"ငါတို့ထဲမှာ နတ်ဘုရားပြစ်မှားသူတစ်ယောက် ရှိနေတယ် ဟုတ်လား"
ကျောင်းသားများအားလုံးမှာ သံသယများဖြင့် ပြည့်နှက်သွားကြ၏။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အကဲခတ်လျက် ကြည့်ရှုလိုက်ကြသည်။
မြင်ကွင်းက ချက်ချင်းဆိုသလို ရှုပ်ထွေးသွား၏။
ရီထျန်းမင်က တိတ်ဆိတ်စွာ နေလိုက်သည်။ နတ်ဘုရားကောလိပ်က သူ့ကို ရှာတွေ့သွားခဲ့ခြင်းလော၊ သို့မဟုတ် သူ သစ္စာဖောက်ခံလိုက်ရခြင်းလော။
များသောအားဖြင့်တော့ သူက သစ္စာဖောက်ခံရရန် မဖြစ်နိုင်ချေ။
အကယ်၍ လူရန်က သူ့ကို သစ္စာဖောက်ချင်ခဲ့လျှင် ယခုအချိန်ထိ စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ နတ်ဘုရားကောလိပ်က သူ့ကို မည်သို့ ရှာတွေ့သွားခဲ့ပါသနည်း။
ထိုအခိုက်အတန့်၌ သူတို့၏ ပတ်ဝန်းကျင်ရှိ နေရာအနှံ့မှနေ၍ ရုတ်တရက် အားကောင်းလှသော ဖုံးကွယ်ထားသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
နတ်ဘုရားကောလိပ်၏ ထိပ်သီးသန်မာသူများက ဤနေရာကို ဝန်းရံထားလိုက်ပြီဖြစ်ကြောင်း သိသာနေ၏။
ရုတ်တရက် ကျောက်သားစင်မြင့်ပေါ်မှ ကျိုးပိုင်က ရယ်မောလိုက်၏။ "မင်းဘာသာမင်း ထွက်လာမလား၊ ဒါမှမဟုတ် ငါ လာဖမ်းရမလား"
ချက်ချင်းဆိုသလိုပင် မမြင်ရသည့် ဖိအားတစ်ခုက ကွင်းပြင်ထဲရှိ လူတိုင်းကို တိုက်ရိုက်ဆိုသလို လွှမ်းခြုံသွားလေသည်။
လူတိုင်းမှာ မသက်မသာ ဖြစ်သွားကြ၏။
ချင်းယွမ်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သူက ရီထျန်းမင်၏ အနီးသို့ တိုးကပ်လာကာ တုန်ယင်နေသော အသံဖြင့် "တကယ်ကြီး နတ်ဘုရားပြစ်မှားသူ ရှိနေတာပဲ... အစ်ကိုရီ၊ ငါတို့ သတိထားရလိမ့်မယ်"
ရီထျန်းမင်က ခါးသီးစွာ ပြုံးလိုက်၏။
မည်သူမျှ ရှေ့ထွက်မလာသည်ကို မြင်လိုက်ရသည်တွင် ကျောက်သားစင်မြင့်ပေါ်မှ ကျိုးပိုင်မှာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "မင်းက ထွက်မလာဘူးဆိုမှတော့..."
ထို့နောက် သူက လူအုပ်ကြီးထံသို့ ဖြည်းဖြည်းချင်း စတင် လျှောက်လှမ်းလာ၏။
လူအုပ်ကြီးထဲမှ ရီထျန်းမင်က သူ၏ ညာလက်ကို တဖြည်းဖြည်း ဆုပ်ထားလိုက်သည်။
ကျိုးပိုင်နှင့် ရီထျန်းမင်တို့ လှုပ်ရှားရန်ပြင်လိုက်သည့် အခိုက်အတန့်၌ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရုတ်ခြည်းဆိုသလို ခုန်ထွက်လာကာ ကျိုးပိုင်ထံ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
ကျိုးပိုင်မှာ မျက်ဆံများ ချက်ချင်းဆိုသလို ကျုံ့ဝင်သွား၏။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားအလင်းတန်းလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း...
မျက်စိတစ်မှိတ်အတွင်း၌ပင် နတ်ဘုရားအလင်းတန်းက တိုက်ရိုက်ဆိုသလို အစိပ်စိပ်အမွှာမွှာ ကွဲထွက်သွားကာ ကျိုးပိုင်မှာ ပေထောင်ပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားသည်။ သူ ၏ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် သူရှိနေသော နေရာလွတ်က ချက်ချင်းဆိုသလို ပြိုကျသွားကာ ကျိုးပိုင်က ထူးခြားသော ဟင်းလင်းပြင်အချိန်တစ်ခုအတွင်းသို့ တိုက်ရိုက် ကျဆင်းသွား၏။
ထိုထူးခြားသော ဟင်းလင်းပြင်အချိန်ကို မြင်လိုက်ရသည်တွင် ရီထျန်းမင်၏ မျက်နှာက မည်းသည်းသွားသည်။
သူက ယင်းကို အရင်က မြင်ခဲ့ဖူး၏။
အဝီစိငရဲပင်။
သို့သော် ဤအဝီစိငရဲက သူ အရင်က မြင်ဖူးခဲ့သည်ထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရီထျန်းမင်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ထိုနေရာ၌ အမျိုးသားတစ်ဦး မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရ၏။ ထိုအမျိုးသားက ပါးလျသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ ဆံပင်များက တစ်ဝက်အမည်းနှင့် တစ်ဝက်အဖြူ ဖြစ်နေသဖြင့် အနည်းငယ် ထူးဆန်းနေပေသည်။ သူက လေထဲ၌ မတ်တတ်ရပ်နေကာ လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် မိုးမခတောင်ကြီးတစ်လုံးအလား အင်မတန် အားကောင်းလှသော ဖိနှိပ်မှုအငွေ့အသက်များကို ထုတ်လွှတ်နေ၏။
ရီထျန်းမင်က သူ၏ဇာစ်မြစ် ပေါ်သွားပြီဟု အစပိုင်း၌ ထင်မှတ်ထားခဲ့သော်လည်း အခြားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
သူက သိချင်စိတ်ဖြင့် ထိုအမျိုးသားကို အကဲခတ်ကြည့်ရှုလိုက်သည်။
ကောင်းကင်ယံမှ အမျိုးသားက အဝီစိငရဲအတွင်းသို့ ကျဆင်းသွားသော ကျိုးပိုင်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။ "ကျွတ် ကျွတ် ကျွတ်... နှစ်တွေကြာလာတာနဲ့အမျှ နတ်ဘုရားကောလိပ်ရဲ့ ပါရမီရှင်တွေက တကယ်ကို မျိုးဆက်တစ်ဆက်ထက်တစ်ဆက် ပိုဆိုးလာတာပဲ"
ရုတ်တရက် အဝီစိငရဲအတွင်း၌ ကျိုးပိုင်၏ ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုနတ်ဘုရားအလင်းတန်း ထွက်ပေါ်လာမှုနှင့်အတူ ကျိုးပိုင်က အဝီစိငရဲ၏ ကန့်သတ်ချက်များကို အင်အားသုံး၍ ရုတ်ခြည်း ဖောက်ထွက်လာကာ ထိုအမျိုးသားထံသို့ အပြင်းအထန် ဝင်တိုက်ခိုက်လိုက်၏။
ထိုအမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ကျိုးပိုင်၏ ပတ်ပတ်လည်ရှိ နတ်ဘုရားအလင်းတန်းများက အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားကာ သူက အဝီစိငရဲအတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ၍ လွင့်ထွက်သွားပြန်သည်။ ထိုမျှသာမက သူ၏ ရုပ်ခန္ဓာပေါ်တွင်လည်း သိပ်သည်းလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရခြင်းပင်။
ကျိုးပိုင်က ရပ်တန့်သွားပြီးနောက် သူ၏ မျက်နှာက ချက်ချင်းဆိုသလို အင်မတန် အရုပ်ဆိုးသွားသည်။ တစ်ဖက်လူကို လက်တုံ့ပြန်ရန်အတွက်ပင် သူ့ထံ၌ စွမ်းအားကင်းမဲ့နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ထိုအမျိုးသားက အဝီစိငရဲအတွင်းရှိ ကျိုးပိုင်ကို တစ်ချက်ကြည့်လိုက်ကာ ရယ်မောလိုက်၏။ "မင်းက ငါ့ကိုဖမ်းဖို့တာဝန်တောင် ယူထားတယ်လို့ ငါကြားတယ်။ မင်းက ဒီပုံစံနဲ့ ငါ့ကို ဖမ်းမှာလား။ တကယ်ကို ရယ်စရာ ကောင်းတာပဲ"
"ဟူး..."
ထိုအခိုက်အတန့်၌ ရုတ်တရက် ကွင်းပြင်ထဲမှနေ၍ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
သိပ်မကြာခင်၌ပင် ထိုအမျိုးသား၏ ရှေ့၌ လူအိုကြီးတစ်ဦး ထွက်ပေါ်လာ၏။
ထိုလူအိုကြီးမှာ အကြီးအကဲကျူးပင်။
အကြီးအကဲကျူးကို မြင်လိုက်ရသည်တွင် ထိုအမျိုးသား၏ မောက်မာသော အမူအရာက ပြောင်းလဲသွားကာ သူက နက်ရှိုင်းစွာ ဦးညွတ်လိုက်၏။
အကြီးအကဲကျူးက ထိုအမျိုးသားကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ "စုချန်... မင်းက လွတ်မြောက်သွားပြီးမှတော့ ဘာလို့များ ပြန်လာရတာလဲ"
စုချန်။
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်ထဲရှိ တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို အံ့ဩတကြီး ပြောလိုက်၏။ "သူက စုချန်ပဲ... နတ်ဘုရားကောလိပ်ရဲ့ ယခင်မျိုးဆက်က အထူးချွန်ဆုံး ပါရမီရှင်လေ။ သူက နတ်ဘုရားကောလိပ်ကို သစ္စာဖောက်ပြီး ထွက်သွားပြီလို့ ကြားထားတာ..."
ရီထျန်းမင်သည်လည်း အနည်းငယ် အံ့အားသင့်သွား၏။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်တာဝန်သင်ပုန်းပေါ်ရှိ အမြင့်ဆုံးတာဝန်မှာ ဤစုချန်ကို ဖမ်းဆီးရန် ဖြစ်သောကြောင့်ပင်။
တစ်ဖက်လူက တကယ်ကြီး ပြန်လာခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ယံထက်မှ စုချန်က ရယ်မောလိုက်၏။ "အကြီးအကဲကျူး... ကျွန်တော်က ဒီနေရာကို ပြန်လာချင်လို့ မဟုတ်ပါဘူး၊ ရွေးချယ်စရာ မရှိလို့ပါ..."
ပြောနေရင်းဖြင့် သူက အဝေးရှိ အဝီစိငရဲအတွင်းမှ ကျိုးပိုင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ဒီလူက ကျွန်တော့်ရဲ့ သဲလွန်စကို ရဖို့အတွက် ကျွန်တော့်ရဲ့ အရင်က သူငယ်ချင်းတွေကိုတောင် တိုက်ခိုက်ဖို့ ဝန်မလေးခဲ့ဘူး။ ကောလိပ်ထဲမှာ ကျွန်တော့်သူငယ်ချင်းတချို့က အတော်လေးကို အခက်အခဲတွေ တွေ့နေကြတယ်လေ"
အကြီးအကဲကျူး၏ မျက်ခုံးများက ချက်ချင်းဆိုသလို တွန့်ကွေးသွား၏။ ထိုအခိုက်အတန့်၌ သူက အင်မတန် အရုပ်ဆိုးသော မျက်နှာထားဖြင့် ရှိနေသည့် အဝီစိငရဲအတွင်းမှ ကျိုးပိုင်ကို လှည့်ကြည့်လိုက်သည်။
စုချန်က ရယ်မောလိုက်၏။ "အကြီးအကဲကျူး... ခင်ဗျားက ဒီကိစ္စကို သေချာပေါက် သိမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ပြီးတော့ ဒီကိစ္စက ခင်ဗျားနဲ့လည်း မဆိုင်ပါဘူး။ ဒီတစ်ကြိမ် ကျွန်တော် ပြန်လာတာက သူ့ကို လာတွေ့တာပါပဲ"
ထို့နောက် သူက အဝီစိငရဲအတွင်းရှိ ကျိုးပိုင်ကို ကြည့်လိုက်သည်။ "မင်းက တကယ်ကို အားနည်းလွန်းတယ်လို့ ငါပြောရမယ်။ ငါတို့နှစ်ယောက်လုံးက အတိုင်းအတာမဲ့အဆင့်မှာ ရှိကြတယ်ဆိုပေမဲ့ မင်းရဲ့ စွမ်းအားက အရမ်းကို ပေါ့ပျက်ပျက်နိုင်လွန်းတယ်"
စုချန်၏ ဤကဲ့သို့ လူသိရှင်ကြား စော်ကားမှုကို ခံလိုက်ရသည်တွင် ကျိုးပိုင်၏ မျက်နှာက သင်္ချိုင်းဂူသို့ အလည်သွားရသည့်အလား အင်မတန် အရုပ်ဆိုးသွားလေသည်။ သူက လက်နှစ်ဖက်ကို ရုတ်တရက် ပူးလိုက်ကာ အော်ဟစ်လိုက်၏။ "နိုးထစမ်း"
ကျိုးပိုင်၏ ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းများကြောင့် အဝီစိငရဲတစ်ခုလုံးမှာ ရူးသွပ်မတတ် တုန်ခါသွားလေသည်။
"နတ်ဘုရားသိုင်းပညာ"
ကွင်းပြင်ထဲမှ တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
နတ်ဘုရားသိုင်းပညာ။
ရီထျန်းမင်မှာ အင်မတန် သိချင်စိတ် ဖြစ်သွားသည်။ ဤနတ်ဘုရားစကြာဝဠာ၏ အစောပိုင်းကာလများဖြစ်သော နတ်ဘုရားများခေတ်အတွင်း၌ ဤနတ်ဘုရားစကြာဝဠာမှ အစစ်အမှန်နတ်ဘုရားများနှင့် အထွတ်အမြတ်နတ်ဘုရားများက ကျင့်ကြံခြင်းနည်းစနစ်များစွာကို ဖန်တီးခဲ့ရုံသာမက နက်နဲလှသော နတ်ဘုရားသိုင်းပညာများကိုလည်း ဖန်တီးခဲ့ကြပေသည်။ ယင်းတို့က အခြေခံအားဖြင့် အောက်ဘက်ရှိ စကြာဝဠာများမှ နတ်ဘုရားစွမ်းရည်များ၊ သိုင်းပညာများနှင့် ညီမျှ၏။
နတ်ဘုရားသိုင်းပညာက အစစ်အမှန်နတ်ဘုရားအဆင့်နှင့် ညီမျှခြင်းပင်။
နက်နဲသော တာအိုသိုင်းပညာက အထွတ်အမြတ်နတ်ဘုရားအဆင့်နှင့် ညီမျှပေသည်။
အဆုံးအစမရှိသော စွမ်းအားများ ဖြစ်သည်။
ဤကျိုးပိုင်က နတ်ဘုရားသိုင်းပညာတစ်ခုကို ပိုင်ဆိုင်ထားလေရာ သူ၏ အဆင့်အတန်းက သေချာပေါက် သာမန်မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။ သူ၏ ပါရမီကလည်း ထူးကဲလှ၏။ သာမန်လူများအတွက် နတ်ဘုရားသိုင်းပညာကို ကျင့်ကြံရန်က အင်မတန် ခက်ခဲလှကာ နက်နဲသော တာအိုသိုင်းပညာနှင့် ပတ်သက်၍မူ ပို၍ပင် ခက်ခဲသေးပေသည်။
အဝီစိငရဲအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းများက ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ထိုနတ်ဘုရားအလင်းတန်းများအတွင်း၌ မီးလောင်ကျွမ်းနေသော အဆောင်လက်ဖွဲ့များစွာလည်း ပါဝင်နေ၏။ အဆောင်လက်ဖွဲ့တစ်ခုစီတိုင်းက သက်ဝင်လှုပ်ရှားနေသော မီးတောက်များအသွင်ဖြင့် အဝီစိငရဲတစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေ၏။
ကျိုးပိုင်က သူ၏ မန္တန်များကို ဆက်လက်ရွတ်ဆိုနေစဉ်၌ပင် နတ်ဘုရားအလင်းတန်းအတွင်းမှနေ၍ ခပ်သဲ့သဲ့ ရေရွတ်သံများလည်း ထွက်ပေါ်လာ၏။ ယင်းတို့က အဆုံးအစမရှိသော ခမ်းနားထည်ဝါမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ဆောင်ထားသည့် နတ်ဘုရားများ၏ ရှေးကျလှသော အသံများပင်။ သိပ်မကြာခင်၌ပင် အဝီစိငရဲအတွင်းရှိ နတ်ဘုရားအလင်းတန်းများက ဟင်းလင်းပြင်အချိန်ကို ရုတ်ခြည်းဆိုသလို ဆွဲဖြဲလိုက်ကာ စုချန်၏ ပတ်ပတ်လည်၌ ထွက်ပေါ်လာကြ၏။ ယင်းတို့က လှည့်ပတ်ယှက်နွှယ်နေကြကာ စုချန်ရှိနေသော နေရာလွတ်ကို ပိတ်လှောင်လျက် ဖောက်ထွက်မရအောင် လုပ်ဆောင်လိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ ကျောင်းသားများကလည်း အလျင်အမြန်ပင် ဆုတ်ခွာသွားကြကုန်သည်။
ချင်းယွမ်ကလည်း ရီထျန်းမင်ကို အလျင်အမြန် ဆွဲခေါ်ကာ ဆုတ်ခွာလိုက်၏။
လေထဲ၌ စုချန်က သူ့ကို ဝန်းရံထားသော နတ်ဘုရားအလင်းတန်းများကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။ "ဒီနတ်ဘုရားသိုင်းပညာက ကောင်းကင်ဘုံသခင်နတ်ဘုရားနန်းတော်ရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားသိုင်းပညာသုံးခုထဲက တစ်ခုဖြစ်ရမယ်... အရမ်းအားကောင်းတယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့လက်ထဲ ရောက်နေတာပဲ"
ထို့နောက် သူက သူ၏ ညာလက်ကို ရုတ်ခြည်း ဆန့်ထုတ်လိုက်ကာ မမြင်ရသော အရာတစ်ခုကို ဆုပ်ကိုင်လိုက်သည့်အလား အားပြင်းပြင်းဖြင့် ဆုပ်ကိုင်လိုက်၏။ နောက်တစ်ခဏ၌ သူ၏ လက်ဖဝါးမှနေ၍ အင်မတန် ကြီးမားလှသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ နတ်ဘုရားအလင်းတန်းများနှင့် ယှက်နွှယ် တိုက်ခိုက်မိသွားသည်။
တစ်ချိန်တည်း၌ပင် ရုတ်တရက် စုချန်က သူ၏ ညာလက်ကို အပေါ်သို့ တွန်းတင်လိုက်၏။ စုချန်၏ ထိန်းချုပ်မှုအောက်၌ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ပင်လယ်ပြင်ထဲမှ ထွက်ပေါ်လာသော ဒေါသတကြီးဖြစ်နေသည့် နဂါးတစ်ကောင်အလား တားဆီး၍ မရနိုင်တော့ချေ။ ယင်းက ပတ်ဝန်းကျင်ရှိ နတ်ဘုရားအလင်းတန်းများကို လျင်မြန်စွာ မျိုချပစ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် သူ့ပတ်ပတ်လည်ရှိ နတ်ဘုရားအလင်းတန်းများအားလုံး လုံးဝ မျိုချခံလိုက်ရလေသည်။
ထို့နောက် စုချန်က သူ၏ လက်ဖြင့် အောက်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်၏။
အဝီစိငရဲအတွင်းရှိ များပြားလှသော နတ်ဘုရားအလင်းတန်းများက ရုတ်ခြည်းဆိုသလို တစ်လက်မချင်းစီ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားကြကာ ကြောက်မက်ဖွယ်ကောင်းသော အင်အားများကလည်း ကျိုးပိုင်ထံသို့ အညှာအတာကင်းမဲ့စွာဖြင့် ဖိနှိပ်ကျဆင်းလာကြကုန်သည်။
ထိုအခိုက်အတန့်၌ ကျိုးပိုင်မှာ ထိတ်လန့်သွား၏။ စုချန်၏ ရှေ့၌ သူ၏ နတ်ဘုရားသိုင်းပညာက ဤမျှထိ အားနည်းနေလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ချေ။
ထိုအခိုက်အတန့်၌ သူ့ထံတွင် လက်တုံ့ပြန်ရန် စွမ်းအားပင် လုံးဝမရှိတော့ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက သက်ဆင်းလာပြီးနောက် သူ့ကို မြေပြင်ပေါ်၌ ဒူးထောက်သွားစေရန် ချက်ချင်း ဖိနှိပ်လိုက်ပြီးသည်တွင် သူ့ကို လုံးဝ သတ်ဖြတ်ပစ်ရန် ရည်ရွယ်လိုက်ကြ၏။
သို့သော် ထိုအချိန်၌ပင် လက်တစ်ဖက်က အဝီစိငရဲအတွင်းသို့ ရုတ်ခြည်း ဝင်ရောက်လာကာ သူ့ကို အားသုံး၍ ဆွဲထုတ်သွားလေသည်။
အကြီးအကဲကျူးပင်။
အကြီးအကဲကျူးက ကျိုးပိုင်ကို ကယ်တင်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ စုချန်ကို အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်၏။ "ဒါက ပြစ်မှားတဲ့ စွမ်းအားပဲ... မင်းက မော့ခယ်နတ်ဘုရားငရဲကို ဝင်သွားခဲ့တာလား"
စုချန်က ရယ်မောလိုက်သည်။ "ဆရာ... ကျွန်တော့်မှာ ရွေးချယ်စရာ တခြားလမ်းကြောင်းများ ရှိသေးလို့လား"
အကြီးအကဲကျူးမှာ ရင်ထဲ၌ အကြီးအကျယ် နာကျင်သွား၏။ "ဘာလို့လဲ။ ဘာကြောင့်လဲ... အရင်တုန်းက မင်းဟာ အရမ်းကို ထူးချွန်ခဲ့တာ၊ ဘာလို့ နောက်ပိုင်းကျမှ ပြန်လှည့်လို့မရတဲ့ လမ်းကို ရွေးချယ်သွားခဲ့ရတာလဲ"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စုချန်က လေသံဖျော့ဖျော့ဖြင့် "ဆရာ... အရင်တုန်းက ကျွန်တော်သာ အပြင်စည်းကောလိပ်မှာပဲ နေခဲ့မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"
ထို့နောက် သူက နတ်ဘုရားကောလိပ်၏ အတွင်းပိုင်းကို လှမ်းကြည့်လိုက်ကာ ရယ်မောလိုက်၏။ "ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပြောတာ မှန်တယ်... နတ်ဘုရားများခေတ်ကနေ အခုအချိန်အထိ သိုးကျောင်းနတ်ဘုရားနဲ့ အဲဒီနတ်ဘုရားနှစ်ပါးကလွဲရင် တခြားဘယ်နတ်ဘုရားကမှ နတ်ဘုရားလို့ အခေါ်ခံရဖို့ မထိုက်တန်ဘူး..."
"မင်း ဘာတွေပြောနေတာလဲ"
အကြီးအကဲကျူးက စုချန်ကို စိုက်ကြည့်လိုက်၏။ "အကယ်၍ မင်းသာ အခုချိန်မှာ နောက်ပြန်လှည့်မယ်ဆိုရင် အခွင့်အရေး ရှိနေသေးတယ်။ ချောက်ကမ်းပါးထဲကို ခြေမလှမ်းပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးပါနဲ့၊ မင်း..."
စုချန်က ရယ်မောလိုက်သည်။ "ဆရာ... ဆရာက လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ဒီလောကကြီးက အရမ်းကို မှောင်မိုက်လွန်းတယ်"
ပြောနေရင်းဖြင့် သူက မလှမ်းမကမ်းရှိ ကျိုးပိုင်ကို ကြည့်လိုက်၏။ "ဒီနေ့ ဒီကောင် သေကိုသေရလိမ့်မယ်"
"သေရမယ် ဟုတ်လား"
ထိုစဉ် ရုတ်တရက် နတ်ဘုရားကောလိပ်၏ အတွင်းပိုင်းမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။ "မင်းက သူသေရမယ်လို့ ပြောလိုက်တာနဲ့ပဲ သူက သေရမှာလား"
ရုတ်တရက် ကောင်းကင်နှင့် မြေပြင်ကြား၌ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ထွက်ပေါ်လာကာ ထိုနေရာလွတ်တစ်ခုလုံးကို တိုက်ရိုက် ပိတ်လှောင်လိုက်၏။
မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေကြကာ ဒေါသပြင်းထန်လှသော လှိုင်းလုံးများအလား လှိမ့်တက်လာပြီး လောကကြီးတစ်ခုလုံးကို မီးတောက်များကဲ့သို့ အနီရောင်ဖြင့် လင်းထိန်သွားစေသည်။
ပူပြင်းသော လှိုင်းလုံးများက ဆောင့်တက်လာကာ အသက်ရှူကျပ်စေသော ဖိအားများကိုလည်း ဖန်တီးလိုက်၏။
အကြီးအကဲကျူးက ချက်ချင်းဆိုသလိုပင်။ "အပြင်စည်းက ကျောင်းသားတွေအားလုံး... ချက်ချင်း ဆုတ်ခွာကြ"
ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ညင်သာသော အင်အားတစ်ခုက ကွင်းပြင်ထဲရှိ အပြင်စည်းကျောင်းသားများကို လွှမ်းခြုံသွားလျက် အားလုံးကို အခြားတောင်ထွတ်တစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်၏။
ရီထျန်းမင်နှင့် အခြားသူများက မော့ကြည့်လိုက်ရာ ကောင်းကင်ယံက မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များက အရာအားလုံးကို မျိုချပစ်ရန် ခြိမ်းခြောက်နေသည့်အလားပင်။
ကောင်းကင်ယံရှိ ပြင်းထန်သော တိုက်ပွဲကို ကြည့်လျက် ရုတ်တရက် ရီထျန်းမင်က ရယ်မောလိုက်၏။ "အံ့သြစရာပဲ... တကယ့်ကို ခမ်းနားတဲ့ တိုက်ပွဲကြီးပါလား..."
အရင်ကဆိုလျှင် သူက ယန်မိသားစုနှင့်သာ အမြဲတမ်း တိုက်ခိုက်နေခဲ့ရပြီး အခြားသူများကသာ ပွဲကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါမူ နောက်ဆုံး၌ ဖရဲစေ့စားရင်း ပွဲကြည့်ရမည့် သူ၏ အလှည့် ရောက်လာခဲ့ပြီ ဖြစ်၏။
ဤခံစားချက်က အရမ်းကောင်းသည်ဟု သူ ဝန်ခံရမည်ပင်။
သူ၏ ဘဝကလည်း တဖြည်းဖြည်းချင်း ပို၍ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူ၏ ဘေးရှိ ချင်းယွမ်က ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကောင်းကင်ယံကို ကြည့်လိုက်၏။ "အဲဒီစုချန်ဆိုတဲ့ လူက ငါတို့ရဲ့ နတ်ဘုရားကောလိပ်တစ်ခုလုံးကို တစ်ယောက်တည်း စိန်ခေါ်တော့မှာလား"
ရီထျန်းမင်က ရယ်မောလိုက်ကာ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ "နှစ်ပေါင်းများစွာ အရိုက်ခံလာရတဲ့ ငါ့ရဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ သေချာပေါက် သူက တစ်ယောက်တည်း မဟုတ်ဘူး..."
"သေချာပေါက် သူက တစ်ယောက်တည်း မဟုတ်ဘူးလေ"
ဘေးဘက်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာခြင်းပင်။
ထိုရင်းနှီးနေသောအသံကို ကြားလိုက်ရသည်တွင် ရီထျန်းမင်မှာ လန့်ဖြန့်သွား၏။ သူက ဘေးဘက်သို့ ရုတ်ခြည်း လှည့်ကြည့်လိုက်ရာ ရောက်လာသောသူကို မြင်လိုက်ရသည်တွင် သူ၏ မျက်နှာက ပို၍ပင် အံ့အားသင့်သွားလေသည်။ "သေစမ်း... ခင်ဗျား... ခင်ဗျားပါလား..."
***