ရှေးခေတ်ကတည်းက အရက်သောက်တာနဲ့ ကဗျာစပ်တာဟာ ပညာရှိတွေကြားမှာ ခေတ်စားလေ့ရှိတဲ့ အလေ့အထတစ်ခုပဲ။ ဝမ်ရှစ်ကျဲ့နဲ့ သူ့အပေါင်းအပါတွေကတော့ တတိယတန်းစား ပညာတတ်လေးတွေ ဆိုပေမဲ့လည်း ဒီအလေ့အထကို အတုခိုးကြတာပေါ့။
ဒါ့အပြင် ဝမ်ရှစ်ကျဲ့နဲ့ သူ့သူငယ်ချင်းတွေက ကိုယ့်ကိုယ်ကိုယ် "ပါရမီရှင်ကြီး လေးဦး" လို့တောင် နာမည်ပေးထားသေးတယ်။ အရင်တုန်းကဆို ဝမ်ရှစ်ကျဲ့က ရှောင်မင်ကိုပါ ဒီအဖွဲ့ထဲဆွဲသွင်းပြီး ရှောင်မင်ကို ခေါင်းဆောင်တင်ကာ "ပါရမီရှင်ကြီး ငါးဦး" လို့တောင် ပြောင်းခေါ်ချင်ခဲ့သေးတာ။ တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတဲ့ အကြံအစည်ပဲလေ။
ဒါပေမဲ့ အရင် ရှောင်မင်က ကဗျာတွေ၊ စာအုပ်တွေဆို လုံးဝ စိတ်မဝင်စားဘူး၊ လေးပစ်တာနဲ့ အမဲလိုက်တာကိုပဲ သဘောကျတာ။ "ပါရမီရှင်" ဆိုတဲ့ အမည်နာမကို သူက လှောင်ပြောင်ပြီး ဒီအနှစ်သာရမရှိတဲ့ ဂုဏ်ပုဒ်ကို ဘယ်တော့မှ လက်မခံခဲ့ဘူး။
ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်တွေလို့ သမုတ်ထားကြတော့လည်း အရက်သောက်တာနဲ့ ကဗျာစပ်တာက သူတို့ရဲ့ ပုံမှန်အလုပ်တွေ ဖြစ်နေတာပေါ့။ ရှောင်မင် မပါရင်တောင် သူတို့လေးယောက်က မိသားစုပွဲလမ်းသဘင်တွေမှာ ကဗျာစပ်ပြိုင်ပွဲတွေ ခဏခဏ လုပ်လေ့ရှိတယ်။ တစ်ပိုင်းက သူတို့ရဲ့ စာပေစွမ်းရည်ကို ကြွားချင်တာဖြစ်ပြီး၊ နောက်တစ်ပိုင်းကတော့ လူတွေ အထင်ကြီးအောင် လုပ်ချင်တာလေ... ခေတ်သစ်က လူငယ်လေးတွေ မိန်းကလေးတွေ သဘောကျအောင် ဂီတာတီးသင်ကြသလိုမျိုးပေါ့။
"မင်းသားလေး... ကျွန်တော်မျိုးရဲ့ အညံ့စား ကဗျာလေးတစ်ပုဒ်ကို ဆက်သပါရစေ။ ဒီနေ့ နှင်းကျတာကို အကြောင်းပြုပြီး ကဗျာတစ်ပုဒ် စပ်ဆိုပါ့မယ်... 'လေနတ်သားက နှင်းတွေကို သယ်ဆောင်လာတယ်၊ တိမ်မိခင်က အအေးဓာတ်ကို မှုတ်ထုတ်တယ်၊ မြေကြီးက နှင်းခဲတွေနဲ့ စိုစွတ်နေပြီး၊ တံခါးစောင့်နတ်ကတော့ စာကလေးတွေ နားနေတာကို ငေးကြည့်နေတယ်'" ဝမ်ရှစ်ကျဲ့က စာပေပညာရှင်ကြီး တစ်ယောက်လို လက်နောက်ပိုက်ပြီး ဖြည်းဖြည်းမှန်မှန် ရွတ်ပြလိုက်တယ်။
အဲဒီအချိန်မှာပဲ လုလော့ က အပေါ်ထပ်ကို တက်လာတယ်။ ဘေးဆောင်ကနေ ပေါင်းခံပြီးသား အရက်တွေကို သိုလှောင်ရုံထဲ ရွှေ့ပြီးသွားပြီဖြစ်သလို၊ ပေါင်းခံစက်ကိုလည်း သိမ်းပြီးသွားပြီလေ။ အလုပ်အားနေတာနဲ့ လီဆန် နေရာမှာ အစားထိုး အလုပ်အကျွေးပြုဖို့ သူမက အပေါ်ထပ် တက်လာတာ။
ဝမ်ရှစ်ကျဲ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ ကဗျာကို ကြားတော့ သူမက ပါးစပ်လေးအုပ်ပြီး တခစ်ခစ် ရယ်မိသွားတယ်။ "တံခါးစောင့်နတ်တွေ၊ မြေစောင့်နတ်တွေနဲ့ဆိုတော့ သခင်လေးဝမ်က ယဇ်ပူဇော်ပွဲအတွက် ဆုတောင်းစာ ရွတ်နေတာလား"
ဝမ်ရှစ်ကျဲ့က လှည့်ကြည့်လိုက်တော့ လုလော့ကို တွေ့သွားတယ်။ အရက်အရှိန်လည်း တက်နေတော့ ကြည်လင်တဲ့ ရေပြင်ထက်က ကြာပန်းလေးလို လန်းဆန်းလှပနေတဲ့ လုလော့ကို မြင်လိုက်ရတဲ့အခါ သူ ခဏလောက် မိန်းမောသွားပြီး စိုက်ကြည့်နေမိတယ်။
"အဟမ်း" ရှောင်မင်က အချိန်ကိုက် ချောင်းဟန့်လိုက်တော့မှ ဝမ်ရှစ်ကျဲ့ သတိပြန်ဝင်လာတယ်။ သူက "သခင်မလေး လုလော့ က သိပ်မြှောက်တာပဲ။ အညံ့စား ကဗျာလေး တစ်ပုဒ်ပါ" လို့ ပြန်ပြောတယ်။
ဒါပေမဲ့ အလှလေး တစ်ယောက်ရှေ့ ရောက်နေရင် ယောကျ်ားတိုင်းက ကိုယ့်ကိုယ်ကိုယ် ပြချင်ကြတာ သဘာဝပဲလေ။ သူက ရှောင်မင်ထက် စာပေအများကြီး ပိုတတ်တယ်လို့ ယုံကြည်နေတော့၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခံရအောင် ရှောင်မင်ကိုပါ ဆွဲချဖို့ ဝမ်ရှစ်ကျဲ့က ဝန်မလေးတော့ဘူး။ "မင်းသားလေး... ကျွန်တော်မျိုးရဲ့ ကဗျာက သခင်မလေး လုလော့ကို ရယ်စရာ ဖြစ်သွားစေတယ်။ ကျွန်တော်တို့ အတုယူနိုင်အောင် မင်းသားလေးကရော ကဗျာတစ်ပုဒ်လောက် မစပ်ဆိုပြချင်ဘူးလား" လို့ သူက ပြောလိုက်တယ်။
ရှောင်မင်က အရက်တစ်ငုံ သောက်လိုက်တယ်။ ဝမ်ရှစ်ကျဲ့ ဘာကြံနေလဲ ဆိုတာ သူ ကောင်းကောင်း သိတာပေါ့။ ခေတ်သစ်ရုံးခန်းမှာ ငါးနှစ်၊ ခြောက်နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ ရုံးတွင်း နိုင်ငံရေးတွေကို သူက ရေရေလည်လည် သိနေပြီးသားလေ။
ဒါပေမဲ့ ကဗျာစပ်တဲ့ နေရာမှာတော့ တစ်သက်လုံး စာမေးပွဲဖြေဖို့ စာကျက်လာခဲ့တဲ့ ဒီပညာတတ်တွေနဲ့ သူက ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကာရန်တွေ၊ အသံထွက်တွေဆိုတာ သူ မေ့နေတာ ကြာလှပြီ။
ဒါပေမဲ့ သူ သင်ပေးခဲ့တဲ့ နည်းပညာတွေလိုပဲ၊ နည်းပညာစာကြည့်တိုက်ကြီးထဲက မရေမတွက်နိုင်တဲ့ စာပေပညာရှင်ကြီးတွေရဲ့ ပခုံးပေါ်မှာ ရပ်နေနိုင်တဲ့သူ တစ်ယောက်အနေနဲ့ ကဗျာတစ်ပုဒ် ရဖို့အတွက် ဦးနှောက်စားခံပြီး ဘာလို့ စဉ်းစားနေရမှာလဲ။ အဲဒါက ဦးနှောက်ဆဲလ်တွေ အလကား ဖြုန်းတီးရာ ကျတာပေါ့။
ဝမ်ရှစ်ကျဲ့က သူ့ကို အရှက်ခွဲဖို့ တေးထားမှတော့ သူ့ကိုလည်း အပြစ်တင်လို့ မရတော့ဘူးလေ။ သူ ခဏလောက် စဉ်းစားလိုက်တော့ ရှေးဟောင်း ကဗျာတွေ အများကြီး သူ့ခေါင်းထဲ ဖြတ်ပြေးသွားတယ်။ သူက...
"တူလစ်ပန်းရနံ့ သင်းပျံ့တဲ့ ချင်းကျိုးရဲ့ အရက်ကောင်း၊
ကျောက်စိမ်းခွက်ထဲမှာ ပယင်းရောင်လို ဝင်းလက်နေတယ်။
အိမ်ရှင်ကသာ ဧည့်သည်တွေကို မူးယစ်သွားအောင် တိုက်နိုင်ရင်၊
သူတို့ရဲ့ ဇာတိမြေ ဘယ်မှာလဲဆိုတာတောင် မေ့သွားကြလိမ့်မယ်။"
ဒီကဗျာက လီပို ရဲ့ "ဧည့်သည်ရဲ့ သီချင်း" ကနေ မှီးငြမ်းထားတာပါ။ မူရင်းကဗျာမှာက "လန်လင်" လို့ ပါပေမဲ့၊ ဒီနေရာမှာ သုံးဖို့က မသင့်တော်ဘူးဆိုတော့ ရှောင်မင်က မျက်နှာပြောင်တိုက်ပြီး "ချင်းကျိုး" လို့ ပြောင်းလိုက်ကာ ခဏလောက်တော့ ခိုးချသူ တစ်ယောက် ဖြစ်သွားတာပေါ့။
ကဗျာရွတ်အပြီးမှာတော့ ရှေးဟောင်း ကဗျာဆရာကြီးရဲ့ လက်ရာကို ခိုးယူလိုက်မိလို့ ရှောင်မင် ရင်ထဲမှာ နည်းနည်းတော့ မလုံမလဲ ဖြစ်သွားတယ်။ ဒါပေမဲ့ သူရောက်နေတာက လုံးဝ မသက်ဆိုင်တဲ့ ကမ္ဘာကြီးတစ်ခု ဆိုတာကို သတိရသွားတော့မှ စိတ်အေးသွားတော့တယ်။
ဒါပေမဲ့ သူ မော့ကြည့်လိုက်တော့ ဝမ်ရှစ်ကျဲ့နဲ့ လုလော့တို့က ဝင်ရိုးစွန်းဝက်ဝံကြီးက ပင်ဂွင်းငှက်ကို မြင်လိုက်ရသလိုမျိုး သူ့ကို အံ့သြတကြီး စိုက်ကြည့်နေကြတာကို တွေ့လိုက်ရတယ်။
ဝမ်ရှစ်ကျဲ့က တံတွေးကို အနိုင်နိုင် မြိုချလိုက်တယ်။ သူ မူးနေပေမဲ့လည်း သူ့ရဲ့ အညံ့စား ကဗျာနဲ့ ခုနက ရှောင်မင် ရွတ်သွားတဲ့ လက်ရာမွန်ကြီးကြားက ကွာခြားချက်ကို သူ ကောင်းကောင်း သိသေးတယ်လေ။ ခဏလောက် အံ့သြမှင်တက်နေပြီးမှ သူက "အချိန်အခါမရွေး ရှင်သန်နေမယ့် လက်ရာမွန်ကြီးပါလား မင်းသားလေးက တကယ့်ကို စာပေနတ်မင်းကြီး ဝင်စားတာပဲ။ ကျွန်တော်မျိုး ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး" လို့ အာမေဍိတ်သံနဲ့ ပြောလိုက်တယ်။
"ညီလေးဝမ်... မင်းက သိပ်မြှောက်လွန်းနေပြီ။ ကဗျာတိုလေး တစ်ပုဒ်ပါ။ လာ... ဆက်သောက်ကြရအောင်" ရှောင်မင်က ဝမ်ရှစ်ကျဲ့ကို နောက်တစ်ခွက် ထပ်ငဲ့ပေးရင်း ပြောလိုက်တယ်။
ပညာရှင်တွေ စုဝေးရာ ချန်အန်းမြို့တော်မှာ နေခဲ့ဖူးတဲ့ လုလော့က ကဗျာတွေ အများကြီး ကြားဖူးတယ်။ ခုနက ရှောင်မင် ရွတ်သွားတဲ့ ကဗျာက သေချာပေါက် အဆင့်မြင့် လက်ရာတစ်ခုပဲ ဆိုတာ သူမ သိတယ်။ "မင်းသားလေးက အရမ်း နှိမ့်ချလွန်းပါတယ်။ ဒီကဗျာကိုသာ ချန်အန်းမှာ ကြားလိုက်ရရင် ထိပ်တန်း ပညာရှင်တွေတောင် ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်" လို့ သူမက ဝင်ပြောတယ်။
"သခင်မလေး လုလော့ ပြောတာ မှန်တယ်။ မင်းသားလေးရဲ့ ကဗျာက တကယ့်ကို ထူးခြားပြောင်မြောက်လွန်းတယ်။ ဒီကဗျာက မင်းသားလေးရဲ့ လက်ရှိ စိတ်ခံစားချက်ကိုလည်း ထင်ဟပ်နေတယ်လို့ ထင်တယ်။ ချင်းကျိုးရဲ့ အရက်ကောင်းကို သောက်ရင်း ဒီမှာ နေလာတာ ငါးနှစ်တောင် ရှိပြီဆိုတော့ ချန်အန်းကို လွမ်းဆွတ်မိတာက သဘာဝပါပဲ" လို့ ဝမ်ရှစ်ကျဲ့က ပြောတယ်။
လီပိုရဲ့ ကဗျာက အိမ်နဲ့ဝေးနေရတဲ့ ဝမ်းနည်းမှုကို ဖော်ပြထားတာ တကယ်ပါပဲ၊ ဝမ်ရှစ်ကျဲ့ရဲ့ ကောက်ချက်ချမှုကလည်း မမှားပါဘူး။ ဒါပေမဲ့ ရှောင်မင်ကတော့ ကဗျာထဲကလို ခံစားချက်မျိုး မရှိဘူးလေ။ သူက ဒီရောက်နေရတာကို တော်တော်လေး ကျေနပ်နေတာ။
ဒါပေမဲ့ စကားလမ်းကြောင်း မပြတ်သွားအောင်လို့ သူက "ညီလေးဝမ် ပြောတာ မှန်ပါတယ်။ ဒါတွေကို ခေါင်းထဲ မထည့်ကြပါနဲ့တော့။ သောက်ကြတာပေါ့" လို့ ပြောလိုက်တယ်။
သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ဆက်သောက်ကြပြီး နောက်ထပ် နှစ်ခွက်လောက် အကုန်မှာတော့ ဝမ်ရှစ်ကျဲ့လည်း ဆက်မခံနိုင်တော့ဘဲ စားပွဲပေါ် မှောက်ရက်ကျကာ လုံးဝ သတိလစ်သွားတော့တယ်။
သုံးခွက်လောက်ပဲ သောက်ရသေးတဲ့ ရှောင်မင်ကတော့ နည်းနည်းလေးပဲ ရီဝေဝေ ဖြစ်နေသေးတာ။ ဝမ်ရှစ်ကျဲ့ သတိလစ်သွားတာကို မြင်တော့ "သခင်လေးဝမ်ကို ပြန်ပို့ဖို့ လီဆန်ကို သွားခေါ်ချေ" လို့ လုလော့ကို သူက အမိန့်ပေးလိုက်တယ်။
လုလော့က ခေါင်းညိတ်ပြပြီး အောက်ထပ်ကို ဆင်းသွားတယ်။ သိပ်မကြာခင်မှာပဲ လီဆန် တက်လာပြီး ဝမ်ရှစ်ကျဲ့ကို အောက်ထပ်ဆီ တွဲခေါ်သွားတယ်။
အဲဒီအချိန်မှာပဲ ကျီယွမ်က အပေါ်ထပ်ကို တက်လာပြီး "မင်းသားလေး... အရက်တွေ တော်တော် သောက်ထားတယ်နော်။ နားချင်ပြီလား ဘုရား" လို့ မေးတယ်။
ရှောင်မင်က လက်ကာပြလိုက်ပြီး "မလိုပါဘူး။ လာ... ဒီကနေ ကြည့်ရတဲ့ မြင်ကွင်းက တော်တော်လှတယ်။ ချင်းကျိုးရဲ့ နှင်းမြင်ကွင်းကို အတူတူ ထိုင်ကြည့်ကြတာပေါ့" လို့ ပြောလိုက်တယ်။
လုလော့က ဝင်ပြီး "မမ... ခုနက မင်းသားလေး ကဗျာတစ်ပုဒ် ချက်ချင်း စပ်ပြလိုက်တာ တကယ့်ကို အံ့မခန်းပဲ" လို့ ပြောတယ်။
"နောက်မနေနဲ့။ မင်းသားလေးက ကဗျာစပ်တတ်လို့လား" ကျီယွမ်က လုလော့ နောက်နေတယ်ထင်ပြီး လုလော့ရဲ့ အင်္ကျီလက်ကို လှမ်းဆွဲလိုက်တယ်။
လုလော့က နှုတ်ခမ်းလေးဆူပြီး ကဗျာကို ရွတ်ပြလိုက်တယ်။
ကျီယွမ် နားထောင်ပြီး ခဏလောက် မှင်တက်သွားကာမှ သတိပြန်ဝင်လာတယ်။ သူမက ရှောင်မင်ဘက်ကို လှည့်ပြီး "မင်းသားလေး... တကယ်ပဲ မင်းသားလေး ကိုယ်တိုင် စပ်ထားတာလား" လို့ မေးလိုက်တယ်။
ရှောင်မင် မျက်နှာပူသွားပေမဲ့ "ဒါပေါ့။ ငါ့ရဲ့ စာပေစွမ်းရည်ကို သံသယဝင်နေလို့လား" လို့ ပြန်ဖြေရတော့တယ်။
"မဟုတ်ရပါဘူး။ မင်းသားလေးဆီမှာ ဒီလောက် ပါရမီတွေ ရှိနေမယ်လို့ ကျွန်မ မထင်ထားခဲ့လို့ပါ။ ကိုယ်လုပ်တော်ကြီး အပါးမှာ နေခဲ့တုန်းက ကိုယ်လုပ်တော်ကြီးက မင်းသားလေးကို ပညာမတတ်ဘူးလို့ ခဏခဏ ပြောလေ့ရှိတာ။ အခု ကြည့်ရတာတော့ ချင်းကျိုးမှာ နေခဲ့တဲ့ နှစ်တွေအတွင်း မင်းသားလေးက စာတွေ သေချာ လေ့လာခဲ့ပုံရတယ်" လို့ ကျီယွမ်က ပြောတယ်။ ပြီးတော့ ဆက်ပြီး "ဒါပေမဲ့ ကျွန်မ အထင်တော့ ဒီကဗျာကို နည်းနည်းလေး ပြင်လိုက်ရင် ပိုကောင်းမယ် ထင်တယ်" လို့ သူမက ထပ်ပြောတယ်။
"သြော်... ဘယ်လို ပြင်ရမလဲ ပြောပြပါဦး" ရှောင်မင်က စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။
" 'သူတို့ရဲ့ ဇာတိမြေ ဘယ်မှာလဲဆိုတာတောင် မေ့သွားကြလိမ့်မယ်' ဆိုတဲ့ စာကြောင်းအစား 'သူတို့ရဲ့ ဇာတိမြေက တခြားမှာ ဆိုတာကိုတောင် မေ့သွားကြလိမ့်မယ်' လို့ ပြောင်းလိုက်ရင်ရော။ အဲဒါဆိုရင် ချန်အန်းကို လွမ်းဆွတ်နေတဲ့ ခံစားချက်ကို ပိုပြီး ပေါ်လွင်သွားစေမယ်လေ" ကျီယွမ်က သေချာ စဉ်းစားပြီး အကြံပေးတယ်။
ရှောင်မင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။ "အင်း... အဲဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ မူရင်းထက်တော့ ပိုကောင်းချင်မှ ကောင်းလိမ့်မယ်" သူက ပြောရင်းနဲ့ ကျီယွမ်ကို အကဲခတ်နေတယ်။ ပုံမှန်အားဖြင့်ဆိုရင် တင်းကျပ်တဲ့ အဆင့်အတန်း ခွဲခြားမှုတွေအရ ရှောင်မင်ရဲ့ ကဗျာကို ကျီယွမ်က ဒီလို လွယ်လွယ်ကူကူ ဝင်ပြင်ပေးရဲမှာ မဟုတ်ဘူး၊ အဲဒါက ရိုင်းစိုင်းရာ ကျတယ်လေ။ အခု သူမက ဒီလိုပြောလာတာ တမင်သက်သက် ရည်ရွယ်ချက် ရှိရမယ်။
ကျီယွမ်က ရှင်းပြတယ်။ "ကျွန်မမှာ စာပေပါရမီ ရှိတယ်လို့ ကြွားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းသားလေးရဲ့ ကဗျာက 'မူးယစ်ချင်းကျိုး' အရက်နဲ့ အံဝင်ခွင်ကျ ဖြစ်နေတယ်လို့ ခံစားရလို့ပါ။ မင်းသားလေးရဲ့ ကဗျာကို 'မူးယစ်ချင်းကျိုး' အိုးတွေပေါ်မှာ ရေးထိုးပြီး ဧကရာဇ်ဆီများ သတင်းရောက်သွားရင်၊ မင်းသားလေးရဲ့ လွမ်းဆွတ်မှုကို ဧကရာဇ်က ကိုယ်ချင်းစာပြီး သနားသွားနိုင်တယ်။ တစ်ခါတလေကျရင်..."
"တစ်ခါတလေကျရင် ငွေတွေ အလုံးလိုက် အရင်းလိုက် ဝင်လာနိုင်တယ်ပေါ့။ သိပ်ကောင်းတာပဲ" ရှောင်မင်က လက်ခုပ်တီးပြီး ရယ်လိုက်တယ်။
ကျီယွမ်ကတော့ ဘာပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ ချီမင်းသားက အခုဆို ငွေကိုပဲ အသေအလဲ မက်နေတော့တာ။ သူမ ဆိုလိုချင်တာက ဧကရာဇ်က သားအဖ သံယောဇဉ်ကြောင့် မင်းသားကို မြို့တော် ပြန်လည်လည်ပတ်ခွင့် ပြုနိုင်တယ် ဆိုတဲ့ အကြောင်းပါ...
အပိုင်း ( ၃၄ ) ပြီးဆုံး
***