"လီဆန်... မင်း ငါနဲ့အတူ မြို့ထဲလိုက်ခဲ့မလား၊ ဒါမှမဟုတ် ကျိန့်ကိုယ်လုပ်တော်ကြီးဆီ အရင်သွားပြီး အရိုအသေပေးမလား" လို့ ချင်မုက အိပ်ချင်မူးတူး မျက်လုံးတွေနဲ့ မေးလိုက်တယ်။ ရှည်လျားလှတဲ့ ခရီးစဉ်ကြီးက ပျင်းစရာကောင်းလွန်းလို့ သူ့အချိန်အများစုကို တစ်မှေးအိပ်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့တာလေ။
လီဆန်က "ကျွန်တော် မထွက်လာခင်တုန်းက ကိုယ်လုပ်တော်ကြီးဆီ စာတစ်စောင် ပို့ထားတယ်လို့ မင်းသားလေးက မိန့်ထားတယ်။ ဆိပ်ကမ်းမှာ ကျွန်တော့်ကို စောင့်နေမယ့်သူ ရှိမှာမို့ သခင်လေးချင်ကို ဒုက္ခမပေးတော့ပါဘူး" လို့ ပြန်ဖြေတယ်။
ချင်မုက ရယ်မောလိုက်ပြီး "ရပါတယ်။ မင်းက ချန်အန်းနဲ့ မရင်းနှီးတော့ လာကြိုမယ့်သူ ရှိတာ လမ်းမပျောက်တော့တာပေါ့။ မင်းသာ ပျောက်သွားရင် မင်းသားလေးက ငါ့ကို ဘယ်လို အပြစ်ပေးမလဲ မသိဘူး" လို့ ပြောတယ်။
လီဆန်က သဘောတူတဲ့အနေနဲ့ ပြုံးပြလိုက်တယ်။ သင်္ဘောပေါ်မှာ ဆယ့်ငါးရက်လောက် အတူတူ ဖြတ်သန်းပြီးတဲ့နောက် ချင်မုက သူ့အပေါ် တော်တော်လေး ယဉ်ကျေးလာတယ်။ ဒီလို ယဉ်ကျေးတာက သူ့ကိုလေးစားလို့ မဟုတ်ဘဲ ချီမင်းသားနဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးတို့ကို မျက်နှာထောက်လို့ဆိုတာ လီဆန် ကောင်းကောင်း သိတာပေါ့။
ချင်မု အဆိုအရတော့ ချင် မိသားစုမှာလည်း ချန်အန်းမှာ ဆိုင်တွေ ရှိတယ်တဲ့။ ချင်းကျိုးက မိုင်ထောင်ချီ ဝေးပေမဲ့ ချီမင်းသားက အရာအားလုံးကို အကုန် မကြည့်ရှုနိုင်တော့ တစ်ခါတလေ ချင် မိသားစုက ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ နာမည်ကို အသုံးချပြီး အကာအကွယ် ယူရတာမျိုးလည်း ရှိတယ်လေ။
သူတို့ စကားပြောနေတုန်းမှာပဲ ပန်းရောင် နန်းတွင်းဝတ်စုံနဲ့ အစေခံမလေး တစ်ယောက် သူတို့ဆီ လျှောက်လာပြီး "ဒါ ချင်းကျိုးက ချင် မိသားစုရဲ့ ကုန်တင်သင်္ဘောများလား" လို့ မေးတယ်။
"ဟုတ်ပါတယ်" လို့ ချင်မုက ရိုရိုသေသေ ပြန်ဖြေလိုက်တယ်။ အစေခံမလေးရဲ့ ဝတ်စားဆင်ယင်မှုက နန်းတော်ထဲကမှန်း သိသာနေတော့ သူ မပေါ့ဆရဲဘူး။
အစေခံမလေးက ချင်မုကို တစ်ချက်ကြည့်ပြီး အစေခံဝတ်စုံ ဝတ်ထားတဲ့ လီဆန်ကို လှမ်းကြည့်တယ်။ ကျိန့်ကိုယ်လုပ်တော်ကြီးက ချီမင်းသားဆီက စာကို ရပြီးကတည်းက အစေခံမလေးကို ဆိပ်ကမ်းမှာ နေ့တိုင်း သွားစောင့်ခိုင်းထားတာ။ ချင် မိသားစုရဲ့ အလံလွှင့်ထားတဲ့ သင်္ဘော ဆိုက်လာတာကို မြင်တာနဲ့ သူမက ချက်ချင်း လာမေးတာပဲ။
"ရှင်က လီဆန် လား" လို့ အစေခံမလေးက ချင် မိသားစုရဲ့ သင်္ဘောမှန်း သေချာသွားတော့ မေးလိုက်တယ်။
လီဆန်က အရိုအသေပေးပြီး "ဟုတ်ပါတယ်... ကျွန်တော်ပါ" လို့ ဖြေတယ်။
"အို... ကောင်းလိုက်တာ။ ကျွန်မ ဒီမှာ စောင့်နေတာ သုံးရက်ရှိပြီ။ ကျွန်မက ကျိန့်ကိုယ်လုပ်တော်ကြီး အပါးက အစေခံ လျှိုလီ ပါ။ ကိုယ်လုပ်တော်ကြီးက ရှင့်ကို ဒီမှာ လာစောင့်ခိုင်းထားတာ။ အခု ရောက်လာပြီဆိုတော့ ကျွန်မနောက်ကနေ နန်းတော်ထဲ လိုက်ခဲ့ပါ" လို့ လျှိုလီက စိတ်သက်သာရာရသွားတဲ့ ပုံနဲ့ ပြောတယ်။
လီဆန် ခေါင်းညိတ်လိုက်ပြီး လျှိုလီကို တည့်တည့်မကြည့်ရဲဘဲ မျက်နှာတွေ နီရဲသွားတယ်။
ချင်းကျိုးမှာတော့ ကျီယွမ်နဲ့ လုလော့တို့က ထိပ်တန်းအလှလေးတွေလို့ ဆိုရပေမဲ့ လျှိုလီကလည်း သူတို့နဲ့တန်းတူ လှတာပဲ။ လီဆန်က စိတ်ထဲကနေ မနေနိုင်ဘဲ တွေးလိုက်မိတယ်... မင်းသားလေးက ချန်အန်းကို ပြန်ဖို့ အသက်စွန့်ရဲတာ မဆန်းပါဘူး။ ကမ္ဘာပေါ်က အလှလေးတွေ အကုန်လုံးက ဒီခမ်းနားပြီး လင်းလက်နေတဲ့ နန်းတော်ကြီးထဲမှာ စုနေကြတာကိုး။
"ဒါဆို လမ်းပြပေးဖို့ အစ်မကိုပဲ ဒုက္ခပေးပါရစေ" လို့ လီဆန်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်။ "ဒါပေမဲ့ မင်းသားလေးက ပစ္စည်းတွေ အများကြီး သယ်သွားခိုင်းထားလို့"
"လွယ်ပါတယ်... ရထားလုံးပေါ် တင်ပေးဖို့ ကျွန်မ လူတွေ ခေါ်လာတယ်" လို့ လျှိုလီက ခပ်ဟဟ ရယ်ရင်း ပြောပြီး လီဆန်ကို ချန်အန်းမြို့ထဲဘက် ခေါ်သွားတယ်။ "ရှင်ကြည့်ရတာ ကျွန်မထက် အသက်နှစ်နှစ် သုံးနှစ်လောက် ကြီးမယ့်ပုံပဲ၊ အဲဒါကို ကျွန်မကို အစ်မ လို့ ခေါ်တယ်ပေါ့"
"အစ်မက ကိုယ်လုပ်တော်ကြီး အပါးမှာ ခစားနေရတာဆိုတော့ ကျွန်တော့်လို အောက်ခြေက အစေခံထက် အများကြီး အဆင့်အတန်း မြင့်ပါတယ်။ အစ်မလို့ ခေါ်တာ မှန်ပါတယ်" လို့ လီဆန်က မြှောက်ပင့်ပြောလိုက်တယ်။
လျှိုလီရဲ့ မျက်နှာလေးက မက်မွန်ပန်းလေးလို လှပပြီး သူမရဲ့ အပြုံးက ပွင့်နေတဲ့ ပန်းလေးတစ်ပွင့်လို လင်းလက်နေတယ်။ သူမက "မင်းသားလေး စာထဲမှာတော့ ရှင့်ကို စကားတတ်တယ်လို့ ရေးထားတယ်၊ တကယ်လည်း မမှားပါဘူး။ ဒါပေမဲ့ နန်းတော်ထဲမှာတော့ နည်းနည်း ဆင်ခြင်ရမယ်။ စကားပြောတာ သတိထား၊ မဟုတ်ရင် လျှာဖြတ်ခံရလိမ့်မယ်" လို့ သတိပေးတယ်။
"အာ" လီဆန် ထိတ်လန့်သွားပြီး တုန်တောင်တုန်သွားတယ်။
လင်းလက်နေတဲ့ နန်းတော်ကြီး ဆိုတာ ဧကရာဇ်ရဲ့ စံအိမ်တော်ဖြစ်လို့ တွေးကြည့်ရုံနဲ့တင် လီဆန် စိုးရိမ်နေတာ။ လျှိုလီရဲ့ သတိပေးစကားကြောင့် သူ့ရဲ့ စိုးရိမ်စိတ်တွေ ပိုဆိုးသွားပြီး သေးတောင် ထွက်ကျမလို ခံစားလိုက်ရတယ်။
လီဆန်ရဲ့ ပုံစံကို ကြည့်ပြီး လျှိုလီက မနေနိုင်ဘဲ နောက်ပြောင်တဲ့ အပြုံးလေးနဲ့ ပြုံးလိုက်တယ်။ "ဒါပေမဲ့ အရမ်းကြီးလည်း စိတ်မပူပါနဲ့။ ကျွန်မနောက်ကသာ လိုက်ခဲ့၊ မလိုအပ်ဘဲ ဝင်မပြောနဲ့၊ ဟိုဟိုဒီဒီလည်း လျှောက်မကြည့်နဲ့ပေါ့"
လီဆန်က အမြန်ပဲ "အစ်မ... မင်းသားလေး မျက်နှာကို ထောက်ပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး" လို့ ပြောလိုက်တယ်။
ချီမင်းသား အကြောင်း ပြောလိုက်တော့ လျှိုလီ မျက်မှောင် နည်းနည်း ကြုတ်သွားတယ်။ တကယ်တော့ အဲဒီ ပြဿနာရှာတတ်တဲ့ မင်းသားကို သူမကိုယ်တိုင်လည်း သိပ်သဘောကျလှတာ မဟုတ်ဘူးလေ။
ဆိပ်ကမ်း အစွန်မှာတော့ ရထားလုံး တစ်စီး စောင့်နေတယ်။ လီဆန်ရဲ့ အသနားခံစကားကို မဖြေတော့ဘဲ လျှိုလီက "တက်" လို့ပဲ ပြောလိုက်တယ်။
ရထားလုံးထဲ ရောက်တော့ လျှိုလီက ကျီယွမ်နဲ့ လုလော့တို့ အကြောင်း စမေးတယ်။ သူတို့ ချီမင်းသား အိမ်တော်မှာ အဆင်ပြေနေတယ် ဆိုတာ သိရတော့ သူမ စိတ်သက်သာရာ ရသွားပုံပေါ်ပြီး လီဆန်ကို ချန်အန်းမြို့အကြောင်း စပြောပြတော့တယ်။
ရထားလုံးက ဆိပ်ကမ်းကနေ ထွက်လာပြီး နာရီဝက်လောက် အကြာမှာ မြို့တံခါးကို ရောက်တယ်။ ကျိန့်တဲတံခါး က အစောင့်တွေက လီဆန်ရဲ့ အစေခံ မှတ်ပုံတင်ကို စစ်ဆေးပြီးမှ ချန်အန်းမြို့ထဲ ဝင်ခွင့်ပြုတယ်။
ရထားလုံးထဲမှာ ထိုင်နေရင်း လီဆန်က မြို့ရဲ့ စည်ကားသိုက်မြိုက်တဲ့ အသံတွေကို ကြားရတော့ မနေနိုင်ဘဲ လိုက်ကာကို လှန်ပြီး အပြင်ကို ခိုးကြည့်လိုက်တယ်။
"ချန်အန်းမှာ လူတွေ အများကြီးပဲ" ကျိန့်တဲတံခါးကနေ ဝင်လာတဲ့ လမ်းမကျယ်ကြီးပေါ်က ပြည့်ကျပ်နေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း လီဆန် မှတ်ချက်ချလိုက်တယ်။ ချင်းကျိုးမှာ အစည်ကားဆုံး ဈေးနေ့တွေထက်တောင် ပိုပြီး စည်ကားနေသေးတယ်။
လျှိုလီက "ဒါက အစည်ကားဆုံး အချိန် မဟုတ်သေးဘူး။ နေ့လယ်လောက်ဆိုရင် လမ်းတွေပေါ်မှာ ရထားလုံးတွေတောင် သွားလို့မရအောင် ကျပ်သွားမှာ" လို့ ပြောတယ်။
လီဆန် အံ့သြမှင်တက်သွားတယ်။ သူ ဆက်ကြည့်နေရင်း သူတို့ ရထားလုံး အပြင် မီတာငါးဆယ်လောက် ကျယ်တဲ့ ကျောက်ပြားခင်း လမ်းမကြီးပေါ်မှာ ရွှေတွေ၊ ကျောက်စိမ်းတွေနဲ့ အလှဆင်ထားတဲ့ ဇိမ်ခံရထားလုံးတွေ အပြည့်ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ရထားလုံးတွေထဲမှာ ခရမ်းရောင်၊ အနီရောင်၊ အစိမ်းရောင် ဝတ်စုံတွေ ဝတ်ထားတဲ့ အမတ်တွေ၊ ပိုးထည်တွေ ဝတ်ထားတဲ့ သူဌေးကုန်သည်တွေနဲ့ တစ်ခါတလေ ပုတီးစေ့ လိုက်ကာတွေ နောက်ကနေ အင်မတန် လှပတဲ့ မှူးမတ်အမျိုးသမီးတွေရဲ့ မျက်နှာတွေကိုပါ လှမ်းမြင်နေရတယ်။
သူဝတ်ထားတဲ့ ကြမ်းတမ်းတဲ့ အပြာရောင် အဝတ်အစားကို ငုံ့ကြည့်ပြီး လီဆန် ရုတ်တရက် သိမ်ငယ်စိတ် ဝင်သွားတယ်။ ချန်အန်းက သာမန်ပြည်သူတွေတောင် သူ့ထက် ပိုကောင်းတာ ဝတ်ထားကြတာကိုး။
"ချန်အန်းက ကမ္ဘာပေါ်မှာ အကြီးပွား အချမ်းသာဆုံး နေရာလို့ မင်းသားလေး ပြောတာ မဆန်းပါဘူး" လီဆန် သက်ပြင်းချလိုက်တယ်။
"ဒါပေါ့" လို့ လျှိုလီက ပြောတယ်။ "ဒါပေမဲ့ မင်းသားလေးက ဒီခရီးစဉ်အတွက် ရှင့်ကို ဘာလို့ ပိုကောင်းတဲ့ အဝတ်အစားတွေ မဝတ်ပေးလိုက်ရတာလဲ။ ဒါက..." စောစောက လီဆန်ကို လွယ်လွယ်ကူကူ မှတ်မိလိုက်တာကလည်း သူ့ရဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကြောင့်လေ။
လီဆန် သူ့နားရွက်ကို သူ ကုတ်လိုက်တယ်။ "ဒီလိုပဲ ဝတ်ရမယ်လို့ မင်းသားလေးက မိန့်ထားလို့ပါ။ မဟုတ်ရင် 'ဆင်းရဲပြ' လို့ ဘယ်ရပါ့မလဲ"
"'ဆင်းရဲပြ' ဟုတ်လား" လျှိုလီက နားမလည်သလို ကြည့်တယ်။
"ငိုချင်လောက်အောင် ဆင်းရဲတာကို ပြတာလို့ ဆိုလိုတာပါ" လီဆန်က ရှင်းပြတယ်။
"အဲဒါ ချင်းကျိုးက အသုံးအနှုန်းလား။ ရယ်စရာလေး" လျှိုလီ ရယ်လိုက်တော့ သူမရဲ့ အလှကြောင့် လီဆန် မျက်နှာ ပြန်နီသွားပြန်တယ်။
သူက ချီမင်းသားနဲ့ အသက်အရွယ်လောက် တူတူပဲဆိုတော့ ဒီအရွယ်မှာ အချစ်ရေး တွေးမိတာက မဆန်းဘူးလေ။
သူတို့ စကားပြောရင်းနဲ့ ရထားလုံးက နောက်ထပ် တစ်နာရီလောက် သွားပြီးနောက် နန်းတော် ရဲ့ ဂိတ်တံခါးဆီ ရောက်လာတယ်။ ဒီနေရာမှာတော့ ရာထူးကြီးတဲ့ အမတ်တွေကနေ သာမန်ပြည်သူတွေအထိ အကုန်လုံး ခြေလျင်ပဲ ဆက်သွားရတယ်။
ရထားလုံးပေါ်က ဆင်းပြီးတာနဲ့ နန်းတော်ဝင်းထဲက ရွှေရောင်အမိုးတွေနဲ့ ခမ်းနားထည်ဝါတဲ့ နန်းဆောင်ကြီးတွေကို ကြည့်ပြီး လီဆန် တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
ချန်အန်းမြို့က တောင်ကနေ မြောက်ကို လီ ခြောက်ဆယ်လောက် ရှည်ပြီး၊ လူနေရပ်ကွက် သုံးရာခြောက်ဆယ် ရှိတယ်လို့ လျှိုလီက ရှင်းပြတယ်။ ချင်းကျိုးထက် သုံးဆလောက် ပိုကြီးတာ။ ဒါက မြို့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စည်ကားမှုကို ပြသနေပြီး ခမ်းနားတဲ့ နန်းတော်ကြီးကတော့ ချန်အန်းမြို့ရဲ့ သရဖူတစ်ခုပဲ။
ဘေးတံခါးတစ်ခုကနေ ဝင်ပြီးတာနဲ့ လျှိုလီက လီဆန်ကို နန်းတော်ထဲ ခေါ်သွားတယ်။
"ပင်မတံခါးက ဧကရာဇ်နဲ့ အမတ်တွေ တိုင်းပြည်ရေးရာ ဆွေးနွေးတဲ့ ဝူကျီဆောင် ကို သွားတဲ့လမ်းမို့၊ အဲဒီကို ငါတို့ သွားလို့မရဘူး" လို့ လျှိုလီက လမ်းလျှောက်ရင်း ရှင်းပြတယ်။ "ဒီဘေးလမ်းကနေ သွားရင် အတွင်းနန်းဆောင်တွေဆီ တန်းရောက်မယ်"
နန်းတော်ထဲ ရောက်တာနဲ့ လီဆန်က သိသိသာသာ ပိုပြီး စိုးရိမ်လာတယ်။ ဖြတ်သွားဖြတ်လာ အစေခံတွေနဲ့ မိန်းမစိုးတွေက သူ့ကို လှမ်းကြည့်နေကြတော့ ပိုပြီး ထိတ်လန့်လာတယ်။ သူက ခေါင်းပဲ ဆက်တိုက် ညိတ်ပြနေနိုင်တော့တယ်။
အခု သူတို့က မြင့်မားတဲ့ နံရံကြီးနှစ်ခုကြားက လမ်းကျဉ်းလေး အတိုင်း လျှောက်လာကြတာ။ လမ်းကျဉ်းလေးရဲ့ အဆုံးမှာ မုခ်ဦးတစ်ခု ရှိပြီး၊ အဲဒီနောက်မှာ အနီရောင်ဆေးသုတ်ထားတဲ့ သစ်သားစင်္ကြံလမ်း တစ်ခု ရှိတယ်။
စင်္ကြံလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ဧရာမ ကြာကန်ကြီးတွေ ရှိတယ်။ ဒီအချိန်မှာ ကြာပန်းတွေ နွမ်းခြောက်နေပြီ ဖြစ်ပေမဲ့ ကြာကန်ထဲမှာ ငါးကြင်းတွေ အများကြီး အေးအေးဆေးဆေး ကူးခတ်နေကြတယ်။
လီဆန်က မြင်ကွင်းတွေကို ခံစားဖို့ အချိန်မရဘူး။ မီတာတစ်ရာလောက် ရှည်တဲ့ စင်္ကြံလမ်းကို ဖြတ်ပြီးတာနဲ့ အနောက်ဘက်ကို ကွေ့သွားတဲ့ နောက်ထပ် လမ်းရှည်ကြီး တစ်ခုဆီ ရောက်လာတယ်။ သူ မော့ကြည့်လိုက်တော့ လမ်းက အကွေ့အကောက်များပြီး လမ်းတစ်လျှောက်မှာ နန်းဆောင်အမျိုးမျိုး ရှိနေတာကို တွေ့ရတယ်။
နန်းဆောင်တွေအပေါ်မှာ ရွှေရောင်ဆိုင်းဘုတ်တွေ ရှိပေမဲ့ ရေးထားတဲ့ စာတွေကို လီဆန် မဖတ်တတ်ဘူး။
ပိုပြီး အတွင်းကျကျ ရောက်လာလေ စင်္ကြံလမ်းတစ်လျှောက် သွားလာလှုပ်ရှားနေတဲ့ အစေခံမလေးတွေ ပိုများလာလေပဲ။ တချို့က သပ်ရပ်လှပတဲ့ မုန့်တွေ သယ်လာကြပြီး၊ တချို့က နံ့သာပေါင်းဖိုတွေ၊ ဒါမှမဟုတ် ရေနွေးတွေ ကိုင်လာကြတယ်။
"ရှေ့မှာက ကိုယ်လုပ်တော်တွေ နေတဲ့ အဆောင်တွေ။ ဟိုဟိုဒီဒီ လျှောက်မကြည့်နဲ့နော်" လို့ လျှိုလီက ညွှန်ကြားတယ်။
လီဆန် ထပ်ပြီး ခေါင်းညိတ်လိုက်တယ်။ စင်္ကြံလမ်းက ရုတ်တရက် ဥယျာဉ်ကျယ်ကြီး တစ်ခုဆီ ပွင့်ထွက်သွားတယ်။ တစ်ဖက်မှာ သူတို့ စောစောက တွေ့ခဲ့တဲ့ ကြာကန် ရှိပြီး၊ ရေပြင်ပေါ်မှာ လခြမ်းလေးလို လှပစွာ ခုံးနေတဲ့ ကျောက်တံတား တစ်စင်း ရှိတယ်။
တံတားရဲ့ အခြားတစ်ဖက်မှာတော့ မဏ္ဍပ်တွေ၊ ခြံဝင်းတွေ အများကြီး ရှိပြီး၊ တစ်ခုစီတိုင်းကို မုခ်ဦးလေးတွေနဲ့ ခွဲခြားထားတယ်။ ဒါက လျှိုလီ ပြောခဲ့တဲ့ နေရာ... တော်ဝင်ကိုယ်လုပ်တော်တွေ နေထိုင်တဲ့ နေရာပဲ။
ကျောက်တံတားကို ဖြတ်ပြီးတဲ့နောက် လျှိုလီက "ပိရွှေဆောင်" လို့ ရေးထားတဲ့ ဆိုင်းဘုတ်နဲ့ ခြံဝင်းတစ်ခု ရှေ့မှာ ရပ်လိုက်တယ်။ သူမက "ဒါက ကျိန့်ကိုယ်လုပ်တော်ကြီး ရဲ့ စံအိမ်တော်ပဲ။ ကျွန်မနောက်က လိုက်ခဲ့" လို့ ပြောလိုက်တယ်။
အပိုင်း ( ၃၇ ) ပြီးဆုံး
***