ဖြစ်သည်။ သူက အလွန် အရပ်ရှည်ပြီး မြေပြင်ပေါ်တွင် ရပ်မည်ဆိုပါက သုံးမီတာကျော် ရှိပေလိမ့်မည်။ ဆံပင်အရှည်များက ပခုံးပေါ်တွင် ဝဲကျနေပြီး မျက်ဝန်းများက ဓားကဲ့သို့ ထက်မြက်လှကာ ၎င်းတို့နှစ်ဦးကို တစ်ချက် ကြည့်လိုက်လေသည်။ နီရဲနေသော ထိုနွားကြီးက နှင်းများကို နင်းကာ ယင်ထိန်မြို့နယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားတော့သည်။
"ဒီလောက် အရပ်ရှည်တဲ့လူလည်း ရှိတာပဲလား။"
ချင်မင်က အံ့သြစွာဖြင့် ပြောလိုက်သည်။
"သူက တခြား လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေတာလေ။"
အစ်ကိုရွှီက ဝေးကွာသွားသော ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။
"စောစီးစွာ ဘဝသစ် ရရှိခဲ့လို့ ခန္ဓာကိုယ်က အရှိန်အဟုန်နဲ့ ကြီးထွားလာတာလား။"
ရှေးလူကြီးများ၏ အတွေ့အကြုံအရ အသက် တစ်ဆယ့်ငါး တစ်ဆယ့်ခြောက်နှစ်တွင် ဘဝသစ် ရရှိခြင်းက အကောင်းဆုံး ဖြစ်ပြီး ရွှေရောင်ပါရမီကို တည်ဆောက်နိုင်သည်ဟု ဆိုသည်။ အကယ်၍ စောစီးစွာ ဘဝသစ် ရရှိပါက ခန္ဓာကိုယ်က ကြီးထွားနေဆဲ ဖြစ်သဖြင့် ဟော်မုန်းများ ကမောက်ကမ ဖြစ်ကာ လူသန်ကြီးများ ဖြစ်သွားတတ်ကြသည်။ အရေးကြီးဆုံးအချက်မှာ ထိုကဲ့သို့သော လူသန်ကြီးများက အသက်တိုတတ်ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ် ပြောင်းလဲမှုက ထိန်းချုပ်ရန် ခက်ခဲလှသောကြောင့် ဖြစ်ပေသည်။
အစ်ကိုရွှီက ပြောပြသည်။
"ကြီးမားတဲ့ မိသားစုတွေမှာပဲ ရှေးလူကြီးတွေရဲ့ အတွေ့အကြုံတွေ ရှိကြတာလေ ရိက္ခာနဲ့ အရင်းအမြစ်တွေ အများကြီး သုံးနိုင်မှသာ အဲဒီလိုလူမျိုးတွေက ကြီးထွားလာနိုင်ကြတာ။"
လူသန်ကြီး အနည်းငယ်သာ အသက်ရှင်နိုင်ကြပြီး ရှင်သန်လာပါကလည်း အလွန် ခွန်အားကြီးမားကြပေသည်။
"အဲဒီလိုလူမျိုးတွေကို လူသန်နတ်ဘုရား လမ်းစဉ် လျှောက်လှမ်းသူတွေလို့ ခေါ်ကြတယ်။"
ရွှီယွဲ့ဖျင်က ရှင်းပြပြီး သာမန်မိသားစုများက ထိုသို့ မွေးမြူရန် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။ သူက ထိုနွားကြီးကို စီးလာသူမှာ ချီရှမြို့တော်မှ လာသူ ဖြစ်နိုင်ကြောင်း ခန့်မှန်းသည်။
ဘဝသစ်အကြောင်းကို ဆွေးနွေးရင်း ချင်မင်က ကင်းလှည့်အဖွဲ့ ခေါင်းဆောင် ဖုအန်းထောင်အကြောင်းကို မေးမြန်းလိုက်သည်။ အစ်ကိုရွှီက သူ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ချင်လေး မင်းက သူတို့ကို သွားရှာဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်။ ဘယ်တော့မှ အဲဒီလို မလုပ်နဲ့။"
ချင်မင်က ခေတ္တ ခေါင်းခါပြလိုက်သည်။
"ဦးလေးရွှီ အများကြီး မတွေးပါနဲ့ဦး။ ကျုပ်က လူသစ်တစ်ယောက်ပဲ ရှိသေးတာလေ။ ဒုတိယအကြိမ် ဘဝသစ် ရရှိထားတဲ့သူကို ရင်ဆိုင်ဖို့ အရည်အချင်း ဘယ်မှာ ရှိပါ့မလဲ။"
ရွှီယွဲ့ဖျင်က ချင်မင်က စိတ်လိုက်မာန်ပါ လုပ်ဆောင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သဖြင့် ယခုမှ စိတ်အေးသွားလေသည်။
"ပထမဆုံး ဘဝသစ် ရချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံး ပြောင်းလဲသွားတယ်ဆိုပေမဲ့ ခွန်အားကို ပိုပြီး အသားပေးတာလေ။ ဒုတိယအကြိမ် ဘဝသစ်မှာတော့ ခန္ဓာကိုယ်ရဲ့ ပြောင်းလွယ်ပြင်လွယ်မှုနဲ့ အရှိန်အဟုန်ကို ပိုပြီး အသားပေးလာတယ်။"
၎င်းတို့က စကားပြောဆိုရင်း ပြန်လာကြသည်။ ချင်မင်က သူ၏ စိတ်ထဲတွင် ဖုအန်းထောင်၏ အရည်အချင်းများကို ခန့်မှန်းနေမိသည်။ ၎င်းတို့က အပြန်လမ်းတွင် တောအုပ်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ကြသည်။ လက်ဗလာဖြင့် မပြန်လိုဘဲ သားကောင်အချို့ကို ရွာထဲရှိ ရိက္ခာပြတ်လပ်နေသော အိမ်များကို ပေးလိုသောကြောင့် ဖြစ်သည်။
"အလွန် အန္တရာယ် များတာပဲ။ ကျုပ်လို ဘဝသစ် ရထားတဲ့သူတောင် ဒဏ်ရာရလုနီးပါး ဖြစ်သွားတယ်။ တောထဲက သတ္တဝါတွေက တကယ်ကို လှုပ်ရှားနေကြပြီပဲ။ တောင်ရှင်းလင်းရေး လုပ်ဖို့ တကယ် လိုအပ်နေပြီ။"
ရွှီယွဲ့ဖျင်က ရင်တုန်နေဆဲ ဖြစ်သည်။ ခုနကတင် မျိုးဗီဇပြောင်း ကျားသစ် တစ်ကောင်က သူ့ကို နောက်ကွယ်မှနေ၍ လျှပ်စီးကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ချင်မင်ကသာ မကူညီပါက သူက ဒဏ်ရာ အပြင်းအထန် ရရှိသွားပေလိမ့်မည်။
"ဒီနေရာမှာ မျိုးဗီဇပြောင်းလဲနေတဲ့ အပင်တွေ ပေါ်ဖူးတယ်ဆိုတော့ အန္တရာယ် များတယ်။ ကျုပ်တို့ အကြာကြီး မနေသင့်ဘူး။"
၎င်းတို့က နှောင့်နှေးခြင်း မရှိဘဲ ပေါင် လေးရာကျော်လေးသော ထိုသစ်ကျားကြီးကို ဆွဲကာ ခရီးဆက်ခဲ့ကြသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဆူးများ ပြည့်နှက်နေပေသည်။
ရွာသို့ ပြန်ရောက်သောအခါ ချင်မင်က လေးလံသော အငွေ့အသက်များကို ခံစားလိုက်ရသည်။ နှင်းထဲတွင် ပြေးလွှား ဆော့ကစားတတ်သော ကလေးငယ်များပင် လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ အစ်ကိုရွှီက အသားများကို ခွဲဝေပေးပြီးနောက် အိမ်သို့ ပြန်သွားသည်။ သူက စိတ်ပိုင်းဆိုင်ရာအရ အလွန် ပင်ပန်းနေပုံ ရပေသည်။
ချင်မင်က လင်းထိန်နေသော မီးစမ်းရေဘေးတွင် ရပ်ကာ တောအုပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"သုံးရက်အကြာမှာ ဆေးရည်တွေ ပို့လာမယ်ပေါ့ မင်းတို့ကတော့ လူကို အတင်း ဖိအားပေးနေတာပဲ။"
သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူက တောထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။
"လမ်းအရင် သွားကြည့်လိုက်ဦးမယ်။"
ယခုမှာ မှောင်ရီဝိုးတဝါးအချိန်သာ ရှိသေးသဖြင့် သူက မဆင်မခြင် လုပ်ဆောင်ရန် မရည်ရွယ်ပေ။ အရေးကြီးဆုံးအချက်မှာ လလယ် ရောက်ရန် နှစ်ရက် လိုသေးခြင်း ပင်ဖြစ်သည်။
"မင်းတို့က လူကို လမ်းဆုံးအထိ မောင်းထုတ်နေတာပဲ။ တခြားသူတွေရဲ့ အသက်ရှင်သန်မှုကို လုံးဝ ဂရုမစိုက်ကြဘူးပေါ့။"
ချင်မင်က တောထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူက လေးနှင့် မြှားအပြင် ဓားတစ်စင်းကိုသာ ယူဆောင်လာခဲ့သည်။ သူက ကင်းလှည့်အဖွဲ့၏ စခန်းရှိရာ နေရာကို သိရှိထားသဖြင့် ထိုဘက်သို့ ဦးတည် လျှောက်လှမ်းသွားသည်။ လေပြင်းများ တိုက်ခတ်နေပြီး နှင်းများ ကျဆင်းနေဆဲ ဖြစ်သည်။ ထိုပတ်ဝန်းကျင်က သူ၏ ခြေရာများကို ဖုံးကွယ်ပေးနိုင်သဖြင့် သူ့အတွက် အကျိုးရှိပေသည်။ ကင်းလှည့်အဖွဲ့ တစ်ဖွဲ့ချင်းစီတွင် နယ်မြေ တစ်ခုစီ ရှိကြသည်။ ဖုအန်းထောင်နှင့် ဖုန်းယီအန်းတို့၏ စခန်းက ရှေ့တွင် ရှိပြီး တောင်နက်ထဲသို့ အများကြီး ဝင်ရန် မလိုပေ။
ချင်မင်က ထိုတောင်ထိပ်ကို အချိန်အတော်ကြာ စောင့်ကြည့်နေပြီးမှ အသံတိတ် ပျောက်ကွယ်သွားတော့သည်။ သူက တောထဲမှ ထွက်လာပြီး သစ်ပင်နှစ်ပင်ရွာကို လှမ်းကြည့်လိုက်သည်။
ရွာကလေးက ငြိမ်သက်နေသော်လည်း ရွာထဲသို့ ရောက်သောအခါ ငိုကြွေးသံအချို့ကို ကြားလိုက်ရသည်။
"အဘိုးကြီးချန် မတောင့်ခံနိုင်တော့ဘူး ခုနတင် ဆုံးသွားပြီ
အင်း"
ချန်မိသားစု၏ အိမ်ရှေ့တွင် ရွာသားများစွာ ရှိနေကြသည်။ အဘိုးကြီးချန်မှာ နှင်းမျောက်ဝံ၏ တိုက်ခိုက်မှုကြောင့် ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။ ချင်မင်က ဘာစကားမျှ မပြောဘဲ နားထောင်နေမိသည်။ ယင်းမှာ ထိုဖြစ်ရပ်ကြောင့် သေဆုံးရသူ တတိယမြောက် လူ ဖြစ်သည်။
နောက်တစ်နေ့ အဘိုးကြီးချန်ကို သင်္ဂြိုဟ်သောအခါ ကင်းလှည့်အဖွဲ့မှ လူများ ရွာထိပ်သို့ ရောက်ရှိလာကြသည်။ ဖုန်းယီအန်းက ဝမ်းနည်းဟန်ပြကာ သားကောင် တစ်ကောင်ကို ချန်မိသားစုအား ပေးအပ်သည်။ ထိုဟန်ဆောင်ကောင်းလှသော အပြုအမူများကို ကြည့်ကာ အဘိုးလျှိုပင်လျှင် ရွံရှာလွန်းသဖြင့် မျက်နှာလွှဲထားလိုက်သည်။ ချင်မင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သားကောင် တစ်ကောင်က လူတစ်ယောက်ရဲ့ အသက်နဲ့ ညီလို့လား။
"သွေးဝက်ဝံရော နှင်းမျောက်ဝံရော ငါတို့ သတ်လိုက်ပါပြီ အားလုံး စိတ်အေးအေးနဲ့ တောင်ပေါ် တက်နိုင်ပါပြီ။"
ရှောက်ချန်ဖုန်းဆိုသူက ပြောလိုက်သည်။ သူတို့က မကောင်းမှု လုပ်ပြီးမှ ကောင်းမှု လုပ်သကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်သည်။ ထို့နောက် ကင်းလှည့်အဖွဲ့မှ လူများသည် အစ်ကိုရွှီဆီသို့ သွားကြသည်။ ၎င်းတို့က ရွာသားများကို အားပေးရန် လာခြင်း မဟုတ်ဘဲ လမင်းနက် မျိုးစေ့များ စိုက်ပျိုးထားမှုကို ကိုယ်တိုင် စစ်ဆေးရန် လာခြင်း ဖြစ်သည်။
"ရွှီဟောင်း မင်းကို အားကိုးပါတယ်"
ဖုန်းယီအန်းက ကျေနပ်စွာဖြင့် အစ်ကိုရွှီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ ချင်မင်ကလည်း မီးစမ်းရေဘေးတွင် ရပ်နေပြီး တစ်ဖက်လူက ပြုံးနေသော်လည်း ဘာစေတနာမျှ မပါကြောင်း သိရှိနေသည်။ အစ်ကိုရွှီ၏ မျက်နှာတွင် ဘာခံစားချက်မျှ မရှိဘဲ ယင်ထိန်မြို့နယ်တွင် အစော်ကားခံခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် သတိရကာ သူ၏ မျက်နှာနှင့် ရင်ထဲတွင် နာကျင်မှုကို ခံစားနေရသည်။
ရှောက်ချန်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။
"မနေ့က ငါ အကဲခတ်မှားသွားတယ် ညီလေးချင်က ရွှေရောင်ပါရမီရှင် တစ်ယောက် ဖြစ်နေတာကိုး တောင်ရှင်းလင်းရေး စတဲ့အခါ ငါတို့ အတူတူ တိုက်ပွဲဝင်ရဖို့ များတယ် မင်းလည်း ငါတို့ အဖွဲ့ထဲ ဝင်လိုက်ပါလား ကြိုတင်ပြီးတော့ လူရင်းတွေ ဖြစ်သွားတာပေါ့"
ချင်မင်က ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ တစ်ဖက်လူ၏ အပြုံးများ ပျောက်ကွယ်သွားသည်ကို မြင်သော်လည်း သူက မမြင်ချင်ယောင် ဆောင်ထားလိုက်သည်။ ခဏအကြာတွင် ကင်းလှည့်အဖွဲ့မှ လူများ ထွက်ခွာသွားကြသည်။
"စမ်းသပ်နေစရာတောင် မလိုပါဘူး ဒီကောင်က ငါတို့ကို ရန်သူလို သဘောထားနေတာ တောင်ရှင်းလင်းရေး စတာနဲ့ အခွင့်အရေးရှာပြီး သူ့ကို ရှင်းပစ်ရမယ်"
"နှမြောစရာကြီးကွာ သွေးဝါးတောထဲက မီးစမ်းရေက ခန်းတော့မှာဆိုတော့ သူ့ကို လမ်းပြအဖြစ် သုံးစားလို့ ရသေးတာပဲ"
ထိုသူများသည် စကားပြောဆိုရင်း အမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။ ထိုနေ့တွင် ချင်မင်က ခြံထဲ၌ ဓားကို အလေးအနက် သွေးနေလေတော့သည်။
***