ကြယ်တာရာကောင်းကင်အတွင်း၌ ထိုနတ်ဘုရားစိတ်ဝိညာဉ် ဓမ္မရုပ်သွင်ကြီးက အမိန့်တာအို၏ အဆုံးအစမဲ့သော ဖိအားကို အတင်းအဓမ္မ ခုခံထားလေသည်။
ထိုအခိုက်အတန့်၌ ရုတ်တရက် အဖြူရောင်ဝတ်စုံဝတ် လူငယ်က သူ၏ ညာလက်ကို အနည်းငယ် မြှောက်လိုက်၏။ "ထစမ်း"
ဝုန်း။
နတ်ဘုရားစိတ်ဝိညာဉ်ဓမ္မရုပ်သွင်ကြီးက အမိန့်တာအို၏ ဖိအားကို အတင်းအဓမ္မ လှန်ပစ်ရန် တကယ်ကြီး ကြိုးစားလာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ခြေတစ်ဖက်တည်းရှိသော အမျိုးသမီး၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုအရိပ်အယောင်တစ်ခု ချက်ချင်းဆိုသလို ဖြစ်တည်လာသည်။
နတ်ဘုရားစိတ်ဝိညာဉ်ဓမ္မရုပ်သွင်ကြီးက ကွမ်ချွန်ဓားသခင်၏ အမိန့်တာအိုဖိအားကို လှန်ပစ်တော့မည့်ဆဲဆဲ၌ပင် အမိန့်တာအို၏ အဆုံးအစမဲ့သော ဖိအားထဲမှနေ၍ ထူးခြားသော စွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် နတ်ဘုရားစိတ်ဝိညာဉ်ဓမ္မရုပ်သွင်ကြီးက ကျယ်လောင်သောအသံနှင့်အတူ အက်ကွဲသွားကာ ချက်ချင်းဆိုသလို ပျက်သုဉ်းသွားပြီး အရိပ်အယောင်မျှ မကျန်တော့အောင် ပျောက်ကွယ်သွားလေသည်။
အိမ်တော်၏ရှေ့၌ အဖြူရောင်ဝတ်စုံဝတ်လူငယ်က ပျံ့နှံ့နေသော ထိုထူးခြားသည့် စွမ်းအားကို ကြည့်လိုက်၏။ သူ၏ အကြည့်က ထိုထူးခြားသော စွမ်းအားကို ထိုးဖောက်သွားကာ ဝတ်စုံပြောင်တစ်ထည်ကို ဝေဝါးဝါး ခံစားမိလိုက်သည်။
အဖြူရောင်ဝတ်စုံဝတ် လူငယ်က ပြုံးလိုက်၏။ "ဒါက တခြားတစ်ယောက် အသိအမှတ်ပြုထားတဲ့ အမိန့်တစ်ခုပဲကိုး... ကွမ်ချွန်ဓားသခင်ဆိုတာ ဒီလောက်ပဲလား"
ထို့နောက် သူက ခြေထောက်ကို ရုပ်သိမ်းလိုက်ကာ အပြင်ဘက်သို့ လှည့်ထွက်သွားလျက် ရယ်မောလိုက်သည်။ "ဒီလောက်ပဲလား... ဒီလောက်ပဲလား..."
ခြေတစ်ဖက်တည်းရှိသော အမျိုးသမီးက ထွက်ခွာသွားသော အဖြူရောင်ဝတ်စုံဝတ်လူငယ်ကို ကြည့်ကာ တိတ်ဆိတ်နေလေသည်။
အချိန်အတန်ကြာပြီးနောက် သူမက အိမ်တော်အပြင်ဘက်သို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ဖြစ်တည်လာ၏။ "သခင်လေးရီ... ရှင့်ရဲ့ ပြိုင်ဘက်က ဘယ်လောက်တောင် သန်မာလဲဆိုတာကို ရှင်သိပါရဲ့လား"
...
ပင်မခန်းမကြီးအတွင်း၌မူ...
ကြယ်တာရာကောင်းကင်ကြီးက ပြန်လည်တည်ငြိမ်သွားခဲ့ပြီ ဖြစ်သော်လည်း လုရန်၏ မျက်လုံးများကမူ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
ရီထျန်းမင်က "ခုနက ဘာဖြစ်သွားတာလဲ"
လုရန်က လေးနက်သော အသံဖြင့် "တစ်ယောက်ယောက်က ကွမ်ချွန်ဓားသခင်ရဲ့ မဟာတာအိုကို ဆန့်ကျင်တိုက်ခိုက်နေတာ"
ရီထျန်းမင်က "ကျွန်တော်သိတယ်၊ ဘယ်သူနိုင်သွားလဲ"
လုရန်က ခေါင်းခါယမ်းလိုက်၏။ "သေချာမသိဘူး"
ရီထျန်းမင်က အဝေးဆီသို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် ရီထျန်းမင်က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ကာ "ဪ... ဒါနဲ့ နေပါဦး၊ ခင်ဗျားတို့ရဲ့ အစစ်အမှန်နတ်ဘုရားကရော ဘယ်မှာလဲ"
လုရန်က ခေါင်းခါယမ်းလိုက်သည်။ "ကျုပ်မသိဘူး။ အဲဒီတုန်းက ကွမ်ချွန်ဓားသခင် ထွက်သွားတော့ သူက ကျုပ်တို့ရဲ့ အစစ်အမှန်နတ်ဘုရားကို သွားရှာမယ်လို့ ပြောသွားတာ။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကြည့်ရရင် သူက သွားမရှာဖြစ်တာလည်း ဖြစ်နိုင်သလို... သူ သုတ်သင်ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်"
ရီထျန်းမင်က "အစစ်အမှန်နတ်ဘုရားက သုတ်သင်ခံလိုက်ရတာမျိုးရော မဖြစ်နိုင်ဘူးလား"
လုရန်က ခေါင်းကို ဆက်တိုက်ဆိုသလို ခါယမ်းလိုက်သည်။ "ပထမတစ်ချက်ကတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးက ကျဆုံးသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အစစ်အမှန်နတ်ဘုရားတွေမှာ မသေဆုံးနိုင်တဲ့ ရုပ်ခန္ဓာရှိတယ်။ နတ်ဘုရားသတ်လက်နက် တစ်ခုခု မရှိဘူးဆိုရင်ပေါ့... ပြီးတော့ အဲဒီလို နတ်ဘုရားသတ်လက်နက်မျိုးကိုလည်း အတိတ်က နတ်ဘုရားတွေအားလုံး ပူးပေါင်းပြီး ချိတ်ပိတ်ထားခဲ့ကြလို့ ဒီလောကမှာ မရှိတော့ဘူး။ ဒုတိယအချက်ကတော့ အကယ်၍ အစစ်အမှန်နတ်ဘုရားတစ်ပါးသာ ကျဆုံးသွားခဲ့ရင် ကျုပ်တို့အားလုံး အာရုံခံမိမှာပဲလေ"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "ဒါဆို ခင်ဗျား ဘာဆက်လုပ်မှာလဲ"
လုရန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "ဒီနေရာမှာပဲ ဆက်ပြီး စောင့်ကြပ်နေရမှာပေါ့။ ကျုပ်က ဒီမှာ စောင့်ကြပ်နေသရွေ့ လစဉ်လတိုင်း အမွှေးတိုင်ပူဇော်တာတွေကို ရရှိနေဦးမှာလေ..."
ထို့နောက် သူက ရီထျန်းမင်ကို ကြည့်လိုက်၏။ "မင်းကရော... မင်းရော ဘာဆက်လုပ်မှာလဲ။ အကယ်၍ မင်းမှာ ဘာအစီအစဉ်မှ မရှိသေးဘူးဆိုရင် မင်းဆန့်ကျင်ပုန်ကန်ဖြင့် နေရာတစ်ခုကို ကျုပ်ထောက်ခံပေးနိုင်တယ်။ ဘေးနားမှာရှိနေတာက နိုးထခြင်းကြယ်စင်စုလေ... ကျုပ်က အခမဲ့တောင် လမ်းပြပေးဦးမှာနော်"
နိုးထခြင်း ကြယ်စင်စု။
ရီထျန်းမင်က လုရန်ကို ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
လုရန်မှာ ရင်ထဲတွင် ခါးသီးသွားလေသည်။
အတိတ်ကဆိုလျှင် သူသည်လည်း အခြားသူများကဲ့သို့ပင် အိမ်တော်အတွင်းရှိ သက်ရှိများကို ပုရွက်ဆိတ်များအလား သဘောထားကာ အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ထင်မှတ်ထားခဲ့၏။ သူ၏ရှေ့၌ ရီကွမ်းအမည်ရှိသော ကွမ်ချွန်ဓားသခင် ထွက်ပေါ်လာချိန်အထိပင်။
ဤသည်မှာ အောက်ဘက်ရှိ သက်ရှိများကို သူ့အနေဖြင့် လုံးဝ အထင်မသေးသင့်တော့ကြောင်း သူ့ကို သဘောပေါက်သွားစေခဲ့၏။
ထိုနည်းတူစွာပင် ယခုအခါ၌ သူ၏ရှေ့ရှိ ရီထျန်းမင်ကိုလည်း သူက အထင်မသေးရဲတော့ချေ။
သူ၏ရှေ့ရှိ ဤကောင်လေးက အားနည်းပုံပေါ်သော်လည်း ထိုဓားအလင်းတန်းကို သူက တကယ်ကြီး ဖယ်ရှားပစ်နိုင်ခဲ့သည် မဟုတ်ပါလော။
ရုတ်တရက် ရီထျန်းမင်က "စိတ်မပူပါနဲ့၊ ခင်ဗျားကို ကျွန်တော် ဒုက္ခမပေးပါဘူး။ ကျွန်တော့်ကို အမွှေးတိုင်နည်းနည်းလောက် ရှာပေးပြီး ကျင့်ကြံခြင်းအကြောင်း သွားရောက်လေ့လာလို့ ရမယ့် နေရာတစ်ခုကိုသာ ပြောပြပေးပါ"
လုရန်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
ထို့နောက် သူက လက်ဝါးကို ဖြန့်လိုက်ရာ သူ၏ လက်ထဲ၌ သိုင်းကျမ်းလိပ်တစ်ခု ထွက်ပေါ်လာ၏။ သူက ထိုကျမ်းလိပ်ကို ရီထျန်းမင်ထံ ကမ်းပေးလိုက်သည်။ "ဒါက ကျုပ်တို့လောကရဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပဲ။ အကယ်၍ မင်းသာ ဒီအတိုင်း ကျင့်ကြံမယ်ဆိုရင် ယာယီအားဖြင့် အမွှေးတိုင်ကို ရရှိနိုင်လိမ့်မယ်"
ရီထျန်းမင်က မေးလိုက်၏။ "ယာယီအားဖြင့်လား"
လုရန်က ခေါင်းညိတ်လိုက်သည်။ "ကျုပ်တို့လောကက လူတွေ အမွှေးတိုင် ရရှိဖို့အတွက် ပထမအဆင့်က ကိုယ်ပိုင်ယုံကြည်မှု ရှိရမယ်၊ ပြီးမှ နည်းစနစ်ကို ကျင့်ကြံရတာ။ အဲဒီလိုလုပ်မှပဲ ကောင်းကင်နဲ့ မြေပြင်ကြားက အမွှေးတိုင်စိတ်ဝိညာဉ်သွေးကြောတွေကို စုပ်ယူဖို့ အရည်အချင်းပြည့်မီမှာလေ။ ဒါပေမဲ့ မင်းက ကျုပ်တို့ရဲ့ နတ်ဘုရားတွေကို သေချာပေါက် ယုံကြည်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ မင်းက နောင်ကျရင် သတိထားရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းက နတ်ဘုရားစိတ်ဝိညာဉ်ကို မယုံကြည်ဘူးဆိုရင် ထိပ်တန်းအဆင့် ပညာရှင်တွေက မင်းကို အကဲခတ်မိသွားနိုင်လို့ပဲ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ"
ထို့နောက် သူက ကျမ်းလိပ်ကို လှမ်းယူလိုက်သည်။
လုရန်က ဆက်ပြောလိုက်၏။ "အကယ်၍ မင်းက ကျင့်ကြံခြင်းကို လေ့လာဖို့အတွက် နေရာတစ်ခု ရှာချင်တယ်ဆိုရင်တော့ နတ်ဘုရားကောလိပ်က မင်းအတွက် အသင့်တော်ဆုံးပဲ"
ရီထျန်းမင်မှာ အနည်းငယ် သိချင်သွားသည်။ "နတ်ဘုရားကောလိပ်လား"
လုရန်က ရှင်းပြလိုက်၏။ "နတ်ဘုရားကောလိပ်ဟာ နတ်ဘုရားတွေခေတ်ကတည်းက တည်ရှိခဲ့တာ။ အဲဒီအချိန်တုန်းက ကျုပ်တို့ နတ်ဘုရားစကြာဝဠာရဲ့ အကောင်းဆုံး ကောလိပ်ဖြစ်ခဲ့သလို နတ်ဘုရားတွေရဲ့ စစ်ပွဲကြီးအတွင်းမှာ မပျက်မစီးဘဲ ကျန်ရစ်ခဲ့တဲ့ နေရာအနည်းငယ်ထဲက တစ်ခုပဲ။ ပြီးတော့ အဲ့ဒီနေရာက တော်တော်လေးကို ထူးခြားတယ်၊ သူက ဘယ်နတ်ဘုရားနန်းတော်အင်အားစုရဲ့ စီရင်စုအောက်မှာမှ မရှိဘူး။ လက်ရှိ နတ်ဘုရားနန်းတော်တွေကလည်း သူတို့အပေါ် ခင်မင်ရင်းနှီးတဲ့ သဘောထားမျိုး ထားရှိကြတယ်"
ရီထျန်းမင်က "ကျွန်တော် ဝင်ခွင့်ရနိုင်ပါ့မလား"
လုရန်က "ပုံမှန်အားဖြင့်တော့ မရဘူး၊ ဒါပေမဲ့ ကျုပ်က မင်းအတွက် ထောက်ခံစာတစ်စောင်တော့ ရေးပေးလို့ရတယ်"
ရီထျန်းမင်က ပြုံးလိုက်၏။ "ဒါဆို ဒုက္ခပေးရတော့မှာပဲ"
လုရန်က ခေါင်းခါယမ်းလိုက်သည်။ "ကိစ္စသေးသေးလေးပါ"
ပြောပြီးသည်နှင့် သူက စာလိပ်တစ်ခုကို ထုတ်ယူကာ စတင်၍ ရေးသားလိုက်သည်။
တစ်ချိန်တည်း၌ပင် ရီထျန်းမင်က ကျမ်းလိပ်ကို ဖွင့်လိုက်သည်။ သူဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအလင်းတန်းတစ်ခုက သူ၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားကာ မကြာခင်၌ပင် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုက သူ၏ မှတ်ဉာဏ်ထဲသို့ ဝင်ရောက်လာ၏။
ရီထျန်းမင်က တင်ပျဉ်ခွေထိုင်ချလိုက်ကာ စတင်၍ ကျင့်ကြံလိုက်သည်။
ရီထျန်းမင် ကျင့်ကြံနေသည်ကို မြင်လိုက်ရသည်တွင် လုရန်က အလျင်အမြန် ပြောလိုက်၏။ "ဒီကျင့်ကြံခြင်းနည်းစနစ်က နည်းနည်း ထူးခြားတယ်၊ မင်းက..."
သူ စကားပြော၍ မဆုံးသေးခင်၌ပင် အရပ်မျက်နှာအသီးသီးမှနေ၍ အမွှေးတိုင်စိတ်ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာကာ ရီထျန်းမင်၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
လုရန်၏ အမူအရာက တောင့်တင်းသွား၏။
ဤသို့ အောင်မြင်သွားသည်လော။
မကြာခင်၌ပင် ရီထျန်းမင်၏ ကိုယ်တွင်း၌ အမွှေးတိုင်က ဖြည်းဖြည်းချင်း စုစည်းဖြစ်ပေါ်လာ၏။ သို့သော် ယင်းက သေးငယ်ကာ လက်သန်းလောက် အရွယ်အစားသာ ရှိပြီး အနည်းငယ် အကြည်ရောင် ပေါက်နေပေသည်။
ရီထျန်းမင်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ ကိုယ်ပေါ်၌ အငွေ့အသက်တစ်ခု ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ အမွှေးတိုင် အငွေ့အသက်ပင်။
လုရန်က လေးနက်သော အသံဖြင့် "မင်း မှတ်ထားရမှာက နတ်ဘုရားစိတ်ဝိညာဉ်တွေကို မင်းက မယုံကြည်တဲ့အတွက် မင်းရဲ့အမွှေးတိုင်ကို တခြားသူတွေ လုံးဝ မမြင်စေရဘူး။ မဟုတ်ရင် မင်းက နတ်ဘုရားစော်ကားသူအဖြစ် သတ်မှတ်ခံရလိမ့်မယ်၊ အဲဒါက တကယ်ကို ကြီးလေးတယ်၊ အင်မတန်ကို ကြီးလေးတဲ့ ကိစ္စပဲ။ မဟာနတ်ဘုရားနန်းတော်ကြီးငါးခုလုံးက နတ်ဘုရားစော်ကားသူတွေကို လုံးဝ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"
ရီထျန်းမင်က မေးလိုက်၏။ "နတ်ဘုရားစော်ကားသူဆိုတာ ဘာကို ပြောတာလဲ"
လုရန်က ရှင်းပြလိုက်သည်။ "ကျုပ်တို့လောကက လူတွေထဲမှာတောင် နတ်ဘုရားစိတ်ဝိညာဉ်တွေကို မယုံကြည်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့က အမွှေးတိုင် စိတ်ဝိညာဉ်စွမ်းအင်ကို တိတ်တဆိတ် ကျင့်ကြံကြတယ်လေ။ အဲဒီလိုလူမျိုးတွေကို နတ်ဘုရားစော်ကားသူတွေလို့ ခေါ်တာ။ ကျုပ်တို့ရဲ့ နတ်ဘုရားစကြာဝဠာမှာ မဟာနတ်ဘုရားနန်းတော်ကြီးငါးခုလုံးက ပြဋ္ဌာန်းထားတဲ့ နတ်ဘုရားဉပဒေတွေ ရှိတယ်။ အကယ်၍ နတ်ဘုရားစော်ကားသူတစ်ယောက်ကို မြင်တွေ့ခဲ့ရင် မည်သူမဆို သူတို့ကို သတ်ဖြတ်ပိုင်ခွင့်ရှိတယ်လို့ ဆိုထားတာ"
ရီထျန်းမင်က လေသံဖျော့ဖျော့ဖြင့် "သဘောပေါက်ပြီ"
လုရန်က သူ၏ လက်ထဲရှိ စာကို ရီထျန်းမင်ထံ ကမ်းပေးလိုက်၏။ "ဒီစာကိုယူပြီးတော့ နတ်ဘုရားကောလိပ်ကို သွားပြီး သတင်းပို့လိုက်။ ပြဿနာ သိပ်မရှိလောက်ပါဘူး"
ရီထျန်းမင်က စာကို လှမ်းယူလိုက်သည်။ "ကျေးဇူးပါ"
လုရန်က ဆက်ပြောရန် တုံ့ဆိုင်းနေ၏။
ရီထျန်းမင်က သူဘာတွေးနေသည်ကို သိပုံရကာ ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့၊ ခင်ဗျားကို ကျွန်တော် သစ္စာမဖောက်ပါဘူး"
လုရန်၏ အမူအရာက ရှုပ်ထွေးသွားလေသည်။
ရီထျန်းမင်က "ဒါဆို ကျွန်တော့်ကို လိုက်ပို့ပေးပါဦး"
လုရန်က ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ"
ထို့နောက် သူက မြေပြင်ပေါ်၌ လက်ချောင်းဖြင့် ရုတ်ခြည်း ရေးဆွဲလိုက်လေရာ ရီထျန်းမင်၏ ခြေထောက်အောက်၌ မှော်အစီအရင်တစ်ခု ရုတ်ခြည်း ဖြစ်တည်လာသည်။
လုရန်က "ဒါက နေရာရွှေ့ပြောင်းရေးအစီအရင်ပဲ။ အဲဒါက မင်းကို နတ်ဘုရားတွေရဲ့ အပျက်အစီးနေရာဆီ ပို့ဆောင်ပေးလိမ့်မယ်၊ အဲဒီကနေတစ်ဆင့် နတ်ဘုရားကောလိပ်ကို တိုက်ရိုက် သွားလို့ရတယ်"
ထို့နောက် သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူ၍ ရီထျန်းမင်ထံ ကမ်းပေးလိုက်၏။ "ဒီအထဲမှာ အမွှေးတိုင် စိတ်ဝိညာဉ်ကျောက်သလင်း ငါးသောင်း ပါတယ်၊ အဲဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်"
ရီထျန်းမင်က ငြင်းဆန်မနေချေ။ သူက သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ "ကျေးဇူးပါ"
လုရန်က လေးနက်သော အသံဖြင့် "ကွမ်ချွန်ဓားသခင်ရော မင်းရောက သာမန်လူတွေ မဟုတ်ဘူးဆိုတာကို ကျုပ်သိပါတယ်။ မင်းတို့က ခုခံချင်ကြတယ် ဆိုတာကိုလည်း ကျုပ် နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ အားတော့နာပါတယ်... ကျုပ်က နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာက လူတစ်ယောက် ဖြစ်နေလို့ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာကို ပြန်တိုက်ခိုက်ဖို့ မင်းကို မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ ကျုပ် မင်းကို မယှဉ်နိုင်ဘူးဆိုတာကိုလည်း ကျုပ် သိပါတယ်လေ... ကျုပ်က ရိုးရိုးရှင်းရှင်းလေး အသက်ရှင်သန်ချင်ရုံ သက်သက်ပါပဲ"
ရီထျန်းမင်က ပြုံးလိုက်၏။ "နားလည်ပါပြီ"
လုရန်က ရိုးသားစွာဖြင့် "ကျေးဇူးတင်ပါတယ်"
ရီထျန်းမင်က ထပ်မေးလိုက်၏။ "ဒီကြယ်တာရာလမ်းကြောင်းရဲ့ အပြင်ဘက်မှာ ထူးခြားတဲ့ မဟာတာအိုနဲ့ ဉပဒေသတစ်ခု ရှိနေတယ်။ အဲဒါက ဘာလဲ"
လုရန်က "အဲဒါက နတ်ဘုရားရဲ့ ဉပဒေသပဲ၊ အဲဒါက အိမ်တော်တွင်းက သက်ရှိတွေကိုပဲ ပစ်မှတ်ထားတာ။ ပုံမှန်ဆိုရင် မင်းတို့ဆီက လူတွေက အိမ်တော်ထဲကနေ လုံးဝ ထွက်ခွာနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အိမ်တော်ကိုယ်တိုင်က အဲ့ဒီဉပဒေသစွမ်းအားတွေ ပါဝင်နေလို့ပဲ။ ဒါပေမဲ့ မင်းနဲ့ ကွမ်ချွန်ဓားသခင်ကတော့..."
ဤနေရာအရောက်တွင် သူက ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ "တကယ်ကို ပုံမှန်မဟုတ်ဘူး၊ အရမ်းကို ပုံမှန်မဟုတ်လွန်းနေတာ"
ရီထျန်းမင်က "အခု ကျွန်တော့်ရဲ့ ကိုယ်တွင်းမှာ ဒီအမွှေးတိုင် ရှိနေပြီဆိုတော့ ကျွန်တော်က ဒီနတ်ဘုရားဉပဒေသရဲ့ ပစ်မှတ်ထားတာကို မခံရတော့ဘူး မဟုတ်လား"
လုရန်က ခေါင်းညိတ်လိုက်၏။ "မှန်ပါတယ်"
ရီထျန်းမင်က ထပ်မေးလိုက်သည်။ "ကျွန်တော် လာခဲ့တဲ့ အိမ်တော်မျိုးတွေ ဘယ်လောက်တောင် ရှိလဲ"
လုရန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "ကျုပ်တို့ရဲ့ ကြယ်စင်စု တစ်ခုတည်းမှာတင် သန်းနဲ့ချီပြီး ရှိတယ်"
သန်းနှင့်ချီသည်လော။
ရီထျန်းမင်မှာ တိတ်ဆိတ်သွားသည်။
ထိုအစစ်အမှန်နတ်ဘုရားက အမွှေးတိုင်မည်မျှကို စုပ်ယူထားခဲ့ပါသနည်း။
စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
ထို့ပြင် တစ်ဖက်လူက ယင်းတို့ကို နှစ်ပေါင်း သန်းနှင့်ချီအောင် စုပ်ယူနေခဲ့ခြင်းပင်။
ရီထျန်းမင်က ထပ်မေးလိုက်၏။ "အဲဒီအစစ်အမှန်နတ်ဘုရားတွေက အခု ဘယ်မှာလဲ"
လုရန်က ခါးသီးစွာ ပြုံးလိုက်သည်။ "မင်းက ကျုပ်ကို တကယ် အကျပ်ရိုက်အောင် လုပ်နေတာပဲ"
ရီထျန်းမင်က ရယ်မောလိုက်ပြီးနောက် "ကျွန်တော် ပိုပြီး သိချင်တာက ခင်ဗျားရဲ့ လက်ရှိအဆင့်က ဘာလဲဆိုတာပဲ"
လုရန်က "အတိုင်းအတာမဲ့အဆင့် အထွတ်အထိပ်လေ"
ရီထျန်းမင်က "အလယ်အလတ်အထက်ပိုင်းပေါ့"
လုရန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် "အထက်ပိုင်းလို့ သတ်မှတ်လို့ ရပါတယ်။ ကောင်းကင်ဟင်းလင်းပြင်အဆင့်ကို ရောက်ဖို့ဆိုတာကတောင် အရမ်းကို ခက်ခဲလွန်းတယ်။ နောင်ကျရင် မင်း ကျင့်ကြံလာတဲ့အခါ သိလာပါလိမ့်မယ်"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့"
ထို့နောက် သူက အစီအရင်ပေါ်သို့ တက်လှမ်းရန် ပြင်လိုက်ချိန်၌ပင် တစ်စုံတစ်ခုကို သတိရသွားကာ ခန်းမအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "စောနက အပြင်ဘက်မှာ ယဇ်ပလ္လင်တစ်ခုကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒီယဇ်ပလ္လင်ပေါ်မှာ မီးတောက်တစ်ခု ရှိနေတယ်။ အဲဒါက ဘာလဲ"
လုရန်က "အဲဒါက ကြယ်တာရာမီးတောက်လေ။ အဲဒါက အင်မတန် အစွမ်းထက်တဲ့ စွမ်းအင်တွေ ပါဝင်နေတဲ့ နတ်ဘုရားတု မှော်လက်နက် တစ်ခုပဲ။ အဲဒီတုန်းက အဲဒါဟာ ကြယ်တာရာအင်ပါယာမြို့တော်ရဲ့ အစောင့်အရှောက် နတ်ဘုရားရတနာပေါ့။ နောက်ပိုင်းမှာ ကွမ်ချွန်ဓားသခင် ရောက်လာတော့ အဲဒီမြို့တော်က လူတွေက သူ့ကို တားဆီးပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်မို့ တစ်မြို့လုံးက ကွမ်ချွန်ဓားသခင်ရဲ့ ဓားချက်တစ်ချက်တည်းနဲ့ ထက်ခြမ်းပိုင်းခံလိုက်ရတာ။ မြို့ထဲက ထိပ်တန်းပညာရှင်တွေ အကုန်လုံး သေကုန်တယ်၊ အဲဒီအထဲမှာ... နတ်ဘုရားတုအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်တောင် ပါသေးတယ်"
ပြောနေရင်းဖြင့် သူ၏ အမူအရာက လေးနက်လာ၏။
ဓားချက်တစ်ချက်တည်းပင်။
ဓားချက်တစ်ချက်တည်းဖြင့် ကြယ်တာရာအင်ပါယာမြို့တော်ကြီးကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
တကယ်ကို ယုံကြည်နိုင်စရာ မရှိချေ။
ရီထျန်းမင်က ခေါင်းညိတ်လိုက်ကာ ဘာမှဆက်မပြောတော့ချေ။ သူက အစီအရင်ပေါ်သို့ တက်လှမ်းလိုက်ရာ အစီအရင်မှနေ၍ နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ မကြာခင်၌ပင် ထိုနတ်ဘုရားအလင်းတန်းက သူ့ကို လွှမ်းခြုံသွားကာ မျက်စိတစ်မှိတ်အတွင်း၌ သူက နေရာမှနေ၍ ပျောက်ကွယ်သွား၏။
ရီထျန်းမင် ထွက်ခွာသွားပြီးနောက်တွင် လုရန်က ချက်ချင်းဆိုသလို သက်ပြင်းချလိုက်၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက အပြင်ဘက်သို့ ထွက်လာကာ အဝေးရှိ ကြယ်တာရာအင်ပါယာမြို့တော်ကို လှမ်းကြည့်လိုက်သည်။ ထိုကြယ်တာရာလမ်းကြောင်းကြီးက အင်မတန် ထင်ရှားပေါ်လွင်နေပေသည်။
သူက ဘာကို တွေးမိလိုက်မှန်း မသိသော်လည်း သူ၏ အမူအရာက တဖြည်းဖြည်းချင်း လေးနက်လာ၏။
အခြေအနေများက ပြောင်းလဲတော့မည်ဖြစ်ကြောင်း သူ၏ မသိစိတ်က သူ့ကို ပြောပြနေပေသည်။
ပုံမှန်အားဖြင့် နိုးထခြင်းအိမ်တော်အတွင်းရှိ သက်ရှိများက အစစ်အမှန်နတ်ဘုရားများ ချန်ထားရစ်ခဲ့သည့် ဉပဒေသများကို လုံးဝ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ကွမ်ချွန်ဓားသခင်ရော၊ ဤလူငယ်ပါ ထွက်လာနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဆန့်ကျင်ရေးလော။
လုရန်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
အစစ်အမှန်နတ်ဘုရားများက ဤစကြာဝဠာကို အုပ်စိုးလာခဲ့သည်မှာ မည်မျှ ကြာမြင့်နေခဲ့ပါသနည်း။
အလွန်တရာကို ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
တကယ်တမ်း၌ ရီထျန်းမင်ပြောသကဲ့သို့ပင် မိသားစုများစွာမှာ ဆန္ဒမရှိဘဲ မကျေမနပ် ဖြစ်နေကြပေသည်။ အဘယ်ကြောင့်ဆိုသော် ရှေ့ဆက်၍ မသွားချင်သူ မည်သူမှ မရှိသောကြောင့်ပင်။
သို့သော် ရှေ့ဆက်သွားရန်ဆိုသည်မှာ နတ်ဘုရားများကို သတ်ဖြတ်ရမည်ဟု ဆိုလိုခြင်းပင်။
သူက ရီထျန်းမင်ကို မပြောပြခဲ့သော အရာတစ်ခု ရှိနေသည်။ ယင်းမှာ သမိုင်းတစ်လျှောက်၌ ခုခံဆန့်ကျင်ခဲ့သူများ ရှိခဲ့ဖူးသော်လည်း ခြွင်းချက်မရှိ အားလုံး ကျရှုံးသွားခဲ့ကြခြင်းပင်။
နတ်ဘုရားများကို သတ်ဖြတ်ခြင်းလော။
မည်မျှ ခက်ခဲလှပါသနည်း။
ထိုနတ်ဘုရားစိတ်ဝိညာဉ်များက ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေကြသည် မဟုတ်ပါလော။
ဤအခိုက်အတန့်၌ လုရန်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ဖြစ်တည်လာ၏။ အကယ်၍များဆိုလျှင် မည်သို့နည်း။
လုရန်က ရီထျန်းမင်၏ စကားကိုလည်း တွေးမိသွားသည်။ သူများအတွက် အလုပ်လုပ်ပေးနေခြင်းက အနာဂတ် မရှိချေ။
သူက ပိုတွေးလေလေ၊ ပို၍ ယုတ္တိရှိလေလေ ဖြစ်နေသည်။
ဤမျှ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း ဘာမှ အသုံးမဝင်ခဲ့သည် မဟုတ်ပါလော။
လုရန်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လှည့်ကာ ခန်းမအတွင်းသို့ ဝင်ရောက်သွား၏။
သူက ဤလူငယ်အပေါ် ရင်းနှီးမြှုပ်နှံသင့်ကြောင်း ခံစားလိုက်ရခြင်းပင်။ မည်သို့ပင်ဖြစ်စေကာမူ သူက ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီးဖြစ်လေရာ နောက်ထပ် နည်းနည်းလောက် ထပ်မံတည်ဆောက်ထားခြင်းက ထိခိုက်နစ်နာမှု မရှိနိုင်ချေ။ အကယ်၍များ တစ်ဖက်လူက တကယ်ကြီး လုပ်နိုင်ခဲ့ပါလျှင်မူ...
အကယ်၍များ...
လူများထံ၌ အိမ်မက်များရှိရန်လည်း လိုအပ်ပေသည်။
လုရန်က ဘေးဘက်သို့ လျှောက်သွားလိုက်ကာ ထူးခြားသော အသံလွှင့်ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူက စတင်၍ စကားပြောလိုက်သည်။ "ညီမလေးရေ... နင့်ကို အရမ်းချောတဲ့ ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့..."
....
ရီထျန်းမင် ပြန်လည်ထွက်ပေါ်လာချိန်၌ သူက ဖရိုဖရဲဖြစ်နေသော အပျက်အစီးများ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပြင်ပန်းသွင်ပြင်အရ ဤအပျက်အစီးများမှာ တစ်ချိန်က ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခု ဖြစ်ခဲ့ပုံရသော်လည်း ယခုအခါ၌မူ ပြိုကျနေသော နံရံများ၊ ပြန့်ကျဲနေသော ကျောက်တုံးအပိုင်းအစများနှင့် ကျိုးပဲ့နေသော ရုပ်တုများသာ ကျန်ရှိတော့ပေသည်။
အပျက်အစီးများကြား၌ မိုးထိမတတ် မြင့်မားသော ကျောက်စာတိုင်ကြီးများက ခမ်းနားထည်ဝါစွာဖြင့် မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်သည်မှာ တကယ်ကို ကြီးကျယ်ခမ်းနားလှ၏။
နတ်ဘုရားများ၏ အပျက်အစီးပင်။
ရီထျန်းမင်က မိုးထိမတတ် မြင့်မားသော ကျောက်စာတိုင်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုအပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာသို့ လျှောက်သွားလိုက်သည်။ ထိုအပျက်အစီးအတွင်း၌ လူအချို့ ရှိနေကြကာ အချို့က ရုပ်တုများ၏ရှေ့၌ ဒူးထောက်လျက် တစ်စုံတစ်ခုအတွက် ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းနေကြပေသည်။
မကြာခင်၌ပင် ရီထျန်းမင်က ရပ်တန့်လိုက်သည်။ သူက သူ၏ ညာဘက်သို့ လှမ်းကြည့်လိုက်သည်တွင် သူ၏ ညာဘက် ပေအနည်းငယ်ခန့်အကွာ၌ လူထောင်ပေါင်းများစွာက ဒူးထောက်နေကြကာ သူတို့၏ ရှေ့တွင် ကျိုးပဲ့နေသော ဧရာမရုပ်တုကြီးတစ်ခု ရှိနေပေသည်။
***