တည်းခိုခန်းတံခါးဝတွင် ရပ်နေစဉ် လုချန်သည် ဘေးအိမ်များမှ ဒိုင်းဒိုင်းဒုံးဒုံး အသံများကို ကြားနေရသည်။
မနေ့က ကောင်မလေးတွေနဲ့ စကားပြောဖြစ်တာမို့ တုကူးဖူကွေ့က သူတို့ကို အိမ်ဂရန်တွေ သွားဝယ်ဖို့ အတင်းဆွဲခေါ်သွားမှန်း သူ သိထားသည်။ အခု ပြန်တွေးကြည့်တော့ သူတို့တွေ အိမ်အလှဆင်နေကြပြီ ဖြစ်ရမည်။
လုချန်က ဘာမှထပ်မတွေးတော့ဘဲ တည်းခိုခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် တည်းခိုခန်းတံခါးဝ၏ ဆယ်မီတာ ပတ်လည်အတွင်းမှာဆိုလျှင် အပြင်ဘက်မှာ အချိန်အကြာကြီး နေရမည်ကို သူ စိုးရိမ်စရာ မလိုပေ။ ဤအကွာအဝေး၏ အစွန်းတစ်ဖက်မှနေ၍ ပတ်ဝန်းကျင်ရှိ အိမ်များ၏ အလှဆင်နေမှုများကို သူ မြင်တွေ့နိုင်သည်။
သူ ပထမဆုံး လှမ်းကြည့်လိုက်သည်မှာ အစွန်ဆုံးရှိ အိမ်လေးဖြစ်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ရွှေရောင်လွှမ်းနေသော ခံစားချက်မျိုးကို ရရှိစေပြီး တံခါးရွက်ကိုပင် ရွှေများဖြင့် အပြည့်အဝ စီခြယ်ထားသည်။ ဘာမှစဉ်းစားနေစရာမလိုဘဲ တုကူးဖူကွေ့ပဲ ဖြစ်ရမည်၊ အကြောင်းမှာ သူတစ်ယောက်တည်းသာ ရွှေကို အလွန်နှစ်သက်သောကြောင့် ဖြစ်သည်။
သို့သော် ဒီရွှေစီထားသော တံခါးရွက်ကို မြင်ရုံဖြင့် လုချန်က အနည်းငယ် အဆင့်အတန်းနိမ့်နေသေးသည်ဟု ခံစားရသည်။ တုကူးဖူကွေ့၏ စရိုက်အရဆိုလျှင် သူက အနည်းဆုံးတော့ ရွှေသီးသန့်တံခါးတစ်ချပ်ကို ပြုလုပ်သင့်သည် မဟုတ်ပါလား။
နောက်တစ်အိမ်ကို ကြည့်လိုက်သောအခါ ထူးဆန်းသော ပစ္စည်းအမျိုးမျိုးကို အထဲတွင် ချထားပြီး အလုပ်သမား အတော်များများက ဂီယာဘီးများပါသော ပစ္စည်းများကို အထဲသို့ အဆက်မပြတ် သယ်ယူနေကြသည်။
“ဒီလို ဝါသနာပါတဲ့လူလည်း ရှိသေးတာပဲ”
လုချန် အနည်းငယ် စပ်စုချင်သွားပြီး လည်ပင်းကို ဆန့်ကာ လှမ်းကြည့်လိုက်ရာ ဖေ့ယီရှန်က အခန်းထဲမှ ထွက်လာပြီး ညွှန်ကြားချက်များ အဆက်မပြတ် ပေးနေသည်ကို တွေ့လိုက်ရသည်။
“သတိထားနော်၊ အဲဒီပစ္စည်းက တပ်ဆင်ရတာ မလွယ်ဘူး။ ဘယ်ဘက်ကို… ဘယ်ဘက်ကို နည်းနည်း ထပ်တိုး”
“ဟေး… ဖေ့ယီရှန်၊ ဒီပစ္စည်းတွေက မင်းဟာတွေလား”
လုချန် အနည်းငယ် အံ့သြသွားသည်။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ။ ဒီသခင်မလေးက သုတေသနလုပ်ရတာကို ဝါသနာပါတဲ့သူမှန်း မသိသာဘူးလား”
ဖေ့ယီရှန်က သူမ၏ ဂုဏ်ယူဖွယ်ကောင်းသော ရင်ဘတ်မို့မို့ကို ကော့လိုက်သည်။
“တကယ် မသိသာပါဘူး”
လုချန်က ပြုံးလိုက်သည်။ ထိုပစ္စည်းများအားလုံးက ရှုပ်ထွေးပွေလီပုံရပြီး ဂီယာဘီးများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသဖြင့် ကြည့်ရုံဖြင့်ပင် သူ့ကို ခေါင်းကိုက်သွားစေသည်။ ဖေ့ယီရှန်လို ပေါ့ပေါ့ပါးပါး နေတတ်တဲ့လူတစ်ယောက်က ဒီပစ္စည်းတွေကို ကလိဖို့ ဘယ်လိုလုပ် စိတ်ရှည်သည်းခံနိုင်ရတာလဲဆိုတာကို သူ တကယ်ကို နားမလည်နိုင်ပေ။
တခြားအိမ်များကို ဆက်ကြည့်လိုက်ရာ ဒါက သူ့တည်းခိုခန်းနှင့် ကပ်လျက်အိမ် ဖြစ်သည်။ အခန်းထဲတွင် အနုပညာဆန်သော လေထုများ ပြည့်နှက်နေပြီး သစ်သားစားပွဲတစ်ခုပေါ်တွင် လီလီပန်းအိုးတစ်အိုး တင်ထားကာ ပရိဘောဂ အလွန်နည်းပါးသဖြင့် အလွန်သပ်ရပ်နေသည်။
ဘာမှစဉ်းစားနေစရာမလိုဘဲ ဒါက ရှောင်ရွှီ၏ အခန်းမှန်း လုချန် သိလိုက်သည်။ သို့သော် ထိုအချိန်မှာပင် ဓားများ၊ လှံများနှင့် ပုဆိန်ရှည်များကို ကိုင်ဆောင်ထားသော လူတစ်စုက ပြေးလာပြီး အခန်းထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာသည်ကို သူ မြင်လိုက်ရသည်။ လုချန်တစ်ယောက် ဘာတွေဖြစ်နေတာလဲဟု တွေးနေစဉ်မှာပင် အပေါ်ထပ်မှ ကျင်ကျောင်း၏ အသံ ထွက်ပေါ်လာသည်။
“ဒါကို နံရံပေါ်မှာ ချိတ်ထားလိုက်၊ ပြီးတော့ ဟိုဓားမကြီးကို ကြမ်းပြင်ပေါ်မှာပဲ ချထားလိုက်။ ငါ ညတိုင်း လေ့ကျင့်ဖို့ လိုတယ်။ ဒါနဲ့ ငါ့ရဲ့ သစ်သားလူရုပ်က ဘယ်တော့ လာပို့မှာလဲ”
ဒီအသံကို ကြားတော့ လုချန်၏ နဖူးမှ ချွေးအေးများ ချက်ချင်း ပြန်လာသည်။
ဒီကောင်မလေး ကျင်ကျောင်းက တကယ်ကို ကြမ်းတမ်းတာပဲ။ ထိုဓားများ၊ လှံများ၊ ပုဆိန်ရှည်များ၊ ဧရာမပုဆိန်များ၊ ချိတ်များနှင့် ခက်ရင်းခွများကို ကြည့်ရသည်မှာ ယောက်ျားတစ်ယောက်၏ အခန်းမှာတောင် သူမလောက် လက်နက်စုံလင်စွာ ရှိမည်မဟုတ်ပေ။
ရှောင်ရွှီလို အေးဆေးငြိမ်သက်သော စရိုက်ရှိသူနှင့် ကျင်ကျောင်းလို ကြမ်းတမ်းသော စရိုက်ရှိသူတို့က တကယ်ပဲ အခန်းတစ်ခန်းတည်းမှာ အတူတူ ဘယ်လိုနေကြသလဲဆိုတာကိုလည်း သူ တွေးကြည့်၍ မရနိုင်အောင် ဖြစ်နေသည်။
“ဘာတွေ တွေးနေတာလဲ”
ရှောင်ရွှီက ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ လုချန်၏ဘေးတွင် ပေါ်လာပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
“မင်းမှာ ပစ္စည်းတွေ အရမ်းနည်းလွန်းတယ်လို့ ငါ တွေးနေတာပါ”
လုချန်က ဟိုဟိုဒီဒီ အဆက်မပြတ် ပစ္စည်းများ သယ်ယူနေသော အလုပ်သမားများကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့အားလုံးက ကျင်ကျောင်းနှင့် ဖေ့ယီရှန်တို့၏ ပစ္စည်းများကိုသာ သယ်နေကြပြီး ရှောင်ရွှီ၏ ပစ္စည်းဆို၍ တစ်ခုမှ မပါပေ။
ဒီစကားကို ကြားတော့ ရှောင်ရွှီက ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ကျွန်မ ဘာလုပ်တတ်နိုင်မှာလဲ။ သူတို့ထဲက တစ်ယောက်က မီးတောက်တိုင်းပြည်ရဲ့ မင်းသမီးလေး၊ နောက်တစ်ယောက်က အရာသိခန်းမရဲ့ သခင်မလေးလေ။ ကျွန်မမှာတော့ ဘာမှမရှိဘူး”
“ဘယ်သူပြောလဲ”
ရှောင်ရွှီ နောက်ပြောင်နေမှန်း သိသော်လည်း လုချန်က ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
“မင်း ခဏစောင့်၊ မင်းအတွက် ငါ ပိုက်ဆံသွားယူပေးမယ်”
ထိုသို့ပြောပြီး လုချန်က တည်းခိုခန်းထဲသို့ ပြေးဝင်သွားသည်။ ကောင်တာအနောက်တွင်တော့ သူ၏ ရတနာများ ရှိနေသည်။ မကြာသေးမီက သူ ငွေအများကြီး ရှာနိုင်ခဲ့ပြီး သိုလှောင်ကွင်းဆယ်ကွင်းကျော် အပြည့်အမောက် ရှိနေပြီဖြစ်သည်။
မောက်မာထောင်လွှားပြီး ဩဇာတိက္ကမကြီးမားသော အရှိန်အဝါဖြင့် သူက ကောင်တာအနောက်သို့ ရောက်လာခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ သူ အေးခဲသွားရသည်။
“ငါ့ပစ္စည်းတွေ ဘယ်ရောက်သွားပြီလဲ”
မူလက ကောင်တာအနောက်တွင် ချထားသော သိုလှောင်ကွင်းဆယ်ကွင်းကျော်မှာ အားလုံး ပျောက်ကွယ်သွားလေပြီ။
တစ်စုံတစ်ယောက်က ဒီသိုလှောင်ကွင်းတွေကို ခိုးသွားတယ်လို့ သူ မထင်၊ အဘယ်ကြောင့်ဆိုသော် တည်းခိုခန်းထဲတွင် ဒီလိုမျိုးကိစ္စ လုံးဝ (လုံးဝ) မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က သူ့ပစ္စည်းတွေကို ခိုးယူသွားတယ်ဆိုရင် တည်းခိုခန်းက သူ့ကို အသိပေးမှာပဲလေ။
ထို့ကြောင့် သူ့ပစ္စည်းတွေ ပျောက်သွားပြီး သူကိုယ်တိုင်လည်း ရွှေ့ပြောင်းမထားဘူးဆိုရင် အဓိပ္ပာယ်တစ်မျိုးတည်းပဲ ရှိနိုင်တော့သည်။ တည်းခိုခန်းက အဲဒီပစ္စည်းတွေကို တစ်ခုခု လုပ်လိုက်ပြီ။
သူက စိတ်ထဲမှ ချက်ချင်း မေးမြန်းလိုက်ရာ တည်းခိုခန်းက လျင်မြန်စွာ အဖြေပေးလာပြီး ထိုအဖြေက လုချန်ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်။
“အားလုံးက ဂုဏ်ပြုလက်ဆောင်အဖြစ်နဲ့တဲ့လား။ သေစမ်း… မင်းပေးတဲ့ ဂုဏ်ပြုလက်ဆောင်ပက်ကေ့ချ်က အဲဒါမဟုတ်ဘူးလား။ ပြီးတော့ ပစ္စည်းတွေကလည်း အတော်လေး ညံ့နေတာ၊ ကွာဟချက်က အရမ်းကြီးမနေဘူးလား”
“ဂုဏ်ပြုလက်ဆောင်ပက်ကေ့ချ်ထဲက ပစ္စည်းတွေအားလုံးကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ထားတာပါ”
ဤအချိန်တွင် လုချန်သည် ပြင်းထန်သော နှလုံးနာကျင်မှုကို ခံစားလိုက်ရသည်။ အဲဒါတွေက သိုလှောင်ကွင်း ဆယ်ကွင်းကျော်တောင် ရှိတာလေ။ အထဲမှာ သူ တစ်လကျော်ကြာ စုဆောင်းထားခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပါတယ်ကွ။ ဒီပင်မမစ်ရှင် ပြီးသွားရင် သူက ပုံစံကြမ်းကို ရရှိတော့မှာ။ အဲဒါကို တည်ဆောက်ဖို့ ပိုက်ဆံဘယ်လောက်တောင် ကုန်မလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။ အခုတော့ အကုန်လုံး ကုန်သွားပြီပေါ့လေ။
“ရွှေနဂါးဝိညာဉ်ကရော”
“အဲဒါက နဂါးသတ် ဓားရတနာထဲမှာ ရှိနေတုန်းပါပဲ။ ဂုဏ်ပြုလက်ဆောင်ပက်ကေ့ချ်က သင့်အတွက် အရှိန်အဝါ ဖန်တီးပေးဖို့ အဲဒါကို ခဏငှားသုံးလိုက်ရုံပါ”
“ကောင်းပြီလေ၊ မင်း အရမ်းစွမ်းပါတယ်။ ဟိတ်ဟန်ထုတ်ကြွားတဲ့နေရာမှာတော့ မင်းရဲ့ နည်းလမ်းတွေကို ငါ လုချန် အရှုံးပေးပါတယ်ကွာ”
လုချန်က လေဟာနယ်ထဲသို့ လက်မထောင်ပြလိုက်သည်။
ထိုအချိန်မှာပင် ခုနလေးတင် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတွေ ပြည့်နှက်နေခဲ့သည့် လုချန်သည် တည်းခိုခန်းထဲမှ ကြောက်ရွံ့တုန်လှုပ်စွာ လျှောက်ထွက်လာပြီး သူ၏လက်များကို အဆက်မပြတ် ပွတ်သပ်နေသည်။
“အဟမ်း… မင်း ဂုဏ်ပြုလက်ဆောင်တွေ အများကြီး ရထားတယ် မဟုတ်လား”
“ဟားဟား… ကျွန်မက နောက်နေတာပါ၊ ရှင်က တကယ်ယုံသွားတာလား”
ရှောင်ရွှီက အဆိပ်ပြင်းပြင်း ပြုံးလိုက်သည်။
“ကျွန်မ ရှင့်ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုလုပ် တောင်းရက်မှာလဲ”
“မင်း ငါ့ကို နားလည်မှုလွဲသွားပြီ ထင်တယ်။ ငါ ဆိုလိုတာက မင်းဆီက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက် သုံးဖို့ ခဏချေးလို့ရမလားလို့”
ရှောင်ရွှီ၏ အပြုံးက ရုတ်တရက် အေးခဲသွားသည်။
လုချန်က အနေရခက်မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။
“သွားရအောင်၊ ဝတုတ်ကြီးတုကူးရဲ့ အလှဆင်ထားတာက ဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ကြတာပေါ့။ ဒီလို ချမ်းသာတဲ့လူတွေရဲ့ အိမ်တွေကို ကြည့်ရတာကို ငါ သဘောကျတယ်”
လုချန်က သဘာဝကျကျပင် ရှောင်ရွှီ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်နှာလေး အနည်းငယ် နီရဲသွားပြီး အလိုအလျောက် ရုန်းထွက်ချင်သွားသော်လည်း နောက်တစ်ခေါက် ထပ်တွေးလိုက်ပြီးနောက် သူမ၏လက်ကို ကိုင်ခွင့်ပြုလိုက်သည်။
“သေစမ်း… မျက်စိကျိန်းစရာကြီး”
တုကူးဖူကွေ့၏ အိမ်ထဲသို့ ဝင်ဝင်ချင်း လုချန်က သူ၏မျက်လုံးများကို လက်ဖြင့် ကာလိုက်ကာ ပုံကြီးချဲ့ ပြောလိုက်သည်။
“ဝတုတ်ကြီး… ဒီထဲမှာ နေရတာ ခင်ဗျား မျက်စိကန်းသွားမှာကို မကြောက်ဘူးလား”
အထဲသို့ ဝင်သွားမှသာ စောစောက သူ အထင်မှားသွားမှန်း လုချန် သဘောပေါက်သွားသည်။ အပြင်ဘက်တံခါးကသာ ရွှေစီထားရုံဖြစ်သော်လည်း အထဲရှိ ပရိဘောဂအားလုံးက ရွှေသားစင်စစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဒုတိယထပ်သို့ တက်သော လှေကားများကိုလည်း လုံးဝ ဖြုတ်ချပြီး ရွှေသားစင်စစ်ဖြင့် ပြန်လည်တည်ဆောက်ထားသည်။
လုချန်က ၎င်းတို့ပေါ်တွင် လျှောက်သွားရင်း အကြိမ်အနည်းငယ် ခုန်ပေါက်ကြည့်ရာ အတော်လေး ခိုင်မာပုံရသည်။
“ဝတုတ်ကြီး… ခင်ဗျားပစ္စည်းတွေက ဈေးကြီးပုံပေါက်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီဇိုင်းကတော့ အတော်လေး ညံ့လွန်းတယ်”
လုချန်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အနည်းငယ် မကျေမနပ်ဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“လူငယ်လေး… တစ်ယောက်ယောက်ရဲ့ ကွယ်ရာမှာ အတင်းအဖျင်းပြောတာက ကောင်းတဲ့အလုပ် မဟုတ်ဘူးနော်”
“ဟင်”
လုချန် ခေါင်းလှည့်ကြည့်လိုက်ရာ တံခါးဝတွင် စာလိပ်တစ်ခုကို ကိုင်ထားပြီး ခါးတွင် စုတ်တံတစ်ချောင်း ထိုးထားသော အဘိုးအိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
“သူဌေးလု… ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဒါက မဟာဆရာသခင်ကန်လေ၊ ကျွန်တော် ဖိတ်ခေါ်ထားတဲ့ ဒီဇိုင်းမဟာဆရာသခင်ပေါ့။ ကျွန်တော့်အိမ်က အရာအားလုံးကို မဟာဆရာသခင်ကန်က ဒီဇိုင်းဆွဲပေးထားတာ။ ဘယ်လိုလဲ၊ ကြည့်ရတာ အရမ်းမိုက်တယ် မဟုတ်လား”
တုကူးဖူကွေ့က ကြွားဝါစွာဖြင့် ပြောလိုက်သည်။
“ရွှေစင်သီးသန့်ကြီး၊ ခမ်းနားတယ်၊ စွဲမက်စရာကောင်းတယ်”
လုချန်က ထိုသို့သောလူကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
“လူငယ်လေး… ခုနက မင်းပြောလိုက်တာ ဒီအဘိုးကြီးရဲ့ လှေကားဒီဇိုင်းက မကောင်းဘူးဆိုတာလား”
*