ဓားလမ်းစဉ်ရဲ့ အနှစ်သာရဆိုတာက ဝမ်ဖော့နဲ့ ရွှယ်ဟယ်တို့ရဲ့ ဓားမော့သိုင်းတွေ ဘယ်လောက်ကောင်းလဲဆိုတာနဲ့ ဘာတွေများ သက်ဆိုင်လို့လဲဟု ချန်းချန်ရှန် အစက မေးချင်ခဲ့သည်။ သို့သော် စုလီ၏ ဒေါသထွက်နေသော အမူအရာကို မြင်ပြီးနောက် သူ ဘယ်လိုလုပ် ပေးရဲပါတော့မလဲ။ ဒါကြောင့် သူက ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
“အဲဒါဆို ငါ ဆက်ပြောမယ်… ဓားလမ်းစဉ်ရဲ့ စိတ်ဝိညာဉ်ဆိုတာ 'တစ် (一)' နဲ့ ပတ်သက်နေတာပဲ”
ဒီတစ်ကြိမ်တွင်လည်း 'တစ်' ဆိုသည့် စကားလုံးကို ပြောရာတွင် စုလီက ဖိပြောလိုက်သဖြင့် ရလဒ်အနေဖြင့် ၎င်းက 'သန်းတစ်ရာ (亿)' ဟု ပြောလိုက်သလိုမျိုး အသံထွက်သွား၏။
(မှတ်ချက် - တရုတ်ဘာသာစကားတွင် တစ် (一) နှင့် သန်းတစ်ရာ (亿) တို့၏ အသံထွက်မှာ ဆင်တူပြီး လေသံ အတက်အကျ ကွာခြားမှုသာ ရှိသည်။)
ချန်းချန်ရှန်က လေးလေးနက်နက် မေးလိုက်၏။
“စီနီယာပြောချင်တာက… ဓားလမ်းစဉ်ကို ကျင့်ကြံတဲ့အခါ စိတ်အာရုံ စူးစိုက်မှုတစ်ခုတည်း ရှိဖို့ လိုအပ်တယ်လို့ ဆိုလိုတာလား”
စုလီက စဉ်းစားလိုက်ပြီးနောက်
“ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး”
ချန်းချန်ရှန်ကလည်း စဉ်းစားလိုက်ပြီး
“အဲဒါဆို ဟုတ်တာလား၊ မဟုတ်တာလား”
စုလီက သူ၏မျက်လုံးများကို စိုက်ကြည့်၍
“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက 'တစ်' ဆိုတဲ့ စာလုံးနဲ့ပဲ သက်ဆိုင်တယ်”
ချန်းချန်ရှန်က ခေါင်းပြန်ငုံ့၍
“ဓားဆိုတာ အသက်အန္တရာယ်ပေးနိုင်တဲ့ လက်နက်ဖြစ်ပြီး သူတော်စင်မဟုတ်တဲ့သူတွေ မသုံးသင့်ဘူးလို့ ငါပြောခဲ့ပြီးပြီ။ ဒါက တကယ်တော့ ဓားဆိုတာ မြင့်မြတ်တဲ့ လက်နက်တစ်ခု ဖြစ်တယ်လို့လည်း ဆိုလိုတယ်”
စုလီက သူ၏လက်ထဲရှိ ကောင်းကင်ဖုံးလွှမ်းဓားကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူ၏ညာလက်က ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်ထားပြီး ညာလက်ညှိုးနှင့် လက်ခလယ်က ဓားသွားကို ညှပ်၍ ဖြည်းညှင်းစွာ ပွတ်ဆွဲလိုက်၏။ ပြီးနောက် သူက
“အလျားလိုက်ကြည့်ရင် ဓားဆိုတာ လွင်ပြင်ထဲက တောင်တန်းတစ်ခု၊ မြစ်ကြီးတစ်စင်းရဲ့ အောက်ခြေက သတ္တုကြိုးတစ်ချောင်း ဖြစ်ပြီးတော့ ဒေါင်လိုက်ကြည့်ရင်တော့ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ငှက်မွေးတပ် မြှားတစ်စင်း၊ ကောင်းကင်ကနေ ကျလာတဲ့ မိုးရေတစ်စက် ဖြစ်နေပြန်တယ်… အောက်ကို စိုက်ထားရင် မြေကြီးကို ဖွင့်ပြီး မရဏကမ္ဘာရဲ့ တွင်းနက်ကြီးကို ကြည့်ချင်တယ်လို့ အဓိပ္ပာယ်ရပြီး အပေါ်ကို ထောင်ထားရင်တော့… ကောင်းကင်ကို လောင်ကျွမ်းစေဖို့ပဲ”
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက သူ့ရဲ့ ပုံသဏ္ဍာန်ကြောင့်၊ သူ့ရဲ့ ရည်ရွယ်ချက်ကြောင့်ပဲ”
“ဓားရဲ့ ပုံသဏ္ဍာန်က 'တစ်' ဖြစ်ပြီး ရည်ရွယ်ချက်ကလည်း 'တစ်' ဖြစ်ဖို့ လိုတယ်”
“ပုံသဏ္ဍာန်နဲ့ ရည်ရွယ်ချက် ပေါင်းစပ်သွားမှသာ စိတ်ဝိညာဉ်ကလည်း 'တစ်' ဖြစ်လာနိုင်မှာ”
“မင်း ဓားသိုင်းတွေ ဘယ်လောက်ပဲ အများကြီး တတ်ထားပါစေ၊ ဓားသိုင်းတစ်ခုတည်းကို အဆုံးစွန်ထိ လေ့ကျင့်ထားတာလောင် ကောင်းမှာ မဟုတ်ဘူး”
“မင်းဆီမှာ ဓားပေါင်းသောင်းချီ ရှိနေရင်တောင် အဲဒီထဲကနေ ဓားတစ်လက်တည်းကိုပဲ မင်း ရွေးချယ်နိုင်တယ်”
စုလီက ချန်းချန်ရှန်ကို ကြည့်ရင် သူ၏စကားများထဲတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ဖုံးကွယ်ထားလျက် ပြောလိုက်လေသည်။
ချန်းချန်ရှန်မှာ အတွေးနက်နေသည့်ပုံ ပေါ်ပြီး တကယ်လည်း အတွေးလွန်နေခဲ့သည်။ ဓားလမ်းစဉ်နှင့် ပတ်သက်၍ စုလီ ထောက်ပြခဲ့သော အချက်များက အသစ်အဆန်း မဟုတ်ချေ။ တာအိုကျမ်းစာများထဲတွင်လည်း အလားတူ ဆင်တူသည့် မှတ်တမ်းများစွာ ရှိသော်လည်း ၎င်းက သူ တွေးထင်ထားသည်နှင့် မကိုက်ညီပေ။
စုလီက
“သေချာတာပေါ့… အစပိုင်းမှာတော့ ကိုယ်နဲ့ အသင့်တော်ဆုံး ဓားသိုင်းကို မရွေးချယ်ခင် ကိုယ့်ရဲ့ အမြင်ကျယ်သွားအောင် နည်းနည်းပိုပြီး သင်ယူထားတာက ကောင်းပါတယ်။ အဲဒါက မင်းကို မျက်စိလည်သွားစေလောက်တဲ့အထိတော့ မများပါဘူး။ ငါ အသက် ဆယ့်ငါးနှစ်တုန်းကဆို နာမည်တွေတောင် အကုန်မမှတ်မိနိုင်လောက်အောင် ဓားသိုင်းတွေ အများကြီး သင်ခဲ့တာပဲ။ အဲဒါကြောင့်လည်း နောက်ပိုင်းမှာ အောင်မြင်မှုတွေ ရခဲ့တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါက တောင်တန်းတွေ၊ ရေကန်တွေကို ကြည့်ရသလို လှုပ်ရှားမှုတွေ ပါပဲ။ အတော်လေး ရှုပ်ထွေးတယ်။ မင်း တတ်နိုင်သလောက် နားလည်အောင် ကြိုးစားကြည့်ပေါ့”
ချန်းချန်ရှန်က သေချာစဉ်းစားနေစရာ မလိုဘဲ အများစုကို နားလည်သွားသည်။ သို့သော် ဤကဲ့သို့သော အဆင့်ရှိ သင့်ကြးမှုများက အနည်းငယ် ကြီးကျယ်လွန်းနေရာပြီး နောက်မှ တွေးရမည့် ကိစ္စများ ဖြစ်သည်။ သိုသော်လည်း လုပ်ကြံသူက ညအမှောင်ထဲတွင် ပုန်းကွယ်နေပြီး တောင်ပိုင်းသို့ သွားမည့် ခရီးစဉ်တစ်လျှောက်တွင် မည်မျှအစွမ်းထက်သော ပြိုင်ဘက်များနှင့် ထပ်မံတွေ့ဆုံရမည်ကို မသိရသေးချိန်၌ သူ ယခု ဘာလုပ်ရမည်နည်း။ လက်ရှိအချိန်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများက သူတို့ထဲသို့ အလောတကြီး လာနေကြသည်လည်း ဖြစ်နိုင်၏။
စုလီက သူ့ကိုကြည့်၍
“တိုက်ပွဲအကြောင်း အသေးစိတ်ပြောရရင် မင်းရဲ့ အခြေအနေက နည်းနည်း ထူးဆန်းတယ်။ မင်းဆီမှာ မူလစွမ်းအင်တွေ အများကြီးရှိနေတာ ရှင်းနေပေမယ့် ဘာကြောင့်မှန်းမသိဘဲ တိုက်ပွဲမှာ မင်းရဲ့ ထုတ်လွှတ်နိုင်စွမ်းကတော့ တကယ်ကို ဆိုးရွားလွန်းတယ်”
ထိုစကားကို ကြားသောအခါ ချန်းချန်ရှန်က မြေပြင်ပေါ်တွင် ဝပ်တွားဦးချချင်စိတ် ပေါ်လာသည်အထိ စုလီကို လေးစားကြည်ညိုသွား၏။ မြို့တော်နှင့် ကျိုးဥယျာဉ်ထဲတွင် သူ၏မူလစွမ်းအင်များ အလွန်ပါးလွှာနည်းပါးလွန်းသဖြင့် သူ လှောင်ပြောင်ခံခဲ့ရ၊ အသနားခံခဲ့ရသည်။ စုလီတစ်ယောက်တည်းသာ သူ၏ တကယ့်ပြဿနာက ဘယ်နေရာမှာ ရှိလဲဆိုတာကို မြင်နိုင်ခဲ့၏။
ဤသည်က အမှန်တကယ်ပင် လွန်စွာဒုက္ခပေးနေသော ပြဿနာတစ်ခု ဖြစ်သည်။ သူ၏နာမည်ဂုဏ်သတင်းကို သယ်ဆောင်ရန် ၎င်းတို့၏ အဆုံးမရှိသော မူလစွမ်းအင်များကို အသုံးပြုခဲ့ကြသည့် လော့လော့၊ နန်ခယ်နှင့် ထူးခြားသော သွေးမျိုးဆက်ရှိသူများကို သူ တွေးမိသွား၏။ သူက အသေးစိတ် ရှင်းမပြနိုင်သဖြင့် စုလီ၏ နောက်ထပ်စကားများကိုသာ တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေလိုက်သည်။
“ကြယ်တာရာသိပ်သည်းခြင်းအဆင့်ရဲ့ အကြီးမားဆုံး ထူးခြားချက်က ကြယ်တာရာနယ်ပယ် ရှိနေခြင်းပဲ… တကယ်လို့ လူတစ်ယောက်က အဲဒါကို ဖောက်ထွက်ချင်တယ်ဆိုရင် ပိုပြီး မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုပြီး အတင်းအကျပ် ဖိနှိပ်ရမယ်၊ ဒါမှမဟုတ် ဓားစွမ်းအင်ကို သုံးပြီး ချေမှုန်းပစ်ရမယ်၊ ဒါမှမဟုတ် နေရာတစ်နေရာတည်းကို အတင်းအကျပ် တိုက်ခိုက်ဖို့ လုံလောက်တဲ့ မူလစွမ်းအင်ကို သုံးရလိမ့်မယ်… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သလို မင်းရဲ့ ဓားကွက်တွေကနေ ထွက်လာတဲ့ မူလစွမ်းအင် ပမာဏကလည်း မလုံလောက်ဘူး… မင်းရဲ့ ဓားမြှောင်က လုံလောက်အောင် ထက်မြက်နေရင်တောင် တခြားလူတစ်ယောက်ရဲ့ ကမ္ဘာထဲကို မင်း ဝင်ရောက်နိုင်မှာ မဟုတ်ဘူး”
စုလီက ချန်းချန်ရှန်၏ ဓားမြှောင်ကို တစ်ချက် ကြည့်လိုက်၏။ သူက ပြောလိုက်သည်။ “ကံကောင်းတာက ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ အများစုက မထိုက်တန်တဲ့ နာမည်ဂုဏ်သတင်းတွေ ရထားကြပြီး သူတို့ရဲ့ ကြယ်တာရာနယ်ပယ်တွေက ပြီးပြည့်စုံဖို့ အများကြီး လိုသေးတာပဲ… သူတို့ အားလုံးမှာ အားနည်းချက်တွေ၊ ဟာကွက်တွေ ရှိကြတယ်… တကယ်လို့ ပြိုင်ဘက်က မလှုပ်ရှားဘူးဆိုရင် သူတို့ရဲ့ အားနည်းချက်တွေ၊ ဟာကွက်တွေကို ဖုံးကွယ်ဖို့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အရှိန်အဝါကို အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်လိမ့်မယ်… ဒါပေမဲ့ သူတို့ စတင် လှုပ်ရှားလိုက်တာနဲ့ သေချာပေါက် မြင်နိုင်သွားပြီ… ရလဒ်အနေနဲ့ အခုအချိန်မှာ မင်း အလိုအပ်ဆုံး သင်ယူရမယ့် အရာက ကြယ်တာရာသိပ်သည်းခြင်းအဆင့်က ပြိုင်ဘက်တစ်ယောက်ရဲ့ အားနည်းချက်ကို ဘယ်လို မြင်အောင် ကြည့်ရမလဲ ဆိုတာကိုပဲ”
ချန်းချန်ရှန်က နံနက်ပိုင်းက တိုက်ပွဲကို တွေးမိသွားပြီး
“စီနီယာက ရွှယ်ဟယ်ရဲ့ ဟာကွက်တွေကို မြင်ခဲ့သလိုမျိုးလား”
“မှန်တယ်… ဒါပေမဲ့ ပြိုင်ဘက် လှုပ်ရှားမယ့် အချိန်ကို မင်း တကယ် စောင့်နေပြီးမှ အဲဒါကို မြင်လိုက်ရတယ်ဆိုရင် များသောအားဖြင့် အရမ်း နောက်ကျသွားတတ်တယ်… ဒါကြောင့် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရ အကောင်းဆုံး နည်းလမ်းက ကြိုတင် တွက်ချက်ထားဖို့ပဲ… မှန်းရမယ်ဆိုရင်တောင် နေရာ နည်းနည်းလောက်ကို ရွေးထားရမယ်”
“ဘယ်လို တွက်ချက်ရမလဲ…”
“အသက်အရွယ်၊ ကျင့်ကြံခြင်းအဆင့်၊ ခန္ဓာကိုယ် ခွန်အား၊ ခန္ဓာကိုယ် အခြေအနေ၊ အသုံးပြုနိုင်ခြေ အများဆုံး ဖြစ်တဲ့ တိုက်ကွက်၊ သူတို့ရဲ့ ကြယ်တာရာနယ်ပယ် ထူးခြားချက်တွေ၊ မူလစွမ်းအင် ဘယ်လောက်ရှိလဲ၊ နောက်ခံ ဂိုဏ်း ဒါမှမဟုတ် ကျောင်းတော်၊ သူတို့ လိုက်နာတဲ့ ဓလေ့ထုံးစံတွေ၊ ပထဝီဝင် အနေအထား၊ စားသောက်မှု အလေ့အထ၊ အိမ်ထောင်ရေး အခြေအနေ၊ ကလေး အရေအတွက်…”
“စီနီယာ… သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ ကလေး အရေအတွက်က ဘာဆိုင်လို့လဲ”
“အိမ်ထောင်ကျပြီးသား လူတွေက သတ္တိ နည်းနည်း ပိုနည်းတာ ရှင်းနေတာပဲ… ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ် ခွန်အားကလည်း နည်းနည်း ပိုအားနည်းလိမ့်မယ်”
“အဲဒါဆို ကလေး အရေအတွက်ကရော”
“တကယ်လို့ သူတို့မှာ ကလေး တစ်ယောက်ပဲ ရှိတယ်ဆိုရင် အဲဒီလူက သေချာပေါက် အစွမ်းထက်ပြီး အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်… ဘာလို့လဲဆိုတော့ သူ တွယ်တာပြီး လက်မလွှတ်နိုင်တဲ့ အရာတွေ အရမ်းများနေလို့ပဲ”
“တကယ်လို့ သူ့မှာ ကလေး ခုနစ်ယောက် ရှိရင်ရော”
“အဲဒီလူကလည်း အရမ်း ကြောက်စရာကောင်းလိမ့်မယ်… ဘာလို့လဲဆိုတော့ သူက သေရမှာကို မကြောက်တာ ဖြစ်ဖို့ များလို့ပဲ”
“…အဲဒီတော့ ဒီလိုပြောရရင် အိမ်ထောင်သက် အရမ်းကြာလာရင် သေရမှာကို အရမ်း ကြောက်သွားတတ်တယ်ပေါ့”
“မင်းပြောတဲ့ စကားတွေက အတွေ့အကြုံ မရှိတဲ့သူတွေ၊ ဗဟုသုတ နည်းတဲ့သူတွေ ပြောလေ့ရှိတဲ့ စကားတွေပဲ… ပြိုင်ဘက်နဲ့ ပတ်သက်ပြီး ဘာက ကြောက်စရာကောင်းတာလဲ… မင်းက နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ တွေးနေတယ်လို့ ငါ ထင်တယ်”
“…စီနီယာ၊ ကျွန်တော်တို့က အရေးကြီးတဲ့ ကိစ္စတွေအကြောင်း ပြောနေတာပါ… အကြောင်းပြချက် မရှိဘဲ ပြဿနာရှာနေတာကို ရပ်ပါတော့”
“ဘယ်သူက ပြဿနာရှာနေတာလဲ”
စုလီက တကယ် ပြဿနာရှာနေခြင်း မဟုတ်ပေ။ သူက ချန်းချန်ရှန်ကို အသေးစိတ် ဥပမာ သုံးဆယ့်ခုနစ်ခု ပေးခဲ့၏။ အသက်အရွယ်၊ ကျင့်ကြံခြင်းအဆင့်၊ ခန္ဓာကိုယ် ခွန်အား၊ ခန္ဓာကိုယ် အခြေအနေ၊ နောက်ခံ ဂိုဏ်း ဒါမှမဟုတ် ကျောင်းတော်၊ သို့မဟုတ် အသားအရေ အရောင်ပဲ ဖြစ်ဖြစ် အားလုံးက တိုက်ပွဲတွင် အရေးပါမှု ရှိကြသည်။ သူ ပြောသည့်စကားအရ ချန်းချန်ရှန်သာ ဤဓားသိုင်းကို သင်ယူနိုင်မည်ဆိုပါက ကြယ်တာရာသိပ်သည်းခြင်းအဆင့် ပြိုင်ဘက်တစ်ယောက်၏ ဟာကွက်များကို လွန်စွာ လွယ်ကူစွာ မြင်နိုင်လိမ့်မည် ဖြစ်၏။
ထိုဓားသိုင်းတွင် မည်သည့် ဓားကွက်မျှ မရှိသလို သတ်မှတ်ထားသော မူလစွမ်းအင် သို့မဟုတ် ကျင့်ကြံခြင်းအဆင့်လည်း မလိုအပ်ပေ။ ၎င်းက ဉာဏ်ပညာနှင့် တွက်ချက်မှုဆိုင်ရာ စွမ်းရည်များကိုသာ လိုအပ်ပြီး ဓားအသုံးပြုသူကို လောကကြီးကို ဖောက်ထွင်းမြင်နိုင်သော ဉာဏ်မျက်စိကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ၎င်းကို ဉာဏ်ပညာဓား ဟု ခေါ်ဆိုခြင်း ဖြစ်၏။
ညအချိန်က ဖြည်းညင်းစွာ ကုန်လွန်သွားပြီး ကောင်းကင်ယံတွင် ကြယ်များ ရှိနေဆဲ ဖြစ်သည်။ စုလီက ဓားကို စုတ်တံအဖြစ် အသုံးပြု၍ ရေကန်ဘေးရှိ မြေပြင်ပေါ်တွင် ရေးဆွဲပြနေ၏။ လုံးဝ မသက်ဆိုင်ဟု ထင်ရသော ဤအရာများက ယူဆောင်လာနိုင်သည့် အချိတ်အဆက်များနှင့် အပြောင်းအလဲများကို သူက ရှင်းပြနေသည်။ ချန်းချန်ရှန်က ဉာဏ်ပညာဓားနှင့် ပတ်သက်သော သဘောတရားများကို တဖြည်းဖြည်း လက်ခံလာပြီး လွန်စွာ အာရုံစိုက်ကာ လေးလေးနက်နက် နားထောင်နေ၏။ သူ၏ စိတ်ထဲတွင် အဆက်မပြတ် လျင်မြန်စွာ တွေးတောနေပြီး စကားတစ်ခွန်း၊ စာတစ်လုံးကိုပင် လွတ်သွားမည်ကို မလိုလားပေ။
ဉာဏ်ပညာဓားအကြောင်း ရှင်းပြပြီးနောက် စုလီက မွေးရှည်သမင် နှစ်ကောင်ကြားတွင် လှဲလျောင်း၍ စတင် အိပ်စက်တော့၏။
ချန်းချန်ရှန်က ရေကန်ဘေးတွင် ထိုင်နေသည်။ သူ အိပ်မပျော်သောကြောင့် မအိပ်ခဲ့ပေ။
သူ၏ မျက်စိရှေ့တွင် ပြည့်နှက်နေသော စာလုံးများနှင့် လွန်စွာ ရှုပ်ထွေးသော တွက်ချက်မှု လုပ်ငန်းစဉ်များကို မြင်နေရ၏။
သူက အတင်းအကျပ် မှတ်သားရာတွင် ကျွမ်းကျင်သည်။ သို့သော်လည်း ဤအပိုင်းတွင် သူ၏ စွမ်းရည်က တကယ်ကို သာမန်သာ ဖြစ်၏။
လုံလောက်သော ဉာဏ်ပညာ မရှိဘဲ သူ ဘယ်လိုလုပ် ဉာဏ်ပညာဓားကို သင်ယူနိုင်မည်နည်း။
လွယ်ကူပုံရသော်လည်း တကယ်တမ်းတွင် လွန်စွာ ရှုပ်ထွေးလှသော ဤဓားသိုင်းကို သူ နားမလည်နိုင်ခဲ့ပေ။
ထိုအချိန်မှာပင် သူက ချူကျန်သခင်မလေးကို ရုတ်တရက် သတိရသွား၏။ သူ့ရှေ့ရှိ ရေကန်မျက်နှာပြင်ပေါ်တွင် အဖြူရောင် ဝတ်စုံတစ်ခု လွင့်မျောနေသကဲ့သို့ ရှိသည်။ အကယ်၍ တွက်ချက်ခြင်းနှင့် ကောက်ချက်ချခြင်း အပိုင်းတွင် အလွန် ထူးချွန်သော သူမသာ ဤဓားသိုင်းကို လာရောက် သင်ယူမည်ဆိုပါက လွန်စွာ မြန်ဆန်စွာ တတ်မြောက်သွားမည်မှာ သေချာလှသည်။
-အခန်း (၃၇၁) ပြီး