လေကြမ်းတွေက တဝူးဝူး တိုက်ခတ်နေပြီး နှင်းပွင့်တွေကတော့ လေပြင်းတွေနဲ့အတူ နဂါးတွေ၊ မြွေတွေ ပျံသန်းနေသလို ကောင်းကင်ယံမှာ ရူးသွပ်စွာ ကခုန်နေကြတယ်။
အိမ်တော် အပေါက်ဝမှာ ရပ်နေရတဲ့ ဝမ်ရှစ်ကျဲ့ ကတော့ အေးခဲပြီး သေတော့မလို ဖြစ်နေပြီ။ "မင်းသားလေးက အထဲကို ဝင်ခဲ့ဖို့ အမိန့်ရှိပါတယ်" လို့ ကျီယွမ်က လာပြောမှပဲ သေဒဏ်ကနေ လွတ်ငြိမ်းခွင့် ရလိုက်သလို ခံစားသွားရတယ်။ သူက တုန်ယင်နေရင်း လက်နှစ်ဖက်ကို ပိုက်ကာ ချီမင်းသား အိမ်တော်ထဲကို ကမန်းကတန်း ဝင်သွားတယ်။
ရှောင်မင်က ဘေးဆောင်ကနေ စာကြည့်ဆောင်ဘက်ကို ကူးသွားနှင့်ပြီ။ ဘေးဆောင်ထဲက လျှို့ဝှက်ချက်တွေကို ဝမ်ရှစ်ကျဲ့ကို ပေးသိလို့ မဖြစ်ဘူးလေ။
"မင်းသားလေး... ကျွန်တော်မျိုး အေးခဲပြီး သေတော့မလို့ပါပဲ" ဝမ်ရှစ်ကျဲ့က နှာချေရင်း မကျေမနပ် မျက်နှာထားနဲ့ ပြောတယ်။ "ဒီရက်ပိုင်းအတွင်း မင်းသားလေးကို ဘာများ စိတ်အနှောင့်အယှက် ပေးမိလို့ ဒီလို အဆက်ဆံခံရတာလဲ မသိပါဘူး"
ရှောင်မင်က သူ့ရှေ့က ကုလားထိုင်ကို လက်ဟန်ပြပြီး ဝမ်ရှစ်ကျဲ့ကို ထိုင်ခိုင်းလိုက်ကာ ပြုံးပြီး ပြောတယ်။ "ညီလေးဝမ်... မင်းက အရမ်း စိုးရိမ်လွန်းနေတာပါ။ ခုနက ငါ အရေးတကြီး လုပ်စရာလေးတွေ ရှိနေလို့ မင်းကို အပြင်မှာ ပေးစောင့်ထားမိတာပါ။ ဒါနဲ့ ဒီလောက် အေးတဲ့နေ့ကြီးကို မင်းက ရထားလုံးနဲ့ လာတာ မဟုတ်ဘူးလား။ ဘာလို့ ကိုယ်ပေါ်မှာ နှင်းတွေ အပြည့်ဖြစ်နေရတာလဲ"
"မင်းသားလေး... ဒီမနက် မင်းသားလေးကို တွေ့ချင်ဇောနဲ့ လောလောဆယ်ဆယ် ထွက်လာခဲ့တော့ ရထားလုံးတောင် မပြင်နိုင်ခဲ့ပါဘူး" လို့ ပြန်ဖြေရင်း ဝမ်ရှစ်ကျဲ့က နွေးသွားအောင် ကျောက်မီးသွေးမီးဖိုနားကို တိုးထိုင်လိုက်တယ်။
ရှောင်မင်က မသိချင်ယောင်ဆောင်ပြီး "ဒီလောက် အေးခဲနေတဲ့နေ့ကြီးမှာ ညီလေးဝမ် ဒီလောက် အလောတကြီး လာရတာဆိုတော့ ကိစ္စကြီး တစ်ခုခု ရှိနေလို့ ဖြစ်မယ်နော်" လို့ မေးလိုက်တယ်။
"အဲဒါကလေ..." ဝမ်ရှစ်ကျဲ့ ခဏလောက် တွန့်ဆုတ်သွားပြီးမှ "လွန်ခဲ့တဲ့ ရက်ပိုင်းက ချင် မိသားစုကို မင်းသားလေးက အရက်ကောင်းတစ်မျိုး ရောင်းဖို့ ပေးလိုက်တယ်လို့ ကြားတယ်။ အဲဒါ တကယ်ပဲလား" လို့ မေးတယ်။
"တကယ်ပေါ့။ ညီလေးဝမ် အအေးသက်သာသွားအောင် သောက်ဖို့ အဲဒီအရက် တစ်အိုးတောင် ချန်ထားပြီး ပို့ပေးမလို့ စီစဉ်ထားတာ။ မင်းကိုယ်တိုင် ဒီကို ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး" ရှောင်မင်က ပြန်ဖြေလိုက်တယ်။ ဝမ်ရှစ်ကျဲ့က ဒီအရက်ကို ဘယ်လိုချက်လဲဆိုတာ ပိုသိချင်နေမှန်း သူ ကောင်းကောင်း သိပေမဲ့ တမင်သက်သက် လွှဲပြောလိုက်တာ။
ဝမ်ရှစ်ကျဲ့က လက်အုပ်ချီပြီး "မင်းသားလေးက ကျွန်တော်မျိုးကို အရက်ပို့ပေးဖို့တောင် သတိရသေးတာပဲ။ တကယ်ကို ဝမ်းသာမိပါတယ်။ မင်းသားလေး ကိုယ်တိုင် ချက်ထားတာဆိုတော့ ခွက်နည်းနည်းလောက်တော့ မြည်းကြည့်ရမှာပေါ့" လို့ ပြောတယ်။
"ဒါက ပြဿနာ မဟုတ်ပါဘူး။ လီဆန်... အရက်သွားယူချေ" ရှောင်မင်က လှမ်းအော်လိုက်တယ်။
အပြင်မှာ စောင့်နေတဲ့ လီဆန်က အမိန့်ကို နာခံပြီး သိပ်မကြာခင်မှာပဲ 'မူးယစ်ချင်းကျိုး' တစ်အိုးရယ်၊ ကြွေပုလင်း နှစ်လုံးရယ် ယူပြီး ပြန်ဝင်လာတယ်။
တာယွီနိုင်ငံတော်ကြီးရဲ့ ကြွေထည်လုပ်ငန်းက တော်တော်လေး အဆင့်မြင့်နေပြီ ဆိုပေမဲ့၊ အထက်တန်းလွှာတွေကလွဲရင် သာမန်ပြည်သူတွေကတော့ ရိုးရိုး မြေအိုးမြေခွက်တွေကိုပဲ သုံးနိုင်ကြတာ။
ချီမင်းသား အိမ်တော်က ကြွေထည်တွေက ချန်အန်းကနေ ယူလာတာဖြစ်ပြီး တာယွီနိုင်ငံတော်ကြီးရဲ့ တော်ဝင်မီးဖိုတွေကနေ ထုတ်လုပ်ထားတာ။ ရှောင်မင် ဒီပစ္စည်းတွေကို လေ့လာကြည့်တော့ အရည်အသွေးက ခေတ်သစ် ကြွေထည်တွေနဲ့ သိပ်မကွာလှဘူးဆိုတာ တွေ့ရတယ်။ ဒါကြောင့်လည်း သူ့ရေမွှေးတွေ ထည့်ဖို့အတွက် သေသပ်လှပပြီး လက်တွေ့အသုံးကျတဲ့ ကြွေပုလင်းတွေကို ရွေးချယ်ခဲ့တာပေါ့။
"မူးယစ်ချင်းကျိုး... တကယ့်ကို လိုက်ဖက်တဲ့ နာမည်ပဲ ဘယ်သူကများ ဒီလောက် သိမ်မွေ့တဲ့ နာမည်ကို ပေးလိုက်တာလဲ မသိဘူး" ဝမ်ရှစ်ကျဲ့က အရက်အိုးကို သေချာကြည့်ရင်း ပြောတယ်။ "မူးယစ်ချင်းကျိုး" လို့ ရေးထားတဲ့ အနီရောင် စာတန်းလေးကို မြင်တော့ သူ မချီးကျူးဘဲ မနေနိုင်တော့ဘူး။ ဒီနာမည်ကို ရှောင်မင် ပေးတာမှန်း သူ သိနှင့်ပြီးသားပေမဲ့ မသိဟန်ဆောင်ပြီး မေးလိုက်တာ။
အခန်းထဲမှာ အလုပ်အကျွေး ပြုနေတဲ့ လီဆန်က ဂုဏ်ယူစွာနဲ့ "ကျွန်တော်တို့ မင်းသားလေး ပေးထားတဲ့ နာမည်ပါ" လို့ ဝင်ပြောတယ်။
"သြော်... မင်းသားလေး ပေးတာကိုး မင်းသားလေးက တကယ့်ကို ပါရမီရှင်ပဲ။ ကျွန်တော် ဝမ်ရှစ်ကျဲ့ရယ်၊ ချင်မု၊ ဝေ့ချင်း နဲ့ ဆွန်တုန်း တို့က ချင်းကျိုးရဲ့ ပါရမီရှင်လေးဦး လို့ ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ခဲ့ကြပေမဲ့ အခုတော့ ဆရာတစ်ဆူရှေ့မှာ ကြွားမိသလို ဖြစ်နေပြီ။ ရှက်စရာကောင်းလိုက်တာ" ဝမ်ရှစ်ကျဲ့က ပိုပိုသာသာ အမူအရာနဲ့ ချီးမွမ်းတယ်။
ရှောင်မင်ရဲ့ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားတယ်။ ဖားယားတဲ့ စကားတွေက အရမ်းကို ရိုးအီပြီး အရသာမရှိလွန်းဘူး။ အရင် ရှောင်မင်က ပညာမတတ်ဘူး ဆိုရင်တောင် "မူးယစ်ချင်းကျိုး" ဆိုတဲ့ နာမည်က သိပ်ပြီး ထူးထူးခြားခြားကြီး မဟုတ်ဘူး ဆိုတာလောက်တော့ သိမှာပဲ။
"ညီလေးဝမ်... မင်းက သိပ်ပြီး မြှောက်ပင့်လွန်းနေပြီ။ လာ... မင်းလည်း အေးနေရောပေါ့။ နွေးသွားအောင် တစ်ခွက်လောက် သောက်ကြည့်။ လီဆန်... ညီလေးဝမ် အတွက် အရက်တစ်ခွက် နွှေးပေးလိုက်"
လီဆန်က ကြေးနီ အနွေးခံခွက် တစ်ခုကို မီးဖိုပေါ်တင်ပြီး အရက်ကို ခဏလောက် နွှေးလိုက်တယ်။ ပြီးတော့ ဝမ်ရှစ်ကျဲ့နဲ့ ရှောင်မင်အတွက် တစ်ခွက်စီ ငဲ့ပေးတယ်။
ခေတ်သစ်ကမ္ဘာမှာတုန်းက ရှောင်မင်က အရက်သောက်တာကို သိပ်ဝါသနာမပါပေမဲ့ ဒီကိုရောက်လာကတည်းက တဖြည်းဖြည်းနဲ့ ကြိုက်လာတယ်။ အထူးသဖြင့် အေးခဲနေတဲ့ ဆောင်းတွင်းမှာ အရက်နွေးနွေးလေး တစ်ခွက်က လေအေးပေးစက်ထက်တောင် ပိုထိရောက်သေးတယ်။ ခွက်အနည်းငယ်လောက် သောက်လိုက်ရင်ကို ချွေးထွက်လာတာ။
နည်းနည်းလေး ရီဝေဝေ ဖြစ်သွားပြီး ကုတင်ပေါ်လှဲအိပ်လိုက်ရင် ပျင်းစရာကောင်းပြီး ရှည်လျားတဲ့ ညဥ့်အချိန်တွေက မြန်မြန် ကုန်ဆုံးသွားတတ်တယ်။
အခုလည်း နှင်းတွေထူထပ်၊ လေတွေကြမ်းနေလို့ အပြင်ထွက်ဖို့ အဆင်မပြေတဲ့ အချိန်မှာ အရက်နည်းနည်းပါးပါး သောက်တာက အချိန်ဖြုန်းဖို့ အကောင်းဆုံး နည်းလမ်းပဲလေ။
"မင်းသားလေး... သုံးဆောင်ပါဦး" ဝမ်ရှစ်ကျဲ့က ခွက်ကို မြှောက်ပြီး နှုတ်ခမ်းကို သပ်လိုက်တယ်။
ရှောင်မင်လည်း ခွက်ကို မြှောက်လိုက်ပြီး နှစ်ယောက်သား အတူတူ သောက်လိုက်ကြတယ်။ နွေးထွေးတဲ့ အရက်တွေ လည်ချောင်းထဲ စီးဆင်းသွားတာနဲ့ တစ်ပြိုင်နက် ရှောင်မင်ရဲ့ ရင်ထဲမှာ မီးတောက်လေးတစ်ခု ဖြည်းဖြည်းချင်း လောင်ကျွမ်းလာသလို ခံစားလိုက်ရတယ်။
"အာ" ပြင်းထန်တဲ့ အရက်အရှိန်ကြောင့် ဝမ်ရှစ်ကျဲ့ဆီက ညည်းသံလေး ထွက်လာတယ်။ သူ မျက်လုံးတွေကို မှိတ်၊ သွားကိုကြိတ်ပြီး အရသာကို ခဏလောက် ခံစားကြည့်ပြီးမှ "မင်းသားလေး... ဒီအရက်က ပြင်းပေမဲ့ လည်ချောင်းထဲ ဝင်သွားရင် ချောမွေ့တယ်။ မင်းသားလေးရဲ့ အရက်ကို သောက်ပြီးသွားရင် အရင်က ကျွန်တော် သောက်ခဲ့ဖူးတဲ့ ဆန်အရက်တွေက ရေသောက်ရသလို ဖြစ်သွားပြီ။ တကယ့် အရက်ကောင်းပဲ။ ဒါပေမဲ့ နှမြောစရာပဲနော်..."
"နှမြောစရာ... ညီလေးဝမ်က ဘာကို ဆိုလိုတာလဲ" ဝမ်ရှစ်ကျဲ့ ခွက်ထဲကို အရက်ထည့်ပေးဖို့ ရှောင်မင်က လီဆန်ကို အချက်ပြလိုက်တယ်။
မင်းသားအိမ်တော်က ခွက်တွေက အဝကျယ်ပြီး အောက်ခြေကျဉ်းတယ်။ အနည်းဆုံး အရက် နှစ်ကျပ်သားလောက် ဆံ့တယ်။ ဝမ်ရှစ်ကျဲ့ကတော့ သူ့အကျင့်အတိုင်း ခွက်ထဲကအရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်တာ။
သူ့အဖေ မှာလိုက်တဲ့ ကိစ္စကို ခေါင်းထဲရောက်နေတဲ့ ဝမ်ရှစ်ကျဲ့က အခွင့်အရေးရတုန်း စကားစလိုက်တယ်။ "ကျွန်တော်တို့ ဝမ် မိသားစုက ဒီအရက်ကို ရောင်းခွင့်မရတာ နှမြောစရာကောင်းလို့ပါ"
"ညီလေးဝမ်... ချင် မိသားစုကို အရက်ပေးရတဲ့ အကြောင်းရင်း ရှိပါတယ်။ ဝမ် မိသားစုမှာ မြင်းလှည်းယာဉ်တန်းတွေ ရှိပေမဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကိုတော့ မယှဉ်နိုင်ဘူးလေ။ ချင် မိသားစုကို ပေးလိုက်ခြင်းအားဖြင့် ငါ ငွေပိုရနိုင်လို့ပါ" လို့ ရှောင်မင်က ရှင်းပြတယ်။
ချင် မိသားစုကို အရက်ပေးရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းက သူတို့ကို ထောက်ပံ့ပေးချင်လို့ ဖြစ်ပြီး၊ ကျန်တဲ့ တစ်စိတ်တစ်ပိုင်းကတော့ အခုလေးတင် သူပြောခဲ့တဲ့အတိုင်းပဲ။ ဒီနောက်ကျနေတဲ့ ခေတ်ကြီးမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးက ရေကြောင်းကို မယှဉ်နိုင်ဘူး။ ရေကြောင်းသယ်ယူပို့ဆောင်ရေးက သိပ်မမြန်ပေမဲ့ ပမာဏအများကြီး သယ်နိုင်ပြီး ပိုလည်း စိတ်ချရတယ်လေ။
"သြော်... ဒီလိုကိုး" စိတ်နည်းနည်း အေးသွားတဲ့ ဝမ်ရှစ်ကျဲ့က ပြောတယ်။ ဒါပေမဲ့ သူ ဆက်ပြီး မစူးစမ်းဘဲ မနေနိုင်ဘူး။ "မင်းသားလေး အရက်ချက်တာကို ဘယ်တုန်းက သင်ထားတာလဲ။ အဲဒါလည်း ဟိုစာအုပ်ထဲကပဲလား"
"ဒါကတော့ ငါတို့ကြားမှာပဲ ထားလိုက်ပါ" ရှောင်မင်က အသေးစိတ် မပြောပြချင်လို့ စကားလွှဲလိုက်တယ်။ သူက ခွက်ကို မြှောက်လိုက်ပြီး "လာ... ဒီနေ့ ငါတို့ အရက်သောက်ပြီး နှင်းကျတာကို ထိုင်ကြည့်ကြမယ်။ အသေးအမွှား ကိစ္စတွေကို ခေါင်းထဲ မထည့်ကြနဲ့တော့" လို့ ပြောလိုက်တယ်။
ခွက်အကြီးကြီးကို မြန်မြန်ဆန်ဆန် သောက်လိုက်မိလို့ ဝမ်ရှစ်ကျဲ့ တစ်ယောက် အရှိန်တက်လာပြီ။ သူ့ခေါင်းတွေ မူးဝေလာပြီး သူ မေးစရာရှိတာ မေးပြီးပြီပဲ၊ ဘာလို့ အရက်ကို အေးအေးဆေးဆေး မသောက်ရမှာလဲ လို့ တွေးလိုက်တယ်။ ဒါနဲ့ "မင်းသားလေး ပြောတာ မှန်တယ်။ သောက်ကြတာပေါ့" လို့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ နောက်တစ်ခွက်ကို ထပ်မော့ချလိုက်ပြန်တယ်။
"ညီလေးဝမ်... မင်း တော်တော် သောက်နိုင်တာပဲ" ရှောင်မင်က နည်းနည်းလေးပဲ မြည်းရင်း ပြောတယ်။ ဒီအရက် ဘယ်လောက်ပြင်းလဲ ဆိုတာ သူ သိတယ်လေ၊ ဒါပေမဲ့ ဝမ်ရှစ်ကျဲ့ကတော့ ဒီလိုသောက်နေကျ ဖြစ်ပုံရတယ်။
"မင်းသားလေး... ကျွန်တော်မျိုးက ခွက်တစ်ထောင် သောက်လည်း မမူးဘူးဗျ။ ဒီအရက်လေး နည်းနည်းက ဘာမှမဟုတ်ပါဘူး" ဝမ်ရှစ်ကျဲ့က ကြွားလိုက်တယ်။ ချီမင်းသား အိမ်တော်ရဲ့ ပင်မဆောင်ကြီးက သုံးထပ်ရှိတာကို သတိရသွားတော့ သူက "မင်းသားလေး... ဒီမှာသောက်ရတာ သိပ်ပျင်းစရာကောင်းတယ်။ လသာဆောင်ပေါ်တက်ပြီး ချင်းကျိုးရဲ့ နှင်းမြင်ကွင်းကို ကြည့်ရင်း သောက်ကြရင် မကောင်းဘူးလား" လို့ အကြံပေးတယ်။
"ညီလေးဝမ် ပြောတာ အလွန်မှန်တယ်" ရှောင်မင်က သဘောတူလိုက်တယ်။ လီဆန်ကို အရက်နဲ့ မီးဖို ယူပြီး ပင်မဆောင်ရဲ့ တတိယထပ် လသာဆောင်ကို သွားခိုင်းလိုက်ပြီး သူတို့နှစ်ယောက် နောက်ကနေ လိုက်သွားကြတယ်။
ချင်းကျိုးမြို့မှာ ချီမင်းသား အိမ်တော်ရဲ့ ပင်မဆောင်ကြီးက ကြက်အုပ်ထဲက ငန်းတစ်ကောင်လို ထီးထီးကြီး ဖြစ်နေတာ... အဓိက အကြောင်းရင်းက သုံးထပ်တောင် မြင့်နေလို့ပဲ။ အပေါ်ဆုံးထပ်ကနေ ကြည့်လိုက်ရင် ချင်းကျိုးမြို့ တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရတယ်။
သူတို့နှစ်ယောက် လသာဆောင် လက်ရန်းဘေးမှာ ထိုင်ပြီး ဆက်သောက်ကြတယ်။ ဝမ်ရှစ်ကျဲ့က သိပ်မကြာခင်မှာပဲ နောက်ထပ် နှစ်ခွက်ကို အမြန်မော့ချလိုက်ပြန်တယ်။
"မင်း... မင်းသားလေး... ဒီအရက်က တကယ့်ကို ကောင်းတာပဲ။ လာ... လာပါ... ထပ်ငဲ့ပါဦး" ရှစ်ကျပ်သားလောက် သောက်ပြီးသွားတော့ ဝမ်ရှစ်ကျဲ့ရဲ့ စကားသံတွေ လေးလာပြီ။ အခုဆို သူက မူးနေတဲ့ ဘဲတစ်ကောင်လို ယိမ်းယိုင်နေပြီလေ။
ရှောင်မင် ခေါင်းခါလိုက်တယ်။ ဝမ်ရှစ်ကျဲ့က သူ့အရက်ကို ရိုးရိုးဆန်အရက်လို့ပဲ ထင်နေတုန်းပဲ။ သူက "ညီလေးဝမ်... မင်း မူးနေပြီ။ မင်းကို အိမ်ပြန်ပို့ဖို့ လူလွှတ်လိုက်မယ်" လို့ ပြောတယ်။
ဝမ်ရှစ်ကျဲ့က သူ့ရင်ဘတ်ကို သူပုတ်ပြီး စိတ်ခုသွားတဲ့ပုံနဲ့ "မင်းသားလေး... ကျွန်တော့်ရဲ့ သောက်နိုင်စွမ်းကို သံသယဝင်နေတာလား။ ကျွန်တော် ထပ်သောက်နိုင်ပါသေးတယ်" လို့ ပြောတယ်။
ဝမ်ရှစ်ကျဲ့ ချီမင်းသား အိမ်တော်မှာ အရက်သောက်ပြီး သေသွားမှာကို မစိုးရိမ်ရဘူးဆိုရင် ရှောင်မင်ကလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူက "ဒါဆိုရင် နောက်ထပ် နှစ်ခွက်လောက် ထပ်သောက်မလား ညီလေးဝမ်" လို့ မေးလိုက်တယ်။
"အရက်ငဲ့ပေးစမ်းပါ" ဝမ်ရှစ်ကျဲ့က ဘယ်ညာ ယိမ်းယိုင်ရင်း မတ်တပ်ထရပ်လိုက်တယ်။ သူ့အင်္ကျီလက်ကို ခါလိုက်ပြီး "မင်းသားလေး... ဒီလို အရက်ကောင်းနဲ့ နှင်းကျနေတဲ့ အလှတရားမှာ ဒီနေ့ မင်းသားလေးကို ဖျော်ဖြေဖို့ ကဗျာတစ်ပုဒ် စပ်ဆိုပါ့မယ်" လို့ ကြေညာလိုက်တယ်။
အပိုင်း ( ၃၃ ) ပြီးဆုံး
***