မွေးရှည်သမင်များအတွက်တော့ ချန်းချန်ရှန်နှင့် လျန်ဟုန်ကျွမ်းတို့၏ တိုက်ပွဲက စိမ်းလန်းသော မြက်ခင်းများလောက် စိတ်ဝင်စားစရာ မကောင်းလှပေ။ အကယ်၍ အခြား ဘေးမှကြည့်ရှုသူ တစ်ယောက်ယောက်သာ ရှိနေမည်ဆိုပါက သူတို့နှစ်ဦးကြားရှိ ကြီးမားကျယ်ပြန့်လှသော ခွန်အားကွာဟချက်ကြောင့်၊ ထို့ပြင် စုလီက ရွှယ်ဟယ်၏ ဓားမော့ကို ပိတ်ဆို့ရန် သူ၏ နောက်ဆုံးကျန်ရစ်သော ခွန်အားများကို အသုံးပြုထားခဲ့သောကြောင့် ထိုသူကလည်း ဤအတိုင်းသာ တွေးမိလောက်ပေမည်။ သို့သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် တစ်ဦးတည်းသော ဘေးမှကြည့်ရှုသူ ဖြစ်သည့် စုလီကတော့ တိုက်ပွဲအပေါ် လုံးလုံးလျားလျား အာရုံစိုက်ထား၏။ သူက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။
လျန်ဟုန်ကျွမ်း၏ အနီရောင် ကချေသည် ဝတ်စုံက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လွင့်မျောနေသည်။ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ ချီများက အရပ်မျက်နှာအနှံ့သို့ ဖြာထွက်နေ၏။
၎င်းက မည်သည့် ဟာကွက်ကိုမျှ မမြင်တွေ့ရသော ပြီးပြည့်စုံသည့် နယ်ပယ်တစ်ခု ဖြစ်သည်။
ချန်းချန်ရှန် မမြင်နိုင်ခဲ့ပေ။ သို့သော်လည်း စုလီ သူ့ကို နောက်ဆုံး ပြောခဲ့သည့် စကားအတိုင်းပင်။ အကယ်၍ သူ ခန့်မှန်းရမည်ဆိုလျှင်၊ မျက်ကန်းတစ္ဆေ ခန့်မှန်းရမည် ဆိုလျှင်တောင်မှ သူ လုပ်ကိုလုပ်ရမည်သာ ဖြစ်သည်။ သူ စွန့်စားရမည် ဖြစ်၏။ သေချာသည်ကတော့ ၎င်းက ခန့်မှန်းရုံ သက်သက်၊ မျက်ကန်းတစ္ဆေ ခန့်မှန်းရုံ သက်သက် ဖြစ်နေသောကြောင့် ဘယ်လိုပဲ ကြည့်ကြည့် သူ့အတွက် အနိုင်ရရန် မျှော်လင့်ချက် မရှိပေ။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ ကြယ်တာရာသိပ်သည်းခြင်းအဆင့်နှင့် ပတ်သက်၍ မည်သည့် နားလည်မှုမျှ မရှိသော အခြား ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့် ကျင့်ကြံသူများနှင့် သူ မတူညီခြင်း ဖြစ်သည်။
အဲဒီတုန်းက ရိုးရာကျောင်းတော်တွင် သူက သန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ မဖြတ်ကျော်နိုင်ခဲ့ဘူးဟု ထင်ခဲ့ချိန်တွင် တကယ်တော့ သူ အောင်မြင်နေခဲ့ပြီ ဖြစ်သည်။ ကမ္မဋ္ဌာန်းဝင်စားခြင်းကို ဖြတ်ကျော်ရန် ကြောက်ရွံ့နေသည်ဟု ထင်ခဲ့ချိန်တွင် တကယ်တော့ သူက ကြယ်အလင်းများကို လမ်းညွှန်ခေါ်ဆောင်နိုင်ခဲ့ပြီး ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်သို့ပင် ရောက်ရှိခဲ့ပြီး ဖြစ်၏။ အရှေ့ဘက် ဂူဗိမာန်ရှိ ကျောက်စာတိုင်များကို ကြည့်ရှုခဲ့ချိန်က သူသည် ကောင်းကင်ကျမ်းစာ ကျောက်စာတိုင်များပေါ်ရှိ မျဉ်းကြောင်းများမှတစ်ဆင့် ကြယ်တာရာ မြေပုံများကို ဖန်တီးနိုင်ခဲ့သည်။ ဤနည်းလမ်းက မူလကတည်းက ကြယ်တာရာသိပ်သည်းခြင်းအဆင့်နှင့် သက်ဆိုင်ခြင်း ဖြစ်၏။ သို့သော်လည်း သူက ကျင့်ကြံခြင်းလောကတွင် ပုံမှန်မဟုတ်သော ခြွင်းချက်တစ်ခု ဖြစ်သည်။ သူက သူ၏ လက်ရှိအဆင့်ကို ကျော်လွန်သော ကျင့်ကြံခြင်း နည်းလမ်းများကို အမြဲတမ်း အသုံးပြုလေ့ ရှိ၏။ သို့မဟုတ် တစ်နည်းအားဖြင့် သူက ကျင့်ကြံခြင်းလမ်းစဉ်တွင် မည်သူ့ထက်မျှ ပိုမမြန်သော်လည်း ပို၍ ဝေးဝေးသို့ ကြည့်ရှုရန် လိုအပ်သည်။ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ဆိုသည်မှာ ဘာလဲဆိုတာကို သူ သိထားသည်။
ကျင့်ကြံသူများက သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ရန် ကြယ်အလင်းကို လမ်းညွှန်ခေါ်ဆောင်ကြသည်။ သူတို့က ကြယ်အလင်းရောင်များကို မူလစွမ်းအင်အဖြစ် ပြောင်းလဲရန် ကမ္မဋ္ဌာန်းဝင်စားခြင်းကို အသုံးပြုကြပြီးနောက် ဝိညာဉ်နန်းတော်၏ တံခါးကို ဖွင့်ရန် ကြယ်အလင်း၏ စွမ်းအားကို အသုံးပြုကြ၏။ ထို့နောက် သူတို့ ဆက်လုပ်ရန် လိုအပ်သည်မှာ ခန္ဓာကိုယ်ထဲသို့ ကြယ်အလင်းများ ဆက်လက် လမ်းညွှန်ခေါ်ဆောင်ရန်နှင့် သူတို့၏ ဝိညာဉ်တောင်တန်းရှိ ကြယ်များကို လင်းလက်လာစေရန် ဖြစ်သည်။ ကြယ်များကို သူတို့ ခန္ဓာကိုယ်၏ သွေးကြောပေါက်များနှင့် အပ်စိုက်အမှတ်နေရာများဆီသို့ ချိတ်ဆက်ပေးရန် လိုအပ်ပြီး သူတို့၏ ကိုယ်ပိုင် ကြယ်တာရာ မြေပုံကို ရေးဆွဲရန် မူလစွမ်းအင်များကို လှုံ့ဆော်ပေးရမည် ဖြစ်၏။ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာငယ်လေးကို ပြန်လည် တည်ဆောက်ရန်နှင့် ၎င်းကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူနိုင်ရန် လိုအပ်သည်။ ၎င်းက ကြယ်တာရာနယ်ပယ် ဖြစ်၏။
ကြယ်တာရာနယ်ပယ်ဆိုသည်မှာ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကမ္ဘာဖြစ်သည်။ ၎င်းက သူတို့၏ ခန္ဓာကိုယ်ထဲရှိ ကြယ်ကောင်းကင်ယံ၏ ပုံရိပ်ယောင်ဖြစ်ပြီး ကျင့်ကြံသူ၏ ဝိညာဉ်ပင်လယ်လည်း ဖြစ်၏။
အစစ်အမှန် ကြယ်ကောင်းကင်ယံကြီးက တည်ငြိမ်ပြီး ထာဝရ တည်ရှိကာ အေးချမ်းသော်လည်း တည်ကြည်လေးနက်မှု ရှိသည်။ ကျင့်ကြံခြင်းဆိုင်ရာ အထွေထွေ ဗဟုသုတများအရ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ ကြယ်တာရာနယ်ပယ်ကလည်း မည်သည့် ဟာကွက်မျှ မရှိဘဲ ပြီးပြည့်စုံနေသင့်၏။ ပိုမို မြင့်မားသော အဆင့်ရှိ ကျင့်ကြံသူများက ဟာလာဟင်းလင်းဖြစ်နေသော နေရာများကို မြင်တွေ့နိုင်လျှင်တောင် ၎င်းက အစစ်အမှန် ဟာလာဟင်းလင်း ဖြစ်နေခြင်း မဟုတ်ဘဲ သူတို့၏ စိတ်ဝိညာဉ်အာရုံနှင့် မူလစွမ်းအင်များကို ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်စေသော ကျင့်ကြံသူအဆင့်၏ အကန့်အသတ်သာ ဖြစ်သည်။
ချန်းချန်ရှန်က ထိုအချက်ကို မယုံကြည်ပေ။ ပြီးပြည့်စုံသော ကြယ်တာရာနယ်ပယ် ဆိုသည်မှာ လုံးဝ မရှိကြောင်း သူ ယုံကြည်ထား၏။ အဘယ်ကြောင့်ဆိုသော်… အစစ်အမှန် ကြယ်ကောင်းကင်ယံကြီးက ငြိမ်သက်အေးချမ်းပြီး ထာဝရ မပြောင်းမလဲ တည်ရှိနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းအစား ၎င်းက အမြဲတမ်း ပြောင်းလဲလှုပ်ရှားမှုများ၏ ဟန်ချက်ညီမှုတစ်ခုသာ ဖြစ်၏။ ၎င်းက ပြောင်းလဲလှုပ်ရှားမှုများ၏ ဟန်ချက်ညီမှု တစ်ခုဖြစ်သဖြင့် ပြင်ပစွမ်းအား တစ်ခု၏ ကျူးကျော်ဝင်ရောက်မှု ရှိလာသည်နှင့် တစ်ပြိုင်နက် ဟန်ချက်ညီမှု ပျက်ပြားသွားမည့် အထူး အခိုက်အတန့်လေး တစ်ခု အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။ ဤသည်က ရွှယ်ဟယ်၏ ဓားမော့ကို ဖောက်ထွက်နိုင်ရန် သူ့ကို စုလီ လမ်းညွှန်နိုင်ခဲ့သော အကြောင်းရင်းပင် ဖြစ်၏။ တကယ်တမ်းတွင် ဤကဲ့သို့သော နားလည်သဘောပေါက်မှုက စုလီ၏ ဉာဏ်ပညာဓား အယူအဆကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် စုလီပဲဖြစ်ဖြစ်၊ သူကိုယ်တိုင်ပဲဖြစ်ဖြစ် သူ အတိအကျ ဘာကို နားလည်သွားပြီး ဘာကို ရှာတွေ့သွားသနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပေ။ သဘာဝကျကျပင် ဤကဲ့သို့သော နားလည်သဘောပေါက်မှုက အနာဂတ်တွင် သူ၏ တိုက်ပွဲများနှင့် ကျင့်ကြံခြင်းများအပြင် တစ်ခုလုံးဖြစ်သော ကျင့်ကြံခြင်း လောက၏ သမိုင်းကြောင်းကိုပါ ပြောင်းလဲမှုများ ယူဆောင်လာလိမ့်မည်ဟု သူတို့ တွေးမိကြမည် မဟုတ်ချေ။
လေထဲတွင် လွင့်မျောနေသော ဝတ်စုံနှင့် လျန်ဟုန်ကျွမ်းကို ကြည့်ရင်း ချန်းချန်ရှန်၏ ဝိညာဉ်ပင်လယ်ထဲတွင် မရေမတွက်နိုင်သော သတင်းအချက်အလက်များက လျင်မြန်စွာ ဖြတ်ပြေးသွား၏။ ဖဲကြိုးများကဲ့သို့ ဖြစ်နေသော အနီးအနားရှိ ချီများကို ခံစားရင်း၊ ထို့ပြင် တောင်တန်းများထဲရှိ ပုံမှန်မဟုတ်ဘဲ ရှင်းလင်း ထင်ရှားနေသော မူလစွမ်းအင် လက္ခဏာများကို ခံစားရင်း သူက အဆက်မပြတ် တွက်ချက်နေသည်။ သူ၏ မျက်စိရှေ့တွင် မရေမတွက်နိုင်သော ကြယ်များ ပေါ်လာသကဲ့သို့ ရှိ၏။ ဤမျှ တိုတောင်းလှသော အချိန်အတွင်း ကြယ်တစ်စင်းနှင့် တစ်စင်းကြားရှိ နှိုင်းရ တည်နေရာများကို မည်သူမျှ မမြင်နိုင်ပေ။ ထို့ပြင် ကြယ်များ၏ တောက်ပမှုနှင့် နှိုင်းရ တည်နေရာများမှတစ်ဆင့် ကြယ်တာရာနယ်ပယ် လည်ပတ်နေသော နိယာမများကို တွက်ချက် ကောက်ချက်ချရန် ဆိုသည်မှာ ပို၍ပင် ဝေးသေးတော့သည်။ ထို့ကြောင့် ကြယ်တာရာနယ်ပယ် တစ်ခု၏ အားအနည်းဆုံး နေရာကို ရှာတွေ့နိုင်သူ အလွန် နည်းပါးလှ၏။ လူသားများ၏ တွက်ချက်နိုင်စွမ်းက အကန့်အသတ် ရှိသည်။ ဤအချိန်တွင် အကန့်အသတ်မရှိသော စွမ်းရည်တစ်ခု လိုအပ်၏။ ဥပမာ - ပင်ကို အသိစိတ်၊ သေချာသည်ကတော့ ၎င်းကို ခန့်မှန်းခြင်း ဟုလည်း ခေါ်ဆိုနိုင်သည်။
သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ရာနှင့်ချီသော ကြယ်များက တောက်ပလိုက်၊ မှေးမှိန်လိုက် ဖြစ်နေပြီး အရောင်များ ပြောင်းလဲနေ၏။ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်မှာ ရှင်းနေသော်လည်း ကြယ်များ ရွေ့လျားနေသည်ကို သူ မြင်နေရသကဲ့သို့ ထင်ရသည်။
လူတွေက အချိတ်အဆက် အားလုံးရဲ့ ပေါင်းစပ်မှုဖြစ်ပြီး ကံကြမ္မာဆိုတာ လူတွေကြားက အပြန်အလှန် သက်ရောက်မှု လမ်းကြောင်းတွေရဲ့ အနှစ်ချုပ် ဖြစ်သည်။ ကြယ်ကောင်းကင်ယံက အဲဒါတွေ အားလုံးကို ဖော်ပြ ရှင်းလင်းထား၏။ လျန်ဟုန်ကျွမ်းက အဆက်မပြတ် အပြောင်းအလဲများကို ကြုံတွေ့နေရသည်။ နှစ်တိုင်း တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို ပြင်းထန်သော အရက်တစ်ခွက်တိုင်းနဲ့အတူ အမြန်နှုန်းတွေက ပိုပိုပြီး ထိုင်းမှိုင်းလာပြီး အချိန်တိုင်း တိုးပွားလာသော သူ၏ အမုန်းတရားများကြောင့် နာကျင်မှုကို ခံစားနေရ၏။ ရလဒ်အနေဖြင့် သူ၏ ကြယ်တာရာနယ်ပယ်ကလည်း သဘာဝကျကျပင် အဆက်မပြတ် အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။
ကြယ်များ၏ ရွေ့လျားမှုနှင့် တောက်ပမှု အပြောင်းအလဲများနှင့်အတူ မြေပုံအသစ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်၏။
ကြယ်တာရာနယ်ပယ်၏ သိပ်သည်းနေသော ကြယ်အစုအဝေးများကြားတွင် အမှောင်ထု တစ်ကွက်ကို ခပ်ဝါးဝါး သူ ရုတ်တရက် မြင်လိုက်ရ၏။ ဝန်းရံနေသော ကြယ်များက လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်ရပြီး ထိုအမှောင်ထုက လမ်းကြောင်း၏ အဆုံးသတ် ဖြစ်ကာ မသိနိုင်သော နေရာတစ်ခု၊ သို့မဟုတ် ဟာလာဟင်းလင်းပြင် တစ်ခုဆီသို့ ဦးတည်နေသည်။ ၎င်းက ဘာမှန်း ချန်းချန်ရှန် မသိခဲ့ပေ။ ကြယ်တာရာနယ်ပယ်ထဲတွင် ဆင်တူသော နေရာများစွာ ရှိနေသဖြင့် သူမြင်လိုက်ရသည်က အစစ်အမှန် ဟုတ်မဟုတ်ကို သူ အတည်မပြုနိုင်ခဲ့ချေ။ သို့သော်လည်း ယခုအချိန်တွင်တော့ သူ ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်နိုင်တော့သည်။ ၎င်းက ခန့်မှန်းမှု ဖြစ်နေလျှင်တောင် အစစ်အမှန်ဖြစ်နေသကဲ့သို့ ယုံကြည်ချက် ရှိနေရန် လိုအပ်သည်။ ချန်းချန်ရှန်က ထိုနေရာဆီသို့ ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်၏။
ရှပ်ခနဲ အသံနှင့်အတူ အနည်းငယ် အေးစက်နေသော တောင်ပေါ်လေထု ဖောက်ထွင်းခံလိုက်ရသည်။
အနီရောင် ပိုးဖဲကြိုးများက အဆက်မပြတ် ကခုန်နေ၏။
ချန်းချန်ရှန်၏ ဓားမြှောင်က အနီရောင် ဖဲကြိုးတစ်ခုနှင့် ထိတွေ့တော့မည်မှာ ရှင်းလင်းနေသော်လည်း ၎င်းက နက်နဲဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာသည်။
စုလီ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူ၏ ဓားကဲ့သို့သော မျက်ခုံးများက အနည်းငယ် မြင့်တက်သွား၏။
လျန်ဟုန်ကျွမ်း၏ ကြယ်တာရာနယ်ပယ်ကို ဖောက်ထွက်နိုင်လောက်သည့်အထိ တကယ်ကို မြန်ဆန်လွန်းလှသော တိုက်ကွက်တစ်ခုပင်။ လျန်ဟုန်ကျွမ်းတောင်မှ တုံ့ပြန်နိုင်စွမ်း မရှိတော့လောက်အောင် လျင်မြန်သော တိုက်ကွက် တစ်ခု ဖြစ်၏။
တောရိုင်းမြေပြင်ထဲမှ ကြည်လင်သော ဝှစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ လျန်ဟုန်ကျွမ်းက အလောတကြီး နောက်ဆုတ်သွား၏။ သူက ကိုက်ဆယ်ဂဏန်းကျော် အကွာသို့ ရောက်သည်အထိ သူ၏ ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။
အနီရောင် ဖဲကြိုးက ဖြည်းညင်းစွာ ကျဆင်းလာပြီး သူ၏ ခြေအောက်သို့ ကျရောက်သွားသည်။
သူ၏ ဘယ်ဘက် နားရွက်တွင် ပုလဲတစ်လုံး ရှိသည်။ ယခုအချိန်တွင် ထိုပုလဲက ပျောက်ကွယ်သွားပြီဖြစ်ပြီး အနီရင့်ရောင် သွေးပုလဲလုံးလေး တစ်လုံးသာ ကျန်ရစ်နေခဲ့၏။
ချန်းချန်ရှန်၏ ဓားက သူ၏ ဘယ်ဘက် နားကပ်ဆီသို့၊ ထိုပုလဲဆီသို့ ထိုးစိုက်သွားခဲ့ခြင်း ဖြစ်သည်။
လျန်ဟုန်ကျွမ်းက လက်ကို မြှောက်၍ သူ၏ ဘယ်ဘက် နားရွက်ကို ထိကိုင်လိုက်၏။ အထိအတွေ့က အနည်းငယ် အေးစက်နေပြီး သူက ချန်းချန်ရှန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ သူက အလွန်အမင်း အံ့အားသင့်သွားပြီး လွန်စွာ နားမလည်နိုင်အောင် ဖြစ်သွား၏။ ဒီလူငယ်လေးက ငါ့ရဲ့ ကြယ်တာရာနယ်ပယ်ကို ဖောက်ထွက်နိုင်ခဲ့တာလား။ ဒီလူငယ်လေးက တကယ်တော့ ဘယ်သူများလဲ။
ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်သော တိုက်ပွဲဆိုသည်မှာ မယုံနိုင်စရာ ကိစ္စတစ်ခု မဟုတ်ပေ။ သို့သော်လည်း အများစုက အဆင့်တစ်ခုတည်း အတွင်း၌သာ ဖြစ်ပွားလေ့ရှိကြသည်။ ဥပမာအားဖြင့် ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်၏ အစပိုင်းအဆင့်ရှိ ကျင့်ကြံသူက အထက်ပိုင်းအဆင့်ရှိ ကျင့်ကြံသူကို တိုက်ခိုက်ခြင်းမျိုး ဖြစ်၏။ သို့သော်လည်း ကမ္မဋ္ဌာန်းဝင်စားခြင်းအဆင့်က ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်ကို တိုက်ခိုက်ခြင်း၊ ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်က ကြယ်တာရာသိပ်သည်းခြင်းအဆင့်ကို တိုက်ခိုက်ခြင်း အစရှိသည့် အဆင့်တစ်ခုလုံးကို ကျော်လွန်သော တိုက်ပွဲမျိုးမှာ အလွန် ရှားပါးလှသည်။ နှစ်သောင်းပေါင်းများစွာသော သမိုင်းမှတ်တမ်းများတွင်ပင် အောင်မြင်ခဲ့သည့် ဖြစ်ရပ်များ သိပ်များများစားစား မရှိခဲ့ပေ။
သေချာသည်ကတော့ သာမန်ကို ကျော်လွန်သော မွေးရာပါ ပါရမီများ ရှိသည့် ပါရမီရှင်များကဲ့သို့ ချွင်းချက်များက အမြဲတမ်း ရှိနေတတ်၏။ အဲဒီတုန်းက ချိုးရှန်းကျွင်း ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်တွင် ရှိနေစဉ်က ကြယ်တာရာသိပ်သည်းခြင်းအဆင့်၏ အစပိုင်းအဆင့်ရှိ မည်သည့် ကျင့်ကြံသူက သူ့ကို သေချာပေါက် အနိုင်ရနိုင်မည်ဟု ပြောဝံ့မည်နည်း။ နောက်ထပ် ဥပမာတစ်ခု အနေဖြင့် ချန်းချန်ရှန် မြို့တော်မှ ထွက်ခွာလာချိန်တွင် လော့လော့က ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း ချန်းချန်ရှန် ကိုယ်တိုင် အပါအဝင် မည်သည့် ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့် ကျင့်ကြံသူကမဆို သူမက သူတို့လောက် မကောင်းဘူးဟု ဘယ်သူ ပြောဝံ့မည်နည်း။
သို့သော်လည်း ချန်းချန်ရှန်ထံတွင် သိသာထင်ရှားသော အထူး မွေးရာပါ ပါရမီများ မရှိပေ။ သူ၏ မူလစွမ်းအင်က လွန်စွာ သာမန်သာဖြစ်ပြီး သူ၏ ဟန်ပန်ကလည်း လွန်စွာ ပုံမှန်သာ ဖြစ်၏… လျန်ဟုန်ကျွမ်းက ဖြစ်နိုင်ချေ တစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ပြောလိုက်သည်။
“မင်းက…”
ချန်းချန်ရှန်က သူ၏ ဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ပြောလိုက်၏။
“ရိုးရာကျောင်းတော်၊ ချန်းချန်ရှန်ပါ”
-အခန်း (၃၇၄) ပြီး