ယန်ယွီက လူအုပ်ကြီးကို ဂရုမစိုက်ဘဲ ဝိညာဉ်အာရုံဖြင့် စုန့်ဝမ်၏ ဂူအတွင်းသို့ စစ်ဆေးလိုက်သည်။ ဝိညာဥ်ဖုံးကွယ်မြူခိုးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အာရုံကို နှောင့်ယှက်နိုင်သော်လည်း ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူအဖို့မူ ဘာမှ မဟုတ်ပေ။ ယန်ယွီသည် ဂူအတွင်းရှိ အရာအားလုံးကို အလွယ်တကူ မြင်တွေ့လိုက်ရသည်။
မြွေလူသား ခုနစ်ကောင်အနက် ခြောက်ကောင်မှာ အသက်မဲ့နေပြီ ဖြစ်သည်။ ထိုခြောက်ကောင်မှာ ဓားချီကြောင့် အပိုင်းပိုင်း ပြတ်နေသည်။ ကျန်တစ်ကောင်မှာမူ နှစ်ပိုင်းပြတ်နေသော်လည်း ပြင်းထန်သော ဇီဝစွမ်းအားကြောင့် အသက်မျှဉ်းမျှဉ်း ကျန်နေသေးသည်။ သေဆုံးသွားသော ခြောက်ကောင်ထဲမှ တစ်ကောင်မှာ ဆန်းကြယ်ချီ ထွက်ပေါ်နေသည်ကို သိလိုက်ရသဖြင့် ယန်ယွီ ဒေါသအကြီးအကျယ် ထွက်သွားသည်။
"ဒီမြွေလူသားတွေကို ဘယ်သူ သတ်တာလဲ" ယန်ယွီ၏ အသံမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း အဆုံးမရှိသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ကိန်းအောင်းနေသည်။ ချက်ချင်းပင် ရှိသမျှ လူအားလုံး ငြိမ်ကျသွားပြီး ဘယ်သူမှ စကားမဟရဲကြပေ။
"မဟာအကြီးအကဲကို တင်ပြပါတယ်... ဒါဟာ ဝိညာဥ်သားရဲတောင် ဒုတိယတောင်သခင် ကျိုးရွှယ်လင်ရဲ့ လက်ချက်ပါ" ဖုန့်ဖန်းယီက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။ သူ့ရင်ထဲတွင်မူ အတိုင်းမသိ ဝမ်းသာနေခဲ့သည်။ ယန်ယွီ ပေါ်လာခြင်းမှာ မျှော်လင့်ချက်ထားသည်ထက် သာလွန်နေသည်။ ယန်ယွီ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ကျိုးရွှယ်လင်အတွက် ပြန်လမ်းမရှိနိုင်တော့ပေ။
ယန်ယွီ ရောက်လာခြင်းမှာ စုန့်ဝမ်ထံမှ သတင်းစကား ရရှိခဲ့သောကြောင့် ဖြစ်သည်။ ကျိုးရွှယ်လင်ကဲ့သို့ အဆင့်မြင့် အကြီးအကဲတစ်ယောက်ကို သေဒဏ်ပေးနိုင်ရန်မှာ ပထမမဟာအကြီးအကဲ တစ်ဦးတည်းသာ လုပ်ဆောင်ခွင့် ရှိသဖြင့် စုန့်ဝမ် စွန့်စားလိုက်ခြင်း ဖြစ်သည်။ သူ့ထံတွင် အရှေ့ဟွာဖန်းစျေး ပဋိပက္ခအပြီး ပြန်မထွက်ခွာမီ ယန်ယွီပေးခဲ့သော သတင်းပို့အဆောင် ရှိနေသည် မဟုတ်ပါလား။
ယန်ယွီ၏ အေးစက်သော အကြည့်မှာ ကျိုးရွှယ်လင်အပေါ် ကျရောက်လာသည်။ "မင်း ဘာလို့ ဒီမြွေလူသားတွေကို သတ်တာလဲ။ ဒါတွေက ငါလိုအပ်တဲ့ အရာတွေဆိုတာ မင်းမသိဘူးလား"
ကျိုးရွှယ်လင်မှာ ထိတ်လန့်လွန်းသဖြင့် မျက်နှာပင် ဖြူဖျော့သွားသည်။ "အကြီးအကဲ... ကျွန်တော်..." အသနားခံချင်သော်လည်း စကားလုံးများ ပျောက်ရှနေခဲ့သည်။ ဖုန့်ဖန်းယီတို့နှင့်ဆိုလျှင် ဆင်ခြေပေးနိုင်သော်လည်း ယန်ယွီ၏ ရှေ့တွင်မူ စကားကို စည်းလွတ်ဝါးလွတ် မပြောရဲပေ။
"အကြီးအကဲကို တင်ပြပါတယ်... ကျိုးရွှယ်လင်က အကြီးအကဲဝူအပေါ် မနာလိုဖြစ်နေတာပါ။ အကြီးအကဲဝူက ဆန်းကြယ်ချီကို ပေါင်းစပ်နိုင်ခဲ့လို့ သူက မကောင်းတဲ့ စိတ်ထားနဲ့ မြွေလူသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အပြင် အကြီးအကဲဝူကိုလည်း လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်" ဟု မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျိုးစစ်ယိက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
ယန်ယွီက ကျိုးစစ်ယိ စူးစိုက်ကြည့်လိုက်သည်။ "နင်က ဘယ်သူလဲ"
"ကျွန်မက ကျိုးရွှယ်လင်ရဲ့ သမီး ကျိုးစစ်ယိပါ" “ဒုန်း၊ ဒုန်း၊ ဒုန်း...” ကျိုးစစ်ယိသည် မြေပြင်ပေါ်တွင် ခေါင်းကို အရှိန်အဟုန်ဖြင့် စတင် ဆောင့်တော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ နဖူးမှ သွေးများ စီးကျလာခဲ့သည်။ "ကျေးဇူးပြုပြီး မဟာအကြီးအကဲ ကျွန်မအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ။ ကျွန်မ ငယ်ငယ်ကတည်းက ကျိုးရွှယ်လင်ရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခံလာရတာပါ။ သူက ကျွန်မရဲ့ ဝိညာဉ်ပေါ်မှာ ဝိညာဉ်ချုပ်နှောင်ကျိန်စာကိုတောင် ခတ်ထားပါသေးတယ်။ ဒီလူဟာ ရူးသွပ်နေတဲ့သူပါ။ ကျွန်မအတွက် တရားမျှတမှု ရှာပေးပါလို့ အသနားခံပါတယ်"
ကျိုးစစ်ယိ စကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျင့်ကြံသူများ ရက်စက်တတ်ကြသည်မှာ သာမန်ဖြစ်သော်လည်း မိမိသမီးအရင်းကို ယခုကဲ့သို့ ရက်စက်ခြင်းမှာမူ အလွန် ရှားပါးလှသည်။ လူတိုင်း၏ အကြည့်မှာ ကျိုးရွှယ်လင်ထံ ကျရောက်သွားသဖြင့် သူသည် ဆူးပေါ်မှာ ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ယွီလည်း ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ကျိုးစစ်ယိ၏ သိစိတ်ပင်လယ်အတွင်း ဝင်ရောက်စစ်ဆေးလိုက်ရာ သူမ၏ ဝိညာဉ်မှာ အမည်းရောင် ဆူးချွန်တစ်ခုဖြင့် ချည်နှောင်ခံထားရသည်ကို အမှန်ပင် တွေ့ရှိလိုက်ရသည်။
"ကျိုးရွှယ်လင်... မင်း ဘာများပြောစရာ ရှိသေးလဲ" ယန်ယွီက အေးစက်စွာ မေးလိုက်သည်။ သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ကျိုးရွှယ်လင်ထံသို့ တိုးဝင်သွားသည်။
ချက်ချင်းပင် ကျိုးရွှယ်လင်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ "မဟာအကြီးအကဲ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ! ကျွန်တော် ခဏတာ လောဘစိတ် လွှမ်းမိုးသွားလို့..."
ကျိုးရွှယ်လင် စကားမဆုံးခင်မှာပင် ယန်ယွီက ပြတ်ပြတ်သားသား ကြားဖြတ်ပြောလိုက်သည်။ "ငါတို့လို လူအိုကြီးတွေ လူလုံးမပြတာ ကြာသွားလို့ ထင်တယ်၊ မင်းတို့က သားရဲသခင်ဂိုဏ်းကို ကိုယ်ပိုင်ကမ္ဘာလို့ ထင်ပြီး စိတ်ထင်တိုင်း လုပ်နေကြတာပဲ"
"ကျွန်တော် မဝံ့ရဲ..." ကျိုးရွှယ်လင် စကားမဆုံးခင်မှာပင် ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခု သူ့ထံ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအားမှာ လှိုင်းလုံးကြီးများကဲ့သို့ လွှမ်းမိုးထားသဖြင့် ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။ သေခြင်းတရား၏ အရိပ်အယောင်မှာ သူ၏ ရင်ထဲတွင် ချက်ချင်း ပြည့်နှက်သွားသည်။ ကြောက်ရွံ့မှု၊ မကျေနပ်မှု၊ ဒေါသ... စသည့် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေတော့သည်။
သေရတော့မည်ကို သိချိန်တွင် ကျိုးရွှယ်လင်က ကျိုးစစ်ယိကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ငါ သေရမယ်ဆိုရင် နင့်ကိုပါ တစ်ပါတည်း ခေါ်သွားမယ်၊ နင်လို ယုတ်မာတဲ့ မိန်းမ။ နင် ငါ့ကို ပျက်စီးအောင် လုပ်တာပဲ၊ ငါနဲ့အတူတူ သေလိုက်တော့"
ကျိုးစစ်ယိမှာ ရုတ်တရက် ချောက်နက်ကြီးထဲ ကျသွားသကဲ့သို့ ခံစားရကာ တစ်ကိုယ်လုံး တုန်ရီသွားသည်။ "အား..." သူမ၏ သိစိတ်ပင်လယ်အတွင်းမှ ဝိညာဉ်ကို ဆွဲဖြဲခံရသကဲ့သို့ နာကျင်မှုတစ်ခု တိုးဝင်လာခဲ့သည်။ ဝိညာဉ်ကို ရစ်ပတ်ထားသော အမည်းရောင် ဆူးချွန်များမှာ လျင်မြန်စွာ ကျုံ့လာပြီး ဝိညာဉ်ကို ကွဲအက်သွားစေရန် ဖိအားပေးနေခြင်း ဖြစ်သည်။
ယန်ယွီ၏ မျက်နှာမှာ အေးစက်သွားသည်။ သူ့ရှေ့မှာတင် ကျိုးရွှယ်လင်က ထိုသို့ ပြုလုပ်ရဲသည်မှာ အကြီးအကျယ် စော်ကားခြင်းပင် မဟုတ်ပါလား။ အစောပိုင်းက ကျိုးရွှယ်လင်က သူ့သမီးကို သတ်လိုက်လျှင် ယန်ယွီအတွက် အရေးမကြီးသော်လည်း၊ ယခုကဲ့သို့ တပည့်များစွာ၏ ရှေ့နှင့် သူ့ရှေ့တွင် လုပ်ဆောင်ခြင်းမှာ တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ "ငါ့ရှေ့မှာတင် သူတစ်ပါးကို ဒုက္ခပေးရဲတယ်ပေါ့။ သေလိုက်စမ်း"
ထိုစကားကြောင့် ကျိုးရွှယ်လင်၏ မျက်နှာမှာ ထိတ်လန့်မှုများ ပြည့်သွားသည်။ ယန်ယွီကို တစ်ခုခု ပြောရန် လှည့်ကြည့်လိုက်သော်လည်း ခေါင်းမလှည့်မီမှာပင် သူ့လည်ပင်း၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ချက်ချင်းပင် တောက်ပသော အလင်းတန်းတစ်ခုက သူ၏ ဝိညာဉ်ကို ထိုးဖောက်သွားပြီး ဝိညာဉ် ဆွဲဖြဲခံရသည့် နာကျင်မှုမှာ သူ၏ တစ်ကိုယ်လုံးကို လွှမ်းမိုးသွားကာ သိစိတ်ပင်လယ် ပျက်သုဥ်းပြီး အသက်ကုန်ဆုံးသွားသည်။
စုန့်ဝမ်တို့မှာ အေးစက်သော အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရပြီး ကျိုးရွှယ်လင်၏ ဦးခေါင်းမှာ လေထဲသို့ မြင့်မားစွာ လွင့်ပျံသွားပြီးနောက် ဖုန်မှုန့်များအဖြစ်သို့ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရသည်။
ယန်ယွီသည် ကျိုးရွှယ်လင်ကို သတ်နေစဉ်မှာပင် ကျိုးစစ်ယိ၏ ဝိညာဉ်ကို ကာကွယ်ရန် မန္တန်တစ်ခုကိုလည်း သုံးခဲ့သည်။ ကျိုးရွှယ်လင် သေဆုံးသွားသည်နှင့် ကျိုးစီယီ၏ သိစိတ်ပင်လယ်အတွင်းရှိ ဝိညာဉ်ချုပ်နှောင်ကျိန်စာလည်း အလိုလို ပျောက်ကွယ်သွားခဲ့သည်။ ကျိုးစစ်ယိသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် အသက်ကို ခဲယဉ်းစွာ ရှူနေရသည်။ သို့သော် စိတ်သက်သာရာ ရသွားသည်။ ကျိုးရွှယ်လင် သေဆုံးသွားခြင်းဖြင့် သူမသည် စစ်မှန်သော လွတ်လပ်ခွင့်ကို ရရှိသွားပြီဖြစ်ကာ နောက်ထပ် ခြိမ်းခြောက်ခံရတော့မည် မဟုတ်ပေ။
ယန်ယွီက အံ့ဩမှင်တက်နေသော လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "နောင်မှာ ဘယ်သူမဆို ငါ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြီး ငါ့အစီအစဉ်တွေကို ဖျက်ဆီးရဲမယ်ဆိုရင် ကျိုးရွှယ်လင်ရဲ့ ကံကြမ္မာက မင်းတို့ရဲ့ ကံကြမ္မာ ဖြစ်လာလိမ့်မယ်"
ယန်ယွီသည် ကျိုးရွှယ်လင်ကို သတ်လိုက်ခြင်းဖြင့် သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သားရဲသခင်ဂိုဏ်း၏ တပည့်များအချင်းချင်း အားပြိုင် ကြံစည်နေကြသည်ကို သူ ဂရုမစိုက်။ သို့သော် သူလိုအပ်နေသော အရာများကို နှောင့်ယှက်လာလျှင်မူ သေလမ်းရှာခြင်းပင် ဖြစ်လိမ့်မည်။ ကျိုးရွှယ်လင်သည် ရွှေအမြုတေနှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သော်လည်း အလွယ်တကူပင် အသတ်ခံလိုက်ရသည်။
"ဖုန့်ဖန်းယီ" ယန်ယွီက ခေါ်လိုက်သည်။
"တပည့် ရှိပါတယ်ခင်ဗျာ" ယန်ယွီ သူ့ကို ရုတ်တရက် ခေါ်လိုက်သဖြင့် ဖုန့်ဖန်းယီ၏ ရင်ထဲတွင် တင်းကျပ်သွားသည်။
"မြွေလူသားတွေ သေသွားပြီဆိုတော့ အသစ်ပြန်လုပ်ရမယ်။ အကြီးအကဲဝူ လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းရာမှာ မင်း အပြည့်အဝ ကူညီပေးရမယ်။ တခြားတောင်တွေကနေ နှောင့်ယှက်တာမျိုး ရှိရင် ငါ့ကို တိုင်ကြားနိုင်တယ်"
"နားလည်ပါပြီ ခင်ဗျာ" ဖုန့်ဖန်းယီ ဝမ်းသာသွားသည်။ ယင်းမှာ ဂိုဏ်း၏ အရင်းအမြစ်အချို့ကို စီမံခန့်ခွဲနိုင်သည့် အခွင့်အာဏာကို သူ့အား ပေးလိုက်ခြင်း ဖြစ်သည်။
"အကြီးအကဲဝူ" ယန်ယွီက ထပ်ခေါ်သည်။
"တပည့် ရှိပါတယ် ခင်ဗျာ" စုန့်ဝမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အလုပ်ကို အားစိုက်လုပ်ပါ။ အခက်အခဲ တစ်ခုခုရှိရင် ငါ့ကို ဆက်သွယ်လို့ ရတယ်"
"နားလည်ပါပြီ ခင်ဗျာ"
ထို့နောက် ယန်ယွီက ခေါင်းညိတ်ပြပြီး ချက်ချင်းပင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
ပထမမဟာအကြီးအကဲ ထွက်သွားသည်နှင့် လူတိုင်းမှာ ပခုံးပေါ်မှ လေးလံသော ဝန်ထုပ်ကြီး တစ်ခု ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ၏ ဖိအားမှာ အမှန်တကယ် ပြင်းထန်လှသည်။
ဖုန့်ဖန်းယီက ဂူအဝရှိ ကျိုးရွှယ်လင်၏ အလောင်းကို တစ်ချက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီကိစ္စ ပြီးသွားပြီ၊ အားလုံး လူစုခွဲနိုင်ပြီ။ မြွေလူသားတွေကို မမြင်ခဲ့ရသလို သဘောထားရမယ်ဆိုတာတော့ အားလုံးပဲ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်"
ထိုစကားကို ကြားသည်နှင့် လူတိုင်းက နားလည်ကြောင်း ပြောကြားပြီး အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။ ထိုနေရာ၌ စုန့်ဝမ်၊ ကျိုးစစ်ယိ၊ ဖုန့်ဖန်းယီ၊ ဖုန်ရှင်းဟိုင်နှင့် လော့လျန်တို့ ငါးယောက်သာ ကျန်တော့သည်။
"တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ လာရောက်ခဲ့တဲ့ ခန်းမသခင် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ အခု ကျိုးရွှယ်လင် သေသွားပြီဆိုတော့ ခင်ဗျားတို့ နှစ်ယောက်လည်း ပြန်နိုင်ပါပြီ" ဟု ဖုန့်ဖန်းယီက ယဉ်ကျေးပျူငှာသော ဟန်ဖြင့် ပြောလိုက်သော်လည်း ၎င်းမှာ နှင်လွှတ်လိုက်ခြင်းသာ ဖြစ်သည်။
ဖုန်ရှင်းဟိုင်က နှာခေါင်းရှုံ့လိုက်သည်။ "တောင်သခင်ဖုန့်... ခင်ဗျား လုပ်နေတာက နည်းနည်းတော့ မလျော်ကန်ဘူးနော်။ အသုံးလိုတုန်းကတော့ အမြန်လာဖို့ တိုက်တွန်းခဲ့ပြီး၊ အခု ဘာမှ မရှိတော့တာနဲ့ ချက်ချင်း နှင်လွှတ်ချင်နေတာလား"
ဖုန်ရှင်းဟိုင်က တိုက်ရိုက်ပြောသဖြင့် ဖုန့်ဖန်းယီလည်း ဟန်မဆောင်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "အကြီးအကဲကျိုးစစ်ယိက ကျိုးရွှယ်လင်ရဲ့ သမီးဖြစ်လို့ ကျိုးရွှယ်လင်ရဲ့ ပိုင်ဆိုင်မှုတွေက သူနဲ့ပဲ ဆိုင်ပါတယ်"
"ဟဲ.. ဟဲ.. ငါတို့ကို အလွယ်တကူ လိမ်လို့ရတဲ့ သုံးနှစ်သားလေးတွေလို့ ထင်နေတာလား။ စစ်ယိရဲ့ ကျင့်ကြံဆင့်က အခြေတည် အစောပိုင်းအဆင့်ပဲ ရှိသေးတာ၊ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ဖြစ်တဲ့ ကျိုးရွှယ်လင်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ"
"ဒါဆို ခင်ဗျား ဘာဖြစ်ချင်တာလဲ"
"ထုံးစံအတိုင်းပေါ့... လူတိုင်း ဝေစု ရသင့်တာပေါ့"
ဖုန့်ဖန်းယီက ကျိုးစစ်ယိကို တစ်ချက်ကြည့်ပြီး "ဒီမှာ လူတွေ အများကြီး ရှိနေသေးတာပဲ။ ငါတို့ ဘယ်လို ခွဲကြမှာလဲ"ဟု ပြောလိုက်သည်။
"အကြီးအကဲဝူက ကျိုးရွှယ်လင်ရဲ့ လျှို့ဝှက်လုပ်ကြံမှုကို ခံခဲ့ရတယ်၊ သူ လွတ်မြောက်သွားပေမယ့် တော်တော်လေး ထိတ်လန့်သွားခဲ့ရတာမို့ သင့်လျော်တဲ့ လျော်ကြေး ရသင့်ပါတယ်။ စစ်ယိကလည်း ကျိုးရွှယ်လင်ရဲ့ သမီးအနေနဲ့ သူမရဲ့ ဝေစုကို ရသင့်တယ်။ ကျန်တာကို ငါတို့ အညီအမျှ ခွဲယူကြရင် ဘယ်လိုလဲ"
ခဏတာ စဉ်းစားပြီးနောက် ဖုန့်ဖန်းယီက "ကောင်းပြီ" ဟု ပြောလိုက်သည်။ တိတ်ဆိတ်နေသော လော့လျန်ကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ သူတို့ သုံးဦးသည် ကျိုးရွှယ်လင်း၏ ပိုင်ဆိုင်မှုများကို စုန့်ဝမ်အား ခွဲဝေပေးလိုခြင်းမှာ ယန်ယွီက စုန့်ဝမ်ကို တန်ဖိုးထားနေသဖြင့် လျစ်လျူရှု၍ မရသောကြောင့် ဖြစ်သည်။ ကျိုးစစ်ယိကို ပေးခြင်းမှာလည်း ဂိုဏ်းအတွင်းမှ ကောလာဟလများကို တိတ်သွားစေရန် ဖြစ်သည်။
ကျိုးရွှယ်လင်သည် ဝိညာဉ်သားရဲတောင်၏ ဒုတောင်သခင်ဖြစ်သဖြင့် ပိုင်ဆိုင်မှုမှာ အလွန်များပြားသည်။ အထူးသဖြင့် သူ့ဝိညာဉ်သားရဲအိတ်ထဲရှိ ဝိညာဉ်သားရဲမှာ တတိယအဆင့် အလယ်အလတ် အစွမ်းရှိပြီး ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် တန်ဖိုးရှိသည်။ သိုလှောင်လက်စွပ်ထဲတွင်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများ လိုအပ်သော ဆေးလုံးများနှင့် ပစ္စည်းများစွာ ပါဝင်သည်။ စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့မှာ ထိုပစ္စည်းများကို လောလောဆယ် အသုံးမပြုနိုင်ကြပေ။
နောက်ဆုံးတွင် ရတနာအများစုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ယင်းအစား သူတို့က စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် လျော်ကြေးပေးခဲ့ကြသည်။ စုန့်ဝမ်နှင့် ကျိုးစစ်ယိတို့သည် တစ်ဦးလျှင် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်နှင့် ဝိညာဉ်လက်နက် အချို့ ရရှိခဲ့ကြသည်။
စုန့်ဝမ်သည် လော့လျန်ထံမှ အဆင့်မြင့် ခံစစ်ဝိညာဉ်လက်နက် တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ မြေကမ္ဘာရတနာစေတီဖြစ်ပြီး တစ်ပေခန့် မြင့်သည်။ ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်လျှင် ကျင့်ကြံသူ၏ တစ်ကိုယ်လုံးကို အဝါရောင် ဝိညာဉ်အလင်းတန်းများဖြင့် လွှမ်းခြုံပေးကာ ရန်သူ၏ တိုက်ခိုက်မှုများကို ခုခံပေးနိုင်သည်။ လိုအပ်လာလျှင် အကျယ်ဆယ်ပေအထိ ချဲ့ထွင်ကာ ရန်သူများကို ဖမ်းချုပ်ထားနိုင်သဖြင့် ကောင်းမွန်သော ခံစစ်လက်နက်တစ်ခု ဖြစ်သည်။
ကျိုးရွှယ်လင်၏ အလောင်းကိုမူ ကျိုးစစ်ယိထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ နောက်ဆုံးတော့ သူမသည် ကျိုးရွှယ်လင်၏ သမီးပင် မဟုတ်ပါလား။ ကျိုးစစ်ယိက ထိုအလောင်းကို ဒေါသဖြင့် ဖျက်ဆီးပစ်မလား၊ သို့မဟုတ် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးမလား ဆိုသည်မှာ အခြားသူများအတွက် အရေးမကြီးတော့ပေ။
"မောင်လေးဝူ... မောင်လေးရဲ့ ကျေးဇူးကို အစ်မ တစ်သက်လုံး မမေ့ပါဘူး" ဟု ဖုန့်ဖန်းယီတို့ ထွက်သွားပြီးနောက် ကျိုးစစ်ယိက ကျေးဇူးစကားဆိုလိုက်သည်။
စုန့်ဝမ်က ခေါင်းယမ်းလိုက်သည်။ "အစ်မကျိုး... ကျွန်တော်က ကိုယ့်ကိုယ်ကို ကယ်ဖို့ လုပ်ခဲ့တာပါ။ အသက်ကယ်ကျေးဇူးဆိုတာမျိုးကို ထပ်မပြောပါနဲ့တော့"
ကျိုးစစ်ယိ "မောင်လေးဝူ... မင်း ကယ်တင်လိုက်တာက မမရဲ့ အသက်တင် မဟုတ်ဘူး၊ အစ်မရဲ့ ကျန်ရှိနေတဲ့ ဘဝနဲ့ မျှော်လင့်ချက်ကိုပါ ကယ်တင်လိုက်တာပါ"ဟု ပြောပြီးနောက် ပျံသန်းထွက်ခွာသွားခဲ့သည်။ ခပ်လှမ်းလှမ်း ရောက်သောအခါ ရုတ်တရက် ရပ်တန့်ကာ စုန့်ဝမ်၏ ဂူဘက်သို့ လှည့်ကြည့်လိုက်သည်။ အချိန်အကြာကြီး စိုက်ကြည့်နေပြီးမှ ထွက်ခွာသွားခဲ့သည်။
စုန့်ဝမ် ဂူထဲသို့ ပြန်ဝင်လာသောအခါ ပြန့်ကြဲနေသော မြွေလူသား အလောင်းအပိုင်းအစများကို မြင်တွေ့ရပြီး စိတ်လှုပ်ရှားသွားသည်။ ဆန်းကြယ်ချီနှင့် ပေါင်းစပ်သွားသော မြွေလူသား အလောင်းတွင် ဆန်းကြယ်ချီ အကြွင်းအကျန်များ တဖြည်းဖြည်း ပျောက်ကွယ်နေပြီး အစအန အနည်းငယ် ကျန်ရှိနေသေးသည်။
စုန့်ဝမ်လည်း ထိုမြွေလူသားထံမှ ဆန်းကြယ်ချီကို သွေးအဆီအနှစ်မှတဆင့် စုပ်ယူကြည့်ချင်သော်လည်း ထိုအတွေးကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်သည်။ ဤမြွေလူသား အလောင်းများကို စွန့်ပစ်ရန်အတွက် လျိုကျန်းထံသို့ လွှဲပြောင်းပေးရဦးမည် ဖြစ်သည်။ အကယ်၍ သွေးအဆီအနှစ် စုပ်ယူပြီး အလောင်းကို ခြောက်သွေ့အောင် လုပ်လိုက်ပါက ၎င်းအတွက် အကြောင်းပြချက် ပေးရန် ခက်ခဲသွားပေလိမ့်မည်။ …………
***