"သိုးကျောင်းနတ်ဘုရား ဟုတ်လား"
ရီထျန်းမင်မှာ အနည်းငယ် သိချင်စိတ် ဖြစ်သွား၏။
ချင်းဝမ်ဝမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နတ်ဘုရားသမိုင်းမှတ်တမ်းတွေအရတော့ သူ့ကို အဲဒီလိုပဲ ခေါ်ကြတာ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်ကာ ဘိုးဘေးနတ်ဘုရား၏ ကျောပြင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။
ထို့နောက်တွင် ချင်းဝမ်ဝမ်က ရီထျန်းမင်နှင့် ချင်းယွမ်ကို ခေတ်သစ်သမိုင်းကြောင်းအကြောင်း မိတ်ဆက်ပေးလိုက်၏။ ယေဘုယျအားဖြင့် နတ်ဘုရားများ၏ စစ်ပွဲကြီးအပြီး၌ များပြားလှသော နတ်ဘုရားများ ကျဆုံးသွားခဲ့ကြသဖြင့် နတ်ဘုရားနန်းတော်မှာ စတင်ကျဆင်းလာခဲ့ကာ ယခုအခါ၌ အစစ်အမှန်နတ်ဘုရားငါးပါးသာ အသက်ရှင်လျက် ကျန်ရစ်တော့သည့် အကြောင်းပင်။
ထို့အပြင် ချင်းဝမ်ဝမ်က နတ်ဘုရားကောလိပ်၏ သမိုင်းကြောင်းကိုလည်း သူတို့နှစ်ဦးအား ရှင်းပြပေးခဲ့၏။ နတ်ဘုရားကောလိပ်ကို အတိတ်က အထွတ်အမြတ်နတ်ဘုရားတစ်ပါးမှ တည်ထောင်ခဲ့ခြင်းဖြစ်ကာ ထိုအချက်ကြောင့်ပင် နတ်ဘုရားကောလိပ်က နတ်ဘုရားများ၏ စစ်ပွဲကြီးအတွင်း၌ မပျက်မစီးဘဲ ကျန်ရစ်ခဲ့ပြီး ယခုကဲ့သို့ ထူးခြားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
လက်ရှိ နတ်ဘုရားကောလိပ်မှာ နတ်ဘုရားစကြာဝဠာအတွင်း၌ အမြင့်ဆုံးသော ကောလိပ်ကြီး ဖြစ်၏။ နတ်ဘုရားနန်းတော် အသီးသီးမှ လက်အောက်ခံ မိသားစုများနှင့် နတ်ဘုရားတာဝန်ခံများ အားလုံးက နတ်ဘုရားကောလိပ်သို့ ဝင်ရောက်လိုကြပေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ထူးခြားသော ကျင့်ကြံခြင်းနည်းစနစ်အချို့နှင့် နတ်ဘုရားများခေတ်မှ အမွေအနှစ်မျိုးစုံကို ထိန်းသိမ်းထားဆဲ ဖြစ်သောကြောင့်ပင်။
ချင်းယွမ်မှာ နားထောင်လေလေ၊ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လာ၏။ သူ့အတွက်မူ နတ်ဘုရားကောလိပ်သို့ ဝင်ခွင့်ရခြင်းက သူ၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ခြင်းနှင့် အတူတူပင်။
အချိန်အတော်ကြာပြီးနောက် ချင်းဝမ်ဝမ်က ရီထျန်းမင်နှင့် ချင်းယွမ်ကို တာဝန်ပေးခန်းမသို့ ခေါ်ဆောင်သွားခဲ့ရာ ထိုနေရာ၌ လူများစွာက တာဝန်များကို ယူနေကြသလို တာဝန်များအား လာရောက်အပ်နှံနေကြသည်ကိုလည်း တွေ့မြင်လိုက်ရ၏။
ချင်းဝမ်ဝမ်က နံရံပေါ်ရှိ ကြယ်တာရာအလင်းဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ "အဲဒီမှာ ပြည့်နှက်နေတဲ့ တာဝန်တွေကို ရှင်တို့ မြင်လား။ ဒီနေ့ကစပြီး ရှင်တို့က ကောလိပ်ရမှတ်တွေ ရဖို့အတွက် တာဝန်တွေယူဖို့ ဒီနေရာကို လာရလိမ့်မယ်။ ကောလိပ်ရမှတ်တွေက ရှင်တို့အတွက် အရမ်းကို အရေးကြီးတယ်။ နောင်ကျရင် ရှင်တို့စားမယ့် အစားအစာတွေအတွက်တောင် ကောလိပ်ရမှတ်တွေ လိုအပ်လိမ့်မယ်။ ပြီးတော့ သုံးလတစ်ကြိမ် စာမေးပွဲရှိပြီး အဲဒီစာမေးပွဲအတွက်လည်း ကောလိပ်ရမှတ်တွေ လိုအပ်တယ်။ အကယ်၍ ရှင်တို့မှာ ကောလိပ်ရမှတ် မရှိဘူးဆိုရင် ကျောင်းထုတ်ခံရလိမ့်မယ်"
ကျောင်းထုတ်ခံရမည်လော။
ချင်းယွမ်၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ သူက အလျင်အမြန်ပင်. "ကျွန်တော်တို့ရဲ့ စွမ်းအားက အတော်လေး အားနည်းသေးတော့ ဒီတာဝန်တွေက..."
ချင်းဝမ်ဝမ်က ပြုံးလိုက်၏။ "ကိစ္စမရှိပါဘူး။ ရှင်တို့ရဲ့ စွမ်းအားက အားနည်းနေသေးရင် အဆင့်နိမ့်တာဝန်တချို့ကို ယူလို့ရတယ်။ ဥပမာ လူတွေကို သန့်ရှင်းရေး ကူလုပ်ပေးတာ၊ ထမင်းဟင်း ကူချက်ပေးတာ၊ အဲဒါတွေ အားလုံးကလည်း အဆင်ပြေပါတယ်..."
ပြောနေရင်းဖြင့် သူမက ဘေးရှိ ကြယ်တာရာအလင်းဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဒါတွေက အနိမ့်ဆုံးအဆင့် တာဝန်တွေလေ။ အဲဒါတွေက ဘာအခက်အခဲမှ မရှိဘူး၊ ဒါပေမဲ့ ကောလိပ်ရမှတ်တွေကတော့ အရမ်းနည်းတယ်"
ရီထျန်းမင်က ချင်းဝမ်ဝမ်ညွှန်ပြရာ ညာဘက်ရှိ ကြယ်တာရာအလင်းဖန်သားပြင်ကို ကြည့်လိုက်၏။ ထိုအပေါ်၌ ပန်းပင်ရေလောင်းခြင်း၊ ဟင်းချက်ခြင်း၊ စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးခြင်း၊ ဘုရားကျောင်းများကို ပြုပြင်ခြင်း စသည့် တာဝန်မျိုးစုံဖြင့် ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရသည်။ တကယ်ကို စုံလင်လှခြင်းပင်။
ယင်းတို့က တကယ် ရိုးရှင်းလှ၏။
သေချာပေါက် ရရှိမည့် ကောလိပ်ရမှတ်များကလည်း တစ်မှတ်မှ ဆယ်မှတ်ဝန်းကျင်ခန့်သာ ရှိသဖြင့် ကောလိပ်အတွင်း၌ အသက်ရှင်သန်ရုံသာ လောက်ငှမည် ဖြစ်သည်။
သို့သော် ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်းနည်းစနစ်များနှင့် နတ်ဘုရားသိုင်းပညာများကို ရရှိရန်အတွက် ပိုမိုများပြားသော ကောလိပ်ရမှတ်များကို ရှာဖွေရမည်ဖြစ်ကာ ပိုမိုများပြားသော ကောလိပ်ရမှတ်များကို ရရှိရန်အတွက် အဆင့်မြင့်တာဝန်များကို ယူရမည် ဖြစ်သည်။ ထို့ပြင် အဆင့်မြင့်တာဝန်များက အန္တရာယ်များနှင့်လည်း ယှဉ်တွဲနေပေသည်။
ရီထျန်းမင်က တစ်ချက်ဝေ့ကြည့်လိုက်ရာ အများဆုံးဆုကြေးဖြစ်သော ကောလိပ်ရမှတ် ဆယ်သန်းအထိ ပေးထားသည့် တာဝန်တစ်ခုကို တွေ့လိုက်ရ၏။ တကယ်ကို အလွန်အမင်း ချဲ့ကားလွန်းလှခြင်းပင်။
သို့သော် ထိုတာဝန်၏ လိုအပ်ချက်ကလည်း အလွန်အမင်း ချဲ့ကားလွန်းလှပေသည်။ နတ်ဘုရားကောလိပ်၏ ယခင်က ထိပ်တန်းပါရမီရှင်တစ်ဦးကို ဖမ်းဆီးရန်ဖြစ်ကာ ထိုထိပ်တန်းပါရမီရှင်က နတ်ဘုရားတုအဆင့်၌ ရှိနေခြင်းပင်။
နတ်ဘုရားတုအဆင့်။
ထိုလူကို သွားရောက်ဖမ်းဆီးခြင်းက သေလမ်းရှာခြင်းနှင့် ဘာမှ မကွာခြားချေ။
ထိုတာဝန်ကို တင်ထားခဲ့သည်မှာ နှစ်ပေါင်းသုံးရာကျော်နေပြီ ဖြစ်သော်လည်း ယနေ့ထိတိုင် မည်သူကမျှ လာမယူကြသလို ပြီးမြောက်အောင်လည်း မလုပ်ဆောင်နိုင်ကြသေးချေ။
ထိုစဉ် ရုတ်တရက် ချင်းဝမ်ဝမ်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စားပွဲရှည်တစ်ခုဆီသို့ လျှောက်သွားလိုက်၏။ သူမက ကျောက်စိမ်းပြားကို စားပွဲရှည်အတွင်းရှိ လူထံ ကမ်းပေးလိုက်ပြီး ပြုံးလျက် "ဧည့်ခံရေးတာဝန် ပြီးဆုံးပါပြီ"
စားပွဲရှည်အတွင်းရှိ လူက ရီထျန်းမင်နှင့် ချင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ချင်းဝမ်ဝမ်၏ ကောလိပ်ရမှတ်ပြားပေါ်သို့ ပွတ်ဆွဲလိုက်၏။ ချက်ချင်းဆိုသလိုပင် ထိုကျောက်စိမ်းပြားပေါ်၌ ဂဏန်းတစ်ခု ထွက်ပေါ်လာသည်။
သုံးဆယ်ပင်။
ကောလိပ်ရမှတ် သုံးဆယ် ဖြစ်သည်။
ချင်းဝမ်ဝမ်က သူမ၏ ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ကာ ချိုသာစွာ ပြုံးလိုက်သည်။
ရီထျန်းမင် "..."
ချင်းယွမ် "..."
ချင်းဝမ်ဝမ်က ရီထျန်းမင်နှင့် ချင်းယွမ်ကို ကြည့်လျက် ပြုံးလိုက်သည်။ "ဂိုဏ်းတူမောင်လေးတို့နှစ်ယောက်... အခု နင်တို့ဆီမှာ ကောလိပ်ရမှတ်တွေ မရှိသေးဘူးလေ။ အဲဒီတော့ နင်တို့က အစာစားလို့ မရ၊ ရေချိုးလို့ မရတာတင်မကဘူး၊ နင်တို့အတွက် ကိုယ်ပိုင်နေစရာနေရာလည်း မရှိသေးဘူး... ကောလိပ်ရမှတ်တွေ ချေးချင်လား။ ငါက ယာယီ ချေးပေးလို့ ရတယ်။ ရမှတ် ဆယ်မှတ် ချေးရင် ဆယ့်နှစ်မှတ် ပြန်ဆပ်ရမယ်။ တစ်ရာ ချေးရင် တစ်ရာ့နှစ်ဆယ် ပြန်ဆပ်ရမယ်..."
ရီထျန်းမင်နှင့် ချင်းယွမ်တို့၏ အမူအရာများက တောင့်တင်းသွား၏။
ချင်းဝမ်ဝမ်က လေးနက်စွာဖြင့် "ဒါတောင် အများကြီး လျှော့ပေးထားတာနော်၊ သိလား။ စိတ်မပူပါနဲ့၊ နင်တို့က ခုမှရောက်တာဆိုတော့ အခက်အခဲရှိမယ်ဆိုတာ ငါသိပါတယ်။ နှစ်လနေမှ ပြန်ဆပ်လို့ ရတယ်။ ဒါပေမဲ့ နှစ်လနေလို့မှ ပြန်မဆပ်နိုင်ဘူးဆိုရင်တော့ အတိုးတွေ တက်လာလိမ့်မယ်"
သူတို့နှစ်ဦးက တိတ်ဆိတ်နေကြ၏။
ချင်းဝမ်ဝမ်က ထပ်ပြောလိုက်သည်။ "သေချာပေါက် မချေးဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ရှင်တို့ အတော်လေး အဆင်မပြေ ဖြစ်ရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကောလိပ်ထဲမှာ အရာအားလုံးအတွက် ကောလိပ်ရမှတ်တွေ လိုအပ်လို့ပဲ"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် "ဒါဆို ကျွန်တော် ရမှတ်တစ်ရာ ချေးမယ်"
ချင်းဝမ်ဝမ်၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။ သူမက ရီထျန်းမင်၏ ရှေ့သို့ အလျင်အမြန် လျှောက်သွားလိုက်၏။ "ဂိုဏ်းတူမောင်လေးထျန်းမင်... နင့်ရဲ့ ကောလိပ်ရမှတ်ပြားကို ပေး"
ရီထျန်းမင်က ကျောက်စိမ်းပြားကို ချင်းဝမ်ဝမ်ထံ ကမ်းပေးလိုက်၏။ ချင်းဝမ်ဝမ်က ကျောက်စိမ်းပြားနှစ်ခုကို ထပ်လိုက်ရာ ရီထျန်းမင်၏ ကျောက်စိမ်းပြားပေါ်၌ ဂဏန်းတစ်ခု ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။ တစ်ရာပင်။
ကောလိပ်ရမှတ် တစ်ရာ ရရှိသွားပြီ ဖြစ်သည်။
ချင်းဝမ်ဝမ်က ရီထျန်းမင်၏ ကောလိပ်ရမှတ်ပြားကို သူ့ထံ ပြန်ပေးလိုက်ပြီးနောက် ချင်းယွမ်ကို ကြည့်လိုက်၏။ ချင်းယွမ်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် "ဂိုဏ်းတူအစ်မဝမ်ဝမ်... ကျွန်တော် မချေးတော့ပါဘူး"
ချင်းဝမ်ဝမ်က မျက်တောင်တဖျတ်ဖျတ်ဖြင့် "တကယ်ကြီးလား။ အကယ်၍ မချေးဘူးဆိုရင် ဒီည နင့်အတွက် အိပ်စရာနေရာတောင် ရှိမှာ မဟုတ်ဘူးနော်"
ချင်းယွမ်က လေးနက်စွာဖြင့် "ယောက်ျားတစ်ယောက်ဆိုတာ အခက်အခဲတွေကို သည်းခံနိုင်ရမယ်လို့ ကျွန်တော်ထင်တယ်။ ဒီညကစပြီး တာဝန်တွေ စယူတော့မယ်။ ကျွန်တော် အခက်အခဲတွေကို သည်းခံနိုင်ပါတယ်။ နွားတွေ၊ မြင်းတွေထက်တောင် ပိုပြီးတော့ အလုပ်ကြမ်း လုပ်နိုင်တယ်၊ တကယ်ပြောတာပါ"
ချင်းဝမ်ဝမ် "..."
ချင်းယွမ်၏ ပြတ်သားမှုကို မြင်လိုက်ရသည်တွင် ချင်းဝမ်ဝမ်က ဘာမှ ထပ်မပြောတော့ချေ။ သူမက ပြုံးလိုက်ကာ "ငါလည်း အပြင်စည်းကောလိပ်ကပဲ လာတာပါ။ နောင်ကျ နင်တို့ တစ်ခုခု မသိတာရှိရင်ဖြစ်ဖြစ်၊ အကူအညီလိုတာရှိရင်ဖြစ်ဖြစ် ငါ့ဆီကို အမြဲတမ်း လာလို့ ရတယ်။ ကိစ္စသေးသေးလေးတွေဆိုရင်တော့ အလကား ကူညီပေးမယ်၊ ကိစ္စကြီးတွေဆိုရင်တော့ ကောလိပ်ရမှတ်တွေ လိုအပ်လိမ့်မယ်"
ရီထျန်းမင်က ပြုံးလိုက်သည်။ "ကောင်းပါပြီ"
ချင်းဝမ်ဝမ်က လက်ဝှေ့ယမ်းပြလိုက်၏။ "ဂိုဏ်းတူမောင်လေးနှစ်ယောက်... ကံကောင်းပါစေ"
ထို့နောက် သူမက လှည့်ထွက်သွားလေသည်။
ချင်းဝမ်ဝမ် ထွက်ခွာသွားပြီးနောက် ချင်းယွမ်က စကားတစ်ခွန်းမျှ မဟတော့ဘဲ တာဝန်ကြေညာသင်ပုန်းဆီသို့ ချက်ချင်း ပြေးသွားကာ စတင် ရှာဖွေလိုက်သည်။
ရီထျန်းမင်က သူ၏ အနီးသို့ လျှောက်သွားကာ ပြုံးလျက် "ညီလေးယွမ်... မင်းကို ကောလိပ်ရမှတ်ငါးဆယ် ချေးပေးမယ်လေ၊ အတိုးမယူပါဘူး။ ငါတို့..."
ချင်းယွမ်က အလျင်အမြန် လက်ဝှေ့ယမ်းလိုက်၏။ "မလိုပါဘူး... မလိုပါဘူး အစ်ကိုရီ။ ကျွန်တော် လုပ်နိုင်ပါတယ်"
ပြောနေရင်းဖြင့် သူက သူ၏ ကျောက်စိမ်းပြားကို တိုက်ရိုက်ယူကာ အဆင့်နိမ့်တာဝန်တစ်ခုကို ယူလိုက်ပြီး ရီထျန်းမင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "အစ်ကိုရီ... ကျွန်တော် အလုပ်သွားလုပ်လိုက်ဦးမယ်"
ချင်းယွမ် ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်တွင် ရီထျန်းမင်က ခေါင်းခါယမ်းလျက် ပြုံးလိုက်၏။ သူက တာဝန်ကြေညာသင်ပုန်းများကို မော့ကြည့်လိုက်သည်။ အစပိုင်း၌ သူသည်လည်း လုပ်ဆောင်ရန် အဆင့်နိမ့်တာဝန်တစ်ခုကို ရှာဖွေချင်ခဲ့သော်လည်း မကြာခင်၌ပင် အဆင့်မြင့်တာဝန်အပိုင်း၌ တာဝန်တစ်ခုကို တွေ့လိုက်ရ၏။ ရှေးဟောင်းစာအုပ်များကို စီစဉ်ခြင်းပင်။
ရှေးဟောင်းစာအုပ်များကို စီစဉ်ခြင်းလော။
ဤတာဝန်က ကောလိပ်ရမှတ် သုံးထောင့်ရှစ်ရာအထိ ရရှိမည်ဖြစ်သဖြင့် ရီထျန်းမင်မှာ အတော်လေး အံ့အားသင့်သွားသည်။
ကောလိပ်ရမှတ် သုံးထောင့်ရှစ်ရာ။
ဤသည်က ကြီးမားသော ပမာဏတစ်ခုပင်။
ရှေးဟောင်းစာအုပ်များကို စီစဉ်ရခြင်းက ထိုမျှထိ ခက်ခဲပါမည်လော။
ရီထျန်းမင်၏ ရင်တွင်း၌ သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သူက တစ်ချက်လောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
ရီထျန်းမင်က စားပွဲရှည်ထံသို့ လျှောက်သွားလိုက်၏။ ရီထျန်းမင်က ထိုတာဝန်အား ယူချင်နေသည်ကို မြင်လိုက်ရသည်တွင် စားပွဲရှည်မှ မိန်းမပျိုက သူ့ကို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်သည်။ "ဒီတာဝန်ကို ယူမှာ သေချာလား။ အဆင့်မြင့်တာဝန်တွေကို ယူမယ်ဆိုရင် အာမခံရမှတ်သုံးဆယ်ကို အရင်ပေးရတယ်ဆိုတာ သတိပေးပါရစေ။ အကယ်၍ တာဝန်မပြီးမြောက်ဘူးဆိုရင် ရှင်ဆီကနေ ရမှတ်သုံးဆယ်ကို တိုက်ရိုက် ဖြတ်ယူသွားလိမ့်မယ်"
ရီထျန်းမင်က "အဲဒါက အရမ်းခက်လို့လား"
မိန်းမပျိုက "အဆင့်မြင့်တာဝန်တစ်ခု ဖြစ်နေမှတော့ သေချာပေါက် အခက်အခဲ ရှိမှာပေါ့။ ဒါကြောင့် သေချာ စဉ်းစားပြီးမှ ရွေးချယ်သင့်တယ်"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြုံးလျက် "စမ်းကြည့်ပါ့မယ်"
မိန်းမပျိုက ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ"
ထို့နောက် သူမက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ရီထျန်းမင်၏ ကျောက်စိမ်းပြားပေါ်၌ ညင်သာစွာ ထပ်လိုက်ပြီးနောက် ရီထျန်းမင်ထံ ကမ်းပေးလိုက်သည်။
ရီထျန်းမင်က ကျောက်စိမ်းပြားကို ယူ၍ ကြည့်လိုက်၏။ သူ၏ ကောလိပ်ရမှတ်များက ခုနှစ်ဆယ်သာ ကျန်ရှိတော့ပေသည်။
တာဝန်ကို ယူပြီးနောက် သူက တာဝန်ပေးခန်းမထဲမှ ထွက်ခွာသွားလိုက်၏။ ကျောက်စိမ်းပြားထဲရှိ တာဝန်လမ်းညွှန်ချက်အတိုင်း လိုက်သွားသည်တွင် တောင်ထွတ်တစ်ခုပေါ်သို့ သူရောက်ရှိသွားသည်။ တောင်ထွတ်ပေါ်၌ တိမ်ခိုးမြူငွေ့များ ရစ်သိုင်းနေကာ တောင်ထိပ်၌ ရှေးဟောင်း စာကြည့်တိုက်တစ်ခုလည်း ရှိနေ၏။ ထိုအဆောက်အအုံကို အပြာရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ အင်မတန် ခမ်းနားထည်ဝါလှပေသည်။
ရီထျန်းမင်က စာကြည့်တိုက်ထံသို့ လျှောက်သွားလိုက်သည်။ ထိုအခိုက်အတန့်၌ လူအိုကြီးတစ်ဦး ထွက်လာ၏။ ထိုလူအိုကြီးက ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။ "တာဝန်လာလုပ်တာလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်"
လူအိုကြီးက ရီထျန်းမင်ကို အကဲခတ်လိုက်သည်။ "မင်း လုပ်နိုင်မှာ သေချာရဲ့လား"
ရီထျန်းမင်က "စမ်းကြည့်ချင်လို့ပါ"
လူအိုကြီးက ခေါင်းညိတ်လိုက်၏။ "ငါ့နောက်ကို လိုက်ခဲ့"
ထို့နောက် သူက ရီထျန်းမင်ကို စာကြည့်တိုက်အတွင်းသို့ ခေါ်ဆောင်သွားသည်။ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သောင်းနှင့်ချီသော စာအုပ်စင်များက အတန်းလိုက် သပ်ရပ်စွာ စီစဉ်ထားသည်ကို ရီထျန်းမင် မြင်လိုက်ရ၏။ ထိုစာအုပ်စင်များပေါ်၌ ရှေးဟောင်းစာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေကာ အင်မတန် ရှုပ်ပွနေပေသည်။
လူအိုကြီးက ညာဘက်ရှိ စာအုပ်စင်တစ်တန်းကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းက ဒီစာအုပ်စင်ဆယ်ခုကို စီစဉ်ရမယ်"
ရီထျန်းမင်က "စာအုပ်တွေကို သပ်သပ်ရပ်ရပ်လေး ပြန်စီထားရုံပဲလား"
လူအိုကြီးက သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်းဘာတွေတွေးနေတာလဲ။ ကြောင်တောင်တောင် အိမ်မက်တွေ မက်မနေနဲ့"
လူအိုကြီးက ဆက်ပြောလိုက်သည်။ "အဲဒီအပေါ်က စာအုပ်တွေ အားလုံးကို ဂိုဏ်းတူအစ်မကြီးက ဖတ်ပြီးသွားပြီ။ သူက မှတ်စုတွေလည်း ရေးထားခဲ့တယ်။ မင်းလုပ်ရမှာက ဂိုဏ်းတူအစ်မကြီး ဖတ်ထားတဲ့ စာအုပ်တွေနဲ့ သူရေးထားခဲ့တဲ့ မှတ်စုတွေကို မှတ်တမ်းတင်ပြီး စီစဉ်ပေးဖို့ပဲ။ ဂိုဏ်းတူအစ်မကြီးဖတ်တဲ့ စာအုပ်တွေက အရမ်းကို ရှုပ်ထွေးသလို သူ ချန်ထားရစ်ခဲ့တဲ့ မှတ်စုတွေကလည်း ပိုပြီးတော့တောင် ရှုပ်ထွေးသေးတယ်။ မင်းလုပ်ရမှာက အဲဒီရှုပ်ထွေးတဲ့ အရာတွေကို တခြားကျောင်းသားတွေ နားလည်နိုင်အောင်လို့ တတ်နိုင်သမျှ ရိုးရှင်းအောင် လုပ်ပေးရမှာ..."
ထိုနေရာအရောက်တွင် သူက ရီထျန်းမင်ကို ရုတ်ခြည်း ကြည့်လိုက်၏။ "မင်းက အပြင်စည်းကျောင်းသားလား၊ အတွင်းစည်းကျောင်းသားလား"
ရီထျန်းမင်က "ကျွန်တော်က ကောလိပ်ကို ခုမှရောက်တဲ့ အပြင်စည်းကျောင်းသားပါ"
"သောက်ကျိုးနည်း..."
လူအိုကြီးက ရီထျန်းမင်ကို စိုက်ကြည့်လျက် ဒေါသတကြီးဖြင့် "မင်းက ဒီကို လာဆော့နေတာလား"
ရီထျန်းမင်က အလျင်အမြန်ပင်။ "မဟုတ်ပါဘူး... ကျွန်တော် အရင်ဆုံး စမ်းကြည့်ပါရစေ၊ ရမလား"
လူအိုကြီးက ရီထျန်းမင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက်တွင် "ကောင်းပြီလေ... မင်း အရင် စမ်းကြည့်။ အကယ်၍ မင်းသာ သေချာစီစဉ်နိုင်တယ်ဆိုရင် ကောလိပ်ရမှတ်တွေကို အပိုဆုအနေနဲ့ ထပ်ရလိမ့်မယ်"
ရီထျန်းမင်မှာ ချက်ချင်းဆိုသလို အံ့အားသင့်သွား၏။ "အပိုဆု ရမှတ်တွေ ရှိသေးတယ်ပေါ့"
လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ "အင်း... အဲဒါကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာ မူတည်တယ်။ မင်းဘာသာမင်း အရင်လေ့လာကြည့်လိုက်ဦး။ နောက်မှ ငါ ပြန်လာခဲ့မယ်"
ထို့နောက် သူက လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ရီထျန်းမင်က စာအုပ်စင်များဆီသို့ လျှောက်သွားလိုက်ပြီးနောက် ရှုပ်ပွနေသော စာအုပ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မကြာခင်၌ပင် သူ၏ အကြည့်က စာအုပ်စင်ပေါ်၌ တစ်ဝက်ပွင့်နေသော ရှေးဟောင်းစာအုပ်တစ်အုပ်ပေါ်သို့ ကျရောက်သွား၏။ သူက ထိုရှေးဟောင်းစာအုပ်ကို ကောက်ယူလိုက်ရာ စာအုပ်၏ အလယ်၌ ကျောက်စိမ်းဆံထိုးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ယင်းကို စာညှပ်အဖြစ် အသုံးပြုထားကြောင်း သိသာနေ၏။
ရီထျန်းမင်က ကျောက်စိမ်းဆံထိုးလေးကို ညင်သာစွာ ကောက်ယူလိုက်ပြီးနောက် ရှေးဟောင်းစာအုပ်ကို ကြည့်လိုက်သည်။ သူ၏ မျက်စိထဲသို့ ပထမဆုံး ဝင်ရောက်လာသော စာကြောင်းမှာ မေးခွန်းတစ်ခု ဖြစ်နေ၏။
“သက်ရှိသတ္တဝါအပေါင်းရဲ့ အနာဂတ်က ဘယ်မှာလဲ”
ထိုစာကြောင်း၏ အောက်၌ သပ်ရပ်လှပသော အနီရောင် စာလုံးလေးများဖြင့် ရေးသားထားသည့် စာကြောင်းတစ်ကြောင်း ရှိနေသည်။
“သက်ရှိသတ္တဝါအပေါင်းက သူတို့ရဲ့ အနာဂတ်ကို မမြင်နိုင်ကြဘူး။ တကယ်တမ်းတော့ သူတို့က အနာဂတ်ကို မြင်တွေ့ထားပြီးသားပါ”
ဤသည်က ဂိုဏ်းတူအစ်မကြီးမှ ရေးသားထားခဲ့သော မှတ်စုပင်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ရီထျန်းမင်က စာရေးတံကို ယူကာ စတင်၍ ရေးသားလိုက်၏။ "အရိုးရှင်းဆုံးပြောရရင် ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က အနာဂတ်မရှိတာဟာ သက်ရှိသတ္တဝါအပေါင်းရဲ့ အနာဂတ်ဖြစ်တယ်လို့ ဆိုလိုတာ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့လဲဆိုတော့ အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိနေလို့ပဲ။ အရင်ဆုံး ချမ်းသာလာကြတဲ့သူတွေက မွေးရာပါအခွင့်အရေးတွေကို ရရှိသွားပြီးတဲ့နောက်မှာ သူတို့က အရင်းအမြစ်မျိုးစုံကို စတင်သိမ်းပိုက်ကြတယ်။ ပြီးတော့ အဓိကအာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နောက်ကနေ လိုက်လာမယ့်သူတွေ ချမ်းသာမလာနိုင်အောင် အတားအဆီးတွေ ဖန်တီးကြတယ်...
အလွှာခွဲခြားမှုက ခိုင်မာလာတယ်။ နွားကမွေးတဲ့ သားသမီးက နွားပဲ၊ မြင်းကမွေးတဲ့ သားသမီးက မြင်းပဲ၊ နွားနဲ့ မြင်းက မွေးတဲ့ သားသမီးကလည်း နွားနဲ့ မြင်းတွေပဲ ဖြစ်လာတယ်။ နတ်ဘုရားတွေနဲ့ သူတို့ရဲ့ လက်အောက်ခံမိသားစုတွေက သက်ရှိသတ္တဝါအပေါင်းကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အရိုးအရင်းပါမကျန် ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြတာ..."
ထိုနေရာအထိ ရေးပြီးနောက် ရီထျန်းမင်က ခေတ္တမျှ စဉ်းစားလိုက်ကာ သူရေးထားသမျှ အားလုံးကို မျဉ်းခြစ်၍ ဖျက်ပစ်လိုက်၏။
ယန်မိသားစုထံမှ ပြင်းထန်သော ရိုက်နှက်မှုကို ခံစားခဲ့ရပြီးနောက် သူက အနည်းငယ် ပို၍ သိုသိုသိပ်သိပ် နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သက်ဆိုင်မှုမရှိသော ကိစ္စများကို အမြဲတမ်း တွေးမနေသင့်ချေ။ ကောင်းကောင်းမွန်မွန် အသက်ရှင်ဖို့ကသာ အဓိက ဖြစ်၏။
ဖျက်ပစ်ပြီးနောက် သူက နောက်တစ်ကြိမ် စတင်ရေးသားလိုက်ပြန်သည်။
“နတ်ဘုရားတွေက အရမ်းကောင်းတယ်၊ ဂိုဏ်းမိသားစုတွေကလည်း အရမ်းကြင်နာတတ်တယ်၊ သက်ရှိသတ္တဝါအပေါင်းက အရမ်းကို ပျော်ရွှင်နေကြပါတယ်...”
***