ညီမလေး ကျွမ်းရွှေချိုး နဲ့ ခဏတဖြုတ် စကားစမြည် ပြောဆိုပြီးတဲ့နောက်မှာတော့ ဂျူဟွာရဲ့ စိတ်ထဲမှာ အတော်လေးကို သက်သာရာ ရသွားခဲ့ပါတယ်။
ဒီအနှစ်သုံးဆယ် အတွင်းမှာ ကျွမ်းရွှေချိုး ရဲ့ တန်ခိုးရှင်လမ်းစဉ် ကျင့်ကြံမှုတွေက နောက်ကျကျန်ရစ်မနေခဲ့သလို၊ ဘယ်သူ့ရဲ့ အနိုင်ကျင့် ဗိုလ်ကျတာ၊ လှည့်စားတာမျိုးကိုမှလည်း မခံခဲ့ရပါဘူး။ ကြည့်ရတာ ကျွမ်းရွှေ ကလန် ဘက်ကလည်း ကျွမ်းရွှေချိုး ရဲ့ ကိစ္စရပ်တွေအပေါ်မှာ အတော်လေးကို ဂရုတစိုက် ရှိခဲ့ပုံပါပဲ။
တကယ်လို့သာ ကျွမ်းရွှေချိုး တစ်ယောက်တည်း ရပ်တည်နေရမယ်ဆိုရင် သူမအနေနဲ့ လှည့်စားခံရဖို့ ရာခိုင်နှုန်း အရမ်းများတယ်ဆိုတာကို ဂျူဟွာ ကောင်းကောင်း သိထားပါတယ်လေ။
ကျွမ်းရွှေချိုး က ဉာဏ်မမီတာမျိုး မဟုတ်ပေမဲ့၊ တချို့သော လှည့်စားမှု သရိပတ်တွေဆိုတာ ဉာဏ်ကောင်းရုံသက်သက်နဲ့ ရှောင်လွှဲလို့ ရနိုင်တဲ့အရာတွေမှ မဟုတ်တာ။ အဲဒီအတွက်က ကြွယ်ဝတဲ့ ဘဝအတွေ့အကြုံတွေနဲ့ ဗဟုသုတတွေ လိုအပ်တယ် မဟုတ်လား။ ကျွမ်းရွှေချိုး လေးကို သူက ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးလာခဲ့တာဆိုတော့ သူမဆီမှာ ဘယ်လိုလုပ် ဘဝအတွေ့အကြုံတွေ ဗဟုသုတတွေ ရှိနေနိုင်မှာလဲ။
(နောက်တစ်ခေါက် ငါ ထွက်သွားရရင် ဒီထက်တောင် ပိုပြီး အချိန်ကြာနိုင်တယ်။ ငါ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ကျွမ်းရွှေ ကလန် အပေါ်ချည်းပဲ ပုံအပ်ထားလို့တော့ မဖြစ်သေးဘူး။ အဲဒီအချိန်ကျရင် သေချာတဲ့ ပြင်ဆင်မှုတွေ လုပ်ထားခဲ့မှ ဖြစ်မယ်)
ဒီအတွေးက ဂျူဟွာရဲ့ စိတ်အစဉ်မှာ ဖြတ်သန်းသွားခဲ့ပါတယ်။
"အစ်ကိုကြီး... အပြင်ဘက်မှာ နှစ်ပေါင်း သုံးဆယ်တောင် တိုက်ပွဲဝင်နေခဲ့ရတာဆိုတော့ အရမ်းကို ပင်ပန်းခဲ့မှာပဲနော်"
ကျွမ်းရွှေချိုး က မေးလိုက်ပါတယ်။
"သိပ်တော့ မဆိုးပါဘူး"
ဂျူဟွာက ပြုံးလျက် ခေါင်းခါပြလိုက်ပါတယ်။
"ကျွန်မ နားထောင်ချင်တယ်"
ကျွမ်းရွှေချိုး က တောင်းဆိုလာပါပြီ။
"ဒါဆိုလည်း ကောင်းပြီလေ"
ဂျူဟွာက တုံ့ဆိုင်းမနေတော့ဘဲ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖြည်းဖြည်းချင်း ပြန်လည် ဖောက်သည်ချ ပြောပြပါတော့တယ်။
အပေါ်ယံ မြင်ရတဲ့ အခြေအနေမှာတင် ဂျူဟွာရဲ့ စွမ်းအားတွေက ဒီအနှစ်သုံးဆယ် အတွင်းမှာ ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့တာလေ။ ကျွမ်းရွှေချိုး တစ်ယောက် မျက်လုံးလေးတွေ အရောင်တလက်လက် တောက်ပလာတဲ့အထိ စိတ်ဝင်တစား နားထောင်နေခဲ့ပါတယ်။
အထူးသဖြင့် ဂျူဟွာက အခုဆိုရင် မြေကမ္ဘာအဆင့် ဖင်းဂေါ့ တစ်ပါး ဖြစ်နေပြီဆိုတာကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သူမဟာ နေရာကနေတောင် ခုန်ထလုမတတ် ဖြစ်သွားခဲ့ပါတယ်။
"ဒါဆို အစ်ကိုကြီးက ကောင်းကင်အင်မော်တယ် ဘိုးဘေးကြီး တွေနဲ့တောင် ရင်ပေါင်တန်းနိုင်တဲ့ အဆင့်ကို ရောက်နေပြီပေါ့နော်"
ကျွမ်းရွှေချိုး က အံ့ဩဝမ်းသာစွာနဲ့ မေးလိုက်ပါပြီ။
"မကြာသေးခင် နှစ်တွေအတွင်းမှာ လူတွေအများကြီးက ဘာဖြစ်လို့ ညီမလေးဆီကို လာပြီး မျက်နှာလိုမျက်နှာရ လာလုပ်နေကြတာလဲ ဆိုတာကို အခုတော့ သဘောပေါက်လောက်ပြီ ထင်ပါရဲ့"
ဂျူဟွာက ပြုံးလျက် ပြန်မေးလိုက်ပါတယ်။
"အင်း... အင်း"
ကျွမ်းရွှေချိုး က ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ပါတယ်။ သူမက ဉာဏ်တုံးနေတာမှ မဟုတ်တာ၊ ဒီလို ရိုးရှင်းတဲ့ ကိစ္စလေးကိုတောင် ဘယ်လိုလုပ် သဘောမပေါက်ဘဲ နေမှာလဲ။
"ညီမလေးရဲ့ စိတ်သဘောထားက မွေးရာပါ ဖြူစင်ရိုးသားလွန်းတော့ ငါက သိပ်ပြီး စိတ်ပူမနေပါဘူး။ ဒါပေမဲ့ ညီမလေး... တခြားလူတွေက ငါ့ရဲ့ ဂုဏ်သတင်း ဩဇာကို အသုံးချပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့် ဗိုလ်ကျတာမျိုး မဖြစ်ရအောင်တော့ သေချာ သတိထားရမယ်နော်"
ဂျူဟွာက သေချာ မှာကြားလိုက်ပါတယ်။
"ငါက အဲဒီလို ကိစ္စတွေကို ကြောက်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါတွေက ရွံစရာကောင်းလွန်းလို့ပါ"
"စိတ်ချပါ အစ်ကိုကြီးရယ်။ အဲဒီ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ကောင်တွေကို ဂရုစိုက်နေဖို့တောင် ကျွန်မက ပျင်းနေပါသေးတယ်"
ကျွမ်းရွှေချိုး က ကတိပေးလိုက်ပါပြီ။
"ညီမလေး အဲဒီလိုကြီးလည်း လုပ်နေစရာ မလိုပါဘူး။ သူငယ်ချင်း မိတ်ဆွေ အသစ်တချို့ ထားတာကလည်း ကောင်းတဲ့ ကိစ္စပါပဲ"
ဂျူဟွာက ပြုံးလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်ပါတယ်။
"ဒါနဲ့ ညီမလေး... မင်း သဘောကျတဲ့သူ တစ်ယောက်ယောက်များ တွေ့နေပြီလား"
"အစ်ကိုကြီးက ဘာတွေ လာပြောနေတာလဲ"
ကျွမ်းရွှေချိုး က သူမရှေ့က ဟင်းတွေကို စားနေရင်းနဲ့ ဂျူဟွာကို အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ မော့ကြည့်ကာ ပြန်မေးလိုက်ပါတယ်။
"ဟားဟားဟားဟား"
ဂျူဟွာက အားရပါးရ ရယ်မောလိုက်ပြီး ခေါင်းခါပြလိုက်ပါတယ်။
"အစ်ကိုကြီးက တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ"
"..."
...
စားသောက်ပြီးသွားတဲ့အခါ ဂျူဟွာနဲ့ ကျွမ်းရွှေချိုး တို့ဟာ ခြံဝင်းထဲကို ဆင်းလာခဲ့ကြပါတယ်။ ဂျူဟွာက ကျွမ်းရွှေချိုး ရဲ့ တန်ခိုးရှင်လမ်းစဉ် ကျင့်ကြံမှု တိုးတက်မှုကို စစ်ဆေးကြည့်ပြီး အနည်းငယ် လမ်းညွှန်ပြသပေးဖို့ စီစဉ်ထားတာပါ။
ကျွမ်းရွှေချိုး ကလည်း ဂျူဟွာက သူမ ကောင်းကျိုးအတွက် လုပ်ပေးနေတာဆိုတာကို သိထားလို့ ဘာမှ ငြင်းဆန်မနေခဲ့ပါဘူး။
ဂျူဟွာရဲ့ လက်ရှိ တန်ခိုးအဆင့်နဲ့ဆိုရင် မူလတာအိုသူတော်စင် တစ်ပါးကို လမ်းညွှန်ပြသပေးဖို့ ဆိုတာက လိုတာထက် ပိုနေလောက်ပါပြီ။ ခဏတဖြုတ် လေ့ကျင့်တိုက်ခိုက်ကြည့်ပြီးတဲ့နောက်မှာတော့ ဂျူဟွာဟာ ကျွမ်းရွှေချိုး ကို တာအိုတရားတွေ စတင် ဟောကြားပါတော့တယ်။
ကျွမ်းရွှေချိုး ကလည်း အာရုံစူးစိုက်မှု အပြည့်နဲ့ နားထောင်နေခဲ့ပါတယ်။ သူမ အစ်ကိုကြီးရဲ့ စကားတစ်ခွန်းက သူမ ဆယ်နှစ်လောက် ပင်ပင်ပန်းပန်း ကျင့်ကြံအားထုတ်ရတာနဲ့ ညီမျှနေတယ်လေ။
ညနေစောင်းလောက် အချိန်ရောက်မှ ကလန်ခေါင်းဆောင် ကျွမ်းရွှေချင်း ကိုယ်တိုင် ဂျူဟွာကို ညစာစားပွဲအတွက် လာရောက်ဖိတ်ခေါ်တဲ့အခါကျမှပဲ သူတို့မောင်နှမ နှစ်ယောက် ရပ်တန့်လိုက်ကြပါတော့တယ်။
အခု ကျွမ်းရွှေချင်း ရဲ့ သဘောထားက အရင်ကနဲ့ဆိုရင် လုံးဝကို ကွာခြားနေပါပြီ။
အရင်တုန်းကဆိုရင် ကျွမ်းရွှေချင်း က ဂျူဟွာရဲ့ အနာဂတ်ဟာ အကန့်အသတ်မရှိ တိုးတက်နိုင်တယ်လို့ ခံစားရပေမဲ့ ကလန်ခေါင်းဆောင် တစ်ယောက်ရဲ့ သိက္ခာကိုတော့ ထိန်းထားခဲ့သေးတာလေ။ ဒါပေမဲ့ အခုတော့... ကျွမ်းရွှေ ကလန် ခေါင်းဆောင် ဆိုတဲ့ ရာထူးက ဂျူဟွာရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးဆိုတာကို ကျွမ်းရွှေချင်း က ဘယ်သူ့ထက်မဆို ပိုပြီး ကောင်းကောင်း သိနေခဲ့ပါပြီ။ ဒါကြောင့် သူ့ကိုယ်သူ နှိမ့်ချပြီး ဒီဂုဏ်သရေရှိ ဧည့်သည်တော်ကြီးကို သေချာ ဧည့်ခံပြုစုရတော့မှာပေါ့။
သေချာတာပေါ့... ဂျူဟွာက ဟန်လုပ်လွန်းတဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ သူက ညီမလေး ကျွမ်းရွှေချိုး ကို အရမ်းလွမ်းဆွတ်နေလို့ တပ်မဟာထဲကနေ သူ့သဘောနဲ့သူ အရင် စောထွက်လာခဲ့တာ မဟုတ်လား။ အခု ကျွမ်းရွှေချင်း ကိုယ်တိုင် ကိုယ်ကျ လာဖိတ်ခေါ်နေမှတော့ သူငြင်းဆန်လို့ မကောင်းတော့ဘူးလေ။
ဒါ့အပြင် ကျွမ်းရွှေချင်း က အရင်တုန်းက သူ့ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးတဲ့အပြင် အစစအရာရာ သေချာ ဂရုစိုက်ပေးခဲ့တာပါ။ ဒါကြောင့် ဂျူဟွာ အနေနဲ့လည်း အခုချိန်မှာ သူ့ကို မျက်နှာသာ ပေးရမှာက သဘာဝပါပဲ။
ကျွမ်းရွှေချင်း ဆီက မျက်နှာလိုမျက်နှာရ စကားတွေကို ဆက်တိုက် နားထောင်ပြီးတဲ့နောက်မှာတော့ ဂျူဟွာဟာ သူ့နဲ့အတူ တိမ်ပျံစီးပြီး ဒီည အောင်ပွဲခံ စားသောက်ပွဲဆီကို လိုက်ပါသွားခဲ့ပါတော့တယ်။
ကျွမ်းရွှေ ကလန် ရဲ့ အောင်ပွဲခံ စားသောက်ပွဲက အောင်ပွဲခံပြီး အိမ်ပြန်ရောက်လာတဲ့ တပ်မဟာ အတွက်ပါ။ ပင်မ ခေါင်းဆောင်ဂျူဟွာက စလို့ လွတ်မြောက်အင်မော်တယ် အသီးသီးနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ မူလတာအိုသူတော်စင် များစွာအထိ အားလုံး ပါဝင်ဆင်နွှဲ ဖြစ်ကြပါတယ်။
စားသောက်ပွဲမှာ ဂျူဟွာက သိုသိုသိပ်သိပ် နေချင်ပေမဲ့လည်း သူက အားလုံးရဲ့ အာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်နေဆဲပါပဲ။
အထူးသဖြင့် ချင်းမူလင်း ပါ။ သူမက ဂျူဟွာအပေါ်မှာ အလွန်အမင်း ဂရုတစိုက် ရှိကြောင်းကို ဆက်တိုက် ပြသနေခဲ့တာလေ။ ဂျူဟွာကလည်း ငြင်းဆန်မနေခဲ့ပါဘူး။ သူက ချင်းမူလင်း ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်း သိနေပါတယ်။ သူမနဲ့ သူနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်ဆိုတာကို ဘယ်သူမှ မသိဘူးဆိုရင် အလကားပဲလေ။ တကယ်လို့ ဒီသတင်း ပြန့်သွားပြီး တခြားသူတွေက သူမကို စိုးရိမ်ကြောက်ရွံ့သွားမယ် ဆိုရင်တော့ အဲဒါက အကောင်းဆုံး အနေအထား တစ်ခု ဖြစ်သွားမှာပါ။
ချင်းမူလင်း က ဂျူဟွာကို အများကြီး ကူညီပေးခဲ့ဖူးသလို၊ ဂျူဟွာကလည်း နောင်ကျရင် သူမကို ကျေးဇူးဆပ်ဖို့ အစောကြီးကတည်းက ရည်ရွယ်ထားခဲ့တာပါ။ ဒါကြောင့် သူက အခုချိန်မှာ ချင်းမူလင်း ရဲ့ ဂရုစိုက်မှုတွေကို သူတုံ့ပြန်ပေးလိုက်ပါတယ်။
ချင်းမူလင်း တစ်ယောက် အရမ်းကို ပျော်ရွှင်နေတယ်ဆိုတာ ရှင်းနေပါပြီ။
ဒါ့အပြင် ချင်းမူလင်း ရဲ့ လုပ်ရပ်တွေက တကယ့်ကို ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိသွားခဲ့ပါတယ်။
အရင်တုန်းက ကျွမ်းရွှေ ကလန် ရဲ့ ကလန်ခေါင်းဆောင် ဖြစ်တဲ့ ကျွမ်းရွှေချင်း ဟာ ချင်းမူလင်း ကို အလေးအနက်တောင် မထားခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ထိပ်တန်း လွတ်မြောက်အင်မော်တယ် တစ်ပါးဆိုတာ ဘာများ အသုံးကျလို့လဲ။ သူမက အပြင်လူ လွတ်မြောက်အင်မော်တယ် တစ်ပါးသာ မဟုတ်ပါလား။
အရေးအကြီးဆုံး အချက်က ချင်းမု ကလန် ဟာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကျွမ်းရွှေ ကလန် ကို မှီခိုနေရတာပါ။
ဒါပေမဲ့ အခုတော့ ကျွမ်းရွှေချင်း ဟာလည်း ကလန်ခေါင်းဆောင် တစ်ယောက်ရဲ့ သိက္ခာကို အနည်းငယ် လျှော့ချလိုက်ပြီး ချင်းမူလင်း နဲ့ စကားတွေ အများကြီး တက်တက်ကြွကြွ ဝင်ပြောနေခဲ့ပါပြီ။
ရိုးရိုးသားသား ပြောရရင် ဂျူဟွာက ဒီလို ကိစ္စမျိုးတွေကို သိပ်ပြီး သဘောမကျပါဘူး။ ဒါပေမဲ့ သူက ဒီလို ပတ်ဝန်းကျင်မျိုးမှာ မွေးဖွားလာခဲ့တာဆိုတော့ သီးသန့် ကင်းကွာပြီး နေထိုင်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ ရှေ့လျှောက် ဒီလို ကိစ္စတွေမှာ မပါဝင်ပတ်သက်မိအောင်ပဲ သူ ကြိုးစားပြီး ရှောင်လွှဲရတော့မှာပါ။
စားသောက်ပွဲ ပြီးဆုံးသွားပြီး အားလုံး ပြန်ထွက်သွားကြတဲ့ အချိန်မှာတော့ ဂျူဟွာဟာ ကျွမ်းရွှေချင်း ကို သွားတွေ့လိုက်ပါတယ်။
"ကလန်ညီလေး... ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ"
ကျွမ်းရွှေချင်း က တက်ကြွရွှင်လန်းစွာ မေးလိုက်ပါတယ်။
"ကလန်ခေါင်းဆောင် ကို ဒုက္ခပေးပြီး အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ တချို့ စုဆောင်းပေးဖို့ အကူအညီ တောင်းချင်လို့ပါ"
ဂျူဟွာက တိုက်ရိုက်ပဲ ပြောလိုက်ပါတယ်။
"ဒီတစ်ခေါက် ကလန်ရဲ့ ဆုလာဘ်တွေနဲ့ ရှအင်ပါရီယာပြည့်ရှင် ရဲ့ ဆုလာဘ်တွေ ပေါင်းလိုက်ရင် ခန့်မှန်းခြေ အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ဘယ်လောက်လောက် တန်ဖိုးရှိမယ်လို့ ကလန်ခေါင်းဆောင် ထင်ပါသလဲ"
"အဲဒါက..."
ကျွမ်းရွှေချင်း အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပါတယ်။ ဒီစစ်ပွဲမှာ ဂျူဟွာက မြေကမ္ဘာအဆင့် ဖင်းဂေါ့ နှစ်ပါးကို သတ်ခဲ့တယ်ဆိုတာကို သူ သိထားပြီးသားပါ။ အဲဒီအတွက် ရမယ့် ဆုလာဘ်ကတင် နည်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှအင်ပါရီယာပြည့်ရှင် က ဘယ်လောက် ချီးမြှင့်မလဲ ဆိုတာကတော့...
ဂျူဟွာရဲ့ စူးစမ်းနေတဲ့ အကြည့်ကို ကြည့်ရင်း ကျွမ်းရွှေချင်း ဟာ သွားကိုတင်းတင်းကိုက်ပြီး ပြောလိုက်ပါတယ်။
"ကလန်ညီလေး ဂျူဟွာ က ဒီတစ်ခေါက်မှာ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာပဲ။ ရှအင်ပါရီယာပြည့်ရှင် နဲ့ ကလန်ရဲ့ ဆုလာဘ်တွေ ပေါင်းလိုက်ရင် အနည်းဆုံး အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ရေစက်ပေါင်း နှစ်ဆယ့်ငါးသန်းလောက်တော့ တန်ဖိုးရှိလောက်မှာပါ"
(စာကြွင်း။ မူရင်း စာအုပ်မှာတော့ ဂျင်ဆိုပြီး သုံးနှုန်းထားပါတယ်။ ဂျင်သည် တရုတ်အလေးချိန်ယူနစ်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၅၀၀ ဂရမ် သို့မဟုတ် ၁.၁ ပေါင် ခန့်နှင့် ညီမျှပါတယ်။ ဒါပေမဲ့ မှတ်ရလွယ်အောင်ရေစက်အဖြစ်ပဲ အသုံးပြုလိုက်ပါတယ်။)
"ဒါဆိုရင် ကလန်ခေါင်းဆောင် ကို ဒုက္ခပေးပြီး အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ရေစက်ဆယ့်ငါးသန်းလောက် စုဆောင်းပြီး ကျွန်တော့်ဆီ ပို့ပေးပါလား။ ရှအင်ပါရီယာပြည့်ရှင် ရဲ့ ဆုလာဘ်တွေ ရောက်လာတဲ့အခါကျမှ ကလန်ခေါင်းဆောင် က အဲဒီထဲကနေ ပြန်နုတ်ယူလိုက်ပေါ့၊ အဆင်ပြေနိုင်မလား"
ဂျူဟွာက မေးလိုက်ပါတယ်။
"ရတာပေါ့၊ သေချာပေါက် အဆင်ပြေပါတယ်"
ကျွမ်းရွှေချင်း က ဒီစကားကို ကြားတော့ ဝမ်းသာအားရ ဖြစ်သွားပြီး တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ် သဘောတူလိုက်ပါတော့တယ်။
ဂျူဟွာက အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ရေစက် နှစ်ဆယ့်ငါးသန်း အပြည့် မတောင်းလိုက်တာက သူ့ကို အကြီးအကျယ် စိတ်သက်သာရာ ရသွားစေခဲ့တာလေ။
ဘာပဲပြောပြော ဒါက သူ့ရဲ့ ခန့်မှန်းချက် သက်သက်ပဲ မဟုတ်လား။ တကယ်လို့ ရှအင်ပါရီယာပြည့်ရှင် ရဲ့ ဆုလာဘ်တွေက ထင်ထားတာထက် နည်းနေခဲ့ရင် လိုနေတဲ့ အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ တွေကို သူက ပြန်စိုက်ပေးရတော့မှာပေါ့။
ငြင်းဆန်ဖို့ ကိစ္စကတော့ ကျွမ်းရွှေချင်း စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး။ အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ နည်းနည်းလေးအတွက်နဲ့ လက်ရှိ ဂျူဟွာကို သွားစော်ကားဖို့ ဆိုတာ သူ ရူးနေမှပဲ လုပ်မယ့် အလုပ်လေ။
"အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ဖိုး ပြန်နုတ်ပြီးလို့ ကျန်တဲ့ ရတနာတွေကိုလည်း ကျွန်တော့်ဆီ ပို့ပေးစရာ မလိုတော့ပါဘူး။ အဲဒါတွေ အားလုံးကို အသက်ကယ် မှော်ရတနာတွေနဲ့ လဲလှယ်ပြီး ကျွန်တော့် ညီမလေး ကျွမ်းရွှေချိုး ကိုပဲ ပေးလိုက်ပါ"
ဂျူဟွာက ထပ်ဖြည့်ပြောလိုက်ပါတယ်။
"အားလုံးကိုလား"
ကျွမ်းရွှေချင်း ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။ အရှုံးပေါ်မယ် ဆိုရင်တောင်မှ ဒါက အရည်ဖွဲ့ ဓာတ်စွမ်းအင်အမြုတေ ရေစက်ဆယ်သန်း နီးပါး တန်ဖိုးရှိနေတာလေ။ ဒါ့အပြင် ရှအင်ပါရီယာပြည့်ရှင် ချီးမြှင့်မယ့် ရတနာတွေက အဲဒီထက်တောင် ပိုများနိုင်ပါသေးတယ်။ ဒီလောက် များပြားလှတဲ့ ရတနာတွေကို ကျွမ်းရွှေ ဂျူဟွာ ဟာ မျက်တောင်တစ်ချက်တောင် မခတ်ဘဲ သူ့ညီမလေး ကျွမ်းရွှေချိုး ကို အကုန်လုံး ပေးလိုက်တယ်တဲ့လား။ ကျွမ်းရွှေ ဂျူဟွာ က ကျွမ်းရွှေချိုး ကို ဘယ်လောက် အတိုင်းအတာအထိတောင် အလိုလိုက် အချစ်ပိုနေရတာလဲ။
"ဒါဆို ကလန်ခေါင်းဆောင် ကိုပဲ ဒုက္ခပေးလိုက်တော့မယ်နော်"
ဂျူဟွာက ပြုံးလိုက်ပြီးနောက် ဝှစ်ကနဲ အသံနဲ့အတူ အဲဒီနေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
ဂျူဟွာ ခုနက ရပ်နေခဲ့တဲ့ နေရာကို ကြည့်ရင်း ကျွမ်းရွှေချင်း ရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တွန့်ကွေးသွားခဲ့ပါတယ်။ ကြည့်ရတာ ရှေ့လျှောက် ကျွမ်းရွှေချိုး အပေါ် ထားရှိရမယ့် ဂရုစိုက်မှု အဆင့်အတန်းကို နောက်ထပ် တစ်ဆင့်လောက် ထပ်မြှင့်ပေးရတော့မယ် ထင်ပါရဲ့။
***