"ကိုယ်လုပ်တော်ကြီး... လီဆန်ကို ခေါ်လာခဲ့ပါပြီ ဘုရား" လို့ လျှိုလီက လီဆန်ကို ပိရွှေဆောင် အပြင်ဘက်မှာ စောင့်ခိုင်းထားခဲ့ပြီး ပင်မဆောင်ထဲဝင်ကာ လျှောက်တင်လိုက်တယ်။
နန်းဆောင်ထဲမှာတော့ သိမ်မွေ့တဲ့ ရေမင်ပန်းချီကားတွေ ဆွဲထားတဲ့ မှန်ကူကွက် နောက်ကွေးကုတင်ပေါ်မှာ ခရမ်းရောင် ပိုးသားဝတ်ရုံ ဝတ်ဆင်ထားတဲ့ အထက်တန်းလွှာ အမျိုးသမီးတစ်ဦးက မဟာယာနဗုဒ္ဓဘာသာ ကျမ်းစာတစ်စောင်ကို ဖတ်ရင်း မှီအိပ်နေတယ်။ လျှိုလီရဲ့ စကားကို ကြားတော့ သူမက ထိုင်လိုက်ပြီး "သူ့ကို ခေါ်လာခဲ့။ မင်းအာ (ရှောင်မင်) က သူ့စာထဲမှာ တော်တော်လေး လျှို့ဝှက်ထားတာ။ သူပြောတဲ့ 'ရေမွှေး' ဆိုတာ ဘာများလဲ သိချင်နေပြီ" လို့ ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ကျိန့်ကိုယ်လုပ်တော်ကြီး က ထရပ်လိုက်ပြီး အစေခံမလေး နှစ်ယောက်ရဲ့ အကူအညီနဲ့ ပင်မဆောင်ထဲကို ထွက်လာကာ ပိတောက်သား ကုလားထိုင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်။
အဲဒီအချိန်မှာပဲ လျှိုလီက လီဆန်ကို အထဲဝင်လာဖို့ ခေါ်လိုက်တယ်။
"ချီမင်းသား အိမ်တော်က ကျွန်တော်မျိုး လီဆန် ကိုယ်လုပ်တော်ကြီးကို ဂါရဝပြုပါတယ် ဘုရား" လီဆန်က ခေါင်းမမော့ရဲဘဲ ရိုရိုသေသေ အရိုအသေပေးရင်း လျှောက်တင်တယ်။
ကြမ်းတမ်းပြီး စုတ်ပြတ်နေတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ လီဆန်ကို မြင်တော့ ကျိန့်ကိုယ်လုပ်တော်ကြီး မျက်မှောင် နည်းနည်း ကြုတ်သွားတယ်။ "မင်းက မင်းအာ ရဲ့ လူပဲဟာ... ဒီလောက် တရိုတသေတွေ လုပ်မနေပါနဲ့။ မင်းအာ က သူ့စာထဲမှာ ရေမွှေးအကြောင်း တစ်ခုခု ပြောထားတယ်။ အဲဒါ တကယ်ပဲလား" လို့ သူမက မေးတယ်။
အဲဒီတော့မှ လီဆန်က ခေါင်းမော့ကြည့်ရဲပြီး သူ့ရှေ့မှာ ထိုင်နေတဲ့ အင်မတန် ကျက်သရေရှိတဲ့ အမျိုးသမီးကြီးကို မြင်လိုက်ရတယ်။ သူမမှာ ထက်မြက်တဲ့ မျက်လုံးတွေ၊ မိုးမခရွက်လို သွယ်လျတဲ့ မျက်ခုံးတွေ၊ ကျောက်စိမ်းမှုန့်လို ဖြူဝင်းနေတဲ့ မျက်နှာနဲ့ ဟင်္သာပြဒါးလို နီရဲနေတဲ့ နှုတ်ခမ်းတွေ ရှိတယ်။ တိုင်းပြည်ကို လွှမ်းမိုးနိုင်လောက်တဲ့ အလှပိုင်ရှင်ကြီး မဟုတ်ပေမဲ့ သေချာပေါက်ကို ဆွဲဆောင်မှုရှိတဲ့ အလှမျိုးပါ။
ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ မူလနာမည်က ယွင်ရှင်းအာ ဖြစ်ပြီး တာယွီနိုင်ငံတော်ကြီးရဲ့ စူးကျိုး ဒေသကနေ လာတာလို့ ဆိုကြတယ်။ သူမရဲ့ အဖေ ယွင်ရှန်း ဟာ စူးကျိုးက ထိုက်ဖျင် ခရိုင်ရဲ့ အဆင့်ခုနစ် မြို့ဝန်တစ်ဦး ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မိဖုရားခေါင်ကြီးက ဧကရာဇ် ဝမ်ရွှမ် အတွက် ကိုယ်လုပ်တော်တွေ ရွေးချယ်တဲ့အခါ၊ သမီးရှိတဲ့ အမတ်တွေ အကုန်လုံး သူတို့ရဲ့ သမီးတွေကို အရွေးချယ်ခံဖို့ ဆက်သရတယ်။ ယွင်ရှင်းအာ လည်း အဲဒီရွေးချယ်ပွဲမှာ အရွေးခံရပြီး ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို အမြန်ဆုံး ရရှိခဲ့တယ်။ ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ သူမက ကျိန့်ကိုယ်လုပ်တော်ကြီး အဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တယ်။ ဒါပေမဲ့ မျက်နှာသစ်တွေက အဟောင်းတွေကို အမြဲတမ်း အစားထိုးနေတဲ့ အမြဲပြောင်းလဲနေတဲ့ နန်းတွင်းကမ္ဘာကြီးထဲမှာတော့ အချိန်ကြာလာတာနဲ့အမျှ ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ သြဇာအာဏာကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့တယ်။
အတွေးတွေထဲကနေ ရုန်းထွက်လိုက်ပြီး လီဆန်က "ကိုယ်လုပ်တော်ကြီး... မင်းသားလေးက ရေမွှေးရော၊ မူးယစ်ချင်းကျိုး အရက်ရော လာပို့ခိုင်းလို့ ကျွန်တော်မျိုး လာခဲ့တာပါ ဘုရား" လို့ ပြန်ဖြေတယ်။
"ပစ္စည်းတွေရော ဘယ်မှာလဲ" လို့ ကျိန့်ကိုယ်လုပ်တော်ကြီးက မေးတယ်။
လျှိုလီက ဝင်ဖြေတယ်။ "ကိုယ်လုပ်တော်ကြီး... မင်းသားလေးက ဒီတစ်ခေါက် ပစ္စည်းတွေ အများကြီး ပို့လိုက်တာပါ။ မိန်းမစိုး တချို့ကို သယ်ခိုင်းထားလို့ အခုလောက်ဆို ရောက်လာတော့မှာပါ"
သူမ စကားပြောနေတုန်းမှာပဲ အပြင်ဘက်ကနေ သာယာတဲ့ ရယ်သံလေးတစ်ခု ကြားလိုက်ရပြီး အနီရောင် ဝတ်ရုံဝတ်ထားတဲ့ ကိုယ်လုပ်တော် တစ်ဦး ဝင်လာတယ်။ သူမနောက်မှာတော့ ချီမင်းသား ပို့လိုက်တဲ့ ရေမွှေးတွေ၊ အရက်တွေ သယ်လာတဲ့ မိန်းမစိုးတွေ ပါလာကြတယ်။
"အစ်မတော်... ချီမင်းသားက တကယ့်ကို မိဘကျေးဇူး သိတတ်တာပဲနော်။ ဒီလောက် မနက်စောစောစီးစီး ပစ္စည်းတွေ အများကြီး ပို့လိုက်တာ" လို့ အနီရောင်ဝတ် ကိုယ်လုပ်တော်က ပြုံးပြီး ပြောကာ၊ ဘေးက ကုလားထိုင် တစ်လုံးမှာ ဘာတရိုတသေမှ မလုပ်ဘဲ အေးဆေး ဝင်ထိုင်လိုက်တယ်။
ကျိန့်ကိုယ်လုပ်တော်ကြီး ခပ်ဟဟ ရယ်လိုက်တယ်။ ဒါက စတုတ္ထမင်းသားရဲ့ မယ်တော် တယ်ကိုယ်လုပ်တော်ကြီး ပဲ။ သူမဆီ ခဏခဏ လာလည်တတ်တယ်။ ကျိန့်ကိုယ်လုပ်တော်ကြီးက "ဟို မိန်းမစိုးလေး ရှောင်ကွေ့ဇီ ပါးစပ်ဖောက်နေပြန်ပြီ ထင်တယ်။ သူကတော့ ဘယ်တော့မှ မှတ်မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
"ဟုတ်ပါ့။ နောက်တစ်ခါဆို အစ်မတော် ကိုယ်တိုင် ပါးရိုက်စရာ မလိုဘဲ ညီမတော်ပဲ သူ့ကို ပါးချပစ်လိုက်မယ်" လို့ တယ်ကိုယ်လုပ်တော်ကြီးက ပြုံးပြီး ပြောတယ်။ သူမ လိုက်စပ်စုနေတာကို ကျိန့်ကိုယ်လုပ်တော်ကြီးက စိတ်အနှောင့်အယှက် ဖြစ်နေမှန်း သူမ ကောင်းကောင်း သိတာပေါ့။ သူမရဲ့ အဆင့်အတန်းအရဆိုရင် ရှောင်ကွေ့ဇီက သူမ အမေးအမြန်းကို ဘယ်လိုမှ ငြင်းရဲမှာ မဟုတ်ဘူးလေ။
ကျိန့်ကိုယ်လုပ်တော်ကြီးက ပြုံးလိုက်တယ်။ "ညီမတော်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ရောက်လာမှတော့ မင်းအာ ဘာတွေ ပို့လိုက်လဲဆိုတာ အတူတူ ကြည့်ကြတာပေါ့။ နန်းတော်ထဲမှာ နေရတာက ပျင်းစရာကောင်းတော့ အသစ်အဆန်းလေးတွေ ကြည့်ရတာလည်း မဆိုးပါဘူး"
အစကတည်းက စပ်စုချင်နေတဲ့ တယ်ကိုယ်လုပ်တော်ကြီးက အခုတော့ ပိုတောင် စိတ်ဝင်စားသွားသေးတယ်။ ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ "အစ်မတော်... အဆင်မပြေဘူးဆိုရင် ညီမတော် ပြန်သွားလိုက်ပါ့မယ်" လို့ ပြောလိုက်သေးတယ်။
ချီမင်းသားရဲ့ စာထဲမှာ ရေမွှေးအကြောင်းကို ကိုယ်လုပ်တော်တွေ သိစေချင်တယ်လို့ သေချာ ရေးထားတာမို့ ကျိန့်ကိုယ်လုပ်တော်ကြီးက တယ်ကိုယ်လုပ်တော်ကြီး ရှိနေတာကို စိတ်ဆိုးမနေပါဘူး။ တကယ်တော့ တယ်ကိုယ်လုပ်တော်ကြီးက အတင်းအဖျင်း ပြောတတ်တဲ့နေရာမှာ နာမည်ကြီးပြီး သူမ ပါလာရင် သတင်းတွေ ပိုမြန်မြန် ပြန့်သွားနိုင်တယ်လေ။
"ညီမတော်ရယ်... အားနာမနေပါနဲ့။ ဘာမှ အဆင်မပြေစရာ မရှိပါဘူး။ လျှိုလီ... သေတ္တာတွေကို ဖွင့်လိုက်" လို့ ကျိန့်ကိုယ်လုပ်တော်ကြီးက အမိန့်ပေးလိုက်တယ်။
လျှိုလီက ခေါင်းညိတ်ပြလိုက်ပေမဲ့ သူမ မလုပ်ခင်မှာပဲ လီဆန်က အပြေးကလေး ရှေ့ထွက်လာပြီး သစ်သားသေတ္တာတွေကို ဖွင့်ပေးရင်း လျှိုလီကို တိုးတိုးလေး ပြောလိုက်တယ်။ "ဒီသေတ္တာတွေမှာ သံမှိုတွေပါတယ်။ အစ်မ ထိခိုက်မိမှာစိုးလို့ ကျွန်တော်ပဲ ဖွင့်ပေးပါ့မယ်"
လျှိုလီက ပြုံးပြီး ခေါင်းညိတ်ပြတယ်။
သေတ္တာလေးလုံး ပွင့်သွားတယ်... သုံးလုံးက ရေမွှေး ကြွေပုလင်းလေးတွေ ပါပြီး၊ ကျန်တဲ့ တစ်လုံးကတော့ အရက်တွေပဲ။
လီဆန်က ကြွေပုလင်း အသေးလေး တစ်လုံးကို ထုတ်ယူပြီး လျှိုလီကို ကမ်းပေးရင်း "ဒါက မင်းသားလေး ကိုယ်တိုင် ဖော်စပ်ထားတဲ့ ရေမွှေးပါ" လို့ ပြောတယ်။
လျှိုလီက ပုလင်းလေးကို ယူပြီး ကျိန့်ကိုယ်လုပ်တော်ကြီးဆီ ဆက်သလိုက်တယ်။
ချီမင်းသားရဲ့ စာကို ဖတ်ထားပြီးသားမို့ ကျိန့်ကိုယ်လုပ်တော်ကြီးက ရေမွှေးဆိုတာ ဘာလဲဆိုတာ အကြမ်းဖျင်း သိနေတယ်။ သူမက ပုလင်းရဲ့ သစ်သားဆို့လေးကို ဖွင့်လိုက်ပြီး လျှိုလီ ပေးတဲ့ ငှက်မွေးလေးကို သုံးကာ ရေမွှေး နည်းနည်းကို သူမကိုယ်ပေါ် သုတ်လိမ်းလိုက်တယ်။
"အစ်မတော်... အဲဒါ ဘာကြီးလဲ။ မွှေးလိုက်တာ" လို့ ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်နေတဲ့ တယ်ကိုယ်လုပ်တော်ကြီးက မေးလိုက်တယ်။ ရေမွှေးကို သုတ်လိမ်းလိုက်တာနဲ့ တစ်ပြိုင်နက် ဆွဲဆောင်မှုရှိတဲ့ ရနံ့တစ်ခုက အခန်းထဲ ပြည့်နှံ့သွားတယ်။
အဲဒီရနံ့က လန်းဆန်းပြီး သာယာတယ်၊ ရိုးရာ နံ့သာပေါင်းတွေရဲ့ ရောထွေးနေတဲ့ အနံ့မျိုး မဟုတ်ဘူး။
အစကတော့ ချီမင်းသားရဲ့ လက်ဆောင်နဲ့ ပတ်သက်ပြီး သံသယ ဝင်နေခဲ့တဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးတောင် အခုတော့ အံ့သြဝမ်းသာ ဖြစ်သွားတယ်။ သူမက တယ်ကိုယ်လုပ်တော်ကြီးကို ရှင်းပြတယ်။ "ညီမတော်... ဒါကို ရေမွှေးလို့ ခေါ်တယ်။ မင်းအာ ချင်းကျိုးမှာ သင်လာတဲ့ အထူး အမွှေးအကြိုင် တစ်မျိုးပေါ့။ နံ့သာပေါင်းတွေထက် အများကြီး ပိုပြီး လက်တွေ့အသုံးကျတယ်တဲ့"
"ရေမွှေး။ တစ်ခါမှတောင် မကြားဖူးဘူး။ ညီမတော် မြည်းစမ်းကြည့်လို့ ရမလားဟင်" လို့ တယ်ကိုယ်လုပ်တော်ကြီးက မေးတယ်။
ကိုယ်လုပ်တော်တွေဆိုတာ တခြား မိန်းမသားတွေလိုပဲ အမြဲတမ်း ခေတ်ရေစီးကြောင်းရဲ့ ရှေ့တန်းမှာ ရှိနေကြတာလေ။ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရရင် သူတို့က အဲဒီခေတ်ရဲ့ ဖက်ရှင်ခေါင်းဆောင်တွေပေါ့။ ဒါ့အပြင် ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့ အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေကြတဲ့ ကိုယ်လုပ်တော်တွေဟာ အသစ်အဆန်းနဲ့ စိတ်လှုပ်ရှားစရာတွေကို အမြဲ ရှာဖွေနေတတ်တယ်။ ဒီကိစ္စတွေမှာ အတွေ့အကြုံရင့်နေတဲ့ တယ်ကိုယ်လုပ်တော်ကြီးက ဒီအသစ်အဆန်း ပစ္စည်းလေးရဲ့ အလားအလာကို ချက်ချင်း ရိပ်မိသွားတာပေါ့။
ရေမွှေးကို ယူပြီး တယ်ကိုယ်လုပ်တော်ကြီးက ကျိန့်ကိုယ်လုပ်တော်ကြီး လုပ်သလိုပဲ သူမကိုယ်ပေါ် နည်းနည်း သုတ်လိမ်းလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သာယာတဲ့ ရနံ့လေးတစ်ခုက သူမကို လွှမ်းခြုံသွားတယ်။
"အို... အစ်မတော်၊ ဒါက တကယ့်ကို အံ့မခန်းပဲ အနံ့လေးကလည်း အရမ်းမွှေးတာပဲ၊ သုံးရတာလည်း လွယ်လိုက်တာ" တယ်ကိုယ်လုပ်တော်ကြီးက မျက်လုံးလေးတွေ အရောင်လက်သွားပြီး အာမေဍိတ်သံနဲ့ ပြောလိုက်တယ်။ ရေမွှေးသေတ္တာ သုံးလုံးကို လှမ်းကြည့်လိုက်တဲ့ သူမရဲ့ မျက်လုံးတွေထဲမှာ စိတ်ဝင်စားမှုတွေ အပြည့်ပဲ။ "ချီမင်းသားက တော်တော်များများ ပို့လိုက်တာပဲ။ အစ်မတော်ကတော့ ကံကောင်းတာပဲနော်"
တယ်ကိုယ်လုပ်တော်ကြီးရဲ့ စကားထဲက အဓိပ္ပါယ်ကို နားလည်တဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးက "ဒီရေမွှေးတွေက နန်းတော်ထဲက ညီမတော်တွေ အားလုံးအတွက် မင်းအာ က လက်ဆောင်ပေးလိုက်တာပါ။ ညီမတော် သဘောကျရင် ပုလင်းနည်းနည်း ယူသွားလိုက်လေ" လို့ ပြောလိုက်တယ်။
တယ်ကိုယ်လုပ်တော်ကြီး ဝမ်းသာသွားတယ်။ "အစ်မတော်ကတော့ ညီမတော့်အပေါ် အမြဲ သဘောကောင်းတာပဲ" ပြောပြောဆိုဆိုနဲ့ ပုလင်းအနည်းငယ် ရွေးဖို့ ကပျာကယာ သွားလိုက်တယ်။
အဲဒီအချိန်မှာ လီဆန်က "ကိုယ်လုပ်တော်ကြီး... မထွက်လာခင်တုန်းက မင်းသားလေးက စာထဲမှာ ထည့်ရေးဖို့ မေ့သွားလို့ သေချာ မှာလိုက်တာလေး ရှိပါတယ်။ သေတ္တာသုံးလုံးထဲမှာ တူလစ်၊ စံပယ် နဲ့ အကျော် ဆိုပြီး ရနံ့မတူတဲ့ ရေမွှေးတွေ ပါပါတယ်။ အနံ့ပြင်းအားတွေကလည်း မတူလို့ ကိုယ်လုပ်တော်ကြီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ဘုရား" လို့ လျှောက်တင်တယ်။
"သြော်" တယ်ကိုယ်လုပ်တော်ကြီးက ပိုပြီးတောင် ဝမ်းသာသွားတယ်။ "မြန်မြန်... ကျန်တဲ့ ရနံ့နှစ်မျိုးပါ ယူခဲ့ပေး"
လီဆန်က အရိုအသေပေးပြီး ကျန်တဲ့ ရေမွှေး နှစ်မျိုးကို ယူကာ ကျိန့်ကိုယ်လုပ်တော်ကြီးဆီ ဆက်သလိုက်တယ်။
မတူညီတဲ့ ရနံ့တွေကို ရှူရှိုက်ကြည့်ပြီးနောက် ကျိန့်ကိုယ်လုပ်တော်ကြီးနဲ့ တယ်ကိုယ်လုပ်တော်ကြီးတို့ အချင်းချင်း ပြုံးပြလိုက်ကြတယ်။ ကျိန့်ကိုယ်လုပ်တော်ကြီးက "စံပယ်ရနံ့က ပေါ့ပါးပြီး သိမ်မွေ့တယ်၊ ငါနဲ့ အလိုက်ဖက်ဆုံးပဲ။ တူလစ်ရနံ့ကကျတော့ နွေးထွေးပြီး ပြင်းရှတယ်၊ ညီမတော်နဲ့ ပိုလိုက်ဖက်မယ် ထင်တယ်" လို့ ပြောတယ်။
"အစ်မတော် ပြောတာ လုံးဝမှန်တယ်။ ချီမင်းသားဆီမှာ ဒီလို ပါရမီတွေ ရှိမယ်လို့ ညီမတော် တစ်ခါမှ မထင်ထားဘူး။ ဒီရေမွှေးက တကယ့်ကို နတ်ပြည်က လက်ရာပဲ။ ညီမတော်တော့ ဒါကို အရမ်း သဘောကျနေပြီ" လို့ တူလစ်ရေမွှေး ပုလင်းလေးကို ကိုင်ပြီး တယ်ကိုယ်လုပ်တော်ကြီးက ပျော်ရွှင်စွာနဲ့ ပြောတယ်။
"အဲဒီလိုဆိုရင်လည်း ဒီပုလင်းက ညီမတော့်အတွက်ပဲပေါ့" လို့ ကျိန့်ကိုယ်လုပ်တော်ကြီးက ပြောလိုက်တယ်။
တယ်ကိုယ်လုပ်တော်ကြီးက အနည်းဆုံး ပုလင်းသုံးဆယ်လောက်စီ ပါတဲ့ သေတ္တာတွေကို လှမ်းကြည့်လိုက်တယ်။ သူမက မျက်နှာချိုသွေးပြီး "အစ်မတော်ရယ်... ဘယ်တုန်းက ဒီလောက် ကပ်စေးနှဲသွားတာလဲ။ ဒီပုလင်းလေးက သေးသေးလေးရယ်။ နောက်ထပ် နှစ်ပုလင်းလောက် ပေးပါလား" လို့ ပြောတယ်။
ပြောရင်းနဲ့ ကျိန့်ကိုယ်လုပ်တော်ကြီးရဲ့ အင်္ကျီလက်ကို ဆွဲပြီး အတင်းပူဆာနေတော့တယ်။
ကျိန့်ကိုယ်လုပ်တော်ကြီး ရယ်လိုက်တယ်။ "ကောင်းပြီလေ... ညီမတော်က ဒီလောက်တောင် လိုချင်နေမှတော့ နောက်ထပ် နှစ်ပုလင်း ယူသွားလိုက်ပါ"
ကျိန့်ကိုယ်လုပ်တော်ကြီး စိတ်ပြောင်းသွားမှာ စိုးတဲ့ တယ်ကိုယ်လုပ်တော်ကြီးက အပိုပုလင်းတွေကို ပျော်ပျော်ကြီး ယူလိုက်ပြီး ကျေးဇူးအကြိမ်ကြိမ် တင်ကာ ထွက်သွားတော့တယ်။
တယ်ကိုယ်လုပ်တော်ကြီး အသံ မကြားရလောက်တဲ့ နေရာရောက်တော့ လျှိုလီက နှာခေါင်းရှုံ့လိုက်တယ်။ "ကိုယ်လုပ်တော်ကြီး... သူမကို ဘာလို့ နှစ်ပုလင်းတောင် ပေးလိုက်ရတာလဲ။ တယ်ကိုယ်လုပ်တော်ကြီးက ကိုယ်လုပ်တော်ကြီးရဲ့ သဘောကောင်းမှုကို အမြဲတမ်း အခွင့်ကောင်း ယူနေတာပဲ"
ကျိန့်ကိုယ်လုပ်တော်ကြီးက လျှိုလီကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ "ဒီလိုစကားမျိုး ငါ့ရှေ့မှာ ပြောလို့ရပေမဲ့ အပြင်မှာ ဘယ်တော့မှ မပြောနဲ့။ သတိထား၊ မဟုတ်ရင် နောင်တရလိမ့်မယ်"
"ကိုယ်လုပ်တော်ကြီး... မမလျှိုလီ က မင်းသားလေးရဲ့ ရေမွှေးအတွက် နှမြောလို့ပါ။ ဘာပဲဖြစ်ဖြစ် ဒါက မင်းသားလေး ကိုယ်တိုင် အကောင်းဆုံး ကုန်ကြမ်းတွေ သုံးပြီး ဖော်စပ်ထားတာလေ" လို့ လီဆန်က သတိထားပြီး ဝင်ပြောတယ်။
ချီမင်းသား အကြောင်း ကြားလိုက်တော့ ကျိန့်ကိုယ်လုပ်တော်ကြီး ရင်ထဲမှာ ဝမ်းနည်းသလို ခံစားလိုက်ရတယ်။ "အေးလေ... သူ ဒီလောက် ကြိုးစားပန်းစား လုပ်တာ ရှားပါတယ်။ ဒါပေမဲ့ ငါ့မှာလည်း အကြောင်းပြချက် ရှိလို့ပါ။ ရေမွှေးကို မိဖုရားခေါင်ကြီးဆီ အလောတကြီး သွားဆက်သရင် တမင်လုပ်ယူထားသလို ဖြစ်သွားပြီး ပြောင်းပြန် အကျိုးသက်ရောက်သွားနိုင်တယ်။ တယ်ကိုယ်လုပ်တော်ကြီးက ကြွားရတာ ဝါသနာပါတယ်။ သူမ ရေမွှေးကို စကြွားတာနဲ့ မိဖုရားခေါင်ကြီးနဲ့ တခြား ကိုယ်လုပ်တော်တွေက လာမေးကြလိမ့်မယ်။ အဲဒီအခါကျမှ ငါတို့ ထုတ်ပြောလို့ ရပြီလေ"
"ကိုယ်လုပ်တော်ကြီးက တကယ့်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်" လို့ လီဆန်က ခေါင်းငုံ့ပြီး လျှောက်တင်တယ်။
အဲဒီနောက် ကျိန့်ကိုယ်လုပ်တော်ကြီးက အရက်အိုးတွေဘက် အာရုံစိုက်လိုက်ပြီး အရက်အိုးတွေကို သေသပ်တဲ့ စက္ကူတွေနဲ့ ပတ်ထားကာ အပေါ်မှာ စာတွေ ရေးထားတာကို သတိထားမိသွားတယ်။ "အရက်အိုး တစ်အိုး ယူခဲ့စမ်း" လို့ သူမက အမိန့်ပေးလိုက်တယ်။
လျှိုလီက ရှေ့ထွက်လာပြီး အရက်အိုး တစ်အိုးကို ယူကာ "ကိုယ်လုပ်တော်ကြီး... အပေါ်မှာ ကဗျာတစ်ပုဒ် ရေးထားတယ်" လို့ လျှောက်တင်တယ်။
ကျိန့်ကိုယ်လုပ်တော်ကြီးက ကဗျာကို တိုးတိုးလေး ရွတ်ဖတ်လိုက်တယ်။
"တူလစ်ပန်းရနံ့ သင်းပျံ့တဲ့ ချင်းကျိုးရဲ့ အရက်ကောင်း၊
ကျောက်စိမ်းခွက်ထဲမှာ ပယင်းရောင်လို ဝင်းလက်နေတယ်။
အိမ်ရှင်ကသာ ဧည့်သည်တွေကို မူးယစ်သွားအောင် တိုက်နိုင်ရင်၊
ဒီမြေက ဇာတိမြေလား၊ အဝေးကမြေလား ဆိုတာတောင် မေ့သွားကြလိမ့်မယ်။"
သူမက ခေါင်းလေးဆတ်လိုက်တယ်။ "ကောင်းလိုက်တဲ့ ကဗျာလေး။ ချင်းကျိုးလို လူသူခေါင်းပါးတဲ့ နေရာကနေ ဒီလို စာပေပါရမီမျိုး ထွက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားဘူး"
လီဆန်က အပြုံးကို အနိုင်နိုင် ထိန်းထားရင်း ရိုရိုသေသေ လျှောက်တင်လိုက်တယ်။ "ကိုယ်လုပ်တော်ကြီး... တကယ်တော့ ဒီကဗျာက မင်းသားလေး ကိုယ်တိုင် စပ်ဆိုထားတာပါ ဘုရား"
အပိုင်း ( ၃၈ ) ပြီးဆုံး
***