ရောက်လာသူက မည်သူနည်း။
သူက တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးကြီးယန်ပင်။ သို့သော် အဘိုးကြီးယန်မှာ အပြင်းအထန် အရိုက်ခံထားရသည့်အလား အင်မတန် ဖရိုဖရဲ ဖြစ်နေ၏။
ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်သွားသည်။ "ဆရာကြီး... ခင်ဗျားက ဘာလို့ ဒီကို ရောက်နေရတာလဲ။ ခင်ဗျား..."
အဘိုးကြီးယန်က ရီထျန်းမင်ကို ဘေးသို့ ဆွဲခေါ်သွား၏။ ချင်းယွမ်က အဘိုးကြီးယန်ကို လူဆိုးဟု ထင်မှတ်သွားသဖြင့် ချက်ချင်း လိုက်လာခဲ့ကာ သူ၏ တာဝန်လုပ်ဆောင်ရာတွင် အသုံးပြုသော ပုဆိန်ကို ထုတ်ယူလျက် အဘိုးကြီးယန်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။
ရီထျန်းမင်က ချင်းယွမ်ကို တားဆီးလိုက်ကာ ပြုံးလျက် "ညီလေးချင်း... ရပါတယ်၊ ငါ သူ့ကို သိတယ်။ သူက ငါ့ရဲ့ ဆရာကြီးတစ်ယောက်ပါ"
ထိုစကားကို ကြားလိုက်ရသည်တွင် ချင်းယွမ်က အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် သူ၏ ပုဆိန်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် အနေခက်စွာ ပြုံးလျက် အဘိုးကြီးယန်ကို ကြည့်လိုက်သည်။ "အားနာလိုက်တာ… အားနာလိုက်တာဗျာ”
အဘိုးကြီးယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရီထျန်းမင်ကို ကြည့်လိုက်၏။ "ဇာတ်လမ်းကို ခပ်တိုတိုပြောရရင် ငါ ဒီကိုလာရတဲ့ ခရီးက မလွယ်ကူခဲ့ဘူး၊ ငါ့အသက်တောင် ပါသွားတော့မလို့ပဲ။ အဲဒီနတ်ဘုရားသစ်ကို သတိထားဖို့ မင်းကို လာပြောတာ။ သူက အဲဒီလူရဲ့ ဝင်စားတဲ့ဘဝ ဖြစ်နိုင်တယ်။ သူနဲ့ မင်းကြားမှာရှိတဲ့ ပဋိပက္ခက တာအိုရဲ့ တိုက်ပွဲတစ်ခုတည်း မဟုတ်ဘူး၊ နတ်ဘုရားလောကရဲ့ တိုက်ပွဲလည်း ဖြစ်တယ်..."
ရီထျန်းမင်က မေးလိုက်၏။ "ဘယ်တစ်ယောက်လဲ"
အဘိုးကြီးယန်က ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားသည်တွင် သူ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ "ချီးပဲ"
ထို့နောက် သူက လှည့်ကာ ထွက်ပြေးတော့၏။
အဝေးသို့ တဖြည်းဖြည်းချင်း ထွက်ခွာပျောက်ကွယ်သွားသော အဘိုးကြီးယန်၏ ကျောပြင်ကို ကြည့်လျက် ရီထျန်းမင်၏ မျက်ခုံးများက တင်းကျပ်စွာ တွန့်ကွေးသွား၏။ အဘိုးကြီးယန်က ပစ်မှတ်ထား ခံနေရခြင်းပင်။
ထိုလူ၏ ဝင်စားသည့် ဘဝလော။
ရီထျန်းမင်မှာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "သေစမ်း... ဝတ်စုံစိမ်းဝတ်ဓားသခင်နဲ့ လောင်းကြေးကိုပဲ ဆက်လုပ်ပြီး ယန်မိသားစုနဲ့ပဲ ငါပြန်တိုက်နေသင့်တာ"
မည်သို့ပင်ဆိုစေကာမူ ယန်မိသားစုက ကိုင်တွယ်ရ ပိုလွယ်ကူနေသေး၏။
ထိုစဉ် ဟန်က "သခင်လေး... အဘိုးကြီးယန်ပြောတဲ့လူက ဘယ်သူလဲဆိုတာ သခင်လေး သိလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ငါ ခန့်မှန်းထားတာနဲ့ အတော်လေး နီးစပ်မယ် ထင်တယ်..."
ပြောနေရင်းဖြင့် သူက ရုတ်ခြည်းဆိုသလို ရယ်မောလိုက်၏။ "ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။ သူ့ကို လာခိုင်းလိုက်စမ်းပါ"
ဝုန်း...
အဝေးရှိ ကောင်းကင်ယံမှ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ သို့သော် ကောင်းကင်ယံအထက်မှနေ၍ ဧရာမလက်ကြီးတစ်ဖက်က ရုတ်ခြည်းဆိုသလို ဆုပ်ကိုင်လာ၏။ ထိုလက်ကြီးက အင်မတန် ကြီးမားလှကာ ကောင်းကင်နှင့် နေကိုပင် ဖုံးကွယ်ထားပေသည်။ ထိုဧရာမလက်ကြီးက ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မီးပင်လယ်ကြီးက ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွားကာ မီးတောက်များ လွင့်ထွက်သွားပြီး အလင်းရောင်များကလည်း နေရာအနှံ့ ထွက်ပေါ်လာလျက် ဆက်လက်၍ မလောင်ကျွမ်းနိုင်တော့ချေ။
"ဟားဟား"
ကောင်းကင်ယံအထက်မှနေ၍ ကျယ်လောင်သော ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာသည်။ "ချန်ဝမ်... နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာတောင် မင်းဆီမှာ ဒီလှည့်ကွက်နှစ်ခုပဲ ရှိသေးတာလား"
အသံအဆုံး၌ပင် နတ်ဘုရားကောလိပ်၏ အထက်၌ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။
သူ၏ ပုံပန်းသွင်ပြင်အရ ထိုအနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက အသက်မကြီးသေးသော်လည်း သူ့ထံတွင် ဆံပင်အဖြူရောင်များ ထင်ရှားစွာ ရှိနေ၏။
ထိုအခိုက်အတန့်၌ နတ်ဘုရားကောလိပ်အတွင်းမှနေ၍ အိုမင်းနေသော အကြီးအကဲတစ်ဦးလည်း ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။ သူက အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားကို ကြည့်ကာ အက်ကွဲနေသော အသံဖြင့် "ကျူယိ... မင်း မသေသေးဘူးပဲ"
ကျူယိအမည်ရှိ အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်းတို့လို အဘိုးကြီးတွေတောင် မသေသေးတာ၊ ငါက ဘာလို့ သေရမှာလဲ
ချန်ဝမ်က ကျူယိကို စိုက်ကြည့်လိုက်သည်။ "မင်းက ငါတို့ နတ်ဘုရားကောလိပ်ရဲ့ ကျောင်းသားတစ်ယောက်ကို သတ်ချင်လို့ ဒီနေရာကို လာခဲ့တာလား"
ကျူယိက ပြုံးလျက် "အတိအကျပဲ"
ပြောနေရင်းဖြင့် သူက အဝေးရှိ ကျိုးပိုင်ကို လက်ညှိုးထိုးပြလိုက်၏။ "ဒီလူက ငါ့ညီလေးရဲ့ သဲလွန်စကို စုံစမ်းဖို့အတွက် သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုတောင် ပစ်မှတ်ထားခဲ့တယ်။ အရိုးသားဆုံးပြောရရင် တကယ်ကို ယုတ်မာလွန်းတယ်၊ တကယ်ကို ယုတ်မာလွန်းနေတာပဲ"
ချန်ဝမ်၏ မျက်ခုံးများက တွန့်ကွေးသွားသည်။ သူက မလှမ်းမကမ်းရှိ ဖြူဖျော့သောမျက်နှာဖြင့် သူ့ကို အကြည့်ချင်း မဆုံရဲဖြစ်နေသော ကျိုးပိုင်ကို လှမ်းကြည့်လိုက်၏။
ထို့နောက် ချန်ဝမ်က ကျူယိကို ကြည့်လိုက်သည်။ "သူက ငါတို့ နတ်ဘုရားကောလိပ်က လူပဲ။ အကယ်၍ သူ အမှားလုပ်ခဲ့ရင်တောင် ငါတို့ နတ်ဘုရားကောလိပ်ကပဲ ကိုင်တွယ်ရမှာ။ အပြင်လူတွေ ဝင်စွက်ဖက်စရာ မလိုဘူး"
ကျူယိက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ငါက ဝင်စွက်ဖက်ချင်တယ်လေကွာ"
ထို့နောက် သူက အဝေးရှိ ကျိုးပိုင်ထံသို့ လေထဲမှနေ၍ ရုတ်ခြည်းဆိုသလို ဖမ်းဆုပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ကျိုးပိုင်၏ မျက်နှာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွား၏။ တစ်ချိန်တည်း၌ပင် သူ၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားစိတ်ဝိညာဉ်က တဖြည်းဖြည်းချင်း စတင် ပျောက်ကွယ်လာ၏။
နတ်ဘုရားတုအဆင့်ပင်။
ပတ်ဝန်းကျင်၌ တိုက်ပွဲကို စောင့်ကြည့်နေကြသော အပြင်စည်းကျောင်းသားများအားလုံးမှာ ထိုမြင်ကွင်းကြောင့် အင်မတန် အံ့အားသင့်သွားကြ၏။ ဤမျှ အားကောင်းလှသော ထိပ်သီးသန်မာသူတစ်ဦးကို သူတို့ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။
ထိုအခိုက်အတန့်၌ ရီထျန်းမင်သည်လည်း ကျူယိအမည်ရှိ အမျိုးသားကို ကြည့်နေသည်။ သေချာပေါက် ဤနတ်ဘုရားတုအဆင့်သန်မာသူ၏ စွမ်းအားက သာမန် စက်ဝန်းရေးဆွဲနယ်ပယ်ထက် သာလွန်နေပေသည်။
သို့သော် ဤကျူယိက ဒုတိယဂိုဏ်းတူအဒေါ်နှင့် ထိုသိုင်းနတ်ဘုရားလောက် အားမကောင်းဟု သူ ခံစားမိ၏။
ရိုးရှင်းစွာဆိုရသော် အောက်ဘက်ကမ္ဘာမှ ထိပ်တန်းအဆင့် စက်ဝန်းရေးဆွဲနယ်ပယ်သန်မာသူများက ဤလောက၌ နေထိုင်လျှင်ပင် လုံးဝ ထိပ်ဆုံးအဆင့်၌ ရှိနေမည် ဖြစ်သည်။
အောက်ဘက်ကမ္ဘာက သေသေချာချာ နားလည်ထားသည်မှာ ဤစကြာဝဠာအတွင်းရှိ အစစ်အမှန်နတ်ဘုရား ချန်ထားရစ်ခဲ့သော အစစ်အမှန်တာအိုဉပဒေပင်။ ထိုအစစ်အမှန်တာအိုဉပဒေက ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
သို့သော် ယေဘုယျအားဖြင့်တော့ ဤသည်က သတင်းကောင်းပင်။
အောက်ဘက်ကမ္ဘာမှ ထိပ်ဆုံးအဆင့် သန်မာသူများအနေဖြင့် ဤနေရာသို့ ရောက်လာလျှင် ပုရွက်ဆိတ်များ ဖြစ်နေမည် မဟုတ်ချေ။ သေချာပေါက် အဓိကအချက်မှာ ဤလောကရှိ အစစ်အမှန်နတ်ဘုရားတာအိုဉပဒေကို ချိုးဖျက်နိုင်ရန်ပင် ဖြစ်သည်။
သို့သော် ဤကိစ္စကို အလျင်စလိုလုပ်၍ မရကြောင်း သူ သိထား၏။ ဤအချိန်အတောအတွင်း၌ နတ်ဘုရားကောလိပ်အသီးသီးက သဟဇာတဖြစ်စွာ မနေထိုင်ကြဘဲ သူတို့အားလုံး၌ ပဋိပက္ခများ ရှိနေကြကြောင်းကို သူ သိရှိခဲ့ရသည်။
သို့သော် အောက်ဘက်ကမ္ဘာရှိ တရားဝင်နေအိမ်မှ သက်ရှိများက နတ်ဘုရားစကြာဝဠာကို ခြိမ်းခြောက်နိုင်မည်ဆိုလျှင် နတ်ဘုရားစကြာဝဠာ၏ အဓိကအင်အားစုများက သူတို့ကို ဆန့်ကျင်ရန် သေချာပေါက် ပူးပေါင်းကြလိမ့်မည်ကိုလည်း သူ နားလည်ထား၏။
ထို့ကြောင့် သူက အလျင်စလို လုပ်ဆောင်၍မရချေ။
ဖြည်းဖြည်းချင်း သွားရမည်ပင်။
ထို့အပြင် သူ၏ လက်ရှိစွမ်းအားက လုံးဝ လုံလောက်မှု မရှိသေးချေ။
သူက သိုသိုသိပ်သိပ်ဖြင့် တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
သူက သိုသိုသိပ်သိပ် နေရမည်ပင်။
ကောင်းကင်ယံ၌ ကျူယိလှုပ်ရှားလိုက်သည့် အခိုက်အတန့်၌ မလှမ်းမကမ်းရှိ ချန်ဝမ်ကလည်း ရုတ်ခြည်းဆိုသလို လှုပ်ရှားလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းဝင်္ကပါတစ်ခုက ကောင်းကင်ယံသို့ မြင့်တက်သွားကာ ကျိုးပိုင်ကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
ကျူယိက ဆက်လက်၍ တိုက်ခိုက်ချင်နေဆဲ ဖြစ်သော်လည်း ထိုအခိုက်အတန့်၌ နတ်ဘုရားကောလိပ်အတွင်းမှနေ၍ သွေးနီရောင် အဆောင်လက်ဖွဲ့သံကြိုးများ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ရုတ်ခြည်း မြင့်တက်လာကာ ဒေါသတကြီးဖြစ်နေသော နဂါးများအလား လေထဲ၌ လွတ်လပ်စွာ ပြေးလွှားနေကြလျက် ရင်ဖိုစရာ အငွေ့အသက်များကို ထုတ်လွှတ်လာကုန်သည်။
ထိုအဆောင်လက်ဖွဲ့သံကြိုးများက သူတို့၏ ကိုယ်ပိုင်အသိစိတ်များ ရှိနေသည့်အလားပင်။ ယင်းတို့က ယှက်နွှယ်သွားကြကာ နတ်ဘုရားကောလိပ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဧရာမ သွေးရောင်ကွန်ရက်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် အဝေးရှိ ကျူယိက ချက်ချင်းဆိုသလို ရယ်မောလိုက်၏။ "ဒါဟာ အရင်တုန်းက အဲဒီအထွတ်အမြတ်နတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ ချုပ်နှောင်ခြင်း နတ်ဘုရားစွမ်းရည်လား။ ငါကတော့ သိပ်အထင်မကြီးမိဘူး"
ချန်ဝမ်က ကျူယိကို စိုက်ကြည့်လိုက်သည်။ "ခေါင်းမာနေတော့ရော ဘာထူးမှာလဲ"
ကျူယိက ဘာမှဆက်မပြောတော့ချေ။ ရုတ်တရက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ ခြေတစ်လှမ်းတည်းနှင့်ပင် သူ၏ ခြေထောက်အောက်မှနေ၍ ကြယ်သန်းပေါင်းများစွာ ပေါက်ကွဲထွက်လာသည့်အလား အင်မတန် တောက်ပလင်းလက်လှသော အလင်းတန်းများ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာသည်။ ထိုကြယ်ရောင်များက အားကောင်းလှသော စွမ်းအားတစ်ခုအဖြစ် စုစည်းသွားပြီးနောက် သူ့ကို လွှမ်းခြုံသွားကာ ကြယ်နတ်ဘုရားချပ်ဝတ်တန်ဆာတစ်ခုအဖြစ် လျင်မြန်စွာ အသွင်ပြောင်းသွား၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည်တွင် ချန်ဝမ်၏ မျက်နှာက ချက်ချင်းဆိုသလို မည်းသည်းသွား၏။ "အထွတ်အမြတ်ကြယ်နတ်ဘုရား သိုင်းပညာ"
နတ်ဘုရားသိုင်းပညာလော။
အရင်က အစစ်အမှန်နတ်ဘုရားဖြစ်သည့် ကြယ်နတ်ဘုရား ဖန်တီးခဲ့သော နတ်ဘုရားသိုင်းပညာတစ်ခုပင်။
ကျူယိက နတ်ဘုရားသိုင်းပညာတစ်ခုကို အသုံးပြုခဲ့သော်လည်း ယင်း၏ စွမ်းအားက အစောပိုင်းက ကျိုးပိုင်၏ သိုင်းပညာထက် အဆပေါင်းများစွာ ပို၍ အားကောင်းလှပေသည်။
ကျူယိက ရယ်မောလိုက်ကာ သူ၏ လက်များကို ရုတ်တရက် ဆုပ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် ကြယ်ရောင်အလင်းတန်းနှစ်ခုက ရုတ်တရက် မြင့်တက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ကြယ်နတ်ဘုရားစွမ်းအား အလင်းတိုင်လုံးများက တိမ်တိုက်များကို ထိုးဖောက်သွားလျက် ကောင်းကင်နှင့် မြေပြင်ကို တိုက်ရိုက် စုတ်ဖြဲလိုက်လေသည်။
ကောင်းကင်နှင့် မြေပြင်ကြားရှိ ကြောက်မက်ဖွယ်ကောင်းသော အဆောင်လက်ဖွဲ့သံကြိုးများက တစ်လက်မချင်းစီ အစိပ်စိပ်အမွှာမွှာ စတင်ကွဲအက်လာကြ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ချန်ဝမ်၏ မျက်နှာက နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ သူက ကျူယိ၏ စွမ်းအားကို အထင်သေးမိခဲ့ခြင်းပင်။ ထိုအခိုက်အတန့်၌ ကျူယိက ရုတ်တရက် လှည့်ကာ မလှမ်းမကမ်းရှိ ကျိုးပိုင်ထံ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်၏။ ထိုလက်သီးချက်နှင့်အတူ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးက ထိုအခိုက်အတန့်၌ ပေါက်ကွဲထွက်သွားလေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် ပျက်စီးသွားသော ဟင်းလင်းပြင်အချိန်က လျှို့ဝှက်ဆန်းကြယ်သော ဉပဒေသစွမ်းအားတစ်ခုကြောင့် ပြန်လည်ကောင်းမွန်လာခဲ့၏။
ဤသည်က ဟင်းလင်းပြင်အချိန်ကို အလိုအလျောက် ပြန်လည်ကောင်းမွန်စေနိုင်သော ဤနေရာရှိ အစစ်အမှန်နတ်ဘုရားဉပဒေပင်။
သူ့ထံသို့ တည့်မတ်စွာ ဝင်ရောက်လာသော ကျူယိ၏ လက်သီးချက်ကို မြင်လိုက်ရသည်တွင် ကျိုးပိုင်၏ စိတ်မှာ ဗလာကျင်းသွား၏။ သူ၏ အဆင့်ဖြင့် ဤမျှ အားကောင်းသော ထိပ်သီးသန်မာသူတစ်ဦးကို သူက မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
မလှမ်းမကမ်းရှိ ချန်ဝမ်မှာမူ ထိုအခိုက်အတန့်၌ သူ့ကို ကူညီပေးနိုင်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် မြေပြင်အတွင်း၌ ပြည့်နှက်နေသော ကြယ်နတ်ဘုရားစွမ်းအားများက ရူးသွပ်မတတ် သောင်းကျန်းနေသောကြောင့်ပင်။ ထိုကြယ်နတ်ဘုရားစွမ်းအားများကို သူက တားဆီးရမည် ဖြစ်၏။ မဟုတ်ပါက နတ်ဘုရားကောလိပ်ရှိ များပြားလှသောလူများ သေဆုံးသွားကြလိမ့်မည် ဖြစ်သည်။
ကျိုးပိုင်က ထိုလက်သီးချက်ကြောင့် အမှုန့်ကြိတ်ခံရတော့မည့်ဆဲဆဲတွင် သူ၏ ရှေ့ရှိ ဟင်းလင်းပြင်အချိန်က ရုတ်တရက် ကွဲဟသွားသည်။ ထို့နောက် နတ်ဘုရားဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ဦး ထွက်ပေါ်လာ၏။ ထိုသက်လတ်ပိုင်းလူက တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားကာ ရှေ့သို့ ညင်သာစွာ ထောက်ချလိုက်သည်။
သူ၏ ရှေ့၌ နတ်ဘုရားအလင်းဝင်္ကပါတစ်ခု ချက်ချင်း ပွင့်ဟလာ၏။ ထိုဝင်္ကပါအတွင်း၌ နတ်ဘုရားအဆောင်လက်ဖွဲ့များ ရစ်ခွေနေကြကာ အားကောင်းလှသော စွမ်းအားများကို ထုတ်လွှတ်နေလျက် ကျိုးပိုင်ထံသို့ ဝင်ရောက်လာသော လက်သီးချက်ကို ခိုင်မာစွာ တားဆီးလိုက်သည်။
ရုတ်တရက် နတ်ဘုရားဝတ်ရုံနှင့် သက်လတ်ပိုင်းလူက မည်သည့်စကားလုံးမှန်း မသိရသော စကားတစ်ခွန်းကို ရေရွတ်လိုက်၏။
ကျူယိက ပေရာပေါင်းများစွာ အဝေးထိ တိုက်ရိုက် လွင့်ထွက်သွားသည်။
ကောင်းကင်နှင့် မြေပြင်ကြား၌ ရှေးကျလှသော မန္တန်ရွတ်ဆိုသံများ ပဲ့တင်ထပ်သွား၏။ သိပ်မကြာခင်၌ပင် ကောင်းကင်နှင့် မြေပြင်အတွင်း၌ ပြည့်နှက်နေသော ကြယ်နတ်ဘုရားစွမ်းအားများက တဖြည်းဖြည်းချင်းဆိုသလို စတင် ပျောက်ကွယ်လာကြသည်။
ရီထျန်းမင်က အသစ်ရောက်ရှိလာသော နတ်ဘုရားဝတ်ရုံနှင့် သက်လတ်ပိုင်းလူကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ ဤလူ၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလှခြင်းပင်။
ကျူယိက ရပ်တန့်သွားပြီးနောက် သူက နတ်ဘုရားဝတ်ရုံနှင့် သက်လတ်ပိုင်းလူကို တစ်ချက်ကြည့်ကာ ပြုံးလျက် "ကောင်းကင်ဘုံသခင် နတ်ဘုရားနန်းတော်က လေးစားရတဲ့ နတ်ဆရာက လူတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ်ပေါ့... ကောလာဟလတွေအရ သူက ခင်ဗျားရဲ့ သားဆိုတာ မှန်နေတဲ့ပုံပဲ။ ဟားဟား"
ထိုသက်လတ်ပိုင်းလူက ကျူယိကို စိုက်ကြည့်လိုက်၏။ "နတ်ဘုရားပြစ်မှားသူတွေက သေသင့်တယ်"
ကျူယိက လက်နှစ်ဖက်ကို ဖြန့်ကာ ရယ်မောလိုက်သည်။ "လာသတ်လှည့်လေ"
သက်လတ်ပိုင်းလူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လှုပ်ရှားရန် ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်၌ သူက တစ်စုံတစ်ရာကို အာရုံခံမိဟန်ဖြင့် သူ၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားသည်။ ရုတ်တရက် သူက ကျူယိကို ကြည့်လိုက်ကာ "မင်းတို့အားလုံးက ငါ့ရဲ့ ကောင်းကင်ဘုံသခင် နတ်ဘုရားနန်းတော်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြတာပဲ... မဟုတ်သေးဘူး၊ မင်းတို့က သူ့ကို ကယ်ချင်နေကြတာ"
ကျူယိက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ခင်ဗျားက အဲဒီလောက်အထိတော့ မတုံးအသေးပါဘူး"
သက်လတ်ပိုင်းလူက ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သော်လည်း ထိုအခိုက်အတန့်၌ ကျူယိက လက်ဝှေ့ယမ်းလိုက်ရာ အဆုံးမရှိသော ကြယ်နတ်ဘုရားစွမ်းအားများက ကောင်းကင်နှင့် မြေပြင်ထဲမှနေ၍ ထွက်ပေါ်လာကာ ထိုနေရာလွတ်ကို လုံးဝ ပိတ်လှောင်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာ"
သက်လတ်ပိုင်းလူက ဒေါသတကြီး အော်ဟစ်လိုက်၏။ ရုတ်တရက် သူ၏ လက်ထဲ၌ တောင်ဝှေးတစ်ချောင်း ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ညွှန်ပြလိုက်သည်တွင် ကောင်းကင်ယံအထက်မှနေ၍ နတ်ဘုရားအလင်းတန်းတစ်ခုက ရုတ်ခြည်းဆိုသလို တည့်မတ်စွာ ကျဆင်းလာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းတန်းက ကြောက်မက်ဖွယ်ကောင်းသော ကြယ်နတ်ဘုရားစွမ်းအား အကာအကွယ်များကို တိုက်ရိုက် ထိုးဖောက်သွားလေသည်။ တစ်ချိန်တည်း၌ပင် ကောင်းကင်ယံရှိ ဟင်းလင်းပြင်အချိန်က ကွဲထွက်သွားကာ သက်လတ်ပိုင်းလူက နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲလျက် ကွဲထွက်နေသော ဟင်းလင်းပြင်အချိန်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားတော့၏။
သူ ထွက်သွားခဲ့ခြင်းပင်။
ကျူယိက ဆက်လက်၍ မတိုက်ခိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ပထမအချက်အနေဖြင့် သူက ဤမျှ အားကောင်းသော ထိပ်သီးသန်မာသူတစ်ဦးကို တားဆီးနိုင်မည်မဟုတ်သလို ဒုတိယအချက်အနေဖြင့် သူ၏ တာဝန်က ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
ကျူယိက နောက်ထပ်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်တွင် သူ၏ ညာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ တောင်ထွတ်တစ်ခုပေါ်၌ အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ့ကို ကြည့်နေပေသည်။
ကျူယိမှာ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ၏ မျက်လုံးများအတွင်း၌ အံ့အားသင့်မှုများလည်း ဖြစ်တည်လာ၏။
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ကျူယိက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူက သူ၏ ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေပြင်အတွင်း၌ ပြည့်နှက်နေသော ကြယ်နတ်ဘုရားစွမ်းအားများက ချက်ချင်းဆိုသလို အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားသည်။
ထို့နောက် သူက မလှမ်းမကမ်းရှိ မကျေမနပ်ဖြစ်နေသော ချန်ဝမ်ကို တစ်ချက်ကြည့်လိုက်ကာ ပြုံးလျက် "ခင်ဗျားက အသုံးမကျတော့ပါဘူး။ ခင်ဗျားတို့ရဲ့ ကျောင်းအုပ်ကြီးကို အမြန်သွားခေါ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ဟားဟား"
ထို့နောက် သူက သူ၏ ဘေးရှိ စုချန်ကို တိုက်ရိုက်ခေါ်ဆောင်လျက် အဝေးရှိ မိုးကုတ်စက်ဝိုင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
သူတို့နှစ်ဦး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျိုးပိုင်ကလည်း သက်ပြင်းချလိုက်၏။
ကောင်းကင်နှင့် မြေပြင်ကလည်း တဖြည်းဖြည်းချင်း တည်ငြိမ်သွားလေသည်။
ထိုအချိန်၌ အခြားတစ်ဖက်တွင်မူ...
ရီထျန်းမင်သည်လည်း သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်၏။ ယခုအခါ၌ သူက ဤလောက၏ ကျင့်ကြံခြင်းနည်းစနစ်များကို အင်မတန် စိတ်ဝင်စားနေပြီဖြစ်သည်။ အထူးသဖြင့် ထိုနတ်ဘုရားသိုင်းပညာများကို စိတ်ဝင်စားခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့အတွင်းရှိ စွမ်းအားက အနည်းငယ် ထူးဆန်းနေကြောင်းကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
"အရမ်း အားကောင်းတာပဲ"
ရုတ်တရက် သူ၏ ဘေးမှ ချင်းယွမ်က ရေရွတ်လိုက်၏။ "အစ်ကိုရီ... သူတို့က အရမ်းကို အားကောင်းတာပဲနော်..."
ရီထျန်းမင်က လှည့်ကာ သူ့ပခုံးကို ပုတ်လျက် ပြုံးလိုက်သည်။ "နောင်ကျရင် ငါတို့လည်း သူတို့လောက် အားကောင်းလာနိုင်ပါတယ်"
ချင်းယွမ်က သွားဖြီးလျက် ပြုံးကာ "ကျွန်တော့်အတွက်တော့ မျှော်လင့်ဖို့ မဝံ့ရဲပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ညီမကတော့ နောင်ကျရင် သေချာပေါက် အဲဒီလောက်အထိ အားကောင်းလာမှာပါ"
ရီထျန်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ "သေချာတာပေါ့"
ထိုစဉ် ရုတ်တရက် ချင်းယွမ်က စာရွက်တစ်ရွက်ကို ထုတ်ယူကာ စတင် ရေးသားလိုက်သည်။
ရီထျန်းမင်က အနည်းငယ် သိချင်စွာဖြင့် "ဘာတွေ ရေးနေတာလဲ"
ချင်းယွမ်က သွားဖြီးလျက် ပြုံးကာ "ကျွန်တော့်ညီမဆီ စာရေးနေတာ"
ရီထျန်းမင်က "မင်း သူ့ဆီ သွားတွေ့လိုက်ရင် ပိုမကောင်းဘူးလား"
ချင်းယွမ်က ခေါင်းခါယမ်းလိုက်၏။ "သူက တံခါးပိတ် ကျင့်ကြံနေတယ်၊ လောလောဆယ် ဘယ်သူနဲ့မှ တွေ့လို့ မရဘူးလို့ အကြီးအကဲက ပြောတယ်..."
ရီထျန်းမင်က "ဒါဆိုလည်း... ညီလေးချင်း၊ ငါလည်း အလုပ်လေးရှိသေးလို့။ နောက်မှ တွေ့မယ်နော်"
ထို့နောက် သူက လှည့်ထွက်သွားသည်။
ရုတ်တရက် ချင်းယွမ်က ထွက်ခွာသွားသော ရီထျန်းမင်ကို ကြည့်ကာ လှမ်းခေါ်လိုက်၏။ "အစ်ကိုရီ"
ရီထျန်းမင်က ချင်းယွမ်ထံသို့ လှည့်ကြည့်လိုက်ရာ ချင်းယွမ်က အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် "ကျွန်တော်လည်း စာအုပ်တွေ အများကြီး ဖတ်ချင်လာပြီ။ အဲဒီအခါကျရင် ကျွန်တော့်ကို သင်ပေးနိုင်မလား"
ရီထျန်းမင်က ပြုံးလျက် "သေချာတာပေါ့၊ အချိန်မရွေးပါပဲ"
ချင်းယွမ်က အလျင်အမြန်ပင်။ "ကျေးဇူးတင်ပါတယ်"
ရီထျန်းမင်က ပြုံးလိုက်၏။ "အားနာမနေပါနဲ့၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲ မဟုတ်ဘူးလား"
ချင်းယွမ်က သွားဖြီးလျက် ပြုံးပြလိုက်၏။
ရီထျန်းမင်က လက်ဝှေ့ယမ်းပြလိုက်သည်။ "ငါ အလုပ် သွားလုပ်လိုက်ဦးမယ်"
ရီထျန်းမင် ထွက်ခွာသွားပြီးနောက် ချင်းယွမ်က သူ၏ စာကို ဆက်လက်ရေးသားလိုက်သည်။ ရေးသားပြီးနောက် သူက လှည့်ကာ ပြေးထွက်သွား၏။ သူက တာဝန်များ သွားယူရဦးမည်ပင်။ လက်ရှိ၌ သူက တစ်နေ့လျှင် နှစ်နာရီသာ အိပ်စက်ရပေသည်။
ရီထျန်းမင်က စာကြည့်တိုက်သို့ ပြန်သွားလိုက်၏။ သူက ကျန်ရှိနေသော ရှေးဟောင်းစာအုပ်များကို အလျင်အမြန် မှတ်စုရေးသားပြီးနောက် ကောလိပ်ရမှတ်များနှင့် လဲလှယ်ရန် စီစဉ်ထား၏။ ကောလိပ်ရမှတ်များ ရှိမှသာ ကျင့်ကြံခြင်းဆိုင်ရာ နတ်ဘုရားစွမ်းရည်အချို့ကို သူ လဲလှယ်နိုင်မည်ပင်။
ထိုစဉ် သူ၏ ဘေးဘက်မှနေ၍ ရုတ်တရက် ခြေသံတစ်သံ ထွက်ပေါ်လာသည်။ သူက လှည့်ကြည့်လိုက်ရာ အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သူ့ထံသို့ လျှောက်လာနေသည်အား မြင်လိုက်ရ၏။
အရင်တစ်ခေါက်က အမျိုးသမီးပင်။
***