ရီထျန်းမင်က ပျက်စီးယိုယွင်းနေသော ရုပ်တုကို ကြည့်လိုက်သည်။ ယင်းမှာ အမျိုးသမီးရုပ်တုတစ်ခုဖြစ်ကာ အောက်ပိုင်းတစ်ဝက်သာ ကျန်ရှိတော့ပြီး အထက်ပိုင်းက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
ရုပ်တုရှေ့၌ ဒူးထောက်နေကြသူများ၏ မျက်နှာများထက်တွင် လေးနက်ပြီး ရိုသေကိုင်းရှိုင်းသော အမူအရာများ ရှိနေကြသည်။
နတ်ဘုရားပင်။
ရီထျန်းမင်က ထိုရုပ်တုကို အနည်းငယ် သိချင်စိတ်ဖြင့် အကဲခတ်လိုက်၏။
နတ်ဘုရားတစ်ပါးသာလျှင် ဤလူများထံမှ ဤမျှပြင်းပြသော ကိုးကွယ်ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
ဤရုပ်တုမှာ နတ်ဘုရားတစ်ပါး၏ ရုပ်တုဖြစ်ကြောင်း သေချာလှသော်လည်း အသက်ရှင်နေဆဲဖြစ်သော ဖြောင့်မတ်သည့် နတ်ဘုရားတစ်ပါးလော သို့မဟုတ် ကျဆုံးသွားခဲ့ပြီဖြစ်သော နတ်ဘုရားဟောင်းတစ်ပါးလော ဆိုသည်ကိုမူ မသိရချေ။
အတိတ်က နတ်ဘုရားများ၏ စစ်ပွဲကြီးအတွင်း၌ များပြားလှသော နတ်ဘုရားများ ကျဆုံးခဲ့ကြရသည် မဟုတ်ပါလော။
သူက အချိန်ဆွဲမနေတော့ဘဲ အဝေးသို့ ဆက်လက် လျှောက်လှမ်းသွားလိုက်၏။
လမ်းတစ်လျှောက်၌ ပျက်စီးနေသော အဆောက်အအုံများစွာကို သူမြင်တွေ့ခဲ့ရကာ ယင်းတို့၏ အရွယ်အစား ပမာဏများကို ကြည့်ခြင်းအားဖြင့် တစ်ချိန်က အင်မတန် ခမ်းနားထည်ဝါခဲ့မည်မှာ သေချာနေပေသည်။
ထိုအပျက်အစီးနယ်မြေကို ဖြတ်သန်းပြီးနောက် အဆုံးအစမရှိသော တောင်တန်းကြီးများကို သူ မြင်လိုက်ရသည်။ ထိုတောင်တန်းကြီးများက အလွန်အမင်း မြင့်မားလှကာ တောင်ထွတ်များကလည်း ကြယ်တာရာကောင်းကင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီး ကောင်းကင်နှင့် မြေပြင်ကို ထောက်ကန်ထားသော တိုင်လုံးကြီးများအလား ခမ်းနားထည်ဝါလှကာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
နတ်ဘုရား တောင်တန်းများပင်။
သူ၏ ရှေ့ရှိ တောင်တန်းကြီးများကို ငေးကြည့်လျက် ရီထျန်းမင်မှာလည်း အင်မတန် သဘောကျသွားလေသည်။ ဤသည်က သူ၏ အမြင်အာရုံအား တကယ်ကို ကျယ်ပြန့်သွားစေခြင်းပင်။
နတ်ဘုရားတောင်တန်းများ၌ ထူးခြားသော ကန့်သတ်ချက်တစ်ခု ရှိနေသဖြင့် သူက သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြု၍ မရဘဲ ခြေလျင်သာ တက်ရောက်နိုင်ပေသည်။
သူက တောင်စောင်းတစ်လျှောက် ခြေတစ်လှမ်းချင်းစီ တက်လှမ်းသွား၏။ တောင်ခါးပန်းသို့ ရောက်ရှိချိန်၌ သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ အခြားသော တောင်တန်းများအားလုံးကို အပေါ်စီးမှနေ၍ မြင်တွေ့နေရပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
ရီထျန်းမင်က ပြုံးလိုက်ကာ အထက်သို့ ဆက်လက် တက်လှမ်းသွားလိုက်၏။
မကြာခင်၌ပင် သူက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ နှစ်ဦးစလုံးက အသက်နှစ်ဆယ်ခန့်အရွယ် လူငယ်များ ဖြစ်ပုံရကြကာ ရိုးရှင်းစွာ ဝတ်ဆင်ထားကြသည်။
ထိုစဉ် ထိုအမျိုးသားနှင့် အမျိုးသမီးကလည်း ရီထျန်းမင်ကို သတိထားမိသွားကြသည်။ ထိုအမျိုးသားက ရီထျန်းမင်ကို ပြုံးပြလိုက်ကာ "အစ်ကို... အစ်ကိုကရော နတ်ဘုရားကောလိပ်ကို ဝင်ဖို့ လာတာလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"
ထိုအမျိုးသားက စိတ်လှုပ်ရှားစွာဖြင့် "တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်နဲ့ ကျွန်တော့်ညီမလည်း အတူတူပဲ။ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော့်နာမည်က ချင်းယွမ်ပါ၊ သူကတော့ ကျွန်တော့်ညီမ ချင်းကျစ်ပါ"
ထိုအမျိုးသမီးက ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်ကာ နှုတ်ဆက်သည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ရီထျန်းမင်က ပြုံးလိုက်ကာ "ကျွန်တော့်နာမည်က ရီထျန်းမင်ပါ"
ချင်းယွမ်က "အစ်ကိုရီ... အတူတူ သွားကြတာပေါ့"
ရီထျန်းမင်က ပြုံးလိုက်၏။ "ကောင်းပြီလေ"
သူတို့ သုံးဦးက အတူတကွ ခရီးဆက်လိုက်ကြသည်။
လမ်းတစ်လျှောက်၌ ချင်းယွမ်က သိချင်စိတ်ဖြင့် "အစ်ကိုရီ... အစ်ကို့ရဲ့ အဆင့်က ဘာလဲ"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် "လူသားစိတ်ဝိညာဉ်အဆင့်ပါ"
သူက အနိမ့်ဆုံးအဆင့်ကိုသာ ပြောလိုက်ခြင်းပင်။
ချင်းယွမ်က ပြုံးလိုက်သည်။ "ကျွန်တော်လည်း လူသားစိတ်ဝိညာဉ်အဆင့်ပဲ၊ ဒါပေမဲ့ ကျွန်တော်က လူသားစိတ်ဝိညာဉ်အဆင့်ငါးကို ရောက်နေပြီ။ နောက်တစ်ဆင့် တက်လိုက်ရင် မြေကမ္ဘာဆုတောင်းအဆင့်ကို ရောက်ပြီ"
ထို့နောက် ရုတ်တရက် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ကျွန်တော့်ညီမ ချင်းကျစ်က လက်ရှိ မြေကမ္ဘာဆုတောင်းအဆင့်ငါးမှာ ရှိနေတာ။ ကြယ်တာရာပုန်းကွယ်အဆင့်ကို ရောက်တော့မှာ"
သူ၏ မျက်နှာထက်ရှိ ဂုဏ်ယူဝင့်ကြွားမှုများမှာ လျှို့ဝှက်မထားနိုင်လောက်အောင် ဖြစ်နေသည်။
ရီထျန်းမင်က ချင်းကျစ်ဟု အမည်ရသော အမျိုးသမီးကို ကြည့်လိုက်ရာ သူမက ဘာမှမပြောဘဲ ခပ်ဖျော့ဖျော့သာ ပြုံးပြလေသည်။
ရုတ်တရက် ချင်းယွမ်က သက်ပြင်းချလိုက်၏။ "ကျွန်တော်တို့က အရမ်းဆင်းရဲလွန်းလို့ပါ၊ မဟုတ်ရင် ကျွန်တော့်ညီမက အခုလောက်ဆို သေချာပေါက် ကြယ်တာရာပုန်းကွယ်အဆင့်ကို ရောက်နေလောက်ပြီ"
ချင်းကျစ်က သူ၏ လက်မောင်းကို ဆွဲလိုက်ကာ အနည်းငယ် ခေါင်းခါယမ်းပြလိုက်သည်။
ချင်းယွမ်က သွားဖြီးလျက် ပြုံးလိုက်၏။ "ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နတ်ဘုရားကောလိပ်ကိုသာ ဝင်ခွင့်ရရင် ကျွန်တော့်ညီမက သေချာပေါက် ကြီးမြတ်တဲ့အဆင့်အထိ တက်လှမ်းနိုင်မှာပါ"
ထို့နောက် သူက ရီထျန်းမင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ "အစ်ကိုရီ... စိတ်မပျက်ပါနဲ့။ အစ်ကိုလည်း လူသားစိတ်ဝိညာဉ်အဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ငယ်ရွယ်သေးတာပဲ၊ အစ်ကို့ရဲ့ အနာဂတ်က အတိုင်းအဆ မရှိနိုင်ပါဘူး"
ရီထျန်းမင်က ပြုံးလျက် "ကျေးဇူးပါ"
ချင်းယွမ်က ပြုံးလိုက်သည်။ "သွားကြစို့... နတ်ဘုရားကောလိပ်ကို မြန်မြန်သွားကြရအောင်။ နတ်ဘုရားကောလိပ်က အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ပါဝင်တဲ့ အစားအစာတွေကိုတောင် ကျွေးတယ်လို့ ကြားထားတယ်"
ထို့နောက် သူတို့သုံးဦးက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။
မကြာခင်၌ပင် သူတို့သုံးဦးက တောင်ထွတ်သို့ ရောက်ရှိသွားကြ၏။ တောင်ထွတ်သို့ ရောက်ရှိသွားသည်နှင့် ရီထျန်းမင်က သူ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်လိုက်ချိန်တွင် ယခင်က တစ်ခါမျှ မကြုံဖူးသော အံ့သြမှုက သူ၏ စိတ်နှလုံးထဲသို့ ချက်ချင်းဆိုသလို တိုးဝင်လာသည်။ အဆုံးအစမရှိသော တောင်တန်းကြီးများ၊ အင်မတန် ကျယ်ဝန်းလှသော ကြယ်တာရာကောင်းကင်ကြီးများနှင့် ထိုကြယ်တာရာကောင်းကင်အတွင်း၌ ခမ်းနားထည်ဝါစွာ ရပ်တည်နေသော ရှေးဟောင်းနန်းတော်ကြီးများကို သူမြင်တွေ့လိုက်ရသောကြောင့်ပင်။
"ဝိုး..."
သူ၏ ဘေးရှိ ချင်းယွမ်ကလည်း ရှေ့ရှိ မြင်ကွင်းကို ကြည့်လျက် သူ၏ မျက်လုံးများက မီးလုံးကြီးများအလား ပြူးကျယ်နေပေသည်။ "ဘယ်လောက်တောင်... ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ"
သူ၏ ညီမဖြစ်သူ ချင်းကျစ်၏ မျက်လုံးများတွင်လည်း ထိတ်လန့်အံ့သြမှုများဖြင့် ပြည့်နှက်နေပေသည်။
ရီထျန်းမင်က ခေါင်းခါယမ်းလျက် ပြုံးလိုက်၏။ ဤသည်က တကယ်ကို မှင်သက်ချင်စရာ ကောင်းလွန်းလှကြောင်း ဝန်ခံရမည်ပင်။
နန်းတော်ကြီးများက ကြယ်များ၏ ဝန်းရံမှုနှင့်အတူ ကြယ်တာရာကောင်းကင်အတွင်း၌ မားမားမတ်မတ် တည်ရှိနေကြသည်။ ကြယ်ရောင်များ၏ အောက်၌ သူတို့က တောက်ပလှသော ကြယ်တာရာအလင်းတန်းများကို ထုတ်လွှတ်နေကြသည်မှာ အင်မတန် စူးရှတောက်ပနေပေသည်။ ပို၍ဝေးကွာသော နေရာ၌ နဂါးငွေ့တန်းတစ်ခုက ကြယ်တာရာကောင်းကင်ကို တောင်မှမြောက်သို့ ဖြတ်သန်းသွားကာ ငွေရောင်အလင်းတန်းများ စီးဆင်းနေသော ဖဲကြိုးတစ်စအလား ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကို ပို၍ပင် ခမ်းနား၍ ဆွဲဆောင်မှုရှိစေလေသည်။
ထိုအခိုက်အတန့်၌ ရုတ်တရက် လူအိုကြီးတစ်ဦးက သူတို့သုံးဦး၏ ရှေ့တွင် ထွက်ပေါ်လာ၏။ ထိုလူအိုကြီးကို မြင်လိုက်ရသည်တွင် ချင်းယွမ်က အလျင်အမြန်ပင် ရိုသေကိုင်းရှိုင်းစွာ ဦးညွတ်လိုက်ကာ အနည်းငယ် စိုးရိမ်တကြီးဖြင့် "ကျွန်တော်တို့... ကျွန်တော်တို့က နတ်ဘုရားကောလိပ်ကို ဝင်ချင်လို့ပါ"
လူအိုကြီးက လေသံဖျော့ဖျော့ဖြင့် "မကြောက်ပါနဲ့။ မင်းတို့ကို စမ်းသပ်ဖို့ ခေါ်သွားပေးမယ်။ ငါ့နောက်ကို လိုက်ခဲ့ကြ"
ထို့နောက် သူက လှည့်ထွက်ကာ ဘေးဘက်သို့ လျှောက်သွားလိုက်၏။
ရီထျန်းမင်နှင့် အခြားနှစ်ဦးက အနောက်မှ လိုက်ပါသွားကြ၏။ လမ်းတစ်လျှောက်၌ သူတို့အားလုံးက ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် အကဲခတ်နေကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက် လူအိုကြီးက သူတို့သုံးဦးကို ခမ်းနားသောခန်းမကြီးတစ်ခု၏ ရှေ့သို့ ခေါ်ဆောင်သွားလေသည်။ ထိုခန်းမ၏ ရှေ့၌ အကွက်ခြောက်ကွက် ပါဝင်သော ကြယ်တာရာကျောက်စာတိုင်တစ်ခု ရှိနေ၏။
တောင်ပေါ်သို့ တက်လာစဉ်က ဤအရာကို စမ်းသပ်ရေးကျောက်စာတိုင်ဟု ခေါ်ဆိုကြောင်း ချင်းယွမ်ထံမှ ရီထျန်းမင်မှာ သိရှိခဲ့ရပေသည်။ ထိုအကွက်ခြောက်ကွက်က ဉာဉ်စွမ်းရည် အဆင့်ခြောက်ဆင့်ဖြစ်သော အနိမ့်ဆုံးဉာဉ်၊ အလယ်အလတ်ဉာဉ်၊ အမြင့်ဆုံးဉာဉ်၊ ပါရမီရှင်၊ ထူးချွန်ပါရမီရှင်နှင့် နတ်ဘုရားကံကြမ္မာအဆင့်တို့နှင့် သက်ဆိုင်ပေသည်။
ထိုလူအိုကြီးက ရီထျန်းမင်နှင့် အခြားနှစ်ဦးကို ကြည့်လျက် ပြုံးလိုက်၏။ "ဒီက စည်းကမ်းတွေကို မင်းတို့အားလုံး နားလည်ကြရဲ့လား"
ချင်းယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ အရိုးတည်ဆောက်ပုံနဲ့ စိတ်ဝိညာဉ်ကို အရင်စမ်းသပ်ရမယ်လို့ သိထားပါတယ်"
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ "ဘယ်သူ အရင်စမ်းသပ်ချင်လဲ"
ချင်းယွမ်က ရီထျန်းမင်ကို ကြည့်လိုက်သည်။ "အစ်ကိုရီ... အစ်ကို အရင်လုပ်မလား"
ထို့နောက် သူက ကြယ်တာရာကျောက်စာတိုင်ထံသို့ လျှောက်သွားလိုက်သည်။ လူအိုကြီးက လေသံဖျော့ဖျော့ဖြင့် "အဲဒီအပေါ်ကို လက်တင်လိုက်ရုံပါပဲ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်ကာ လက်ဆန့်ထုတ်၍ ကြယ်တာရာကျောက်စာတိုင်ပေါ်သို့ တင်လိုက်၏။ ကြယ်တာရာစမ်းသပ်ရေးကျောက်စာတိုင်က တုန်ခါသွားကာ နောက်တစ်ခဏ၌ အောက်ဆုံးရှိ အကွက်လေးက လင်းလက်လာသည်။
ဤသည်ကို မြင်လိုက်ရသည်တွင် ဘေးရှိ ချင်းယွမ်က ချက်ချင်းဆိုသလို ရယ်မောလိုက်၏။ "ကောင်းတယ်... ကောင်းတယ်"
သို့သော် အင်မတန်မြန်ဆန်စွာပင် ထိုအကွက်လေးက တိုက်ရိုက်ဆိုသလို ပြန်လည် ငြိမ်းသက်သွားသည်။
ချင်းယွမ်၏ အပြုံးက တောင့်တင်းသွား၏။ အနိမ့်ဆုံးဉာဉ်လော။
ရီထျန်းမင်က စမ်းသပ်ရေးကျောက်စာတိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူအိုကြီးကို လှည့်ကြည့်လိုက်သည်။ လူအိုကြီးက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြုံးလျက် "နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ပါလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ"
ပြောပြီးနောက် သူက လက်ကို ထပ်မံတင်လိုက်ပြန်သည်။ ပထမဆုံးအကွက်လေးက နောက်တစ်ကြိမ် လင်းလက်လာသော်လည်း သိပ်မကြာခင်၌ပင် တိုက်ရိုက် ငြိမ်းသက်သွားပြန်၏။
ရီထျန်းမင်က ခါးသီးစွာ ပြုံးလိုက်သည်။
အနိမ့်ဆုံးဉာဉ်ပင်။
ကြည့်ရသည်မှာ လုရန်၏ ထောက်ခံစာကို အသုံးပြုရုံသာ ရှိတော့မည် ဖြစ်သည်။
ဘေးရှိ ချင်းယွမ်မှာ သူ့ကို မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ချေ။
အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လူအိုကြီးက ချင်းယွမ်ဘက်သို့ လှည့်ကာ ပြုံးလျက် "မင်း စမ်းကြည့်မလား"
ချင်းယွမ်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ"
ထို့နောက် သူက စမ်းသပ်ရေးကျောက်စာတိုင်ထံသို့ လျှောက်သွားကာ သူ၏ လက်ကို တင်လိုက်သည်။ မကြာခင်၌ပင် ပထမဆုံး အကွက်လေးက လင်းလက်လာ၏။
သို့သော်လည်း စမ်းသပ်ရေးကျောက်စာတိုင်က အနည်းငယ် တုန်ခါနေပေသည်။
အချိန်အတန်ကြာပြီးနောက် စမ်းသပ်ရေးကျောက်စာတိုင်၏ ဒုတိယအကွက်က ရုတ်ခြည်းဆိုသလို လင်းလက်လာသော်လည်း အလင်းရောင်က အင်မတန် ဖျော့တော့နေကာ အလျင်အမြန်ပင် မှေးမှိန်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားလေသည်။
အလယ်အလတ်ဉာဉ်ပင်။
အလယ်အလတ်ဉာဉ်က နတ်ဘုရားကောလိပ်ကို ဝင်ခွင့်ရရန် အရည်အချင်း မပြည့်မီနိုင်ဟု တွေးမိသည်တွင် ချင်းယွမ်မှာ အနည်းငယ် စိတ်ပျက်သွား၏။
လူအိုကြီးက ချင်းကျစ်ကို ကြည့်လိုက်သည်တွင် သူမက ရှေ့သို့ လျှောက်လာကာ သူမ၏ လက်ကို စမ်းသပ်ရေးကျောက်စာတိုင်ပေါ်သို့ တင်လိုက်သည်။
ဝုန်း။
မျက်စိတစ်မှိတ်အတွင်း၌ပင် စမ်းသပ်ရေးကျောက်စာတိုင်မှနေ၍ စူးရှတောက်ပလှသော ကြယ်တာရာအလင်းတန်းများ ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်လာကာ အကွက်တစ်မှနေ၍ ငါးအထိ အားလုံး လင်းလက်သွားလေသည်။
ထူးချွန်ပါရမီရှင်လော။
ဤသည်ကို မြင်လိုက်ရသည်တွင် လူအိုကြီး၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
ချင်းယွမ်မှာ အစပိုင်း၌ မှင်သက်သွားသော်လည်း နောက်ပိုင်းတွင် ရူးသွပ်စွာ ရယ်မောလေသည်။
ထိုစဉ် စမ်းသပ်ရေးကျောက်စာတိုင်က နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်ကာ နောက်ဆုံးအကွက်ကလည်း အလင်းရောင်များ ထွက်ပေါ်လာပြီး ပေါက်ကွဲထွက်တော့မည့်ဆဲဆဲ ဖြစ်လာ၏။
ဤသည်ကို မြင်လိုက်ရသည်တွင် လူအိုကြီးမှာ မျက်လုံးအိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။ သူက ချင်းကျစ်ကို အနောက်သို့ အတင်းဆွဲခေါ်လိုက်ရာ စမ်းသပ်ရေးကျောက်စာတိုင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
လူအိုကြီးက ချင်းကျစ်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ချိန်၌ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်အံ့သြမှုများ ရှိနေခဲ့ပြီ ဖြစ်သည်။ သူက လေးနက်သော အမူအရာဖြင့် "မင်းနာမည် ဘယ်လိုခေါ်လဲ"
ချင်းယွမ်က အလျင်အမြန်ပင်။ "သူ့နာမည်က ချင်းကျစ်ပါ"
"ချင်းကျစ်"
လူအိုကြီးက အနည်းငယ်မျှ ပြုံးလိုက်၏။ "ကောင်းတယ်... ကောင်းတယ်၊ မင်းကို လက်ခံလိုက်ပြီ"
ချင်းကျစ်က ဝမ်းသာမနေဘဲ အနည်းငယ် စိုးရိမ်တကြီးဟန်ဖြင့် "ကျွန်မအစ်ကိုရော... ကျွန်မအစ်ကိုရောဟင်"
လူအိုကြီးက ချင်းယွမ်ကို ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းနေ၏။
ချင်းယွမ်ရော ရီထျန်းမင်ပါ အရည်အချင်းမပြည့်မီကြောင်း ရှင်းလင်းနေပေသည်။
ဤသည်ကို ချင်းယွမ်က သေချာပေါက် နားလည်ထား၏။ သူက အလျင်အမြန်ပင်။ "ချင်းကျစ်... နင်တစ်ယောက် နတ်ဘုရားကောလိပ်ကို ဝင်ခွင့်ရရင်ပဲ လုံလောက်ပါပြီ။ အစ်ကိုကြီးက ကိစ္စမရှိပါဘူး၊ တကယ်ပါ..."
"မရဘူး"
ချင်းကျစ်က ပြတ်သားစွာ ခေါင်းခါယမ်းလိုက်၏။ "အစ်ကိုသာ နတ်ဘုရားကောလိပ်ကို မဝင်ရဘူးဆိုရင် ညီမလည်း မဝင်ဘူး"
"နင် ဘာတွေ လျှောက်ပြောနေတာလဲ"
ချင်းယွမ်မှာ ချက်ချင်းဆိုသလို အလွန်အမင်း စိုးရိမ်သွားလေသည်။ သူက လူအိုကြီးကို အလျင်အမြန် လှမ်းကြည့်လိုက်၏။ "ကျွန်တော့်ညီမက ငယ်သေးလို့ ဘာတွေပြောနေမှန်း မသိတာပါ။ ကျေးဇူးပြုပြီး အတည်မယူပါနဲ့..."
ပြောနေရင်းဖြင့် သူက ချင်းကျစ်ကို အလျင်အမြန် ဆွဲလိုက်ကာ စိုးရိမ်တကြီးဖြင့် "မိုက်မဲတဲ့ ကောင်မလေး... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါက နတ်ဘုရားကောလိပ်ဟ။ နင့်ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ..."
သို့သော် ချင်းကျစ်က သူ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ခေါင်းကိုသာ ဆက်တိုက်ဆိုသလို ခါယမ်းနေသည်။
ချင်းယွမ်က ဆက်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ထိုအခိုက်အတန့်၌ ဘေးရှိ လူအိုကြီးက "မင်းတို့သုံးယောက်လုံး ဝင်ခွင့်ရတယ်"
ချင်းယွမ်မှာ မှင်သက်သွား၏။
ရီထျန်းမင်လည်း မှင်သက်သွားလေသည်။
လူအိုကြီးက ရီထျန်းမင်နှင့် ချင်းယွမ်ကို ကြည့်လျက် ပြုံးလိုက်၏။ "ပါရမီက အရမ်းအရေးကြီးတယ် ဆိုပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်နှလုံးက ပိုပြီးတော့ အရေးကြီးတယ်။ မင်းတို့အားလုံး အတူတူ ဝင်ကြပါ"
ထို့နောက် သူက ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူကာ ရီထျန်းမင်နှင့် ချင်းယွမ်ထံ ကမ်းပေးလိုက်သည်။ "မင်းတို့နှစ်ယောက်က အပြင်စည်းကောလိပ်ကို အရင်သွားပြီး သတင်းပို့လိုက်။ မင်းရဲ့ညီမကတော့... သူက တော်တော်လေး ထူးခြားနေတာမို့ အထက်ကလူတွေနဲ့ ငါတိုင်ပင်ဖို့ လိုသေးတယ်"
ချင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် "တကယ်ကြီးလား..."
လူအိုကြီးက ပြုံးလိုက်၏။ "ဟုတ်တယ်"
ရုတ်တရက် ရီထျန်းမင်က "ဆရာကြီး... ဆရာကြီးကို ဘယ်လိုခေါ်ရမလဲ"
လူအိုကြီးက ရီထျန်းမင်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "ငါ့နာမည်က ကျူးပိုင်ပါ၊ အခုကစပြီး ငါက မင်းတို့ရဲ့ ဆရာပဲ"
ထိုစဉ် ရုတ်တရက် သက်လတ်ပိုင်းလူတစ်ဦးက ပြေးလာ၏။ သူက လူအိုကြီးကို မြင်လိုက်ရသည်တွင် သူ၏ မျက်နှာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ "အကြီးအကဲကျူး... ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"
အကြီးအကဲကျူး။ အပြင်စည်းကောလိပ်၏ ဆရာပင်။ သူ၏ အဆင့်အတန်းက အင်မတန် မြင့်မားလှပေသည်။
ကျူးပိုင်က ပြုံးလိုက်၏။ "ငါက လမ်းကြုံလို့ ဖြတ်သွားရင်း သူတို့သုံးယောက်နဲ့ တွေ့တာနဲ့ စမ်းသပ်ဖို့ ခေါ်လာခဲ့တာ"
သက်လတ်ပိုင်းလူက အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်က ခုလေးတင် ကိစ္စလေးတစ်ခု ရှိလို့ အပြင်ထွက်သွားတာပါ၊ ကျွန်တော်... ကျွန်တော်..."
ကျူးပိုင်က ပြုံးလိုက်၏။ "ကိစ္စမရှိပါဘူး။ အခုကစပြီး ဒီသုံးယောက်က ငါတို့ နတ်ဘုရားကောလိပ်ရဲ့ ကျောင်းသားတွေပဲ။ ဒီကောင်လေးနှစ်ယောက်ကို သတင်းပို့ဖို့ ခေါ်သွားလိုက်တော့"
သက်လတ်ပိုင်းလူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"
ထို့နောက် သူက ရီထျန်းမင်နှင့် ချင်းယွမ်ကို ဘေးဘက်သို့ ခေါ်ဆောင်သွားလေသည်။
ကျူးပိုင်ကမူ ချင်းကျစ်ကို အခြားတစ်ဖက်သို့ ခေါ်ဆောင်သွား၏။ လမ်းတစ်လျှောက်၌ ရုတ်တရက် ကျူးပိုင်က ချင်းကျစ်ကို လှည့်ကြည့်လိုက်ကာ ပြုံးလျက် "သူတို့ကို ငါ ဘာလို့ လက်ခံလိုက်တာလဲဆိုတာ မင်း သိလား"
ချင်းကျစ်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် "ကျွန်မကြောင့်လား"
ကျူးပိုင်က အနည်းငယ်မျှ ပြုံးလိုက်၏။ "ဟုတ်တယ်"
ချင်းကျစ်က လေသံဖျော့ဖျော့ဖြင့် "ကျေးဇူးတင်ပါတယ်"
ကျူးပိုင်က ပြုံးလိုက်၏။ "ယုတ္တိရှိရှိပြောရရင် သူတို့က နတ်ဘုရားကောလိပ်ကို ဝင်ဖို့ အရည်အချင်း လုံးဝ မပြည့်မီဘူး။ ဒါပေမဲ့ အကယ်၍ ငါက မင်းတစ်ယောက်တည်းကိုပဲ လက်ခံပြီး သူတို့ကို လက်မခံဘူးဆိုရင် မင်းက ငါတို့ကောလိပ်ကို နှလုံးသားထဲကနေ ကျေးဇူးတင်တော့မှာ မဟုတ်ဘူး၊ ငြင်းဆန်သွားတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ အဲဒါက ငါတို့အတွက် ဆုံးရှုံးမှုတစ်ခုပဲလေ"
ထို့နောက် သူက ချင်းကျစ်ကို ကြည့်လိုက်သည်။ "ဒီအကြောင်းတွေကို မင်းဆီ ဘာလို့ ပြောပြနေလဲဆိုတာ မင်းသိလား"
ချင်းကျစ်က လေသံဖျော့ဖျော့ဖြင့် "ဆရာက ကျွန်မကို သင်ပေးချင်လို့ပါ"
ကျူးပိုင်က ခေါင်းညိတ်လိုက်၏။ "နောင်ကျရင် ကိစ္စရပ်တွေနဲ့ လူတွေအပေါ် ဆက်ဆံတဲ့အခါ လက်ငင်းရနိုင်မယ့် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကိုချည်းပဲ ဘယ်တော့မှ မကြည့်နဲ့။ အမြဲတမ်း ပိုပြီး ဝေးဝေးကို လှမ်းကြည့်ရမယ်၊ ပြီးတော့ ပိုကျယ်ပြန့်တဲ့ အမြင်မျိုး ရှိရမယ်"
ရုတ်တရက် ချင်းကျစ်က ကျူးပိုင်ကို မော့ကြည့်လိုက်သည်။ "အကယ်၍ ကျွန်မသာ တန်ဖိုးမရှိခဲ့ဘူးဆိုရင်..."
ကျူးပိုင်က ပြုံးလျက် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ "အကယ်၍ တန်ဖိုးရှိတယ်ဆိုရင် ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ အကျိုးခံစားခွင့်တွေ ရဖို့အတွက် ငါတို့က ကြိုးပမ်းကြရမှာပဲ။ ဒါပေမဲ့ တန်ဖိုးမရှိဘူးဆိုရင်လည်း အေးဆေးတည်ငြိမ်တဲ့ စိတ်နေသဘောထားမျိုးကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ တချို့အရာတွေက ကိုယ်နဲ့ မသက်ဆိုင်ဘူးဆိုတာကို လက်ခံတတ်ရမယ်။ အရည်အချင်းနဲ့တန်ဖိုး မရှိဘဲနဲ့တော့ ဘယ်တော့မှ ကြီးမားတဲ့ ရည်မှန်းချက်တွေ မထားရဘူး၊ နားလည်လား"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်းကျစ်က ခေါင်းညိတ်လိုက်သည်။ "နားလည်ပါပြီ"
***