ရုတ်တရက် ဟန်က "သခင်လေးက ပြောင်းလဲသွားပြီ"
ရီထျန်းမင်က ပြုံးလျက် "ငါက ဘယ်လို ပြောင်းလဲသွားလို့လဲ"
ဟန်က "အရင်တုန်းကဆိုရင် သခင်လေးက တွေးမိတာမှန်သမျှကို အကုန်ပြောပစ်တတ်တာလေ။ ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုး ဖြစ်သွားရတာလဲ"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် "မင်းရဲ့ သခင်လေးက ပြောင်းလဲသွားတာ မဟုတ်ပါဘူး၊ ဒီလောကကြီးက အမှန်တရားကို လက်မခံတာ"
ဟန်က "ဒါဆိုလည်း ဒီလောကကြီးကို ပြောင်းလဲပစ်လိုက်လေ။ အကယ်၍ ပြောင်းလဲပစ်လို့ မရဘူးဆိုရင်လည်း ရိုက်ချိုးပစ်လိုက်ပေါ့"
ရီထျန်းမင်က အနည်းငယ်မျှ ပြုံးလိုက်ကာ "မင်းလည်း အသေအလဲ အရိုက်ခံချင်နေပုံပဲ”
ဟန် "..."
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "အခုချိန်မှာ ငါတို့က ကြက်ကလေးတွေလို အားနည်းနေတာလေ။ အကယ်၍ ငါတို့သာ အဲဒီကိစ္စတွေကို ရမ်းသန်းပြီး လျှောက်ပြောနေမယ်ဆိုရင်... သူတို့က ငါတို့ကို ပစ်မှတ်မထားဘဲ ဘယ်နေမှာလဲ"
ထို့နောက် သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ "ဒါကြောင့်မို့ လောစရာ မလိုပါဘူး။ နိုးထခြင်းဆီ သွားမယ့်လမ်းက ရှည်လျားတယ်ဆိုပေမဲ့ သေချာပေါက် ရောက်လာမှာပါ။ ငါက ပိုပြီး သန်မာလာဖို့ လိုအပ်သလိုပဲ ငါ့နောက်က လူတွေကို စောင့်နေဖို့လည်း လိုအပ်သေးတယ်လေ"
ဟန်က ပြုံးလျက် "သခင်လေးက ရင့်ကျက်လာပြီပဲ"
ရီထျန်းမင်က ခေါင်းခါယမ်းလိုက်သည်။ "ယန်မိသားစုက ငါ့ကို အကြောက်တရားနဲ့ လမ်းမှန်ပေါ် ရောက်အောင် တွန်းပို့ပေးလိုက်တာပါ"
နောက်ပိုင်းအချိန်များ၌ ရီထျန်းမင်က ရှေးဟောင်းစာအုပ်များကို စီစဉ်ခြင်းအပေါ် အာရုံစိုက်လာခဲ့၏။ သူက ယင်းတို့ကို စီစဉ်ရုံသာမက သေချာဂရုတစိုက် ဖတ်ရှုလေ့လာခဲ့သည်။ ဤနေရာရှိ ရှေးဟောင်းစာအုပ်များက ကျင့်ကြံခြင်းနည်းစနစ်များ မဟုတ်ကြသော်လည်း ယင်းတို့အတွင်း၌ နတ်ဘုရားစကြာဝဠာ၏ သမိုင်းကြောင်းနှင့် အဆုံးအစမရှိသော ဉာဏ်ပညာများ ပါဝင်နေပေသည်။
အထူးသဖြင့် ထိုဂိုဏ်းတူအစ်မကြီး၏ မှတ်စုများက သူ့ကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့၏။ ထိုဂိုဏ်းတူအစ်မကြီးက ပြဿနာအချို့အပေါ်၌ အင်မတန် ထူးခြားသော ထိုးထွင်းသိမြင်မှုများ ရှိနေကာ သူမ၏ မှတ်စုများအတွင်း၌ ကျင့်ကြံခြင်းအတွေ့အကြုံအချို့လည်း ပါဝင်နေပေသည်။
တကယ်တမ်း၌ တာအိုကို ကျင့်ကြံခြင်းက ဉာဏ်ပညာ လိုအပ်၏။
ထို့ပြင် စာအုပ်များက လူများကို ဉာဏ်ပညာ ရရှိစေရန် ကူညီပေးနိုင်ပေသည်။
စာဖတ်ခြင်းက လူကို ဉာဏ်ပညာရှိစေကြောင်း ဘိုးဘိုးမျှော်စင်ကလည်း ပြောပြခဲ့ဖူးလေရာ ဤသည်က သူ ဤမျှ နှစ်ပေါင်းများစွာကြာအောင် စာဖတ်ခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
မသိမသာဖြင့် ညနက်ပိုင်းသို့ပင် ရောက်ရှိလာခဲ့၏။ သူက အနည်းငယ် ဆာလောင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအခါမှသာ လက်ရှိ သူ၏ ကျင့်ကြံခြင်းက အသုံးမဝင်တော့ဘဲ သူက အခြေခံအားဖြင့် သေမျိုးတစ်ဦး ဖြစ်နေကြောင်းကို သတိရသွားလေသည်။
ရီထျန်းမင်က သူ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်နှင့် မှတ်စုကို ချထားလိုက်ပြီးနောက် ထကာ အပြင်သို့ ထွက်သွားလိုက်၏။ သို့သော် မူလကျောက်စိမ်းဆံထိုးကို ရှေးဟောင်းစာအုပ်အတွင်းသို့ ပြန်လည်ထည့်သွင်းထားခဲ့ရန် မေ့လျော့သွားခဲ့ကာ ယင်းကို သူနှင့်အတူ ယူဆောင်သွားခဲ့လေသည်။
ရီထျန်းမင် ထွက်ခွာသွားပြီးနောက် သိပ်မကြာခင်၌ပင် စာကြည့်တိုက်အတွင်းသို့ အမျိုးသမီးတစ်ဦး ဝင်ရောက်လာ၏။ ထိုအမျိုးသမီးက ကျက်သရေရှိလှသော အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားကာ ရှည်လျားသော ဆံကေသာများက သူမ၏ ပခုံးပေါ်သို့ ကျဆင်းနေပြီး သူမ၏ လှပမှုက သိမ်မွေ့နက်နဲလှကာ လောကီအညစ်အကြေးများနှင့် လုံးဝကင်းစင်နေသည့်အလား ပေါ့ပါးလွတ်လပ်သော အငွေ့အသက်များလည်း ပါဝင်နေပေသည်။
သူမက စာအုပ်စင်တစ်ခုထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ယူလိုက်သော်လည်း မကြာခင်၌ပင် သူမ၏ သွယ်လျလှပသော မျက်ခုံးလေးများက တွန့်ကွေးသွား၏။ "ငါ့စာအုပ်ကို ဘယ်သူထိလိုက်တာလဲ"
သူမ၏ အသံက ကျောက်တုံးပေါ်သို့ ကျဆင်းသွားသော ရေအေးတစ်ပေါက်အလား အရိုးထဲအထိ စိမ့်ဝင်အေးခဲသွားစေသည်။
ထိုအခိုက်အတန့်၌ လူအိုကြီးတစ်ဦးက အလျင်အမြန် ဝင်ရောက်လာ၏။ ထိုလူအိုကြီးက ရိုသေကိုင်းရှိုင်းစွာဖြင့် "ဂိုဏ်းတူအစ်မကြီး... ဒီကိစ္စကလေ..."
ထိုအမျိုးသမီးက လူအိုကြီးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ လူအိုကြီး၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်မှာ သူ၏ ရင်ဘတ်ပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ဖိချခံလိုက်ရသည့်အလားပင်။ သူက အလျင်အမြန် ထပ်မံ၍ ဦးညွတ်လိုက်ကာ ရိုသေကိုင်းရှိုင်းစွာဖြင့် "ဂိုဏ်းတူအစ်မကြီး... ကိစ္စက ဒီလိုပါ၊ ဆရာတွေက ကျောင်းသားတွေအတွက် ဂိုဏ်းတူအစ်မကြီးရဲ့ အတွေ့အကြုံတချို့ကို လေ့လာခွင့်ပေးချင်လို့ ဂိုဏ်းတူအစ်မကြီး ဖတ်ခဲ့တဲ့ ရှေးဟောင်းစာအုပ်တွေနဲ့ ဂိုဏ်းတူအစ်မကြီးရဲ့ အတွေ့အကြုံတွေကို စီစဉ်ဖို့ တာဝန်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဂိုဏ်းတူအစ်မကြီးလည်း သဘောတူခဲ့တယ်လေ..."
ထိုအမျိုးသမီးက လူအိုကြီးကို စိုက်ကြည့်လိုက်၏။ "ငါ့ရဲ့ ကျောက်စိမ်းဆံထိုးကို ဘယ်သူယူသွားတာလဲ"
လူအိုကြီးမှာ မှင်သက်သွားကာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူက ဘာမှ ထပ်မမေးရဲတော့ချေ။ သူက ချက်ချင်းဆိုသလိုပင် "ဂိုဏ်းတူအစ်မကြီး... အပြင်စည်းကောလိပ်က ကျောင်းသားသစ် တစ်ယောက်ပါ။ သူ့ကို ချက်ချင်းသွားဖမ်းပြီး ဂိုဏ်းတူအစ်မကြီး စီရင်ဖို့အတွက် ခေါ်လာခဲ့ပါ့မယ်..."
ထို့နောက် သူက လှည့်ထွက်ရန် ပြင်လိုက်၏။
ထိုအမျိုးသမီးက အောက်ရှိ စာအုပ်ကို ကြည့်လိုက်သည်။ ဘာကို မြင်လိုက်ရမှန်း မသိသော်လည်း ရုတ်တရက် သူမက "နေဦး"
လူအိုကြီးက ရပ်တန့်လိုက်ကာ လှည့်၍ အမျိုးသမီးကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ရှေးဟောင်းစာအုပ်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် အမျိုးသမီးက ယင်း၏ ဘေးရှိ ရီထျန်းမင် ချန်ထားရစ်ခဲ့သော မှတ်စုကို ရုတ်ခြည်းဆိုသလို ကြည့်လိုက်၏။ သူမက မှတ်စုကို ဖွင့်လိုက်ရာ ပြင်ဆင်ထားသော အကြောင်းအရာကို မြင်လိုက်ရသည်တွင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ သူမက လက်ဝတ်အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်ဆင်ထားသော အကြောင်းအရာက မူလအတိုင်း ချက်ချင်း ပြန်ဖြစ်သွားလေသည်။
ခေတ္တမျှ ကြည့်နေပြီးနောက် သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ "နင် သွားလို့ရပြီ"
လူအိုကြီးမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။ သူက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လေသံဖျော့ဖျော့ဖြင့် "ဒါဆို ဒီမှတ်စုတွေကရော..."
ထိုအမျိုးသမီးက "သူ့ကို ဆက်လုပ်ခိုင်းလိုက်ပါ"
လူအိုကြီးက သက်ပြင်းချလိုက်ပြီးနောက် နက်ရှိုင်းစွာ ဦးညွတ်၍ ဆုတ်ခွာသွားလေသည်။
ထိုအမျိုးသမီးက မှတ်စုကို ကြည့်နေသော်လည်း သူမက ဘာကို တွေးနေမှန်း မသိချေ။
ရီထျန်းမင်က နတ်ဘုရားကောလိပ်၏ အပြင်စည်းကောလိပ်ရှိ စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ ဤစားသောက်ဆိုင်က အင်မတန် ကြီးမားကာ ဇိမ်ကျလှပေသည်။ သေချာပေါက် ဟင်းလျာများကလည်း အင်မတန် ခမ်းနားလှကာ ဟင်းလျာအမျိုးအစားပေါင်း သောင်းနှင့်ချီ၍ ရှိ၏။ ထိုအရာအားလုံးကို ရယူရန်အတွက် ကောလိပ်ရမှတ်များ လိုအပ်သည်မှာ ပုံမှန်ပင်ဖြစ်ကာ ဟင်းတစ်ပွဲလျှင် ကောလိပ်ရမှတ် တစ်မှတ် ကျသင့်ပေသည်။
ရီထျန်းမင်က ဟင်းလျာများကို ကြည့်လျက် သွားရည်ကျလာ၏။
သူက တကယ်ကို ဆာလောင်နေခဲ့ခြင်းပင်။
သူက ဟင်းလျာ ဆယ်ပွဲကျော်ကို တစ်ပြိုင်နက်တည်း မှာယူလိုက်ကာ စားသောက်ချိန်ကျမှသာ ထိုဟင်းလျာများအတွင်း၌ အမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များ ပါဝင်နေကြောင်းကို သူ တွေ့ရှိလိုက်ရသည်။
ဤသည်က ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သော်လည်း အများကြီးတော့ မဟုတ်ချေ။
"အစ်ကိုရီ…"
ထိုစဉ် ဘေးဘက်မှနေ၍ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
ရီထျန်းမင်က လှည့်ကြည့်လိုက်ရာ တကယ်ပင် ချင်းယွမ် ဖြစ်နေ၏။
ချင်းယွမ်က ပေါင်မုန့်အကြမ်းပြားနှစ်ချပ်သာ ပါဝင်သည့် ပန်းကန်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။
ချင်းယွမ်က ရီထျန်းမင်၏ ရှေ့၌ ဝင်ထိုင်လိုက်ကာ သွားဖြီးလျက် ပြုံးလိုက်သည်။ "တိုက်ဆိုင်လိုက်တာ"
ရီထျန်းမင်က ပြုံးလျက် "ဟုတ်တယ်။ မင်းရဲ့ တာဝန်ကရော ဘယ်လိုနေလဲ"
ချင်းယွမ်က သူ၏ ပေါင်မုန့်ကြမ်းကို အားပါးတရ တစ်ကိုက်ကိုက်လိုက်ပြီးနောက်တွင် "အရမ်းကောင်းတယ်။ ဒီနေ့ ကောလိပ်ရမှတ်နှစ်ဆယ် ရတယ်..."
ရီထျန်းမင်က ပြုံးလိုက်ကာ "အထင်ကြီးစရာပဲ။ ငါလည်း ဒီနေ့ တာဝန်တစ်ခု ယူထားတယ်၊ ဒါပေမဲ့ မပြီးသေးဘူး"
ပြောနေရင်းဖြင့် သူက သူ၏ ရှေ့ရှိ ဟင်းလျာများကို ချင်းယွမ်၏ အရှေ့သို့ တွန်းပို့လိုက်၏။ "ညီလေးချင်း... အတူတူ စားကြတာပေါ့"
ချင်းယွမ်က အလျင်အမြန်ပင်။ "မလိုပါဘူး... မလိုပါဘူး၊ ကျွန်တော် လုံလောက်ပါတယ်"
ထိုသို့ပြောနေရင်းဖြင့် သူက သူ၏ လက်ထဲရှိ ပေါင်မုန့်ပြားကို မြှောက်ပြလိုက်သည်။
ရီထျန်းမင်က "ဘယ်လိုပဲဖြစ်ဖြစ် ငါတစ်ယောက်တည်းလည်း ကုန်အောင် စားနိုင်မှာ မဟုတ်ပါဘူး"
ချင်းယွမ်က ထပ်မံငြင်းဆန်လိုက်သည်။ "အစ်ကိုရီ... တကယ် မလိုပါဘူး၊ တကယ်ပါ..."
ရီထျန်းမင်က ပြုံးလျက် "ညီလေးချင်း... ငါတို့က သူငယ်ချင်းတွေလို့ သတ်မှတ်လို့ ရပြီမဟုတ်လား"
ချင်းယွမ်က အလျင်အမြန် ခေါင်းညိတ်လိုက်၏။ "သေချာတာပေါ့"
ရီထျန်းမင်က လေးနက်စွာဖြင့် "ငါတို့က သူငယ်ချင်းတွေဆိုတော့ ပိုပြီး ရင်းရင်းနှီးနှီး နေသင့်တာပေါ့။ ဒါက ထမင်းတစ်နပ်လောက်ပါပဲ။ နောင်ကျ မင်း အောင်မြင်လာတဲ့အခါ ငါ့ကို ပြန်ကျွေးပေါ့၊ ဘယ်လိုလဲ"
ချင်းယွမ်က အနည်းငယ် တုံ့ဆိုင်းနေဆဲပင်။
ရီထျန်းမင်က ပြုံးလျက် "လာပါ... ဒါက ဘာအသားလဲတော့ မသိဘူး၊ ဒါပေမဲ့ အရမ်းကို အရသာရှိတယ်။ ရော့... ရော့..."
ထို့နောက် သူက အသားတုံးကြီးတစ်တုံးကို တိုက်ရိုက်ယူကာ ချင်းယွမ်၏ ရှေ့ရှိ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်၏။
ချင်းယွမ်က ဆက်၍ မငြင်းဆန်တော့ချေ။ သူက ရီထျန်းမင်ကို ကြည့်လျက် လေးနက်စွာဖြင့် "အစ်ကိုရီ... ကျွန်တော့်ကို စောင့်နေပါ။ ငွေရအောင် ကျွန်တော် အသေအလဲ ကြိုးစားလုပ်မယ်၊ ပြီးရင် အစ်ကို့ကို အကြီးအကျယ် ပြန်ကျွေးပါ့မယ်"
ရီထျန်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ဒါဆို ကတိနော်"
ချင်းယွမ်ကလည်း ပြုံးလျက် "ကတိပါ"
ထို့နောက် သူတို့နှစ်ဦးက အငမ်းမရ စတင် စားသောက်ကြလေသည်။
နှစ်ဦးစလုံးက အင်မတန် ဆာလောင်နေခဲ့ကြခြင်းပင်။
ခေတ္တအကြာ၌ ချင်းယွမ်က "အစ်ကိုရီ... အစ်ကိုက ဘယ်လိုတာဝန်မျိုးကို ယူထားတာလဲ"
ရီထျန်းမင်က "အဆင့်မြင့်တာဝန်လေ"
ချင်းယွမ်၏ မျက်လုံးများက ချက်ချင်းဆိုသလို ပြူးကျယ်သွား၏။ "ဘာ... အဆင့်မြင့်တာဝန် ဟုတ်လား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
ချင်းယွမ်က အလျင်အမြန်ပင်။ "ဘယ်လို အဆင့်မြင့်တာဝန်မျိုးလဲ"
ရီထျန်းမင်က ပြုံးလျက် "လူတစ်ယောက်အတွက် မှတ်စုတွေ စီစဉ်ပေးရုံပါပဲ"
ချင်းယွမ်က ထပ်မေးလိုက်ပြန်သည်။ "ကောလိပ်ရမှတ် ဘယ်လောက်ရလဲ"
ရီထျန်းမင်က "ကောလိပ်ရမှတ် သုံးထောင်ကျော်တယ်"
"ဝိုး..."
ချင်းယွမ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။
ရီထျန်းမင်က ပြုံးလျက် "မအံ့သြပါနဲ့၊ ငါက အဲဒါကို ပြီးအောင် လုပ်နိုင်မယ်ဆိုတာ သေချာသေးတာ မဟုတ်ဘူးလေ"
ချင်းယွမ်က သိချင်စိတ်ဖြင့် "မှတ်စုတွေကို စီစဉ်ဖို့ ဘာတွေ လိုအပ်လို့လဲ"
ရီထျန်းမင်က "စာအုပ်တွေ အများကြီး ဖတ်ဖူးဖို့ လိုအပ်လောက်မယ်"
ချင်းယွမ်က ချက်ချင်းဆိုသလို ခါးသီးစွာ ပြုံးလိုက်၏။ "မရဘူး... မရဘူး၊ ကျွန်တော်က စာဖတ်တဲ့နေရာမှာ လုံးဝ အဆင်မပြေဘူး။ အလုပ်ကြမ်းပဲ လုပ်နိုင်တာ..."
ရီထျန်းမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ "ညီလေးချင်းယွမ်... မင်းက မင်းညီမအတွက် အရမ်းကို ကြိုးစားနေတာပဲနော်"
ချင်းယွမ်က ခေါင်းညိတ်လိုက်၏။ "ကျွန်တော့်မှာ ဒီညီမလေးတစ်ယောက်ပဲ ရှိတာလေ။ ကျွန်တော်တို့ရဲ့ မိဘတွေက ငယ်ငယ်လေးကတည်းက ဆုံးသွားကြတော့ ကျွန်တော်နဲ့ သူက တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုပြီး ကြီးပြင်းလာခဲ့ရတာ။ သူက ကျွန်တော့်အတွက်တော့ အရာအားလုံးပဲ။ သူက အခု နတ်ဘုရားကောလိပ်ကို ဝင်ခွင့်ရပြီဆိုပေမဲ့ နောင်ကျရင် ကျင့်ကြံဖို့အတွက် ငွေတွေအများကြီး လိုအပ်ဦးမှာ သေချာတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ငွေတချို့ စုဆောင်းထားနိုင်အောင် ကျွန်တော် ကြိုးစားပြီး အလုပ်လုပ်မှ ဖြစ်မယ်"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "အရမ်းကြီးတော့ အပင်ပန်းမခံပါနဲ့။ မင်းညီမက အဲဒီလောက် ပါရမီကောင်းတာ၊ ကောလိပ်က သူ့ရဲ့ကျင့်ကြံခြင်းအတွက် သေချာပေါက် အထူးတလည် ဂရုစိုက်ပေးမှာပါ"
ချင်းယွမ်က ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာဖြင့် သွားဖြီးလျက် ပြုံးလိုက်သည်။ "အဲဒီလိုပဲ မျှော်လင့်ရတာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အဆင်သင့် ဖြစ်နေချင်လို့ပါ"
အလွန်အမင်း စိတ်အားထက်သန်နေသော ချင်းယွမ်ကို ကြည့်လျက် ရီထျန်းမင်က ပြုံးလိုက်သည်။ ဤကိစ္စ၌ မှားယွင်းမှု မရှိကြောင်း သူခံစားလိုက်ရသဖြင့် ဘာမှ ဆက်မပြောတော့ချေ။
ချင်းယွမ်က သူ၏ ပန်းကန်ပြားထဲရှိ ဟင်းလျာများကို အလျင်အမြန် စားသောက်လိုက်ပြီးနောက်တွင် "အစ်ကိုရီ... ကျွန်တော် တာဝန်သွားလုပ်ရဦးမယ်။ နောက်ရက်မှ တွေ့ကြတာပေါ့"
ထို့နောက် သူက လှည့်ကာ ပြေးထွက်သွားလေသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ သူလည်း ထကာ ထွက်သွားလိုက်သည်။ သူ အပြင်သို့ ရောက်လာချိန်၌ သူ၏ နေရာမှ ကြည့်လျှင် ကောင်းကင်ယံ၌ ကြယ်များစွာ ပြည့်နှက်နေကာ နဂါးငွေ့တန်းက တောက်ပစွာ လင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရီထျန်းမင်က စာကြည့်တိုက်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ လမ်းတစ်လျှောက်၌ နတ်ဘုရားကောလိပ်မှ ကျောင်းသားအချို့ကိုလည်း သူ မြင်တွေ့ခဲ့ရ၏။ အားလုံးက အင်မတန် အလုပ်ရှုပ်နေကြခြင်းပင်။
ရီထျန်းမင်က ကြယ်တာရာကောင်းကင်ကြီး၏ အနက်ပိုင်းသို့ မော့ကြည့်လိုက်သည်။ ဤအခိုက်အတန့်၌ သူက ကျန့်တိုင်ကျန်းကို သတိရသွားကာ ထိုကောင်မလေးက ယခုချိန်၌ ဘာတွေလုပ်နေမည်ကို တွေးမိလိုက်သည်။
ထို့ပြင် အစ်ကိုကျိထျန်း... အစ်ကိုကျိထျန်း၏ တာအိုကို ကာကွယ်ပေးမည်ဟု သူ ကတိပေးထားခဲ့သည် မဟုတ်ပါလော။
ယန်မိသားစုနှင့် ပတ်သက်၍မူ… ထို့ပြင် နတ်ဘုရားရောက်ရှိခြင်းကုန်းမြေမှ နတ်ဘုရားသစ် ရှိသေး၏။ သေချာပေါက် သူက ထိုနတ်ဘုရားသစ်ကို အထင်သေးမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ဤလောကမှနေ၍ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ပင်။
ယနေ့တိုင်အောင် တစ်ဖက်လူကို သူ မတွေ့ရသေးချေ။
တကယ်တမ်း၌ သူက ယန်မိသားစုကို ပြိုင်ဘက်တစ်ဦးအဖြစ် အနည်းငယ် လွမ်းဆွတ်နေမိပေသည်။
အကယ်၍ ယန်မိသားစုကသာ သူ့အတွက် အမြဲတမ်း ပြိုင်ဘက်ဖြစ်နေခဲ့လျှင် သူ၏ ဖိအားက အများကြီး လျော့နည်းသွားလောက်မည် ဖြစ်သည်။ ရီထျန်းမင်က သူ၏ အတွေးများကို ရုပ်သိမ်းလိုက်ပြီးနောက် သူ၏ ကိုယ်ခန္ဓာကို ငုံ့ကြည့်လိုက်၏။ သူ၏ ရုပ်ခန္ဓာကို နောက်တစ်ကြိမ် မြှင့်တင်ရန် နည်းလမ်းတစ်ခု ရှာဖွေနိုင်မည်ဟု မျှော်လင့်ကာ သူက ဤနေရာသို့ လာခဲ့ခြင်းပင်. မဟုတ်ပါက သူ့အနေဖြင့် အောက်ဘက်ရှိ စကြာဝဠာသို့ ပြန်သွားလျှင်ပင် သက်ရှိသတ္တဝါအပေါင်းဉပဒေကို အသုံးပြုနိုင်မည် မဟုတ်ချေ။
သို့သော် သူက သူ၏ ရုပ်ခန္ဓာကို နောက်တစ်ကြိမ်တိုးတက်အောင် မည်သို့ လုပ်ရပါမည်နည်း။
လက်ရှိ သူ့အတွက် ဤသည်က အင်မတန် ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူက သေမျိုးရုပ်ခန္ဓာ ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။
ရီထျန်းမင်က အဆင့်တက်ရန် နည်းလမ်းတစ်ခုခုများ ရှာတွေ့နိုင်မလားဟု တွေးမိကာ ဤလောက၏ ရုပ်ခန္ဓာကျင့်ကြံသူ နည်းစနစ်များကို အရင်ဆုံး စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် ဤလောက၌ ကျင့်ကြံရန်အတွက် သူက ကောလိပ်ရမှတ်များကို အရင်ဆုံး ရှာဖွေရမည် ဖြစ်သည်။
နတ်ဘုရားကောလိပ်အတွင်း၌ ပိုမိုမြင့်မားသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် နတ်ဘုရားစွမ်းရည်များ၊ နတ်ဘုရားသိုင်းပညာများ များစွာ ရှိသော်လည်း ထိုအရာအားလုံးကို ရယူရန် ကောလိပ်ရမှတ်များ လိုအပ်ပေသည်။
ကောလိပ်ရမှတ်များ...။
ရီထျန်းမင်က ပြုံးလိုက်ကာ ခြေလှမ်းများကို အရှိန်တင်လိုက်၏။
မကြာခင်၌ပင် ရီထျန်းမင်က စာကြည့်တိုက်သို့ ရောက်ရှိလာသည်။ အပြင်လူများလည်း စာကြည့်တိုက်အတွင်းသို့ လာရောက်ကာ စာအုပ်များကို ဖတ်ရှုနိုင်သော်လည်း စာဖတ်သူက အတော်လေး နည်းပါးလှ၏။ အထူးသဖြင့် ဤအချိန်မျိုး၌ဆိုလျှင် လုံးဝမရှိသလောက်ပင် ဖြစ်သည်။
ရီထျန်းမင်က စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူက ယခင်စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်၏။ ထိုစဉ် သူက တစ်စုံတစ်ခုကို အာရုံခံမိသွားသည်၌ သူ၏ ညာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ညာဘက် မလှမ်းမကမ်းရှိ ထောင့်တစ်နေရာ၌ အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေ၏။
ထိုအမျိုးသမီးက အင်မတန် လှပကာ လက်ရှိ၌ သူမက စာအုပ်တစ်အုပ်ကို ကိုင်လျက် ဖတ်ရှုနေခြင်းပင်။
ထိုအခိုက်အတန့်၌ ထိုအမျိုးသမီးက သူ့ကို ရုတ်ခြည်း လှမ်းကြည့်လိုက်၏။
ရီထျန်းမင်မှာ အနည်းငယ် မှင်သက်သွားပြီးနောက် နှုတ်ဆက်သည့်အနေဖြင့် ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။
ထိုအမျိုးသမီးက သူ့ကို ကြည့်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
ရီထျန်းမင်က သူမကို ဆက်မကြည့်တော့ချေ။ သူက ခေါင်းငုံ့ကာ သူ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို ကြည့်လိုက်၏။ သူက စာပိုဒ်တစ်ပိုဒ်ကို စိုက်ကြည့်လျက် အလွန်တရာ ကြာမြင့်သည်အထိ တိတ်ဆိတ်သွားလေသည်။
တာအို၏ အနှစ်သာရက အဘယ်နည်း။
ဤသည်က မူလစာရေးသူ၏ မေးခွန်းတစ်ခု ဖြစ်သည်။
ထိုစာကြောင်း၏ အောက်၌ စကားလုံးတစ်လုံးတည်းသာ ရှိနေ၏။ 'နာမည်'
ဤသည်ကို ထိုဂိုဏ်းတူအစ်မကြီးက ချန်ထားရစ်ခဲ့ကြောင်း ရှင်းလင်းနေပေသည်။
ယခုအခါမှသာ ဤတာဝန်က အဘယ်ကြောင့် အဆင့်မြင့်တာဝန် ဖြစ်နေရသနည်းဆိုသည်အား ရီထျန်းမင်က နားလည်သွားသည်။
ဤဂိုဏ်းတူအစ်မကြီးက ထိုးထွင်းသိမြင်မှုအချို့ကို မကြာခဏ ရေးသားလေ့ရှိသော်လည်း သူမက အသေးစိတ် ရှင်းမပြခဲ့ချေ။ အကြိမ်ပေါင်းများစွာ၌ ထိုဖော်ပြချက်များက စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်နေတတ်ခြင်း သို့မဟုတ် ယခုကဲ့သို့ စကားလုံးတစ်လုံးတည်းသာ ဖြစ်နေတတ်ပေသည်။
နာမည်လော။
ဤဂိုဏ်းတူအစ်မကြီးက တာအို၏ အနှစ်သာရကို သိရှိထားကြောင်း ရှင်းလင်းနေပေသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရီထျန်းမင်က စာရေးတံကို ယူကာ စာလုံးလေးလုံးကို ရေးသားလိုက်၏။ မလှမ်းမကမ်း၌ ရီထျန်းမင် ရေးသားလိုက်သော စာလုံးလေးလုံးကို ဂိုဏ်းတူအစ်မကြီးက မြင်လိုက်ရသည်တွင် သူမ၏ မျက်လုံးများက ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွားလေသည်။
***