အလုပ်မရှိဘဲ အားနေတဲ့အခါ အချိန်ကုန်တာ အရမ်းမြန်တယ်။ လီဆန် ချန်အန်းကို ထွက်သွားကတည်းက မျက်စိတစ်မှိတ်အတွင်းမှာပဲ လဝက်လောက် ကုန်သွားခဲ့ပြီ။
ဒီနှစ်ပတ်အတွင်းမှာ ချင်းကျိုးမှာ နှင်းတွေက ရွာလိုက်၊ တိတ်လိုက်နဲ့ မြို့ထဲမှာ နှင်းထုက လူတစ်ယောက်ရဲ့ ဒူးခေါင်းလောက်အထိ နစ်နေပြီ။ နေထွက်လာလို့ နှင်းတွေ အရည်ပျော်သွားရင်လည်း လမ်းတွေက တော်တော်လေး ဗွက်ထနေတော့တာပဲ။
ဒါကြောင့် ချင်းကျိုးက ပြည်သူတွေက အပြင်ထွက်ဖို့ ပိုပြီး ပျင်းလာကြတယ်။
ရှောင်မင်လည်း မြို့သူမြို့သားတွေလိုပဲ ခံစားရတယ်။ လက်မှုပညာဌာနကို သွားပြီး အလုပ်တိုးတက်မှုကို ရံဖန်ရံခါ ကြီးကြပ်တာကလွဲရင် အချိန်အများစုကို အိမ်တော်ထဲမှာပဲ ပုံဆွဲရင်း ကုန်ဆုံးခဲ့တယ်။ ဒီနေ့တော့ ဂယ်လီယွန် သင်္ဘောအတွက် တည်ဆောက်ပုံ၊ အကြမ်းဖျင်း ပုံစံနဲ့ အသေးစိတ် အစိတ်အပိုင်း ပုံကြမ်းတွေကို အပြီးသတ် ဆွဲနိုင်ခဲ့ပြီလေ။
"တော်သေးတယ်... ငါ့မှာ ပန်းချီဆွဲတဲ့ ဝါသနာလေး ပါလာလို့" ရှောင်မင်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရေရွတ်လိုက်တယ်။ ခေတ်သစ်ကမ္ဘာမှာတုန်းက သူ့ရဲ့ တစ်ခုတည်းသော ဝါသနာက ရုပ်ပြကာတွန်းတွေ ဆွဲတာဆိုတော့ ပုံဆွဲတဲ့နေရာမှာ အတွေ့အကြုံ နည်းနည်း ရှိနေတာကိုး။
စုတ်တံကို သုံးပြီး ဆွဲထားတာ ဆိုပေမဲ့ သူ့ပုံကြမ်းတွေက တော်တော်လေး သေသပ်ပြီး ကွန်ပျူတာနဲ့ ဆွဲထားတဲ့ ပုံစံဒီဇိုင်းတွေလိုပဲ မျဉ်းကြောင်းတွေက ရှင်းလင်းပြတ်သားနေတယ်။
"မင်းသားလေး ဘာတွေများ သဘောကျနေတာလဲ" မနက်စာ လာပို့တဲ့ လုလော့က လှမ်းမေးလိုက်တယ်။
ဆောင်းတွင်းရောက်ကတည်းက စားစရာတွေက ပိုပြီး ရိုးရှင်းလာတယ်။ မနက်စာဆိုရင် ပေါင်မုန့်ပြား နှစ်ချပ်နဲ့ ဂျုံခေါက်ဆွဲပြုတ် တစ်ပန်းကန်လောက်ပဲ ပါတယ်။ ဒါပေမဲ့ အခုက အမဲလိုက်တဲ့ ရာသီဆိုတော့ ဈေးထဲမှာ သမင်သားနဲ့ တောကောင်သားတွေတော့ ရနိုင်တယ်။ အခု ချီမင်းသား အိမ်တော်မှာ ငွေနည်းနည်းပါးပါး ရှိနေပြီဆိုတော့ တစ်ခါတလေ အသားဟင်းလေး ဘာလေး စားနိုင်နေပြီ။
"သင်္ဘောပုံဆွဲလို့ ပြီးသွားပြီလေ" ရှောင်မင်က ပျော်ရွှင်စွာနဲ့ ပြောရင်း ပေါင်မုန့်ပြားကို လှမ်းယူလိုက်တဲ့အချိန် သူ့လက်ချောင်းတွေက လုလော့ရဲ့ လက်ကလေးကို တမင် ပွတ်တိုက်သွားတယ်။
လုလော့က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပေမဲ့ ရှောင်မင်ရဲ့ နောက်ပြောင်တတ်တဲ့ အကျင့်ကို အသားကျနေပြီလေ။
စားပွဲပေါ်က ပုံကြမ်း ဆယ်ပုံကျော်လောက်ကို ကြည့်ပြီး လုလော့က လျှာလေးထုတ်လိုက်တယ်။ "မင်းသားလေးက တကယ် တော်တာပဲ။ ကျွန်မသာဆို ဒီလောက်အများကြီးကို ဘယ်နှစ်နှစ်လောက် ဆွဲရမလဲ မသိဘူး"
ရှောင်မင် စိတ်ကြည်နေတယ်။ ပုံကြမ်းတွေ ပြီးပြီဆိုတော့ ကျန်းလျန်ကို ဒီစီမံကိန်း စလုပ်ခိုင်းဖို့ အချိန်တန်ပြီ။ လက်ရှိအခြေအနေမှာ တာယွီနိုင်ငံတော်ကြီးရဲ့ သင်္ဘောတည်ဆောက်ရေး နည်းပညာက သိပ်နောက်ကောက်ကျနေတာ မဟုတ်ဘူးလို့ သူ ယုံကြည်တယ်... တကယ် လိုအပ်နေတာက ဆန်းသစ်တဲ့ တွေးခေါ်မှုနဲ့ အဆင့်မြင့် နည်းစနစ်တွေပဲ။
"ဒါက သိပ်မခက်ပါဘူး။ ညဘက် အားရင် ဒီကိုလာခဲ့၊ ငါသင်ပေးမယ်။ မင်း မြန်မြန် တတ်သွားစေရမယ်လို့ ငါအာမခံတယ်" ပေါင်မုန့်ကို ကိုက်စားရင်း ရှောင်မင်က ပြောလိုက်တယ်။
လုလော့ရဲ့ ပါးပြင်လေးတွေ နီရဲသွားတယ်။ "မင်းသားလေးက ကျွန်မကို ထပ်စနေပြန်ပြီ။ အလိမ်တော့ မခံပါဘူး" ပြောပြောဆိုဆိုနဲ့ နှုတ်ခမ်းလေးဆူကာ ရှောင်မင်ရဲ့ အခန်းထဲကနေ ထွက်သွားတော့တယ်။
လုလော့ ထွက်သွားတာကို ကြည့်ပြီး ရှောင်မင်က သဘောကျစွာနဲ့ တခစ်ခစ် ရယ်လိုက်တယ်။ မနက်စာကို အမြန်စားပြီးတာနဲ့ ပုံကြမ်းတွေကို ယူကာ လက်မှုပညာဌာနဘက်ကို ထွက်လာခဲ့တယ်။
အေးခဲနေတဲ့ ဆောင်းတွင်းကြီးမှာ တခြား သိပ်လုပ်စရာ မရှိတော့ သူက လက်မှုပညာဌာနနဲ့ အိမ်တော်ကြားမှာပဲ ကူးချည်သန်းချည် လုပ်နေရတာလေ။
ဒါ့အပြင် စိုက်ပျိုးရေး မလုပ်တဲ့ ဒီရာသီကို အခွင့်ကောင်းယူပြီး ရိုးရှင်းတဲ့ အလုပ်ရုံတချို့ တည်ဆောက်ထားချင်တာ။ ဒါမှ နွေဦးပေါက်တာနဲ့ အသင့် သုံးလို့ရမှာ။
"မင်းသားလေး" ချန်ချီက ရှောင်မင်ကို အရိုအသေပေးရင်း နှုတ်ဆက်တယ်။
တခြားနေရာတွေနဲ့ မတူဘဲ လက်မှုပညာဌာနမှာတော့ လူတွေ လှုပ်လှုပ်ရွရွနဲ့ အလုပ်ရှုပ်နေကြတယ်။ ပန်းဘဲဆရာတွေ၊ အစေခံတွေ အားကြိုးမာန်တက် အလုပ်လုပ်နေကြပြီး၊ နောက်ဖေးခြံဝင်းထဲမှာတော့ သုံးမီတာကျော် မြင့်တဲ့ မီးပြင်းဖိုကြီး နှစ်ခုကို တည်ဆောက်ထားတယ်။
မီးဖိုတွေရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ကုန်ကြမ်းတွေ ထည့်ဖို့ မြေသားလှေကားတွေ လုပ်ထားပြီး၊ အောက်ခြေမှာတော့ မီးဖိုတစ်ခုစီကို လေမှုတ်သွင်းဖို့ ဖိုသီကြီး တစ်ခုစီနဲ့ ဆက်သွယ်ထားတယ်။
မီးဖိုတွေရဲ့ အရှေ့မှာတော့ မည်းမည်းသဲသဲနဲ့ သာမန်ပုံစံ ပစ္စည်းပုံကြီးတွေ ရှိနေတယ်... အဲဒါက ကျောက်မီးသွေး မဟုတ်ဘူး၊ ရှောင်မင်က ချန်ချီကို ထုတ်လုပ်ခိုင်းထားတဲ့ ကုတ်ကျောက်မီးသွေး တွေပဲ။
"သံချက်တဲ့ စမ်းသပ်မှု ဘယ်လိုနေလဲ" ရှောင်မင်က မေးလိုက်တယ်။
ရှောင်မင် သင်ပေးထားတဲ့ သေချာတဲ့ နည်းစနစ်တွေကြောင့် ချန်ချီအတွက် အမှားအယွင်းတွေ အများကြီး သက်သာသွားပေမဲ့၊ ဒီလုပ်ငန်းစဉ်က လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့တော့ လိုအပ်သေးတာကိုး။
"မင်းသားလေး... အစပိုင်း ကုတ်ကျောက်မီးသွေး ထုတ်လုပ်တဲ့ စမ်းသပ်မှုတွေက မအောင်မြင်ခဲ့ဘူး။ ထွက်လာတဲ့ သံတွေမှာ အညစ်အကြေးတွေ အရမ်းများနေလို့။ နောက်ပိုင်း အပူချိန်ကို ချိန်ညှိပြီး ကာဗွန်ကို ပိုလုံအောင် ပိတ်လိုက်တော့မှ အရည်အသွေးမီတဲ့ ကုတ်ကျောက်မီးသွေး ရလာတာပါ။ သံချက်တဲ့ အချိန်မှာလည်း ပန်းဘဲထုဖို့ စံနှုန်းမီတဲ့ သံနု ရလာအောင် လေမှုတ်အားနဲ့ ကုတ်ကျောက်မီးသွေး ပမာဏကို အကြိမ်ကြိမ် ချိန်ညှိခဲ့ရပါတယ်" လို့ ချန်ချီက ရှင်းပြတယ်။
သံချက်ဖို့ မီးပြင်းဖိုတွေကို သုံးဖို့ ရှောင်မင်က ညွှန်ကြားထားကတည်းက ချန်ချီဟာ ဒီအလုပ်မှာပဲ အာရုံစိုက်ပြီး နစ်မြုပ်နေခဲ့တာ။ အခုတော့ သူက သံနု ထုတ်လုပ်တဲ့ နေရာမှာ အောင်မြင်သွားခဲ့ပြီ။
ရှောင်မင် ခေါင်းညိတ်လိုက်တယ်။ "ကောင်းတယ်။ ပုံစံခွက်တွေ ရပြီဆိုတာနဲ့ ဒီသံနုတွေကို အရည်အသွေးမီ သံမဏိဖြစ်အောင် ပြန်လည်သန့်စင်လို့ ရပြီ။ ငါတို့ရဲ့ တွင်ခုံစက်တွေနဲ့ ဖြတ်စက်သွားတွေရဲ့ ခိုင်ခံ့မှုကလည်း ပိုတိုးတက်လာလိမ့်မယ်"
"အိမ်တော်ထိန်းကြီး ချန်တာ့ဖူ ပြန်အလာကိုပဲ စောင့်နေရတာ။ သူထွက်သွားတာ ရက်နှစ်ဆယ်ကျော်နေပြီ။ ဘာလို့ ပြန်မလာသေးတာလဲ မသိဘူး" ချန်ချီက မနေနိုင်ဘဲ စိုးရိမ်တကြီး ပြောလိုက်တယ်။
ရှောင်မင် မျက်မှောင်ကြုတ်သွားတယ်။ သူကိုယ်တိုင်လည်း စိတ်ပူနေတာလေ။ လမ်းတွေက နှင်းတွေပိတ်နေပြီး ဓားပြတွေကလည်း သောင်းကျန်းနေတော့ ဘာအမှားအယွင်းမှ မဖြစ်ပါစေနဲ့လို့ပဲ သူ မျှော်လင့်နေမိတယ်။
သံနုတုံးတွေကို တစ်ချက်ကြည့်ပြီး ရှောင်မင်က "စိတ်မပူပါနဲ့။ လက်မှုပညာဌာနမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိပါသေးတယ်။ လောလောဆယ် တခြားအလုပ်တွေကိုပဲ အာရုံစိုက်ထားလိုက်။ ဒါနဲ့ စကားမစပ်... ကျန်းလျန်နဲ့ သူ့လူတွေ အခုတလော ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။
ချန်ချီက ကျန်းလျန်နဲ့ သူ့လူတွေကို မေ့တောင်မေ့နေပုံရတယ်။ ရှောင်မင် မေးတော့မှ သူက "မင်းသားလေး... သူတို့တွေ အကြမ်းအလုပ်တွေ လုပ်နေကြတာ တော်တော်လေး ကြိုးစားကြပါတယ်။ ဘာဖြစ်လို့လဲ မင်းသားလေး" လို့ ပြန်ဖြေတယ်။
ရှောင်မင်က ပုံကြမ်းတွေကို မြှောက်ပြလိုက်တယ်။ "ဒါအတွက်လေ။ လက်မှုပညာဌာနက ဒါနဲ့ပတ်သက်တဲ့ အစိတ်အပိုင်း တချို့ ထုတ်ပေးဖို့ လိုလာနိုင်တယ်"
"မင်းသားလေး... ကျွန်တော်မျိုး ကြည့်လို့ရမလား" ချန်ချီက ချက်ချင်းပဲ စိတ်အားထက်သန်သွားတယ်။
ချန်ချီရဲ့ စရိုက်ကို သိနေတဲ့ ရှောင်မင်က သူ့ကို မစတော့ဘဲ ပုံကြမ်းတွေကို ကမ်းပေးလိုက်တယ်။
"ဒါက သင်္ဘောလား" ပုံကြမ်းတွေကို တစ်ချက်ကြည့်ပြီး ချန်ချီက အာမေဍိတ်သံနဲ့ ပြောတယ်။ "ဒါပေမဲ့ ဒီလို သင်္ဘောမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး"
"ဒီသင်္ဘောအမျိုးအစားကို မူလက ဂယ်လီယွန် လို့ခေါ်တယ်။ ငါက နည်းနည်းပါးပါး ပြင်ဆင်ပြီးတဲ့နောက် အခုတော့ 'ချင်းကျိုးသင်္ဘော' လို့ နာမည်ပေးထားတယ်" ရှောင်မင်က ရှင်းပြတယ်။
ချန်ချီက ပုံကြမ်းတွေကို လှန်လှောကြည့်ပြီးနောက် ခေါင်းကုတ်ကာ ပြန်ပေးတယ်။ "မင်းသားလေး... သင်္ဘောတည်ဆောက်ရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်မျိုး မကူညီနိုင်လောက်ဘူး။ အရင်က တစ်ခါမှ မလေ့လာဖူးဘူးလေ"
"မင်းကို သင်္ဘောဆောက်ခိုင်းနေတာ မဟုတ်ပါဘူး၊ အစိတ်အပိုင်း တချို့ ထုတ်ပေးဖို့လောက်ပဲ အကူအညီတောင်းတာပါ" ရှောင်မင်က ရယ်ရင်း ပြောတယ်။
ချန်ချီ သက်ပြင်းချလိုက်နိုင်ပြီးမှ ရုတ်တရက် သတိရသွားတယ်။ "ဒါကြောင့် မင်းသားလေးက ကျန်းလျန်ကို ရှာနေတာကိုး။ သူ့မိသားစုက အရင်တုန်းက သင်္ဘောကျင်း လုပ်ခဲ့တာဆို။ ကျွန်တော် အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်"
သိပ်မကြာခင်မှာပဲ ချန်ချီက ကျန်းလျန်ကို ခေါ်လာတယ်။ ကျန်းလျန်က အရိုအသေပေးပြီး "ကျွန်တော်မျိုး မင်းသားလေးကို ဂါရဝပြုပါတယ်" လို့ နှုတ်ဆက်တယ်။
"တရိုတသေတွေ လုပ်မနေပါနဲ့" လို့ ပြောရင်း ရှောင်မင်က ကျန်းလျန်ကို ထူပေးလိုက်တယ်။ "မင်းကို ခိုင်းစရာရှိလို့ ခေါ်လိုက်တာ။ မင်းတို့ မိသားစုကို အကြမ်းအလုပ်တွေ ခိုင်းထားရတာက နှမြောစရာပဲ။ ရော့... ဒါကို ကြည့်ပြီး မင်း ဆောက်နိုင်မလား ဆိုတာ ပြောပြစမ်းပါ"
ကျန်းလျန် အံ့သြသွားတယ်။ သူက ရှောင်မင်ဆီက ပုံကြမ်းတွေကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်တာနဲ့ မှင်တက်သွားတော့တယ်။ အချိန်အတော်ကြာမှ သူက စာမျက်နှာ တစ်ရွက်ချင်းစီကို အလောတကြီး လှန်ကြည့်တယ်။ နောက်ဆုံးမှာတော့ သူ့လက်တွေက အထိန်းအကွပ်မရှိ တုန်ယင်နေပြီ။
"မင်းသားလေး... ဒီပုံကြမ်းတွေကို ဘယ်ကရတာလဲ။ ဒီလိုသင်္ဘောမျိုး ကျွန်တော် တစ်ခါမှ မကြားဖူးပေမဲ့၊ ကျွန်တော့်ရဲ့ အတွေ့အကြုံအရဆိုရင် ဒီသင်္ဘောက ပင်လယ်ခရီးစဉ်တွေအတွက် အံဝင်ခွင်ကျပဲ" လို့ ကျန်းလျန်က ပြောတယ်။
ရှောင်မင် ခေါင်းညိတ်လိုက်တယ်။ ဒီမှတ်ချက် တစ်ခွန်းတည်းနဲ့တင် ကျန်းလျန်မှာ ပညာရပ်ဆိုင်ရာ အတွေ့အကြုံတွေ ရှိသေးတယ်ဆိုတာ ပြသနေတယ်လေ၊ ဒီဒီဇိုင်းရဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မှုကို သူ အကဲခတ်နိုင်တာကိုး။ "အဲဒါကို မမေးနဲ့။ မင်း ငါ့အတွက် ဒီသင်္ဘောကို ဆောက်ပေးချင်သလား ဆိုတာပဲ သိချင်တာ"
"ဆောက်ပေးချင်ပါတယ်" ကျန်းလျန်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေတယ်။ "ကျောက်မီးသွေးပြာတွေ၊ သတ္တုရိုင်းတွေကြားမှာ နေ့ရက်တွေ ကုန်ဆုံးနေရတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့"
"ကောင်းတယ်။ အဲဒီလိုဆိုရင် မင်းရဲ့ သင်္ဘောကျင်းကို ငါ ပြန်လည် ထူထောင်ပေးမယ်။ ဒါပေမဲ့ အခုကစပြီး အဲဒါက အစိုးရပိုင် ဖြစ်သွားပြီ၊ မင်းနဲ့ ဘာမှမဆိုင်တော့ဘူး။ သဘောတူလား"
ကျန်းလျန်က သက်ပြင်းချလိုက်တယ်။ "ကျွန်တော်မျိုးက ရာဇဝတ်ကောင်နဲ့ ကျေးကျွန် တစ်ယောက်ပါ။ တစ်သက်လုံး လေ့လာလာခဲ့တဲ့ ပညာရပ်တွေကို အသုံးချခွင့် ရဖို့လောက်ပဲ မျှော်လင့်ပါတယ်"
"ကောင်းပြီလေ။ နောက်ရက်အနည်းငယ်နေရင် မင်းနဲ့ မင်းမိသားစု သင်္ဘောကျင်းကို ပြန်သွားလို့ရပြီ။ ချင် မိသားစုနဲ့ ကိစ္စကိုတော့ ငါပဲ ရှင်းပေးလိုက်မယ်" လို့ ရှောင်မင်က ပြောတယ်။
ကျန်းလျန်ရဲ့ အရင် သင်္ဘောကျင်းကို ချင် မိသားစုက သိမ်းထားတာဆိုတော့၊ ရှောင်မင်က အဲဒါကို ပြန်ရွေးယူဖို့ လိုအပ်တယ်။ ဒီကိစ္စ ပြီးသွားပြီး လက်မှုပညာဌာနမှာလည်း အရေးတကြီး လုပ်စရာ မရှိတော့တာမို့ ရှောင်မင် အိမ်တော်ကို ပြန်လာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ တာယွီနိုင်ငံတော်ကြီးရဲ့ မြို့တော် ချန်အန်း သင်္ဘောဆိပ်ကမ်းကို ချင် မိသားစုရဲ့ ကုန်တင်သင်္ဘော ဖြည်းဖြည်းချင်း ဆိုက်ကပ်လာတယ်။
လီဆန် သင်္ဘောပေါ်က ဆင်းလာပြီး အဝေးက ခမ်းနားထည်ဝါလွန်းတဲ့ ချန်အန်းမြို့တော်ကြီးကို အံ့သြတကြီး ငေးကြည့်နေမိတော့တယ်။
အပိုင်း ( ၃၆ ) ပြီးဆုံး
***