ရီထျန်းမင်နှင့် ချင်းယွမ်က သက်လတ်ပိုင်းလူ၏ နောက်မှနေ၍ အပြင်စည်းကောလိပ်သို့ လိုက်ပါသွားကြ၏။
အစပိုင်း၌ သက်လတ်ပိုင်းလူက သူတို့အပေါ် အတော်လေး ဖော်ရွေခဲ့သော်လည်း သူတို့ထဲမှ တစ်ယောက်က အနိမ့်ဆုံးဉာဉ်ဖြစ်ပြီး နောက်တစ်ယောက်က အလယ်အလတ်ဉာဉ်ဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင် သူ၏ သဘောထားက သိသိသာသာ ပြောင်းလဲသွားလေသည်။
ယဉ်ကျေးသော်လည်း အေးတိအေးစက်နိုင်လှခြင်းပင်။
ချင်းယွမ်မှာ အစပိုင်း၌ စိတ်လှုပ်ရှားနေခဲ့သော်လည်း သက်လတ်ပိုင်းလူ၏ သဘောထားပြောင်းလဲသွားမှုကို သူက မြန်ဆန်စွာ သတိထားမိလိုက်သဖြင့် မေးခွန်းများ ဆက်မမေးတော့ချေ။
သက်လတ်ပိုင်းလူက ချင်းယွမ်နှင့် ရီထျန်းမင်ကို ဧရာမခန်းမကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွား၏။ ချင်းယွမ်က အနည်းငယ် သိချင်စိတ်ဖြင့် "ဆရာဝူမု... ဒါက အပြင်စည်းကောလိပ်လား"
ဝူမုဆိုသည်မှာ သူတို့၏ရှေ့ရှိ သက်လတ်ပိုင်းလူဖြစ်ကာ သူကလည်း အပြင်စည်းကောလိပ်၏ ဆရာတစ်ဦးပင်။
ဝူမုက ချင်းယွမ်ကို တစ်ချက်ကြည့်လိုက်၏။ "မင်းတို့ရဲ့ ကိုယ်ပိုင်အမှတ်အသား ကျောက်စိမ်းပြားနဲ့ အပြင်စည်းဝတ်စုံကို ရပြီးရင် မင်းတို့က အပြင်စည်းကျောင်းသားတွေ ဖြစ်သွားပြီ။ ဒါပေမဲ့ မင်းတို့က အများပြည်သူဆိုင်ရာသင်ခန်းစာတွေကို တက်ရောက်ဖို့ပဲ အရည်အချင်း ပြည့်မီတယ်။ တစ်လကို အများပြည်သူဆိုင်ရာ သင်ခန်းစာနှစ်ခုပဲ ရှိတယ်။ ကောလိပ်ထဲက တခြားသင်ခန်းစာတွေကို တက်ရောက်ချင်တယ်ဆိုရင်တော့ မင်းတို့ဆီမှာ ကောလိပ်ရမှတ်တွေ ရှိဖို့ လိုတယ်။ ရမှတ်တွေကိုတော့ ကောလိပ်ကပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ခြင်းကနေ ရရှိနိုင်ပြီး အဲဒီတာဝန်တွေကို တာဝန်ပေးခန်းမမှာ သွားယူလို့ ရတယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ဧည့်ခံရေးကျောင်းသားက မင်းတို့ကို ရှင်းပြပေးလိမ့်မယ်"
ထို့နောက် သူက လှည့်ထွက်သွားလေသည်။
တစ်ယောက်က အနိမ့်ဆုံးဉာဉ်၊ တစ်ယောက်က အလယ်အလတ်ဉာဉ်ဖြစ်လေရာ သူ့အမြင်အရဆိုလျှင် သူတို့ကြား၌ အနာဂတ်တွင် မည်သည့်ပတ်သက်မှုမျှ ရှိလာလိမ့်မည် မဟုတ်ချေ။ အကယ်၍ ကျူးပိုင်သာ မရှိခဲ့လျှင် ယခုအချိန်၌ သူတို့နှင့် သူက စကားပြောဖြစ်မည်ပင် မဟုတ်ပေ။
ထို့ပြင် သူ့အမြင်အရဆိုလျှင် ဤနှစ်ယောက်က နတ်ဘုရားကောလိပ်၌ အကြာကြီး နေနိုင်လိမ့်မည် မဟုတ်ချေ။
ဝူမု ထွက်ခွာသွားပြီးနောက် အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာ၏။ ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ်ခန့် ရှိပုံရကာ ရိုးရှင်းသော လမင်းကဲ့သို့ ဖြူစင်သည့်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပန်းချီကားတစ်ချပ်အလား လှပသော မျက်နှာသွင်ပြင်နှင့်အတူ အင်မတန် နူးညံ့သိမ်မွေ့ပေသည်။
ထိုအမျိုးသမီးက ပြုံးလိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မကတော့ ဧည့်ခံရေးကျောင်းသူ ချင်းဝမ်ဝမ်ပါ၊ ကျောင်းသားသစ်တွေကို ကြိုဆိုရတဲ့တာဝန် ယူထားပါတယ်။ ဆက်ပြီးတော့ ကျွန်မတို့ရဲ့ နတ်ဘုရားကောလိပ်နဲ့ ကောလိပ်က စည်းမျဉ်းစည်းကမ်းတွေကို ရှင်တို့နှစ်ယောက် အတိုတောင်းဆုံးအချိန်အတွင်း ရင်းနှီးကျွမ်းဝင်သွားအောင် ကျွန်မက လမ်းညွှန်ကူညီပေးသွားမှာပါ"
ချင်းယွမ်က အလျင်အမြန် ဦးညွတ်လိုက်၏။ "ကျေးဇူးတင်ပါတယ် မမ"
ချင်းဝမ်ဝမ်က ပြုံးလိုက်သည်။ "ရပါတယ်၊ ဒါက ကျွန်မရဲ့ တာဝန်ပဲလေ"
ပြောနေရင်းဖြင့် သူမက လက်ဝါးကို ဖြန့်လိုက်ရာ ဝတ်စုံနှစ်စုံနှင့် ကျောက်စိမ်းပြားနှစ်ခုက ရီထျန်းမင်နှင့် ချင်းယွမ်တို့၏ ရှေ့၌ ထွက်ပေါ်လာ၏။ "ရှင်တို့နှစ်ယောက် အရင်ဆုံး အဝတ်အစား လဲလိုက်ကြပါဦး၊ ကျွန်မ အပြင်ကနေ စောင့်နေပါ့မယ်"
ထို့နောက် သူမက ခန်းမထဲမှ ထွက်ခွာသွားလေသည်။
ချင်းဝမ်ဝမ် ထွက်ခွာသွားပြီးနောက် ချင်းယွမ်က သူ၏ လက်ထဲရှိ အပြင်စည်းဝတ်စုံကို ကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့် "အစ်ကိုရီ... ကျွန်တော်တို့ တကယ်ကြီး နတ်ဘုရားကောလိပ်ရဲ့ ကျောင်းသားတွေ ဖြစ်သွားကြပြီ"
ရီထျန်းမင်က ပြုံးလိုက်၏။ "ဟုတ်တယ်"
ချင်းယွမ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "အစ်ကိုရီ... ကျွန်တော်တို့က သာမန်လူတွေထက် ပိုပြီးတော့ အသေအလဲ ကျင့်ကြံကြရလိမ့်မယ်။ ကြိုးစားအားထုတ်မှုက ပါရမီနည်းပါးတာကို အစားထိုးနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သေချာပေါက်ကို အစားထိုးနိုင်မှာပါ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "အတူတူ ကြိုးစားကြတာပေါ့"
ချင်းယွမ်က သွားဖြီးလျက် ပြုံးလိုက်သည်။ "လာ... လာ၊ အဝတ်လဲကြစို့"
ခေတ္တအကြာ၌ သူတို့နှစ်ဦးက အပြင်စည်းဝတ်စုံများကို လဲလှယ်လိုက်ကြကာ ကျောက်စိမ်းပြားများကို ခါး၌ ဆွဲချိတ်လိုက်ကြ၏။ ချင်းယွမ်က သူ၏ ကျောင်းသားဝတ်စုံကို အဖန်တလဲလဲ ကြည့်ရှုနေကာ ကြက်သွေးများ ထိုးသွင်းခံထားရသူတစ်ယောက်အလား တကယ်ကို စိတ်လှုပ်ရှားလျက် တက်ကြွနေပေသည်။
ရီထျန်းမင်က ပြုံးလိုက်သည်။ "အပြင်ထွက်ကြစို့။ မမဝမ်ဝမ် ကျွန်တော်တို့ကို စောင့်နေတုန်းပဲ"
ချင်းယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ... ဟုတ်သားပဲ"
သူတို့နှစ်ဦးက ခန်းမထဲမှ ထွက်လာခဲ့ကြ၏။ ချင်းဝမ်ဝမ်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် "ရှင်တို့နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်။ အခုအချိန်ကစပြီး ရှင်တို့က ကျွန်မတို့ နတ်ဘုရားကောလိပ်ရဲ့ တရားဝင်ကျောင်းသားတွေ ဖြစ်သွားပါပြီ။ သွားကြစို့... ရှင်တို့ကို ကျွန်မတို့ နတ်ဘုရားကောလိပ်ရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအကြောင်း အရင်ဆုံး လေ့လာဖို့ ခေါ်သွားပေးမယ်"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ..."
သူက လုရန်ထံမှ ဤနတ်ဘုရားစကြာဝဠာ၏ သမိုင်းကြောင်းအချို့ကို သိရှိထားခဲ့သော်လည်း အများကြီးတော့ မသိထားသေးချေ။
မကြာခင်၌ပင် ချင်းဝမ်ဝမ်က ရီထျန်းမင်နှင့် ချင်းယွမ်တို့အား ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။ ဤခန်းမကြီးက ကြယ်စင်စုတစ်ခုလုံးကိုပင် ဆံ့နိုင်သည့်အလား အင်မတန် ကျယ်ဝန်းလှ၏။ ခန်းမ၏ မျက်နှာကြက်က အလွန်အမင်း မြင့်မားကာ အမိုးခုံးပုံစံ တည်ဆောက်ထားသည်။ ကြယ်ရောင်များက အကြည်ရောင်သလင်းကျောက်နံရံများကို ဖြတ်သန်း စီးဆင်းလာကာ ကြမ်းပြင်၌ မြှုပ်နှံထားသော ကြယ်တာရာပုံစံများအကြား ယှက်နွယ်သွားလျက် အင်မတန် စူးရှတောက်ပလှသော မြင်ကွင်းတစ်ခုကို ဖန်တီးထားပေသည်။
ထို့ပြင် ခန်းမကြီး၏ အလယ်တည့်တည့်၌ ဧရာမ ကျောက်စာတိုင်ကြီးတစ်ခု မားမားမတ်မတ် တည်ရှိနေကာ ဧရာမပန်းချီကားချပ်ကြီးများဖြင့် တန်ဆာဆင်ထား၏။ ထိုခမ်းနားလှသော အနုပညာလက်ရာများက ကြယ်များကို မင်အဖြစ်သုံးကာ စကြာဝဠာကို စက္ကူအဖြစ် အသုံးပြုထားသကဲ့သို့ နတ်ဘုရားများခေတ်၏ ဘုန်းကျက်သရေနှင့် အနိမ့်အမြင့် အတက်အကျများကို အသေးစိတ်ကျကျနှင့် ခမ်းနားထည်ဝါစွာ ပုံဖော်ထားပေသည်။
ရီထျန်းမင်မှာ နောက်ထပ်တစ်ကြိမ် အင်မတန် တုန်လှုပ်သွားရပြန်၏။
ဤနတ်ဘုရားစကြာဝဠာကို အစကတည်းကပင် သူ ဘယ်သောအခါမှ အထင်မသေးခဲ့သော်လည်း ဤနတ်ဘုရားစကြာဝဠာ၏ သိုင်းတာအို ဆင့်ကဲတိုးတက်မှုကိုမူ သူက အထင်သေးမိနေဆဲဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။
ဤသည်မှာ အောက်ဘက်လောကများကို လုံးလုံးလျားလျား အပြတ်အသတ် ဖိနှိပ်ထားနိုင်ခြင်းပင်။
သေချာပေါက် ဝတ်စုံပြောင်ဝတ်အစ်မကိုတော့ ဖယ်ချန်ထားရမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ပင်လျှင် သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်တာအိုက အပြင်ဘက်ရှိ တာအိုကို ဖိနှိပ်ထားနိုင်ဆဲဖြစ်ကြောင်း သူတွေ့ရှိခဲ့ရသောကြောင့်ပင်။
ထို့ပြင် ဝတ်စုံစိမ်းဝတ်လူ ရှိသေး၏။
သူက ဝတ်စုံစိမ်းဝတ်လူနှင့် သိပ်ပြီး မပတ်သက်ခဲ့ရသော်လည်း တစ်ဖက်လူ၏ စွမ်းအားက သေချာပေါက် ကြောက်မက်ဖွယ်ကောင်းလှကြောင်းကို သူ ခံစားမိနိုင်ပေသည်။
အနည်းဆုံး သူ၏ လက်ရှိ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ကြောက်မက်ဖွယ်ရာကောင်းမှုပင်။
သူလည်း သူတို့၏ အမြင့်ကို ရောက်နိုင်ပါ့မည်လော။
ရီထျန်းမင်က ပြုံးလိုက်၏။
ထိုလမ်းကြောင်းက အလွန်တရာ ခက်ခဲလိမ့်မည်ကို သူသိထားသော်လည်း ကိစ္စမရှိချေ။ ခရီးလမ်းက ရှည်လျားသော်လည်း ကြိုးစားအားထုတ်မှုဖြင့် သူ၏ ဦးတည်ရာသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
လက်ရှိ သူလုပ်ဆောင်ရန် လိုအပ်သည်မှာ ဖြည်းဖြည်းနှင့် မှန်မှန် ရှေ့ဆက်သွားရန်ပင်။
လောစရာ မလိုချေ။
ထိုအခိုက်အတန့်၌ ရုတ်တရက် ချင်းဝမ်ဝမ်က "ဒါက ကျွန်မတို့ နတ်ဘုရားများခေတ်ရဲ့ သမိုင်းကြောင်းပါ..."
ပြောနေရင်းဖြင့် သူမက ရီထျန်းမင်နှင့် ချင်းယွမ်ကို လှည့်ကြည့်ကာ ပြုံးလျက် "ရှင်တို့နှစ်ယောက် အဲဒီအကြောင်း လေ့လာဖူးလား"
ချင်းယွမ်မှာ သူ၏ ရှေ့ရှိ ဧရာမပန်းချီကားကြီးများကို အံ့သြတုန်လှုပ်စွာဖြင့် ငေးကြည့်နေဆဲပင်။ ချင်းဝမ်ဝမ်၏ စကားကို ကြားလိုက်ရသည်တွင် သူက အလျင်အမြန် ခေါင်းခါယမ်းလိုက်၏။
သူက ဆင်းရဲသောနောက်ခံမှ လာသူဖြစ်ပြီး စာအုပ်များစွာ မဖတ်ဖူးခဲ့လေရာ နတ်ဘုရားများခေတ်၏ သမိုင်းကြောင်းကို မဆိုထားနှင့်၊ မကြာသေးခင်က သမိုင်းကြောင်းကိုပင် သူ မသိချေ။
ရီထျန်းမင်ကလည်း ခေါင်းခါယမ်းလိုက်သည်။
ချင်းဝမ်ဝမ်က ပြုံးလိုက်၏။ "ဒါဆို ကျွန်မ ရှင်းပြပေးပါ့မယ်။ နတ်ဘုရားများခေတ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းသုံးရာကတည်းက တည်ရှိခဲ့တာပါ။ မှတ်တမ်းတွေအရဆိုရင် အဲဒီအချိန်တုန်းက နတ်ဘုရားနန်းတော်မှာ အစစ်အမှန်နတ်ဘုရား သုံးထောင့်ခြောက်ရာခုနှစ်ဆယ့်နှစ်ပါး၊ အထွတ်အမြတ်နတ်ဘုရား သုံးပါးနဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီဘိုးဘေးနတ်ဘုရားက နတ်ဘုရားအားလုံးရဲ့ အကြီးအကဲပါပဲ။ သူက နတ်ဘုရားနန်းတော်ကို တည်ထောင်ခဲ့ပြီး နတ်ဘုရားတာအို အမိန့်စနစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်..."
ပြောနေနေရင်းဖြင့် သူမ၏ အမူအရာက ရိုသေလေးစားမှုများ လွှမ်းခြုံလာသည်။ "အဲဒီဘိုးဘေးနတ်ဘုရားက နတ်ဘုရားတာအို အမိန့်စနစ်ကို ပြဋ္ဌာန်းခဲ့ရုံတင်မကဘူး၊ အမွှေးတိုင်ကျင့်ကြံခြင်းစနစ်ကိုလည်း ဖန်တီးခဲ့တာ။ ကျွန်မတို့ရဲ့ လက်ရှိ ကျင့်ကြံခြင်းစနစ်က အဲဒီဘိုးဘေးနတ်ဘုရားဆီကနေ ဆင်းသက်လာတာပါ။ အဲဒါအပြင် သူက သံသရာစနစ်ကိုပါ တည်ထောင်ခဲ့သေးတယ်။ ကျွန်မတို့ နတ်ဘုရားစကြာဝဠာထဲက သက်ရှိအားလုံးဟာ သေဆုံးပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားဖို့အတွက် ဒီသံသရာထဲကို ဝင်ရောက်နိုင်ကြတယ်၊ ပြီးတော့ သူတို့က မှတ်ဉာဏ်တွေနဲ့အတူ ပြန်လည်မွေးဖွားလာကြတာ။ ဒါက မသေဆုံးနိုင်တဲ့ ထာဝရအသက်နဲ့ အတူတူပဲ"
မသေဆုံးနိုင်သည့် ထာဝရအသက်လော။
ဤသည်ကို ကြားလိုက်ရသည်တွင် ရီထျန်းမင်၏ အမူအရာကလည်း လေးနက်သွားသည်။
အကယ်၍ လူတစ်ယောက်က သေဆုံးပြီးနောက် မှတ်ဉာဏ်များနှင့်အတူ အဆက်မပြတ် ပြန်လည်မွေးဖွားလာနိုင်သည်ဆိုလျှင် ထာဝရအသက်ရှင်ခြင်းနှင့် များစွာ ကွာခြားမှု မရှိတော့ချေ။ သေချာပေါက် ကိစ္စရပ်များက ထိုမျှရိုးရှင်းမည်မဟုတ်ကြောင်း သူ၏ မသိစိတ်က သူ့ကို ပြောပြနေ၏။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အစစ်အမှန်ထာဝရအသက်သာ တကယ်ဖြစ်နိုင်ပါလျှင် ယင်းက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့်ပင်။
ချင်းဝမ်ဝမ်က ဆက်ပြောလိုက်သည်။ "ဘိုးဘေးနတ်ဘုရားက နတ်ဘုရားတာအို ကံကြမ္မာအကျိုးဆက်၊ နတ်ဘုရားတာအို ကံကြမ္မာ၊ နတ်ဘုရားတာအို သံသရာ၊ နတ်ဘုရားတာအို အချိန်ကာလတွေကိုလည်း ပြဋ္ဌာန်းခဲ့သေးတယ်။ ပြီးတော့ တာအိုတစ်ခုစီတိုင်းကနေ တာအိုလမ်းခွဲပေါင်း သန်းနဲ့ချီပြီး ပြောင်းလဲသွားခဲ့တာ။ သူက အထက်မှာရှိတဲ့ အတိတ်ကို ထိန်းချုပ်တယ်၊ အောက်မှာရှိတဲ့ အနာဂတ်ကို ဆုပ်ကိုင်ထားတယ်၊ ပြီးတော့ သူ့ရဲ့ စစ်မှန်တဲ့ ကိုယ်ခန္ဓာက လူ့ပြည်မှာ ရှိနေပြီး ကံကြမ္မာ၊ ကံကြမ္မာအကျိုးဆက်၊ သံသရာ၊ အချိန်ကာလ၊ တာအို၊ ဉပဒေသ၊ နတ်ဘုရား၊ မသေမျိုး၊ သူတော်စင်နဲ့ သေမျိုးလောက အားလုံးကို အုပ်စိုးခဲ့တာ..."
ထိုသို့ပြောနေရင်းဖြင့် သူမ၏ အမူအရာက ပို၍ပင် ရိုသေလေးစားမှုများ ပြည့်နှက်လာသည်။ "သူက သမိုင်းတစ်လျှောက် အသန်မာဆုံး နတ်ဘုရားပဲ၊ နတ်ဘုရားအားလုံးရဲ့ ဘိုးဘေးဖြစ်ပြီး အတိတ်မှာရော အနာဂတ်မှာပါ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
သူမ၏ ဘေးရှိ ချင်းယွမ်မှာ အံ့သြတကြီးဖြစ်မှု၊ တောင့်တမှုနှင့် အလွန်အမင်း ရိုသေကိုင်းရှိုင်းမှုများ အပြည့်ရှိနေသော မျက်နှာဖြင့် နားထောင်နေလေသည်။ သူ့အတွက် နတ်ဘုရားများဆိုသည်မှာ တကယ်ကို အလှမ်းဝေးလွန်းလှ၏။ အလွန်အမင်းကို အလှမ်းဝေးလွန်းလှခြင်းပင်။
ရုတ်တရက် ရီထျန်းမင်က "အဲ့ဒီဘိုးဘေးနတ်ဘုရားက အခုထိ ရှိနေသေးလား"
ချင်းဝမ်ဝမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "သူက သူ့ရဲ့ တာအိုကို ဖြန့်ကျက်စွန့်လွှတ်လိုက်တယ်"
ရီထျန်းမင်မှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။ "တာအိုကို ဖြန့်ကျက်စွန့်လွှတ်လိုက်တာလား"
ချင်းဝမ်ဝမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သူက တာအိုကို ဖြန့်ကျက်စွန့်လွှတ်လိုက်လို့ နတ်ဘုရားနန်းတော်က ပြည်တွင်းစစ်တွေ စဖြစ်လာခဲ့တာလေ။ မဟုတ်ရင် ဘယ်နတ်ဘုရားကများ ရောင့်တက်ရဲမှာလဲ။ အထွတ်အမြတ်နတ်ဘုရားသုံးပါးတောင် ရောင့်မတက်ရဲဘူး"
ရီထျန်းမင်က ထပ်မေးလိုက်၏။ "သူက ဘာလို့ သူ့တာအိုကို ဖြန့်ကျက်စွန့်လွှတ်လိုက်ရတာလဲ"
ချင်းဝမ်ဝမ်က လေးနက်သော အသံဖြင့် "ဘိုးဘေးနတ်ဘုရားက သူ့ရဲ့ အထွတ်အထိပ်အချိန်မှာ သူနေမကောင်းဘူးဆိုပြီး နတ်ဘုရားတွေကို ရုတ်တရက် ပြောခဲ့တယ်လို့ အရင်ဆရာတစ်ယောက်ဆီကနေ ကျွန်မ ကြားဖူးတယ်"
ရီထျန်းမင်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။ "နေမကောင်းဘူး ဟုတ်လား"
ချင်းဝမ်ဝမ်က ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်၊ နတ်ဘုရားတွေကလည်း အရမ်းကို နားမလည်နိုင် ဖြစ်သွားကြတာပေါ့။ သူလိုအဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်က သေခြင်းတရားနဲ့ ကင်းကွာပြီး ပျက်စီးမသွားနိုင်တော့တဲ့ အနေအထားထိ ရောက်နေပြီဖြစ်တာမို့ ဘယ်လိုလုပ်ပြီး နေမကောင်းဖြစ်နိုင်မှာလဲ။ ဒါပေမဲ့ ဘိုးဘေးနတ်ဘုရားကတော့ ဘယ်တုန်းကမှ မရှင်းပြခဲ့ဘူး၊ ပြီးတော့ သိပ်မကြာခင်မှာပဲ သူက သူ့ရဲ့တာအိုကို ဖြန့်ကျက်စွန့်လွှတ်လိုက်တာ။ သူက တာအိုကို စွန့်လွှတ်လိုက်တာနဲ့တစ်ပြိုင်နက် နတ်ဘုရားတာအိုအမိန့်စနစ်က ချက်ချင်းကို ပြိုလဲသွားတော့တာပဲ"
ပြောနေရင်းဖြင့် သူမက ညင်သာစွာ သက်ပြင်းချလိုက်၏။ "ဘာလို့လဲဆိုတော့ ဘိုးဘေးနတ်ဘုရားမှာ အယူအဆတွေ အများကြီး ရှိခဲ့ပြီး နတ်ဘုရားတွေက အဲဒီအယူအဆ မတူညီတာတွေကို အမွေဆက်ခံခဲ့ကြလို့ပဲ။ အဲဒီမတူညီတဲ့ အယူအဆတွေကြောင့်ပဲ သူက တာအိုကို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာ နတ်ဘုရားတွေ အချင်းချင်း စတင် တိုက်ခိုက်လာကြပြီး နောက်ဆုံးတော့ နတ်ဘုရားတွေရဲ့ စစ်ပွဲကြီး ဖြစ်ပွားလာတော့တာပဲ..."
ရီထျန်းမင်က အနည်းငယ် သိချင်စိတ်ဖြင့် "ဘိုးဘေးနတ်ဘုရားမှာ ဘယ်လို အယူအဆမျိုးတွေ ရှိခဲ့တာလဲ"
ချင်းဝမ်ဝမ်က ရီထျန်းမင်ကို ကြည့်လျက် ပြုံးလိုက်၏။ "အဲဒါကိုတော့ ကျွန်မ မသိဘူး။ ဒီကိစ္စတွေကို အဲဒီအချိန်တုန်းက နတ်ဘုရားတွေပဲ သိကြပါလိမ့်မယ်"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မိုးထိမတတ် မြင့်မားသော ကျောက်စာတိုင်ကြီးကို မော့ကြည့်လိုက်၏။ ကျောက်စာတိုင်ကြီး၏ အမြင့်ဆုံးနေရာ၌ အမျိုးသားတစ်ဦးက နတ်ဘုရားများနှင့် သက်ရှိသတ္တဝါအပေါင်းကို ကျောခိုင်းလျက် မတ်တတ်ရပ်နေသည်။
ထိုအမျိုးသားက ဘိုးဘေးနတ်ဘုရားပင်။
ရီထျန်းမင်က ဘိုးဘေးနတ်ဘုရား၏ ကျောပြင်ကို ကြည့်လိုက်၏။ အကြောင်းရင်းကို မသိရသော်လည်း ထူးခြားသော ခံစားချက်တစ်ခုကို ရုတ်တရက် သူက ခံစားလိုက်ရသည်။ ရင်းနှီးကျွမ်းဝင်မှုပင်။
သူ၏ ရင်တွင်း၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်တည်လာလေသည်။
ဤသည်မှာ ရီထျန်းမင်ကိုယ်တိုင်ကိုပင် အနည်းငယ် ထူးဆန်းသလို ခံစားသွားရစေ၏။
သူ၏ ဘေးရှိ ချင်းယွမ်မှာ ဧရာမပန်းချီကားကြီးများကို ထိတ်လန့်အံ့သြစွာဖြင့် ငေးကြည့်နေဆဲပင်။ "နောင်ကျရင် ကျွန်တော်တို့လည်း နတ်ဘုရားတွေ ဖြစ်လာနိုင်မှာလား"
ချင်းဝမ်ဝမ်က ချင်းယွမ်ကို လှည့်ကြည့်လိုက်၏။ ချင်းယွမ်က နေရခက်သလို ခံစားလိုက်ရကာ အနည်းငယ် ကသိကအောက်ဖြင့် ရယ်မောလိုက်သည်။ "ကျွန်တော်... ကျွန်တော်က ဒီအတိုင်း လျှောက်မေးကြည့်တာပါ"
ချင်းဝမ်ဝမ်က ပြုံးလိုက်၏။ "သီအိုရီအရ ပြောရရင် ကျွန်မတို့အားလုံး အစစ်အမှန်နတ်ဘုရားတွေ ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ ဒါက အရမ်းကို ခက်ခဲလွန်းတယ်ဆိုတာပါပဲ။ ဒါပေမဲ့ အသေအလဲ ကျင့်ကြံကြမယ်ဆိုရင် မဖြစ်နိုင်စရာတော့ မရှိပါဘူး"
ချင်းယွမ်က စိတ်အားထက်သန်စွာဖြင့် "အသေအလဲ ကျင့်ကြံမယ်၊ ကျွန်တော် သေချာပေါက် အသေအလဲ ကျင့်ကြံရမယ်။ အခုကစပြီး တစ်နေ့ကို နှစ်နာရီပဲ အိပ်တော့မယ်"
ချင်းဝမ်ဝမ်က နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်၏။ ရိုးရိုးရှင်းရှင်း ကြိုးစားအားထုတ်ရုံမျှဖြင့် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာရန် မလုံလောက်နိုင်ကြောင်း သူမက ခံစားမိသော်လည်း သူမက ချင်းယွမ်ကို လှောင်ပြောင်ခြင်း မပြုခဲ့ချေ။
အိပ်မက်ရှိသော လူတိုင်းက လေးစားထိုက်သည် မဟုတ်ပါလော။
ရုတ်တရက် ချင်းဝမ်ဝမ်က ရီထျန်းမင်ကို ကြည့်လိုက်သည်။ သူက ဘိုးဘေးနတ်ဘုရား၏ ကျောပြင်အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်တွင် သူမက ပြုံးလျက် "ဂိုဏ်းတူမောင်လေးထျန်းမင်... နင်က ဘိုးဘေးနတ်ဘုရားကို အရမ်း စိတ်ဝင်စားနေပုံပဲ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "အင်း"
ချင်းဝမ်ဝမ်က ပြုံးလိုက်သည်။ "ဒါက ပုံမှန်ပါပဲ။ ဘိုးဘေးနတ်ဘုရားက ကျွန်မတို့ နတ်ဘုရားစကြာဝဠာကို ဖန်တီးခဲ့သူလေ... နင်လည်း အသေအလဲ ကျင့်ကြံရမယ်နော်။ တစ်နေ့ကျရင် နင်လည်း ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တာပဲ။ အရမ်းကို ခက်ခဲလိမ့်မယ်ဆိုပေမဲ့ ဆန္ဒရှိရင်တော့ နည်းလမ်းရှိတယ်လို့ ကျွန်မဆရာက ကျွန်မကို ပြောဖူးတယ်"
ရီထျန်းမင်က ပြုံးလျက် "ကောင်းပါပြီ၊ ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်”
ချင်းဝမ်ဝမ်က ချစ်စဖွယ် ပြုံးလိုက်သည်။ "အတူတူ ကြိုးစားပြီး ကျင့်ကြံကြတာပေါ့"
ရုတ်တရက် ရီထျန်းမင်က သိချင်စိတ်ဖြင့် "ဂိုဏ်းတူအစ်မဝမ်ဝမ်... ဒီဘိုးဘေးနတ်ဘုရားမှာ နာမည် ရှိလား"
ချင်းဝမ်ဝမ်က ခေါင်းခါယမ်းလိုက်သည်။ "သူ့နာမည်ကိုတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ သမိုင်းကြောင်းအရဆိုရင် အဲဒီအချိန်တုန်းက နတ်ဘုရားတွေဟာ သူ့ကို ဘိုးဘေးနတ်ဘုရားလို့ မခေါ်ကြဘူးတဲ့"
ရီထျန်းမင်က သိချင်စိတ်ဖြင့် "ဒါဆို သူ့ကို ဘယ်လိုခေါ်ကြတာလဲ"
ချင်းဝမ်ဝမ်က ပြန်ဖြေလိုက်သည်။ "သိုးကျောင်းနတ်ဘုရားတဲ့"
***