ချင်းကျိုးမှာ ပထမဆုံး နှင်းကျပြီး ခုနစ်ရက်အကြာမှာ နောက်ထပ် နှင်းသည်းကြီး ထပ်ကျလာပြန်တယ်။ ဒါပေမဲ့ ပထမနှင်းတုန်းက ငြိမ်သက်အေးချမ်းနေခဲ့တာနဲ့ မတူဘဲ အခုတော့ ချင်းကျိုးမြို့ကြီးက လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။
ချင် မိသားစုက ချင်းကျိုးမှာရှိသမျှ ဆန်အရက်တွေ အကုန်ဝယ်ပြီး ချီမင်းသား အိမ်တော်ဆီ ပို့လိုက်တာက တော်တော်လေး ဂယက်ရိုက်သွားစေတယ်။ အရက်ဝယ်မရတော့တဲ့ လူတွေကတော့ ချင် မိသားစုကိုရော၊ ချီမင်းသားကိုပါ ကျိန်ဆဲကြတာပေါ့။ ဒါပေမဲ့ အကင်းပါးတဲ့ သူတချို့ကတော့ တစ်ခုခု ထူးခြားနေပြီဆိုတာ ရိပ်မိပြီး သတင်းအချက်အလက် စုံစမ်းဖို့အတွက် တစ်ညလုံး မအိပ်ဘဲ နေခဲ့ကြတယ်။
"ဘယ်သူ့ကိုမှ အဝင်မခံဖို့နဲ့ အပြင်လူ လုံးဝ ပေးမဝင်ဖို့ မင်းသားလေး အမိန့်ပေးထားတယ်"
ချီမင်းသား အိမ်တော် အပေါက်ဝမှာ ဝမ်ရှစ်ကျဲ့ ကို ကျီယွမ်က တားထားပေမဲ့ သူက လက်မလျှော့ဘဲ အထဲကိုပဲ ဇွတ်လှမ်းကြည့်နေတယ်။
ကျီယွမ်က သူမရဲ့ သေးသွယ်တဲ့ ခါးလေးကို လက်ထောက်ပြီး တင်းမာတဲ့ မျက်နှာထားနဲ့ "ဟဲ့... ဟဲ့ ဘာလို့ အထဲကို လှမ်းကြည့်နေတုန်းပဲလဲ။ နင့်ကို နှင်းတောထဲ ပစ်ချဖို့ ကျောက်လုံနဲ့ ကျောက်ဟုကို ခေါ်လိုက်ရမလား" လို့ ဆူပူလိုက်တယ်။
ပုံမှန်အခြေအနေမျိုးမှာသာဆိုရင် ဝမ်ရှစ်ကျဲ့က ရယ်ကြဲကြဲနဲ့ တောင်းပန်ပြီး ကျီယွမ်ရဲ့ အလှကို အေးအေးဆေးဆေး ငေးကြည့်ပြီးမှ ပြန်သွားမှာ။ ဒါပေမဲ့ ဒီနေ့တော့ မတူဘူးလေ။
ချီမင်းသားက ချင် မိသားစုဆီ ကိုယ်တိုင် သွားလည်တယ်။ နောက်ရက်ကျတော့ ချင် မိသားစုက ချင်းကျိုးမှာရှိတဲ့ ဆန်အရက်တွေ အကုန်လုံးကို လိုက်ဝယ်တယ်။ ပြီးတော့ ချီမင်းသားက ချင် မိသားစု ကနေတစ်ဆင့် ရောင်းဖို့အတွက် အရက်ကောင်း တစ်မျိုး ချက်နေတယ်ဆိုတဲ့ ကောလာဟလတွေပါ ထွက်လာတယ်။
ဒီသတင်းက ဝမ် မိသားစုကို ဂနာမငြိမ် ဖြစ်သွားစေတယ်။ ချီမင်းသား ချင်းကျိုးကို ရောက်လာကတည်းက ဝမ် မိသားစုက သူ့ရဲ့ ယုံကြည်မှုကို ရထားပြီး ချင် မိသားစုကို အမြဲတမ်း အသာစီး ရနေခဲ့တာလေ။ ဒါပေမဲ့ မင်းသားရဲ့ မကြာသေးခင်က လုပ်ရပ်တွေက ထူးဆန်းနေပြီး အခုတော့ ချင် မိသားစုကို မျက်နှာသာပေးနေသလို ဖြစ်နေတယ်။
ဝမ် မိသားစုရဲ့ ခေါင်းဆောင် ဝမ်ချန်ချို က ပြဿနာကို အနံ့ရလိုက်တယ်။ ဒါက ဝမ် မိသားစု မျက်နှာသာပေးခံရမှု လျော့ကျသွားနိုင်တဲ့ လက္ခဏာပဲ။ သူ တစ်ညလုံး မအိပ်ဘဲ စဉ်းစားပြီး နောက်နေ့ကျတော့ ဝမ်ရှစ်ကျဲ့ကို ရှောင်မင်နဲ့ ဝေးကွာသွားအောင် နေခဲ့မိလို့ဆိုပြီး ဆူပူကြိမ်းမောင်းတော့တာပဲ။ ပြီးတော့ ရှောင်မင်နဲ့ အဆက်အသွယ် ပြန်လုပ်ဖို့နဲ့ အရက်ကောင်း အကြောင်း စုံစမ်းဖို့ ချီမင်းသား အိမ်တော်ကို ချက်ချင်းသွားဖို့ ဝမ်ရှစ်ကျဲ့ကို အမိန့်ပေးလိုက်တယ်။
အဲဒီအချိန်မှာ ဝမ်ချန်ချို ကိုယ်တိုင်ကတော့ ကောလာဟလတွေက တကယ် ဟုတ်မဟုတ် သိရအောင် အရက်သွားမြည်းဖို့ ချင် မိသားစုဆီ တိုက်ရိုက် ထွက်သွားတယ်။
"ဒီကောင်မလေး... မင်းသားလေးတောင် ငါ့ကို မျက်နှာနာသေးတယ်။ ငါ့ရှေ့မှာ ဒီလောက် မောက်မောက်မာမာ လုပ်ရဲသလား" ဝမ်ရှစ်ကျဲ့က စိုးရိမ်စိတ်နဲ့ စကားကို မဆင်မခြင် ပြောချလိုက်တယ်။
ကျိန့်ကိုယ်လုပ်တော်ကြီး ဆီမှာ ကြီးပြင်းလာတဲ့ ကျီယွမ်က တော်ဝင်အာဏာစက်နဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း ယုံကြည်မှု ရှိတယ်။ ချင်းကျိုးက မိသားစုကြီး လေးစုက ဒီဒေသမှာ သြဇာကြီးရင် ကြီးမယ်၊ ဒါပေမဲ့ ဒီနယ်မြေပြင်ပမှာတော့ ကုန်သည်တွေ သက်သက်ပါပဲ။ ချန်အန်းမှာတော့ တကယ့် မှူးမတ် မျိုးနွယ်စုကြီးတွေက မျိုးဆက်အဆက်ဆက် အာဏာကို ချုပ်ကိုင်ထားကြတာလေ။ ကျီယွမ်က ဝမ် မိသားစုကို ရင်ထဲကနေ အထင်အမြင် သေးတာ။
ဝမ်ရှစ်ကျဲ့ရဲ့ စကားကြောင့် ဒေါသထွက်သွားတဲ့ ကျီယွမ်က မျက်မှောင်ကြုတ်ပြီး "နင် ဘယ်လောက်တောင် ရဲတင်းနေတာလဲ နင် ဘယ်နေရာ ရောက်နေလဲဆိုတာ မသိဘူးလား။ ချီမင်းသား အိမ်တော်ကို ဘယ်သူမဆို လာပြီး သောင်းကျန်းလို့ရတဲ့ နေရာလို့များ ထင်နေလား။ ငါတို့ မင်းသားလေးက သဘောကောင်းတယ်၊ ဒါပေမဲ့ ဒီကလူတိုင်းကို အနိုင်ကျင့်လို့ရတယ်လို့ မဆိုလိုဘူးနော်" လို့ ပြန်အော်လိုက်တယ်။
ဝမ်ရှစ်ကျဲ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ ကျီယွမ်နဲ့ လုလော့တို့က ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ ကိုယ်ရံံတော် အစေခံတွေဖြစ်ပြီး သူကတော့ ရှောင်မင်ရဲ့ သောက်ဖော်သောက်ဖက် သက်သက်ပဲ ဆိုတာကို ရုတ်တရက် သတိရသွားတယ်။ ပြဿနာသာ ကြီးသွားရင် သူ သေချာပေါက် ဒုက္ခရောက်မှာပဲ။
သူ ကမန်းကတန်း တောင်းပန်လိုက်တယ်။ "သခင်မလေး ကျီယွမ်... ကျွန်တော် ရိုင်းစိုင်းသွားတာကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် လောကြီးသွားလို့ပါ။ အပြင်မှာ ဝမ်ရှစ်ကျဲ့ စောင့်နေတယ်လို့ မင်းသားလေးကို သွားလျှောက်တင်ပေးလို့ ရမလားခင်ဗျာ"
စကားပြောရင်းနဲ့ ဝမ်ရှစ်ကျဲ့က သူ့အင်္ကျီလက်ထဲကနေ ငွေတစ်တုံး ထုတ်ပြီး လက်နှစ်ဖက်နဲ့ ကမ်းပေးလိုက်တယ်။
"ဟွန်း... ကိုယ့်နေရာကိုယ် သိရင် တော်သေးတာပေါ့" ကျီယွမ်က ဝမ်ရှစ်ကျဲ့ကို စူးစူးရဲရဲ ကြည့်ပြီး ငွေကို ယူကာ အိမ်တော်ထဲ ဝင်သွားတယ်။
ဝမ်ရှစ်ကျဲ့က နောက်ကနေ လိုက်ပြီး အထဲကို ခိုးကြည့်ဖို့ ကြိုးစားပေမဲ့ ကျောက်လုံနဲ့ ကျောက်ဟုက ချက်ချင်းပဲ ပိတ်ရပ်ပြီး စူးစူးရဲရဲ ကြည့်နေတာကြောင့် သူ နောက်ဆုတ်ပြီး နှင်းတောထဲမှာပဲ ရပ်စောင့်နေရတော့တယ်။
အိမ်တော်ထဲမှာတော့ ကျီယွမ်က အစေခံတွေနေတဲ့၊ ပေါင်းခံစက်တွေ တပ်ဆင်ထားတဲ့ ဘေးဆောင်ဘက်ကို သွားလိုက်တယ်။ မီးဖိုနားမှာ တစ်ခုခုကို ပုံကြမ်းဆွဲနေတဲ့ ရှောင်မင်ကို မြင်တော့ ကျီယွမ်က အနားကပ်သွားပြီး "မင်းသားလေး... မင်းသားလေး ခန့်မှန်းထားတဲ့အတိုင်း ကွက်တိပဲ။ ဝမ်ရှစ်ကျဲ့ တကယ် ရောက်လာတယ်။ အမိန့်ရှိထားတဲ့အတိုင်း သူ့ကို အပြင်မှာပဲ ပေးစောင့်ထားလိုက်တယ်။ သြော်... ပြီးတော့ ကျွန်မ ငွေတစ်တုံးတောင် ရလာသေးတယ်" လို့ လျှောက်တင်တယ်။
ကျီယွမ်က ရှောင်မင် ပုံဆွဲနေတဲ့ စားပွဲပေါ်ကို ငွေတုံးလေး ဂုဏ်ယူဝင့်ကြွားစွာနဲ့ တင်လိုက်တယ်။
"မဆိုးပါဘူး။ မင်းနဲ့ လုလော့ မိန်းကလေးသုံး ပစ္စည်းတွေ ဝယ်ဖို့ ဒီငွေကို သုံးလိုက်လေ" လို့ ငွေတုံးကို တစ်ချက်ကြည့်ရင်း ရှောင်မင်က ပြောတယ်။ ဆယ်တုံး (ဆယ်ကျပ်သား) လောက် ရှိမယ် ထင်တယ်... ဝမ်ရှစ်ကျဲ့ က တော်တော် လက်ဖွာတာပဲ။
ရှောင်မင်ဘေးမှာ မှင်သွေးပေးနေတဲ့ လုလော့က မျက်လုံးလေးတွေ လခြမ်းကွေးလေးတွေ ဖြစ်သွားတဲ့အထိ ပြုံးလိုက်တယ်။ ဒါပေမဲ့ ချက်ချင်းပဲ နှုတ်ခမ်းလေးဆူသွားပြီး "မင်းသားလေး... ဒီငွေတွေက ကျွန်မတို့အတွက် အသုံးမဝင်ပါဘူး။ ချင်းကျိုးမှာ ဘာမှမှ မရှိတာ။ မုယောသကြားလုံးလေး ရှိရင်တော့ ဝယ်စားလို့ ရတာပေါ့" လို့ ညည်းတယ်။
အိမ်တော်မှာ ချန်တာ့ဖူ ပြီးရင် သြဇာအကြီးဆုံးဖြစ်တဲ့ ကျီယွမ်နဲ့ လုလော့တို့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေတဲ့ လီဆန်က "သခင်မလေးတို့ရယ်... အဲဒါ လွယ်လွယ်လေးပါ။ ကျွန်တော် မကြာခင် ချန်အန်းကို သွားရမှာဆိုတော့ သခင်မလေးတို့ လိုချင်တာ မှန်သမျှ ဝယ်လာခဲ့ပေးလို့ ရပါတယ်" လို့ ဝင်ပြောတယ်။
"အေး... ဟုတ်တယ်။ ငွေကို လီဆန်ကို ပေးလိုက်ပြီး မင်းတို့ လိုချင်တာသာ သူ့ကို ပြောလိုက်" လို့ လီဆန်ကို လက်ညှိုးထိုးပြရင်း ရှောင်မင်က ပြောတယ်။
တကယ်တော့ ရှောင်မင်က မုယောသကြားလုံး ဘယ်လိုလုပ်ရမလဲ ဆိုတာ သိပေမဲ့ အခုလောလောဆယ် သူ့မှာ အချိန်မရှိဘူး။ စီးပွားရေးအရလည်း တန်ဖိုးမရှိဘူး... သရေစာ သက်သက်ပဲလေ။ ဒါကြောင့် ဒီတစ်ခေါက်တော့ ဈေးဝယ်တာကို လီဆန်ကိုပဲ တာဝန်ပေးလိုက်ပြီး အားတဲ့အချိန်ကျမှ သူကိုယ်တိုင် မုယောသကြားလုံး နည်းနည်း လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူလည်း စားချင်နေပြီလေ... ဘာပဲဖြစ်ဖြစ် မုယောသကြားလုံးက ဒီခေတ်မှာ ရနိုင်တဲ့ သရေစာ အနည်းငယ်ထဲက တစ်ခုပဲမဟုတ်လား။
ကျီယွမ်နဲ့ လုလော့ အချင်းချင်း ပြုံးပြလိုက်ကြပြီး ကျီယွမ်က လီဆန်ကို ငွေပေးရင်း "သေချာ အသုံးချနော်၊ မဟုတ်ရင် ပြန်လာတဲ့အခါ နောင်တရသွားမယ်" လို့ ပြောလိုက်တယ်။
ကျီယွမ်ရဲ့ ဒေါသကြီးတဲ့ အကျင့်ကို သိနေတဲ့ လီဆန်က ငွေကို ယူလိုက်ပြီး "စိတ်ချပါ သခင်မလေးတို့" လို့ ပြန်ဖြေတယ်။
အဲဒီတော့မှ ကျီယွမ်က အပြင်မှာ စောင့်နေတဲ့ ဝမ်ရှစ်ကျဲ့ကို သတိရသွားပြီး "မင်းသားလေး... ဝမ်ရှစ်ကျဲ့ အပြင်မှာ စောင့်နေတုန်းပဲ။ ဘယ်လို လုပ်ရမလဲ" လို့ ရှောင်မင်ကို မေးတယ်။
"ပေးစောင့်ထားလိုက်။ အရင်တုန်းက ဝမ် မိသားစုကို ငါ ယုံကြည်မှု လွန်ကဲခဲ့လို့ သူတို့က မောက်မာလာပြီး ပြည်နယ်ခြောက်ခုလုံးကို လွှမ်းမိုးချင်လာတာ။ ဝမ် မိသားစုက မြေတွေ သိမ်းပြီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ အကြောင်း ပန်အမတ်ကြီးက ငါ့ကို အကြိမ်ကြိမ် သတင်းပို့ထားတယ်။ ဒီနေရာမှာ ဘယ်သူက အရှင်သခင်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြသဖို့ အချိန်တန်ပြီ" ရှောင်မင်က အေးစက်စက် ပြုံးရင်း ပြောတယ်။
"ဒါကြောင့်များ မင်းသားလေးက ချင် မိသားစုဆီ ကိုယ်တိုင် သွားလည်ခဲ့တာကိုး။ အင်အား မျှခြေဖြစ်အောင် လုပ်တာပေါ့" ကျီယွမ်က သဘောပေါက်သွားတဲ့ပုံနဲ့ ခေါင်းညိတ်တယ်။
"တိတိကျကျပဲ။ ချင် မိသားစုက လူကောင်းတွေ မဟုတ်ပေမဲ့ ဝမ် မိသားစုနဲ့ အမြဲတမ်း အဆင်မပြေဘူးလေ။ ငါသာ ခွဲခြားအုပ်ချုပ်နိုင်ရင် သူတို့ လွှမ်းမိုးတာကို ခံရမယ့်အစား မိသားစုကြီး လေးစုလုံးကို ငါ့အတွက် အသုံးချနိုင်လိမ့်မယ်။ သူတို့အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေမှ ငါ အကျိုးအမြတ် ရမှာ"
ရှောင်မင် စိတ်ကြည်နေတာမို့ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်တွေကို ဖွင့်ပြောပြလိုက်တယ်။
ကျီယွမ်က ရှောင်မင်ကို အရင်ကထက် ပိုပြီး လေးစားအားကျတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ချီမင်းသားရဲ့ အခုလို ပုံစံမျိုးကို တခြား မင်းသား မင်းသမီးတွေ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ဘူးလေ။
နောက်ထပ် တစ်နာရီလောက် ပုံဆွဲပြီးတဲ့အခါမှာတော့ ရှောင်မင်ရဲ့ စုတ်တံအောက်ကနေ သံမဏိ ထုတ်လုပ်ရေး ကွင်းဆက် ပုံကြမ်းတစ်ခု ထွက်ပေါ်လာတယ်။
ချန်တာ့ဖူက လက်မှုပညာဌာနက အစေခံတွေကို ခေါ်သွားတာ အချိန်အတန်ကြာပြီ။ သူတို့ ပြန်ရောက်လာရင် ဒီသံမဏိ ထုတ်လုပ်ရေး ကွင်းဆက်ကြီး အသက်ဝင်လာတော့မှာ။
ထုတ်လုပ်ရေး ကွင်းဆက် အပြင် ပုံစံခွက် သံမဏိချက်ဖို ရဲ့ ပုံကြမ်းလည်း ပါတယ်။ မနက်ဖြန်ကျရင် ဒီပုံကြမ်းတွေကို လက်မှုပညာဌာန ယူသွားပြီး သေချာ ထပ်ရှင်းပြဖို့ ရှောင်မင် စီစဉ်ထားတယ်။ အဲဒါဆိုရင် သံမဏိ ထုတ်လုပ်ရေး ကွင်းဆက်က လုံးဝနီးပါး ပြီးပြည့်စုံသွားပြီ။ ပုံစံခွက် သံမဏိချက်နည်းက Converter (အောက်ဆီဂျင်မှုတ်သွင်း) သံမဏိချက်နည်း လောက် အထွက်နှုန်း မကောင်းပေမဲ့၊ ဒီခေတ်ကြီးအတွက်တော့ တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုကြီးပါပဲ။
တိုးတက်မှုဆိုတာ တစ်လှမ်းချင်း သွားရတာလေ... တစ်ချက်တည်းနဲ့ ဧရာမ ဘီလူးကြီး ဖြစ်လာလို့မှ မရတာ။
ပုံကြမ်းတွေ ဆွဲလို့အပြီးမှာတော့ အပြင်မှာ စောင့်နေတဲ့ ဝမ်ရှစ်ကျဲ့ကို ရှောင်မင် ရုတ်တရက် သတိရသွားတယ်။ သူ အထဲခေါ်ဖို့ ကျီယွမ်ကို ချက်ချင်း အမိန့်ပေးလိုက်တယ်။ နှစ်နာရီတောင် ကြာသွားပြီ... အဲဒီလူ အေးခဲပြီး မသေလောက်သေးဘူးလို့ သူ မျှော်လင့်ပါတယ်။
အပိုင်း ( ၃၂ ) ပြီးဆုံး
***