မိမိတို့၏ အသက်ကိုပင် စတေးလိုစိတ် ရှိသော လက်စားချေသူများသာလျှင် စုလီကို လာရောက် သတ်ဖြတ်ရဲကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို အနိုင်မယူနိုင်ကြောင်း လောကကြီး တစ်ခုလုံးက သိထားကြပြီး သဘာဝကျကျပင် သူ့ကို သတ်ဖြတ်ရန်ဆိုသည်က ပို၍ပင် ခက်ခဲလိမ့်မည် ဖြစ်သောကြောင့်ပင်။ သူ့ကို သတ်ရန် ကြိုးစားခြင်းဖြင့် သူတို့က သေခြင်းတရားနှင့် အရှက်ကွဲခြင်းကိုသာ ဖိတ်ခေါ်မိလိမ့်မည် ဖြစ်၏။ သို့သော်လည်း ယခုအခါ အခြေအနေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက ရက်ပေါင်းများစွာ နေ့ရောညပါ နတ်ဆိုးများ၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာများနှင့်အတူ ကံကောင်းထောက်မစွာဖြင့်သာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။ သူ့ကို သတ်ချင်နေသော လူများအတွက် ဤသည်က သံသယဝင်စရာ မလိုအောင် သူတို့၏ အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး မလွဲမသွေ ဆုပ်ကိုင်ရမည့် အခွင့်အရေးလည်း ဖြစ်ပေသည်။
စုလီ အပြင်းအထန် ဒဏ်ရာရနေကြောင်း ရွှယ်ဟယ် သိရှိခဲ့ချိန်က သူသည် မြို့တွင်းရှိ စစ်စခန်းအတွင်း၌ ကင်းလှည့်နေခဲ့၏။ သူ၏ သံချပ်ကာကို ချွတ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ လက်အောက်ငယ်သားဟောင်း အချို့၏ ဆွဲခေါ်မှုကြောင့် ဝိုင်များစွာ သောက်ခဲ့ရသည်။ မျက်နှာများ ရဲတက်ပြီး နားရွက်များ ပူနွေးနေချိန်တွင် ဤသတင်းကို သူ ရုတ်တရက် ရရှိခဲ့ခြင်း ဖြစ်၏။ သူက ဘာမျှ မတွေးတော့ဘဲ သူ၏ တောက်ပနေသော မီးအိမ်ကို လွှင့်ပစ်လိုက်ကာ ဝိုင်များကို ဖိတ်စင်စေပြီး သူ့ကို ဆက်သောက်ရန် အတင်းအကျပ် တိုက်တွန်းနေသေးသော အရာရှိ နှစ်ယောက်ကို လက်တစ်ချက်တည်းဖြင့် ရိုက်ချလိုက်သည်။ ထို့နောက် သူ၏ တိမ်နီကီရင်ကို စီး၍ နှင်းလွင်ပြင်ဆီသို့ ဒုန်းစိုင်းနှင်လာခဲ့၏။ သူ၏ စိတ်ထဲတွင် စုလီကို အမြန်ဆုံး ရှာတွေ့ရန်နှင့် ထို့နောက် သတ်ဖြတ်ရန် ဆိုသည်ကိုသာ တစ်ခဲနက် အာရုံစိုက်ထားခဲ့သည်။ အခြားကိစ္စများကို တွေးတောရန် သူ ဘယ်ကနေ အချိန်ရမည်နည်း။
ဤမြေရိုင်းတောင်ပေါ်တွင် ပေါ်လာသော အမျိုးသားမှာလည်း အလားတူ အခြေအနေမျိုးတွင် ရှိနေခဲ့၏။ လွန်ခဲ့သော လေးရက်ခန့်က သူသည် ရွှမ်ယန်မြို့၌ ကိုယ်ပိုင် ဖျော်ဖြေမှုတစ်ခု အနေဖြင့် အော်ပရာတစ်ခု ကပြနေခဲ့သည်။ လန်လင်းမြို့မှ အကောင်းဆုံး ဇာတ်သဘင်အဖွဲ့ကို သူ ဖိတ်ခေါ်ခဲ့ပြီး သူ၏ အရင်းနှီးဆုံးနှင့် ဩဇာအာဏာ အကြီးမားဆုံးသော ဖောက်သည်များကိုသာ ဖိတ်ကြားခဲ့၏။ သူက အကျော်ကြားဆုံး 'နွေဦးည သံစဉ်' ကို သီဆိုနေခဲ့ပြီး လွန်စွာ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းသော သတို့သမီး နေရာမှ သရုပ်ဆောင်နေခဲ့သည်။ သီချင်းသံက အထွတ်အထိပ်သို့ ရောက်ရှိလာပြီး သူ၏ မျက်ခုံးများက လွင့်ပျံကာ မျက်လုံးများက နူးညံ့နေချိန်တွင် အောက်တွင် ထိုင်နေသော ဘုန်းတော်ကြီးက မျက်လုံးဖြင့် အချက်ပြနေသည်ကို သူ ရုတ်တရက် မြင်လိုက်ရ၏။ များမကြာမီ သူ၏ နားထဲတွင် သတင်းစကား တစ်ခုကို ကြားလိုက်ရသည်။
စုလီ အပြင်းအထန် ဒဏ်ရာရထားပြီး ထျန်းလျန်ခရိုင် မြောက်ပိုင်းမှာ ရှိနေနိုင်တယ် ဟုတ်လား… သူက အေးစက်သော လေကို တစ်ချက် မှုတ်ထုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပြောပြ၍ မရနိုင်သော မထီမဲ့မြင်ပြုမှု၊ ဝမ်းနည်းမှု အငွေ့အသက်များဖြင့် ကောင်းကင်ယံကို အချိန်အနည်းငယ်ကြာအောင် တည်ငြိမ်စွာ မော့ကြည့်နေခဲ့သည်။ ထို့နောက် ဘုန်းခနဲ အသံနှင့်အတူ စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ၏ တိမ်တိုက်ဖိနပ်များကို ကန်ထုတ်ကာ ခေါင်းပေါင်းကို လွှင့်ပစ်လိုက်၏။ ရွှမ်ယန်မြို့စောင့်တပ်၏ လျှပ်စီးမြင်း တစ်ကောင်ကို လုယူပြီး ပြည်နယ်မြို့တော်မှ ထွက်ခွာကာ ခရိုင်၏ မြောက်ပိုင်းဆီသို့ ဒုန်းစိုင်း နှင်လာခဲ့တော့သည်။
သူတို့က လုပ်ကြံသူများနှင့် မတူကြောင်း ချန်းချန်ရှန် ပြောခဲ့သော်လည်း ဤသည်မှာ သူတို့က လုပ်ကြံသူများ တစ်ခါမှ မဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်၏။ ထို့ပြင် စုလီ ပြောခဲ့သကဲ့သို့ပင် သူတို့က အလောတကြီး ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ နောက်ကျသွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြ၏။ စုလီက အပြင်းအထန် ဒဏ်ရာရထားသည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို နောက်တစ်ကြိမ် မြင်တွေ့ရရန် သူတို့ တစ်သက်လုံး စောင့်ဆိုင်းရနိုင်သည်။ အဝတ်အစား လဲရန် အချိန်ကို သူတို့ ဘယ်ကနေ သွားရှာနိုင်မည်နည်း။ ထို့ကြောင့် ရွှယ်ဟယ်က တောက်ပနေသော သံချပ်ကာဖြင့် ရောက်လာခဲ့ပြီး ဤအမျိုးသားကတော့ ဖဲကြိုးများနှင့် မိတ်ကပ်များ ပျက်ယွင်းနေသော ကျက်သရေရှိသည့် ကချေသည် ဝတ်စုံဖြင့် ရောက်လာခဲ့ခြင်း ဖြစ်၏။ သူတို့က ထိုအချိန်က ဝတ်ဆင်ထားသော အဝတ်အစားများဖြင့် လာခဲ့ခြင်း ဖြစ်ရာ သေချာပေါက် လုပ်ကြံသူများ၏ အသွင်အပြင်မျိုး ရှိမည် မဟုတ်ပေ။
ရွှယ်ဟယ်၏ တောက်ပနေသော သံချပ်ကာတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေခဲ့သလို ဤအမျိုးသား၏ ကချေသည် ဝတ်စုံတွင်လည်း ရွှံ့များ ပေကျံနေ၏။ သူ၏ မျက်နှာက အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး လေတိုက်၍ မပျက်သွားသေးသော မိတ်ကပ်များက သူ့ကို ထူးဆန်းသော ဆွဲဆောင်မှုနှင့် လှပသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
စုလီကို ကြည့်နေစဉ် သူ၏ မျက်လုံးများက ပို၍ တောက်ပလာပြီး သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများကလည်း ပို၍ ထင်ရှားလာ၏။ သူက ပါးစပ်ကို ဖုံးကွယ်ရန် လက်စွပ်ကို အပေါ်သို့ မြှောက်လိုက်ရာ လွန်စွာ ဆွဲဆောင်မှု ရှိသွားပြီး သူ့ကိုယ်သူ အလွန် ကျေနပ်နေသည့်ပုံ ပေါ်သည်။ သို့သော်လည်း သူ၏ ဝိညာဉ် အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသည့်ပုံ ပေါ်သော နာကျင်မှု တစ်ခုလည်း ရှိနေ၏။
“ဒီလောက် ဒုက္ခခံပြီးမှ နောက်ဆုံးတော့ ခင်ဗျားကို ကျုပ် ရှာတွေ့ခဲ့ပြီပဲ… တကယ်ကို မလွယ်ကူခဲ့ဘူး၊ ဒါပေမဲ့ ခင်ဗျား မကြာခင် ကျုပ်လက်ထဲမှာ သေရတော့မယ်လို့ တွေးလိုက်တာနဲ့ အကြီးမားဆုံး နာကျင်မှုတွေ အားလုံးက တန်သွားပြီ… မိုင်သုံးထောင်လောက် ကျယ်တဲ့ မြောက်ပိုင်း လွင်ပြင်တွေထဲမှာ ကျုပ်တို့ တကယ် ဆုံတွေ့နိုင်ခဲ့တာပဲ… ကျုပ်ကံက သိပ်မဆိုးဘူးလို့ ပြောရမှာပေါ့”
ထိုစကားများကို ကြားသောအခါ စုလီ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူက ချန်းချန်ရှန်ကို ပြောလိုက်သည်။ “မင်းကံက တကယ် ကောင်းတာပဲ… မင်းထက် နည်းနည်း ပိုအစွမ်းထက်ပြီး အရမ်းကြီး မသန်မာတဲ့ ပြိုင်ဘက် တစ်ယောက်ကို ငါတို့ လိုအပ်နေတုန်း အတိအကျ ပေါ်လာတာပဲ”
သူ၏ အကြည့်ဖြင့် ဤအမျိုးသားက ကြယ်တာရာသိပ်သည်းခြင်းအဆင့်၏ အစပိုင်းအဆင့်တွင် ရှိကြောင်း မြင်တွေ့ရန် လွန်စွာ လွယ်ကူလှသည်။
အမျိုးသား၏ သွယ်လျသော မျက်ခုံးများက မြင့်တက်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားတို့ မသိဘူးလား”
ချန်းချန်ရှန်က အလွန် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသားက သူ၏ တွဲလောင်းကျနေသော လက်စွပ်များကို ခပ်ဖွဖွ မြှောက်လိုက်ပြီး ညင်သာစွာ မိတ်ဆက်လိုက်၏။ “ကျုပ်က လျန်ဟုန်ကျွမ်းပဲ”
(မှတ်ချက် - ဟုန်ကျွမ်း (红妆) ဆိုသည်မှာ 'အနီရောင် မိတ်ကပ်'၊ 'အလှအပ' သို့မဟုတ် 'ခမ်းနားသော အမျိုးသမီး ဝတ်စုံ' ဟု အဓိပ္ပာယ်ရသည်။)
လျန်ဟုန်ကျွမ်းမှာ လွန်စွာ နာမည်ကြီးသော လူတစ်ယောက် ဖြစ်သည်။ ထျန်းလျန်ခရိုင်တွင်သာမက တိုက်ကြီး၏ မြောက်ပိုင်း တစ်ခုလုံးတွင်ပါ သူက ယုံကြည်နိုင်စရာ မရှိလောက်အောင် နာမည်ကြီးလှ၏။ ဤသည်မှာ သူ၏ မိသားစုကြောင့်၊ သူ၏ အစ်ကိုကြီးကြောင့် ဖြစ်သလို အော်ပရာ ကပြရန်နှင့် ကခုန်ရန် သူ နှစ်သက်ကြောင်းကို လူအများအပြား သိထားသောကြောင့် ဖြစ်သည်။ ထို့ပြင် သူက အလွန် အစွမ်းထက်သောကြောင့်လည်း ဖြစ်၏။
ချန်းချန်ရှန်နှင့် စုလီတို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဤလူ မည်သူမည်ဝါ ဖြစ်သည်ကို သူတို့ မသိကြသေးပေ။ ချန်းချန်ရှန်က တာအိုကျမ်းစာ တစ်အုပ်လုံးကို အစအဆုံး အလွတ်ရွတ်ပြနိုင်သော်လည်း ကျင့်ကြံခြင်း လောကအစစ်အမှန်တွင်တော့ သူက တကယ်ကို ဗဟုသုတ နည်းပါးပြီး အတွေ့အကြုံ မရှိသူ တစ်ယောက် ဖြစ်၏။ စုလီ အနေဖြင့်ဆိုလျှင်တော့… ဤတိုက်ကြီးပေါ်တွင် သူ မှတ်မိနေရန် လိုအပ်သော နာမည်များ အလွန် နည်းပါးလှပြီး လျန်ဟုန်ကျွမ်းက ထိုဂုဏ်ထူးကို မရရှိခဲ့သည်မှာ အလွန် သိသာထင်ရှားလှသည်။
ဤသည်က လုံးဝ ကြီးမားသော စော်ကားမှု တစ်ခုပင်။ လျန်ဟုန်ကျွမ်း မျက်မှောင်ကြုတ်သွားသော်လည်း ဒေါသတော့ မထွက်ပေ။ သူက သက်ပြင်းချလိုက်၏။ “ကျုပ်မာနကိုတော့ နည်းနည်း ထိခိုက်သွားစေတယ်… ဒါပေမဲ့ သခင်စုကို ကျုပ် သတ်နိုင်ခဲ့ရင် ပိုများတဲ့ လူတွေ ကျုပ်နာမည်ကို သိလာနိုင်လောက်ပါတယ်”
ချန်းချန်ရှန်က မေးလိုက်သည်။ “ခင်ဗျားက… နာမည်ကြီးချင်လို့ စီနီယာ့ကို သတ်ဖို့ ဒီကို လာခဲ့တာလား…”
လျန်ဟုန်ကျွမ်းက မဖြေဘဲ ရယ်မောရုံသာ ရယ်မောလိုက်၏။
စုလီက ရုတ်တရက် မေးလိုက်သည်။
“လျန်ဝမ်စွန်းရဲ့ လျန် လား”
လျန်ဟုန်ကျွမ်း၏ မျက်နှာအမူအရာက အနည်းငယ် ပို၍ တည်ကြည်လေးနက်သွား၏။
“လျန်ဟုန်ကျွမ်းရဲ့ လျန် ပါ”
(မှတ်ချက် - သူတို့ နှစ်ယောက်စလုံးက လျန် (梁) ဆိုသော မျိုးရိုးနာမည် တူညီကြသည်။)
ဤစကားကို ကြားသောအခါ အနီရောင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ထားသော ဤစိတ်ဖောက်ပြန်နေသည့် လူက သူ့ကို ဘာကြောင့် သတ်ချင်နေသနည်း ဆိုသည်ကို စုလီ နားလည်သွား၏။ ချန်းချန်ရှန်ဘက်သို့ လှည့်၍ သူက ကြေညာလိုက်သည်။
“ဒီလူက ငါ့ကို တကယ် သတ်ချင်နေတာ… ဒါကြောင့် သူ့ကို မင်း သတ်ကို သတ်ရမယ်”
ဤလွန်စွာ တိုတောင်းသော စကားဝိုင်းကို နားထောင်ရင်း ၎င်း၏ အဓိပ္ပာယ် အပြည့်အစုံကို ချန်းချန်ရှန် သိပ်နားမလည်ခဲ့သော်လည်း ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို အကြမ်းဖျင်း သိရှိလိုက်၏။ အနီရောင် ကချေသည် ဝတ်စုံနှင့် ဤလုပ်ကြံသူက လျန်ဝမ်စွန်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေပေလိမ့်မည်။
ချဉ်းကပ်လာသော လျန်ဟုန်ကျွမ်းကို ကြည့်ရင်း၊ သူ၏ ဝတ်စုံမှ ပိုးဖဲကြိုးများ လေထဲတွင် ကခုန်နေသည်ကို ကြည့်ရင်း ချန်းချန်ရှန်၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေ၏။ ထိုကချေသည် ဝတ်စုံထဲမှ ဟာကွက်တစ်ခုကို ရှာဖွေရန် အဆက်မပြတ် လေ့လာ၊ ခွဲခြမ်းစိတ်ဖြာပြီး တွက်ချက်နေသည်။
ပြိုင်ဘက် တစ်ယောက်ကို အနိုင်ယူရန်အတွက် ထိုပြိုင်ဘက်အကြောင်းကို နားလည်ထားရမည် ဖြစ်သည်။ ဉာဏ်ပညာဓားပဲ ဖြစ်ဖြစ်၊ အသာမန်ဆုံး တိုက်ပွဲပဲ ဖြစ်ဖြစ် တိုက်ပွဲ အားလုံးက ဤအချက်ကို လိုအပ်၏။ လျန်ဟုန်ကျွမ်းဟု ခေါ်သော ဤကချေသည် မည်သူဖြစ်သည်ကို သူ မသိသော်လည်း လျန်ဝမ်စွန်း အကြောင်းကိုတော့ သူ သိထားသည်။
လျန်ဝမ်စွန်းက လွတ်မြောက်ခြင်းစာရင်းတွင် အဆင့်အတော်မြင့်သော ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပြီး တကယ်ကို နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။ မည်သို့သော နာမည်ကြီး ပုဂ္ဂိုလ်မျိုးကို တကယ် နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ယောက်ဟု ခေါ်ဆိုနိုင်မည်နည်း။ တကယ် နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဆိုသည်မှာ ချန်းချန်ရှန်ကဲ့သို့ ဗဟုသုတ နည်းပါးသူ တစ်ယောက်ကပင် သူတို့အကြောင်း သိရှိထားသူကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသည်ကမှ တကယ် နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။
ကျင့်ကြံခြင်း လောကရှိ ဂိုဏ်းများနှင့် ကျောင်းတော်များအကြောင်း ချန်းချန်ရှန်က အလွန် နားလည်မှု နည်းပါးသော်လည်း လျန်မျိုးနွယ်စုနှင့် ပတ်သက်၍ သူ လွန်စွာ ရှင်းလင်းစွာ နားလည်ထား၏။ အဘယ်ကြောင့်ဆိုသော် လျန်ကလန်က ယခင် အင်ပါယာ မျိုးနွယ်စု ဖြစ်သောကြောင့်ပင်။ သူတို့၏ ကျင့်ကြံခြင်း၊ လူနေမှုပုံစံနှင့် သွေးမျိုးဆက် အမွေအနှစ်များ အားလုံးကို တာအိုအသင်းတော်၏ မှတ်တမ်းများတွင် ရေးသားထားသည်။
လျန်ဝမ်စွန်း၏ ခမ်းနားပြီး ဇိမ်ကျကျ နေထိုင်မှုပုံစံ၊ လျန်ဝမ်စွန်း၏ အောင်မြင်မှုများ၊ လျန်ဝမ်စွန်း၏ ဓားကစားဟန်၊ ဝမ်ဖော့နှင့် ရှောင်ကျန်းတို့အပေါ် လျန်ဝမ်စွန်း၏ သဘောထား၊ လျန်ဝမ်စွန်း၏ အသက်အရွယ်၊ လျန်ဝမ်စွန်း၏ ဇနီးသုံးယောက်… မရေမတွက်နိုင်သော သတင်းအချက်အလက် အပိုင်းအစများက သူ၏ ဝိညာဉ်ပင်လယ် အောက်ခြေမှ အပေါ်သို့ တက်လာပြီး သူ၏ မျက်စိရှေ့တွင် ဖြတ်ပြေးသွား၏။
ထိုကြယ်တာရာ နယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကြယ်များကဲ့သို့ပင် ၎င်းတို့က ညကောင်းကင်ယံမှ သူ၏ မျက်စိရှေ့သို့ ဆင်းသက်လာပြီး တောက်ပလာကြသည်။ ဤကြယ်များထဲတွင် သူက အရေးအကြီးဆုံး နေရာ၊ ထိုလမ်းကြောင်း တစ်ခုတည်းကို ရှာဖွေရမည် ဖြစ်၏။
“မင်း လုပ်နိုင်လား” စုလီက မေးလိုက်သည်။
ချန်းချန်ရှန်က ခေါင်းယမ်းလိုက်၏။ သူ၏ ဉာဏ်ပညာဓားက အချောသတ်ထားသော အသွားတစ်ခုအထိ မရောက်သေးပေ။ မဟုတ်ဘူး၊ ဓားတစ်လက်၏ ပုံသဏ္ဌာန်ပင် စတင် ပေါ်ပေါက်မလာသေးဘူးဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ အားနည်းချက်ကို မြင်တွေ့ရန်ပင် သူ အသုံးမပြုနိုင်သေးပါဘဲ ရန်သူများကို တိုက်ခိုက်ရန် သူ ဘယ်လိုလုပ် အသုံးပြုနိုင်မည်နည်း။
“မင်း မမြင်နိုင်ဘူး ဆိုရင်တောင်မှ မင်း ခန့်မှန်းရမှာပဲ”
“စီနီယာ… စီနီယာက လုပ်နိုင်တယ် ဆိုမှတော့ အရင်ကလို ကျွန်တော့်ကို ဘာလို့ လမ်းညွှန် မပေးနိုင်ရတာလဲ”
“ငါ အရင်က ပြောခဲ့သလိုပဲ… ရွှယ်ဟယ်ရဲ့ ဓားမော့ကို ပိတ်ဆို့ဖို့ ငါ စုဆောင်းထားတဲ့ ခွန်အားတွေ အကုန် သုံးလိုက်ရပြီ”
“ကြယ်တာရာနယ်ပယ် တစ်ခုကို ဖောက်ထွင်းမြင်နိုင်ဖို့ ခွန်အား လိုအပ်လို့လား”
“မဟုတ်ရင် ဘာလိုဦးမှာလဲ”
“အဲဒါက ယုတ္တိမတန်ဘူးလို့ ကျွန်တော် အမြဲတမ်း ခံစားရတယ်”
“မျက်လုံးတောင် မဖွင့်နိုင်လောက်အောင် မင်း ပင်ပန်းနေတဲ့ အချိန်ကျမှသာ ဒီအကြောင်းပြချက်ကို နားလည်နိုင်တဲ့ အရည်အချင်း မင်းဆီမှာ ရှိလာလိမ့်မယ်”
“ကောင်းပြီ… အဲဒါဆို နောက်ထပ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“ငါ ပြောသလိုပဲ၊ မင်း ခန့်မှန်းရမယ်”
“ခန့်မှန်းရမယ်”
“ရမ်းသမ်း ခန့်မှန်းတာမျိုးလည်း ဖြစ်နိုင်တယ်”
သူတို့ စကားပြောနေစဉ်မှာပင် လျန်ဟုန်ကျွမ်းက ရောက်ရှိလာပြီ ဖြစ်၏။
ချန်းချန်ရှန် ဆက်၍ မစောင့်နိုင်တော့ပေ။ သူ၏ ဓားမြှောင်က လျှပ်စီးတစ်ခုကဲ့သို့ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ကခုန်နေသော ပိုးဖဲကြိုးများဆီသို့ ထိုးစိုက်သွားသည်။
အဝေးရှိ တောင်စောင်းတစ်ခုပေါ်တွင် မွေးရှည်သမင် နှစ်ကောင်က ခေါင်းငုံ့၍ မြက်စားနေကြပြီး သူတို့ ရှိရာနေရာကို တစ်ချက်လေးပင် လှည့်မကြည့်ကြချေ။
-အခန်း (၃၇၃) ပြီး