ဦးညွတ်တောင်းပန်ခိုင်းသည်လော။
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စားသောက်နေကြသော အပြင်စည်းကျောင်းသားများအားလုံးမှာ အံ့အားသင့်သွားကြပြီးနောက် ထိုနေရာ၌ ရီထျန်းမင်၏ သွေးများ ပန်းထွက်လာကာ သူတို့အပေါ်သို့ စင်လာမည်ကို စိုးရိမ်သဖြင့် သူတို့၏ ပန်းကန်များကို ကိုင်လျက် အားလုံး ထွက်ပြေးသွားကြကုန်သည်။
သို့သော် လူတစ်ယောက်ကမူ ရီထျန်းမင်၏ အနီးသို့ ပြေးလာခဲ့၏။ ချင်းယွမ်ပင်။ သူက ဘေးဘက်မှနေ၍ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
သူက အင်မတန် ကြောက်ရွံ့နေကြောင်း သိသာနေသော်လည်း ရီထျန်းမင်၏ ဘေး၌ ဝင်ရပ်လိုက်ကာ သူ၏ လက်က ခါးပေါ်၌ ချိတ်ဆွဲထားသော တာဝန်လုပ်ဆောင်ရာတွင် အသုံးပြုသည့် ပုဆိန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ညီအစ်ကိုတွေဖြစ်နေခြင်းကြောင့် သစ္စာရှိရမည်ပင်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ကျိုးပိုင်က လှုပ်ရှားမှု မရှိခြင်းပင်။ "အရူး ဟုတ်လား။ မင်းက ဘာကိုဆိုလိုချင်တာလဲ"
ရီထျန်းမင်မှာ သူ၏ စကားကြောင့် ဆွံ့အသွားသည်။
ကျိုးပိုင်က ရီထျန်းမင်ကို စိုက်ကြည့်နေကာ ပေါက်ကွဲတော့မည်ဟု လူတိုင်း ထင်မှတ်ထားချိန်၌ပင် သူက ရုတ်ခြည်းဆိုသလို ရယ်မောလိုက်၏။ "လူငယ်တွေက ခွန်အားတွေနဲ့ ပြည့်နှက်နေတာပဲ၊ အရမ်းကောင်းတယ်... အရမ်းကောင်းတယ်"
သူက အပြုံးနောက်ကွယ်၌ ဓားတစ်လက်ကို ဖုံးကွယ်ထားမှန်း ရီထျန်းမင်က သိထားသဖြင့် သူကလည်း ရယ်မောလိုက်သည်။ "ငါနဲ့ မိန်းကလေးတုန်းချန်က တကယ်ကို သာမန်သူငယ်ချင်းတွေပါ။ အကယ်၍ မင်းအနေနဲ့ သဝန်တိုချင်တယ်ဆိုရင်တောင် ရမ်းသန်းပြီး သဝန်တိုနေမယ့်အစား အဖြစ်မှန်ကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင် လုပ်သင့်တယ်။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ခဲ့ရင်တောင် ယောကျ်ားတစ်ယောက်အနေနဲ့ မင်းက မင်းရဲ့ သိက္ခာကို ထိန်းသိမ်းထားသင့်တယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် မင်းနဲ့ မိန်းကလေးတုန်းချန်က ချစ်သူတွေ မဟုတ်ကြသလို သူငယ်ချင်းတွေတောင် ဖြစ်ပုံမရဘူး..."
ထိုနေရာအရောက်တွင် သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။ "သေချာပေါက် ငါက မင်းကို ဒီအကြောင်းတွေ ပြောပြနေတာက အဓိပ္ပာယ်မရှိဘူးဆိုတာ သိပါတယ်။ ဘာလို့လဲဆိုတော့ မင်းက အပေါ်စီးမှာ နေရတာကို အသားကျနေပြီး မင်းသဘောမကျတဲ့ အရာမှန်သမျှကို သည်းခံမှာ မဟုတ်လို့ပဲ။ အခုချိန်မှာ မင်းက ငါ့ကို ဘယ်လိုသတ်ရမလဲဆိုတာ တွေးနေလောက်ပြီမဟုတ်လား"
ကျိုးပိုင်က ရီထျန်းမင်ကို စိုက်ကြည့်နေသော်လည်း ဘာမှမပြောချေ။
ရီထျန်းမင်က သူ့ကို ဆက်လက်၍ ဂရုမစိုက်တော့ဘဲ သူ၏ မျက်နှာချင်းဆိုင်ရှိ တုန်းချန်ကို ကြည့်လိုက်၏။ ထိုအခိုက်အတန့်၌ တုန်းချန်ကလည်း သူ့ကို ကြည့်နေလေသည်။
ရီထျန်းမင်၏ လုပ်ရပ်များက သူမ၏ အတွေးများကို ပို၍ ခိုင်မာသွားစေကြောင်း သံသယဝင်စရာပင် မလိုချေ။
သူ၏ ပါရမီက အနိမ့်ဆုံး မဟုတ်ဘဲ ပါရမီစစ်ဆေးသည့် ကျောက်တိုင်က ယင်းကို မသိရှိနိုင်ခဲ့ခြင်းသာ ဖြစ်လောက်၏။
အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ယောက်က နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ဦးကို ရင်ဆိုင်ရချိန်၌ ဤမျှအထိ မာနမကြီးရဲသလို နှိမ့်ချမှုလည်း ကင်းမဲ့မနေနိုင်သောကြောင့်ပင်။
သူ့ထံတွင် အားကိုးစရာ တစ်ခုခု ရှိနေသောကြောင့်သာ ဤသို့ ဖြစ်လောက်၏။
ထိုအခိုက်အတန့်၌ အဆိုးရွားဆုံး အမူအရာဖြင့် ရှိနေသူမှာ သေချာပေါက် ကျိုးပိုင်ပင်။
အပြင်စည်းကျောင်းသားတစ်ယောက်က သူ့ကို ဤကဲ့သို့ ပြန်ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ဤကဲ့သို့လည်း ယခင်က တစ်ခါမှ မဖြစ်ဖူးခဲ့သောကြောင့်ပင်။
ပတ်ဝန်းကျင်၌ ထွက်မပြေးဘဲ ကျန်ရစ်နေသေးသော အပြင်စည်းကျောင်းသားအချို့မှာ ရီထျန်းမင်က ကျိုးပိုင်ကို ဤကဲ့သို့ မျက်နှာမထောက်ဘဲ ပြောဆိုရဲသည်ကို မြင်လိုက်ရသည်တွင် အားလုံး အံ့အားသင့်နေကြ၏။ အပြင်စည်းကျောင်းသားများစွာက ရီထျန်းမင်ကို လူသေတစ်ယောက်အား ကြည့်သည့်အလား ကြည့်နေကြကုန်သည်။
ဤကျိုးပိုင်က နတ်ဘုရားကျောင်းတော်မှ ကျောင်းသားတစ်ဦးမျှသာ မဟုတ်ချေ။
နောက်တစ်ကြိမ် လူတိုင်းကို အံ့အားသင့်စေပြန်သည်မှာ ကျိုးပိုင်က ဒေါသမထွက်ဘဲ ရီထျန်းမင်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် တုန်းချန်ထံသို့ လှည့်ကြည့်လိုက်ကာ ပြုံးလျက် ပြောလိုက်ခြင်းကြောင့်ပင်။ "တုန်းချန်... ငါတို့ရဲ့ တာဝန်ကို မမေ့နဲ့နော်။ မနက်ဖြန်မနက်ကျရင် နင့်ကို ငါစောင့်နေမယ်"
ထို့နောက် သူက လှည့်ထွက်သွားလေသည်။
ကျိုးပိုင် ထွက်သွားပြီးနောက် တုန်းချန်က ရီထျန်းမင်ကို ကြည့်လိုက်၏။ "ငါတို့ သွားကြတော့မလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ထို့နောက် သူက သူ၏ ဘေးရှိ ချင်းယွမ်ကို လှည့်ကြည့်လိုက်ကာ ပြုံးလျက် "ကျေးဇူးပဲ"
ချင်းယွမ်က အလျင်အမြန်ပင်။ "ရပါတယ်... ကျွန်တော် ဘာမှတောင် မကူညီလိုက်ရပါဘူး"
ရီထျန်းမင်က ပြုံးလျက် "မင်း ဒီမှာ ရပ်နေပေးတာကပဲ အကြီးမားဆုံး အကူအညီ ဖြစ်နေပါပြီ"
ချင်းယွမ်က ရိုးသားစွာ ပြုံးလိုက်သော်လည်း ဘာပြောရမည်ကို မသိချေ။
ရီထျန်းမင်က သူ၏ ပခုံးကို ပုတ်လိုက်ပြီးနောက် စာလိပ်တစ်ခုကို ထုတ်ယူကာ သူ၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်၏။ "ဒါက ငါ တာဝန်တစ်ခုကနေ ရလာတာ၊ တန်ဖိုးကြီးတဲ့အရာတော့ မဟုတ်ပါဘူး။ အားနေတဲ့အချိန်ကျရင် ဒီအပေါ်က နည်းလမ်းတွေအတိုင်း မင်းကျင့်ကြံလို့ ရတယ်"
ထိုစာလိပ်မှာ လူရန်မှ သူ့ကို ပေးခဲ့သည့်အရာပင်။
ပြောပြီးနောက် ရီထျန်းမင်က အပြင်ဘက်သို့ လျှောက်သွားလိုက်၏။
သူတို့နှစ်ဦး အပြင်ဘက်သို့ ရောက်လာချိန်၌ ညနက်နေပြီ ဖြစ်၏။ သူတို့က လမ်းကျဉ်းလေးတစ်ခုပေါ်၌ လမ်းလျှောက်နေကြကာ မော့ကြည့်လိုက်ချိန်၌ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီးကို မြင်တွေ့လိုက်ရသည်။
တုန်းချန်က "ရှင်က တမင်သက်သက် လုပ်ခဲ့တာပဲ"
ရီထျန်းမင်က ခေါင်းညိတ်လိုက်သည်။
တုန်းချန်က "ဘာလို့လဲ"
ရီထျန်းမင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "ငါ့ဆီမှာ အားကိုးစရာတစ်ခုခု ရှိနေတယ်လို့ သူထင်သွားအောင် ငါလုပ်မှ ရမယ်လေ။ ဒါမှ ငါက ရိုးရှင်းတဲ့လူ မဟုတ်ဘူးလို့ သူခံစားရမှာ။ ငါက ပိုပြီး မောက်မာလေလေ၊ ပိုပြီး ရမ်းကားလေလေ၊ သူက ပိုပြီး သတိထားလေလေပဲ။ ပြောင်းပြန်အနေနဲ့ ငါက ပိုပြီး ကြောက်ရွံ့လေလေ၊ သနားညှာတာဖို့ ပိုပြီး တောင်းဆိုလေလေ၊ ငါသေဖို့ ပိုမြန်လေလေပဲ"
တုန်းချန်က "သူ ရှင့်ကို အလွတ်ပေးမယ်လို့ ရှင်ထင်လား"
ရီထျန်းမင်က တုန်းချန်ကို လှည့်ကြည့်လိုက်၏။ "ငါက သူ့ကို အသက်ရှင်ဖို့ အခွင့်အရေး ပေးပြီးပြီ။ အဲဒါကို သူ ဆုပ်ကိုင်နိုင်မလား၊ မဆုပ်ကိုင်နိုင်ဘူးလားဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်"
တုန်းချန်က ရပ်တန့်လိုက်ပြီးနောက် ရီထျန်းမင်ကို လှည့်ကြည့်လိုက်ကာ အချိန်အတော်ကြာပြီးသည်တွင် "ရှင့်ကို ကျွန်မယုံတယ်"
ရီထျန်းမင်က ပြုံးလိုက်၏။
တုန်းချန်က "မနက်ဖြန် ကျွန်မတို့ ရှေးဟောင်းအပျက်အစီးတစ်ခုဆီ သွားကြမှာ။ ရှင်လည်း လိုက်ခဲ့လို့ ရတယ်"
ရီထျန်းမင်မှာ အနည်းငယ် သိချင်စိတ် ဖြစ်သွားသည်။ "ရှေးဟောင်းအပျက်အစီး ဟုတ်လား"
တုန်းချန်က ခေါင်းညိတ်လိုက်၏။ "အရင်တုန်းက နတ်ဘုရားတွေရဲ့ စစ်ပွဲကြီးအတွင်းမှာ အစစ်အမှန်နတ်ဘုရားများစွာ ပျောက်ဆုံးသွားခဲ့ကြတယ်"
ရီထျန်းမင်၏ အမူအရာက ပြောင်းလဲသွားသည်။ တုန်းချန်၏ ဆိုလိုရင်းကို သူက သေချာပေါက် နားလည်ပေသည်။ ယခု ရှာဖွေတွေ့ရှိထားသော ရှေးဟောင်းအပျက်အစီးက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ရှေးဟောင်းအပျက်အစီး ဖြစ်နိုင်ခြေ အလွန်များပြားလှ၏။
အစစ်အမှန်နတ်ဘုရားတစ်ပါး ချန်ထားရစ်ခဲ့သော ရှေးဟောင်းအပျက်အစီးတစ်ခုက လုံးဝကို အဖိုးမဖြတ်နိုင်ချေ။
ရီထျန်းမင်က "ငါ လိုက်လို့ရလား"
တုန်းချန်က ခေါင်းညိတ်လိုက်၏။ "ရတယ်"
ရီထျန်းမင်က "ကျေးဇူးပါ"
တုန်းချန်က သူ့ကို ကြည့်လိုက်သည်။ "မနက်ဖြန် ကောလိပ်တံခါးပေါက်ဝမှာ ရှင့်ကို ကျွန်မ လာကြိုမယ်"
ထို့နောက် သူမက လှည့်ထွက်ကာ ပျောက်ကွယ်သွားလေသည်။
တုန်းချန် ထွက်ခွာသွားပြီးနောက် ရီထျန်းမင်သည်လည်း လှည့်ထွက်သွားလိုက်၏။
ကြယ်တာရာကောင်းကင်အတွင်းရှိ တစ်နေရာ၌ အမျိုးသားတစ်ဦးက သူ့ကို ငုံ့ကြည့်နေသည်။
ကျိုးပိုင်ပင်။
ကျိုးပိုင်၏ ဘေး၌ လူငယ်တစ်ဦးလည်း ရှိနေသည်။ ထိုလူငယ်က ရီထျန်းမင်ကို စိုက်ကြည့်လျက် "အစ်ကိုပိုင်... အစ်ကို့ကို စော်ကားခဲ့တဲ့သူက သူလား။ ကျွန်တော် သွားသတ်လိုက်မယ်"
ထို့နောက် သူက အောက်သို့ ခုန်ဆင်းရန် ပြင်လိုက်သော်လည်း ကျိုးပိုင်က တားဆီးလိုက်၏။
ထိုလူငယ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ကျိုးပိုင်က တည်ငြိမ်စွာဖြင့် "ဒီလူက ငါ့ကို ဒီလိုမျိုး မျက်နှာမထောက်ဘဲ ပြောရဲတယ်ဆိုမှတော့ သူက သာမန်လူ မဖြစ်နိုင်ဘူး"
ထိုလူငယ်က ဒေါသတကြီးဖြင့် "သူက သာမန်လူ မဟုတ်တော့ရော ဘာဖြစ်လဲ။ အကယ်၍ သူသာ အစ်ကိုကြီးကို စော်ကားရဲတယ်ဆိုရင် သူ သေကိုသေရလိမ့်မယ်"
ကျိုးပိုင်က မျက်မှောင်ကြုတ်လိုက်၏။ "တျောင်းဟောက်... မင်း နောင်ကျရင် အဲဒီလောက်ထိ မတုံးအလို့ မရဘူးလား။ မင်းရဲ့ ဦးနှောက်ကိုလည်း သုံးဖို့ လိုအပ်တယ်၊ ဦးနှောက်ကို... နားလည်လား"
တျောင်းဟောက်အမည်ရှိ လူငယ်က ရယ်မောလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီးဆီမှာ ဦးနှောက်ရှိရင် လုံလောက်ပါပြီ၊ ကျွန်တော့်မှာ ဦးနှောက်ရှိဖို့ မလိုပါဘူး"
ကျိုးပိုင်က ခေါင်းခါယမ်းလိုက်၏။ "ဒီလူက သေချာပေါက် ရိုးရှင်းတဲ့လူ မဟုတ်ဘူး"
တျောင်းဟောက်က သိချင်စိတ်ဖြင့် "သူက ဘာလို့ ရိုးရှင်းတဲ့လူ မဟုတ်တာလဲ"
ကျိုးပိုင်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက်တွင် "သူက ရိုးရှင်းတဲ့လူ မဟုတ်ဘူးလို့ ခံစားရလို့..."
တျောင်းဟောက် "..."
ကျိုးပိုင်က လေးနက်သောအသံဖြင့် "လောလောဆယ် စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး၊ နားလည်လား"
တျောင်းဟောက်က ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ... ကောင်းပါပြီ၊ အစ်ကိုကြီး ပြောတဲ့အတိုင်းပါပဲ"
ကျိုးပိုင်က အောက်ဘက်ရှိ ရီထျန်းမင်ကို ငုံ့ကြည့်လိုက်သည်။ "ငါက ဦးနှောက်သုံးပြီး သူ့ကို သတ်မှာ"
...
ရီထျန်းမင်က ကျင့်ကြံခြင်းအခန်းတစ်ခန်းဆီသို့ ရောက်ရှိလာ၏။ ယခုအခါ၌ သူ့ထံတွင် ကောလိပ်ရမှတ်များ ရှိနေပြီဖြစ်လေရာ ကျင့်ကြံခြင်းအခန်းတစ်ခန်းကို သူ ငှားရမ်းနိုင်ပြီ ဖြစ်သည်။
ကောလိပ်ရမှတ်နှစ်ရာ ပေးချေပြီးနောက် သူက ကျင့်ကြံခြင်းအခန်းတစ်ခန်းဆီသို့ ရောက်ရှိလာခဲ့၏။ ဤနေရာက သိပ်မကြီးမားလှချေ။ အခြားရွေးချယ်စရာ မရှိသဖြင့် သူက အသေးဆုံးအခန်းကို ရွေးချယ်ခဲ့ရခြင်း ဖြစ်သော်လည်း ဤနေရာရှိ အမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များက အင်မတန် ကြွယ်ဝနေကြောင်း သူ တွေ့ရှိလိုက်ရသည်။
ကျင့်ကြံရန်အတွက် သင့်တော်လှ၏။
ရီထျန်းမင်က အချိန်မဖြုန်းတော့ချေ။ သူက တင်ပျဉ်ခွေလျက် ထိုင်လိုက်ကာ လူရန်မှ သူ့ကိုပေးခဲ့သော ကျင့်ကြံခြင်းနည်းစနစ်ကို စတင်လည်ပတ်လိုက်သည်။
သိပ်မကြာခင်၌ပင် သူ၏ ကိုယ်ခန္ဓာက လေဝဲကတော့တစ်ခုအလား ဖြစ်သွားကာ ပတ်ဝန်းကျင်ရှိ အမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များက သူ့ထံသို့ လျင်မြန်စွာ ဝင်ရောက်လာကြ၏။
လူရန်၏ ကျင့်ကြံခြင်းနည်းစနစ်က အဆင့်နိမ့်ကျင့်စဉ် မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။
သို့သော် အားနည်းချက်များလည်း ရှိနေ၏။ ယင်းမှာ ဤလောကရှိ ကျင့်ကြံခြင်းနည်းစနစ်များကို သူက အမြဲတမ်း အသုံးပြု၍ မရနိုင်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူက နတ်ဘုရားများကို မယုံကြည်သလို မည်သည့်ကျင့်ကြံခြင်းနည်းစနစ်မဆို အဆုံး၌ ပိုမိုများပြားသော အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များကို ရရှိရန်အတွက် နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ရန် လိုအပ်သောကြောင့်ပင်။
အရိုးရှင်းဆုံးဆိုရသော် နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ခြင်းက မိမိ၏ ကျင့်ကြံခြင်းကန့်သတ်ချက်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ရုတ်တရက် ရီထျန်းမင်က သူ၏ ကောင်းကင်ကံကြမ္မာကျင့်စဉ်ကို သတိရသွား၏။ ယင်းက စွမ်းအင်အားလုံးကို ဝါးမျိုနိုင်စွမ်းရှိသော သူကိုယ်တိုင် ဖန်တီးထားခဲ့သည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုပင်။
သူက ယင်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
သူက သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို စတင်လည်ပတ်လိုက်ရာ သိပ်မကြာခင်၌ပင် ခါးသီးစွာ ပြုံးလိုက်လေသည်။
အလုပ်မဖြစ်ချေ။
သူ၏ ကျင့်ကြံခြင်းနည်းစနစ်က ဤနေရာရှိ အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များကို စုပ်ယူ၍ မရနိုင်ချေ။
သို့သော် သိပ်မကြာခင်၌ပင် ရီထျန်းမင်က တည်ငြိမ်သွား၏။ သူ၏ ကောင်းကင်ကံကြမ္မာကျင့်စဉ်အား ဤနေရာရှိ ကျင့်ကြံခြင်းနည်းစနစ်နှင့် ပေါင်းစပ်နိုင်မည်လော။
သူ စမ်းကြည့်ရမည်ပင်။
သေချာပေါက် ယခုချိန်၌ သူက မစမ်းသပ်ကြည့်သေးချေ။ အချိန်မဖြုန်းနိုင်သောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ သူက ဤနေရာ၌ နှစ်နာရီသာ နေထိုင်နိုင်ခြင်း မဟုတ်ပါလော။
သူ၏ စုပ်ယူမှုအောက်၌ ပတ်ဝန်းကျင်ရှိ အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များက သူ၏ ကိုယ်ခန္ဓာအတွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လာကြ၏။
ထိုအမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ၏ ကိုယ်ခန္ဓာက ယင်းတို့ကို လျင်မြန်စွာ စတင်ဝါးမျိုလိုက်ကာ သူဝါးမျိုနေစဉ်၌ သူ၏ အရှိန်အဝါကလည်း တဖြည်းဖြည်းချင်းဆိုသလို စတင် ပြောင်းလဲလာသည်။
ထိုအခိုက်အတန့်၌ ရီထျန်းမင်သည်လည်း အမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များကို သေချာဂရုတစိုက် ခံစားကြည့်နေ၏။ ထိုအမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များအတွင်း၌ ပါဝင်သော စွမ်းအင်က အောက်ဘက်ကမ္ဘာ၌ ကျင့်ကြံရသော စိတ်ဝိညာဉ်ချီစွမ်းအင်ထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိသာနေပေသည်။
ထို့ပြင် ထိုအမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်က ယုံကြည်ခြင်းစွမ်းအားနှင့် အနည်းငယ် ဆင်တူနေ၏။
ထိုကာလအတွင်း၌ ဤလောကရှိ ကျင့်ကြံခြင်းစနစ်ကို သူက နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ ဤလောကရှိ နတ်ဘုရားကျောင်းတော်အသီးသီးက အိမ်တော်အမျိုးမျိုးကို ထိန်းချုပ်ထားကြကာ အိမ်တော်များအတွင်းရှိ စကြာဝဠာကမ္ဘာများမှ သက်ရှိများက သူတို့ မွေးမြူထားသော သက်ရှိများနှင့် ညီမျှပေသည်။ ထိုသက်ရှိများက သူတို့ကို အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များ စဉ်ဆက်မပြတ် ထောက်ပံ့ပေးကြ၏။ ထိုအမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင် အများစုကို အစစ်အမှန်နတ်ဘုရားများက ရရှိကြပြီး ကျန်ရှိနေသော အနည်းငယ်ကိုမူ နတ်ဘုရားကျောင်းတော် အသီးသီးနှင့် နတ်ဘုရားအသီးသီးထံ၌ မှီခိုနေကြသော မိသားစုများက ရရှိကြသည်။
ကျန်ရှိနေသော အင်မတန် နည်းပါးလှသည့် အမွှေးတိုင် စိတ်ဝိညာဉ်ချီစွမ်းအင်များကိုမူ အောက်ခြေရှိ လူများက ရရှိကြသော်လည်း ယင်းကို ရယူလိုပါက ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရှိရမည်ဖြစ်ကာ နတ်ဘုရားတစ်ပါးပါးကိုလည်း ယုံကြည်ကိုးကွယ်ရမည် ဖြစ်သည်။
ထို့အပြင် အကယ်၍ သင်က နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်ပါလျှင် ထိုနတ်ဘုရားကလည်း အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များကို ရရှိမည် ဖြစ်၏။ သေချာပေါက် ကွာခြားချက်များလည်း ရှိပေသည်။
အထွတ်အမြတ် နတ်ဘုရားကျောင်းတော်ငါးခုထဲတွင် ရှေးဟောင်းနတ်ဘုရားကျောင်းတော်က အားအကောင်းဆုံး ဖြစ်သည်။ လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် သူတို့၏ စွမ်းအားက အားအကောင်းဆုံးဖြစ်ကာ သူတို့၏ ခံစားခွင့်များကလည်း ပို၍ ကောင်းမွန်ပေသည်။ အထူးခြားဆုံးအချက်မှာ သူတို့၌ ယုံကြည်ကိုးကွယ်ခွင့်အတွက် လွတ်လပ်ခွင့်ရှိကာ သင်ယုံကြည်ချင်သူ မည်သူ့ကိုမဆို ယုံကြည်နိုင်ပေသည်။
သို့သော် ထူးဆန်းသည်မှာ ထိုကဲ့သို့သော နတ်ဘုရားများ များပြားလေလေ၊ ထိုနေရာရှိ သက်ရှိများက သူတို့ကို ပို၍ ယုံကြည်ကြလေလေပင်။
အခြားနတ်ဘုရားကျောင်းတော်များ၌မူ ထိုကဲ့သို့သော လွတ်လပ်ခွင့်မျိုး မရှိချေ။ နတ်ဘုရားတစ်ပါးကို သင်ယုံကြည်ကိုးကွယ်လိုက်သည်နှင့်တစ်ပြိုင်နက် သင့်အနေဖြင့် သင်၏ ယုံကြည်မှုကို ပြောင်းလဲချင်ပါက သင်ပါဝင်နေသော နတ်ဘုရားကျောင်းတော်၏ လိုက်လံသတ်ဖြတ်မှုကို ခံရမည် ဖြစ်သည်။
သို့သော် ရှေးဟောင်းနတ်ဘုရားကျောင်းတော်ကမူ အင်မတန် အလှမ်းဝေးကွာလွန်းလှကာ အခြားနတ်ဘုရားကျောင်းတော်များမှ သက်ရှိများအတွက် ထိုနေရာသို့ ရောက်ရှိရန်က အင်မတန် ခက်ခဲလှ၏။ သေချာပေါက် သူတို့က စွမ်းအားကြီးမားနေလျှင်မူ အဖြေက တစ်မျိုးဖြစ်မည်ပင်။
တကယ်တမ်း၌ အစစ်အမှန်နတ်ဘုရားအသီးသီးအကြောင်းကို သူလေ့လာချင်ခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ စာကြည့်တိုက်အတွင်း၌ ထိုကဲ့သို့သော ရှေးဟောင်းစာအုပ်များ မရှိချေ။ အစစ်အမှန်နတ်ဘုရားအသီးသီးအကြောင်းကို လေ့လာရန်အတွက် အနည်းဆုံး အတွင်းစည်းကျောင်းသားတစ်ယောက် ဖြစ်လာရန် လိုအပ်ပေသည်။
ဤလောက၌ ကိုးကွယ်ကြသော အစစ်အမှန်နတ်ဘုရားကို ရှန်တောက်နတ်ဘုရားဟု ခေါ်ဆိုကြသော်လည်း လူတိုင်းက သူ့ကို ရှန်တောက်နတ်ဘုရားဟု ခေါ်ကြောင်းကိုသာ သိရှိကြ၏။ ယင်းမှလွဲ၍ အောက်ခြေရှိ သာမန်လူများက ဘာမှ မသိကြချေ။
ထို့အပြင် နတ်ဘုရားများခေတ်အကြောင်းလည်း ရှိသေးပေသည်။ အထူးသဖြင့် အရင်တုန်းက နတ်ဘုရားများ၏ ပြည်တွင်းစစ်အကြောင်းကို သူက တကယ် လေ့လာချင်ခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ ယခုအခါ၌ ယင်းကို သူ မဖတ်ရှုနိုင်ခြင်းပင်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်နာရီ ကုန်လွန်သွားခဲ့၏။ ထို့နောက် ရီထျန်းမင်က ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လာခဲ့သည်။
အပြင်ရောက်သည်တွင် သူက သူ၏ ကိုယ်ခန္ဓာကို တစ်ချက်ကြည့်လိုက်၏။ အမွှေးတိုင်စိတ်ဝိညာဉ်ချီစွမ်းအင်များကို နှစ်နာရီကြာအောင် ဝါးမျိုပြီးနောက် တကယ်ကို ကွာခြားသွားခဲ့၏။ အကယ်၍ အချိန်အနည်းငယ်သာ ထပ်ပေးမည်ဆိုလျှင် မြေကမ္ဘာဆုတောင်းအဆင့်သို့ သူ ရောက်ရှိနိုင်မည်ဟု ခံစားနေရသည်။
သူက အနားယူရန် အခန်းတစ်ခန်း ငှားရမ်းဖို့ ပြင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူ၏ မျက်ခုံးများက ရုတ်တရက် တွန့်ကွေးသွား၏။ သူက တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ သူ၏ ညာဘက် မလှမ်းမကမ်း၌ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။
နောက်တစ်ခဏ၌ ထိုအနက်ရောင်ဝတ်ရုံနှင့် လူက သူ့ထံသို့ ရုတ်ခြည်း ပြေးဝင်လာသည်။
သတ်ဖြတ်လိုစိတ်များလည်း စုစည်းလာ၏။
ရီထျန်းမင်က သူ့ထံသို့ ပြေးဝင်လာသော အနက်ရောင်ဝတ်ရုံနှင့် လူကို အင်မတန် တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်၏။
အနက်ရောင်ဝတ်ရုံနှင့် လူက သူ၏ ရှေ့သို့ ရောက်တော့မည့်ဆဲဆဲ၌ ရုတ်တရက် အဝေးမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။ "ရိုင်းစိုင်းလှချေလား။ ကောလိပ်ထဲမှာ ဘယ်သူက တိတ်တဆိတ် လှုပ်ရှားရဲတာလဲ..."
ထိုအသံ ထွက်ပေါ်လာခြင်းနှင့်အတူ ကောလိပ်အစောင့်တစ်ဦးက ပြေးဝင်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် အနက်ရောင်ဝတ်ရုံနှင့် လူက ရုတ်ခြည်းဆိုသလို လှည့်ထွက်ကာ ခုန်တက်သွားပြီးနောက် ကြယ်တာရာကောင်းကင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ထိုအခိုက်အတန့်၌ အစောင့်တစ်ဦး ရောက်ရှိလာ၏။ သူက ရီထျန်းမင်ကို ကြည့်လိုက်ကာ "မင်း အဆင်ပြေရဲ့လား"
ရီထျန်းမင်က ပြုံးလျက် "ကျွန်တော် အဆင်ပြေပါတယ်"
အစောင့်က "သတိထားဦး"
ထို့နောက် သူက ထိုလူ၏ နောက်သို့ လိုက်ပါသွားလေသည်။
ရီထျန်းမင်က ကြယ်တာရာကောင်းကင်အတွင်းသို့ တစ်ချက်ကြည့်လိုက်ကာ ပြုံးလျက် "ကလေးတွေ ဆော့နေသလိုပဲ၊ အရမ်းကို ပေါ့ပျက်ပျက်နိုင်လွန်းတယ်"
နောက်တစ်နေ့တွင်...
ရီထျန်းမင်က ကောလိပ်တံခါးပေါက်ဝသို့ ရောက်ရှိလာ၏။ သိပ်မကြာခင်၌ပင် ကောင်းကင်ယံမှနေ၍ လူတစ်စုက ဆင်းသက်လာကာ သူ၏ ရှေ့၌ ရပ်တန့်သွားကြသည်။
ခေါင်းဆောင်မှာ တုန်းချန်ဖြစ်ကာ ကျိုးပိုင်လည်း ပါလာ၏။
စုစုပေါင်း ခြောက်ယောက် ရှိသည်။
ရုတ်တရက် တုန်းချန်၏ ဘေးမှ အမျိုးသမီးတစ်ဦးက ပြုံးလျက် "ဂိုဏ်းတူအစ်မ... သူက ငါတို့နဲ့ တကယ်လိုက်မှာ သေချာလား"
တုန်းချန်က ခေါင်းညိတ်လိုက်၏။
ထိုအမျိုးသမီးက ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောချေ။
တုန်းချန်က ရီထျန်းမင်ကို ကြည့်လိုက်သည်။ "သွားရအောင်"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ"
လမ်းတွင်...
ရုတ်တရက် တုန်းချန်က ရီထျန်းမင်ကို လှည့်ကြည့်လိုက်သည်။ "ကျွန်မရဲ့ အဆင့်အတန်းကို အစောကြီးကတည်းက ရှင် သိနေခဲ့တာပဲ"
တုန်းချန်က သူ့ကို ကြည့်လိုက်၏။ "ရှင်က ဘယ်လိုသိတာလဲ"
ရီထျန်းမင်က "ငါ ခန့်မှန်းလိုက်တာပါ"
တုန်းချန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "အရမ်းထက်မြက်လွန်းနေတာကလည်း တစ်ခါတလေကျရင် မကောင်းဘူးနော်"
ရီထျန်းမင်က ပြုံးလျက် "မတတ်နိုင်ဘူးလေ၊ မျိုးရိုးလိုက်တာကိုး"
ကြယ်တာရာကောင်းကင်၏ ဝေးကွာလှသော တစ်နေရာ၌ ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက တဖက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းထက်၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုလည်း တည်ရှိနေလေသည်။
***