လျန်ဟုန်ကျွမ်းက စုလီထံ လက်စားချေရန် မိုင်ထောင်ချီ ခရီးကို အလောတကြီး နှင်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်က သူ၏ဖခင် သေဆုံးခဲ့ရမှုအတွက် လက်စားချေခြင်း ဖြစ်ကြောင်းကို သူက လွန်စွာ ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ဖြစ်၏။ ဤသို့ ဖြစ်နေသည့်အတွက် ဤတိုက်ပွဲကို အနိုင်အရှုံးဖြင့် ဆုံးဖြတ်မည် မဟုတ်ဘဲ သေခြင်းရှင်ခြင်းဖြင့်သာ မလွဲမသွေ ဆုံးဖြတ်ရမည် ဖြစ်သည်။
သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခု မစတင်မီ ပြိုင်ဘက်ကို ညှာတာပေးရန် တောင်းဆိုခြင်း၊ ထို့ပြင် ၎င်းကို ယဉ်ကျေးမှုအရ ပြောဆိုခြင်း မဟုတ်ဘဲ ရင်ထဲမှ အစစ်အမှန် ရိုးသားစွာ တောင်းဆိုခြင်း ဖြစ်နေသည့်အတွက်… ချန်းချန်ရှန် ပြောလိုက်သော စကားက လူများကို တကယ်ပင် အံ့အားသင့်သွားစေခဲ့ပြီး လျန်ဟုန်ကျွမ်းမှာလည်း မည်သို့ ပြန်ဖြေရမည်ကို လုံးဝ မသိတော့ချေ။ သူက ခေါင်းယမ်းလိုက်သော်လည်း နောက်ထပ် ဖြစ်ပျက်လာသည့် အရာများကတော့ လုံးဝ အံ့ဩစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ညှာတာပေးရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
အနီရောင် ကချေသည် ဝတ်စုံက စိမ်းလန်းသော မြေရိုင်းတောင်ပေါ်တွင် လွင့်မျောသွား၏။ မိုင်ရာပေါင်းများစွာ အတွင်းရှိ ဖုန်မှုန့်များနှင့် မြေကြီးများက ကောင်းကင်ယံသို့ လွင့်စင်သွားသည်။ လျန်ဟုန်ကျွမ်းက အစစ်အမှန် မီးလုံးကြီး တစ်လုံးကဲ့သို့ လေထဲတွင် လွင့်မျောလျက် ရောက်ရှိလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်း မီးလောင်တိုက် သွင်းလိုက်တော့သည်။
သူက မီးလျှံများကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။ မီးထက် ပိုမို မြန်ဆန်ပြီး ကြမ်းတမ်းစွာ ပျံ့နှံ့နိုင်သော အရာတစ်ခုကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
‘ဒီလူငယ်လေးက ငါ့ရဲ့ နယ်ပယ်ကို ဖောက်ထွင်းမြင်နိုင်တယ်… အဲဒါဆိုရင် သေချာ မမြင်နိုင်လောက်အောင် ငါက မြန်ဆန်သွားမယ်ဆိုရင် မင်းက ဘယ်လိုလုပ် ဖောက်ထွင်းမြင်နိုင်တော့မှာလဲ…’
ယုတ္တိတန်တန် တွေးကြည့်မည် ဆိုလျှင် လျန်ဟုန်ကျွမ်း၏ ကျင့်ကြံခြင်းအဆင့်နှင့် မြောက်ပိုင်းဒေသများရှိ သူ၏ နာမည်ဂုဏ်သတင်းအရ ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဤကဲ့သို့သော နည်းလမ်းများ အသုံးပြု၍ တိုက်ခိုက်ရန် မလိုအပ်ပေ။ သို့သော်လည်း ချန်းချန်ရှန်က သာမန် ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်သလို စုလီကို သတ်ဖြတ်ရန်အတွက် လျန်ဟုန်ကျွမ်းက အရှက်ကွဲခြင်းကိုပင် လက်ခံရန် ဆန္ဒရှိနေခဲ့၏။ သေချာသည်ကတော့ သူ သတိထားရန် လုံးဝ မလိုအပ်လျှင်တောင် အနည်းငယ် ပို၍ သတိထားရန် သူ ဝန်လေးနေမည် မဟုတ်ချေ။
ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်က မိမိထက် သိသိသာသာ အားနည်းသော ပြိုင်ဘက်ကို တကယ်ပင် ဤမျှ သတိကြီးကြီး ထားနေခြင်းက လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။ တောင်တစ်ခုလုံးကို လောင်ကျွမ်းစေမည့် မီးလျှံများကဲ့သို့ ဖြစ်နေသော အနီရောင် ကချေသည် ဝတ်စုံကို ကြည့်ရင်း စုလီက သူ၏ ဓားကဲ့သို့သော မျက်ခုံးများကို နောက်တစ်ကြိမ် ပင့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာက ပို၍ ရိုးရှင်းသွား၏။ ဤသည်က အေးစက်မှု၏ ရိုးရှင်းခြင်း၊ အရေးမစိုက်မှု၏ ရိုးရှင်းခြင်း ဖြစ်ပြီး အသက်အပေါ် အေးစက်ခြင်းနှင့် ရလဒ်အပေါ် အရေးမစိုက်ခြင်းပင် ဖြစ်သည်။ တိုက်ပွဲ၏ ရလဒ်ကို သူ မြင်တွေ့ပြီးပြီ ဖြစ်၏။ ချန်းချန်ရှန်၏ ပထမဆုံး တိုက်ကွက်က လျန်ဟုန်ကျွမ်း၏ နားရွက်ကို ဒဏ်ရာရစေနိုင်ခဲ့သော်လည်း လက်ရှိ အခြေအနေကိုမူ သူ ဖြေရှင်းနိုင်စွမ်း မရှိတော့ပေ။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကျိုးဥယျာဉ်ထဲမှ သူ နောက်ဆုံးအကြိမ် ထွက်ခွာလာခဲ့ချိန်တွင် သူသည် ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်က သူကိုယ်တိုင် လက်ရှိ လျန်ဟုန်ကျွမ်းနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင်မှ အတူတူ သေဆုံးခြင်းမှလွဲ၍ ပို၍ကောင်းမွန်သော အကြံဉာဏ်တစ်ခုကို တွေးမိခဲ့မည် မဟုတ်ချေ။ သို့ဆိုလျှင် ချန်းချန်ရှန်က ဘာလုပ်နိုင်မည်နည်း။
ချန်းချန်ရှန် ဘာလုပ်ရမည်မှန်း မသိခဲ့ပေ။ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းက ပို၍ မြင့်မားပြီး သူက ကျင့်ကြံရာတွင် ပို၍ လုံ့လဝီရိယ ရှိလျှင်တောင်မှ အဆင့်ကွာဟချက်က တည်ရှိနေဆဲ ဖြစ်သည်။ တိုက်ပွဲပိုင်းဆိုင်ရာတွင် လျန်ဟုန်ကျွမ်း၏ အတွေ့အကြုံက သူ့ထက် အရမ်းကို သာလွန်လွန်းနေသည်ကိုတော့ ထည့်ပြောနေစရာပင် မလိုတော့ချေ။ ပြီးတော့… သူ ရောက်လာတာ အရမ်း မြန်လွန်းတယ်။
တိုးဝင်လာသော မီးလျှံများထက် ပို၍ ကြမ်းတမ်းပြီး ပို၍ မြန်ဆန်သော အရာများက အလွန် နည်းပါးလှ၏။ ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်တွင်သာ ရှိသေးသော သူက လျန်ဟုန်ကျွမ်း၏ အမြန်နှုန်းကို လုံးဝ လိုက်မမီနိုင်ပေ။ သို့သော်လည်း လျန်ဟုန်ကျွမ်းထက် ပို၍ မြန်ဆန်သော အရာနှစ်ခု သူ့ထံတွင် ရှိနေသည်။ ယဲ့ရှီခြေလှမ်းနှင့် သူ တွေးတောသည့် အမြန်နှုန်းပင် ဖြစ်သည်။
စိတ်ဝိညာဉ်အာရုံကို အသုံးပြုခြင်းဖြင့် တောင်တန်းများနှင့် မြစ်ချောင်းများစွာကို သူ ဖြတ်ကျော်နိုင်သည်။
တောရိုင်းမြေပြင်ကို ဖုံးလွှမ်း၍ မီးလျှံများကဲ့သို့ တိုးဝင်လာသော ကချေသည် ဝတ်စုံကို သူ ကြည့်လိုက်ပြီး သူ၏ အသက်က ဤအရာပေါ်တွင် မူတည်နေသည့်အလား ပြင်းပြင်းထန်ထန် တွေးတောလိုက်၏။
သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် မရေမတွက်နိုင်သော ကိန်းဂဏန်းများနှင့် ဖော်ပြချက်များ ထွက်ပေါ်လာသည်။ တာအိုကျမ်းစာများတွင် မှတ်တမ်းတင်ထားသော ယခင် အင်ပါယာ မျိုးနွယ်စု၏ ကိစ္စရပ်များ၊ မြောက်ပိုင်းတွင် သောင်းကျန်းနေသော လျန်ဝမ်စွန်း၏ သိုင်းပညာ ထူးခြားချက်များ၊ လျန်ဟုန်ကျွမ်း၏ အေးစက်သော အကြည့်၊ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် လက်စွပ်များ၊ ရုတ်တရက် လျင်မြန် ပြင်းထန်စွာ မြင့်တက်လာသော ချီများ၊ အဆုံးမရှိသော မူလစွမ်းအင်များ၊ တက်နင်းခံရပြီးနောက် မြက်ပင်လေး တစ်ပင် ကွေးညွတ်သွားသော ထောင့်ချိုး အနေအထား… ထို့နောက် ၎င်းတို့က တစ်ခုနှင့်တစ်ခု အဆက်မပြတ် ပေါင်းစပ် ကိုက်ညီသွားကြပြီး လွန်စွာ ရှုပ်ထွေးလှသော ကြယ်တာရာ မြေပုံတစ်ခုကို ဖန်တီးလိုက်ကြ၏။
ဉာဏ်ပညာဓားကို သူ မကျွမ်းကျင်သေးပေ။ နောက်ထပ် သုံးရက် သုံးညတိတိ အချိန် ပိုရမည် ဆိုလျှင်တောင်မှ ဤအရာများမှတစ်ဆင့် လျန်ဟုန်ကျွမ်း၏ ကြယ်တာရာနယ်ပယ်မှ အားနည်းချက်ကို ရှာဖွေတွေ့ရှိရန် သူ့အတွက် မဖြစ်နိုင်သလို ကြယ်တာရာ မြေပုံပေါ်ရှိ အချိတ်အဆက်များကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည် မဟုတ်ချေ။ တစ်ချိန်တည်းမှာပင် နောက်တစ်စက္ကန့်တွင် လျန်ဟုန်ကျွမ်း၏ ကချေသည် ဝတ်စုံကြောင့် ပြာကျသွားတော့မည့် အခြေအနေ ဖြစ်နေ၏။
သူက ရမ်းသမ်းခန့်မှန်းရုံသာ တတ်နိုင်သေးသည်… မဟုတ်ဘူး၊ ခန့်မှန်းတာပင်။
ခန့်မှန်းခြင်းနှင့် ရမ်းသမ်းခန့်မှန်းခြင်းက ကွာခြားကြောင်း စုလီ ပြောခဲ့ဖူးသည်။ ရမ်းသမ်းခန့်မှန်းခြင်း ဆိုသည်မှာ မျက်လုံးမှိတ်၍ လုပ်ဆောင်ခြင်း ဖြစ်ပြီး ခန့်မှန်းခြင်း ဆိုသည်မှာ မျက်လုံးဖွင့်၍ လုပ်ဆောင်ခြင်း ဖြစ်၏။ သူက လောကကြီးကို မြင်နိုင်သည်၊ ကြယ်ကောင်းကင်ယံကို မြင်နိုင်သည်။ ၎င်းကို အတိုင်းအတာ တစ်ခုအထိ အသုံးပြုခြင်းဖြင့် သူ၏ ပင်ကို အသိစိတ်ကို သူ လိုက်နာမည် ဖြစ်၏။ သို့မဟုတ် တစ်နည်းအားဖြင့် သူ၏ စိတ်နှလုံးမှ ခံစားချက်များကို လိုက်နာမည် ဖြစ်သည်။
သူ ကိုယ်တိုင် ခန့်မှန်းမှု တစ်ခုကို ပြုလုပ်လိုက်ပြီးနောက် အခွင့်ကောင်းယူကာ အရင် လှုပ်ရှားလိုက်၏။
လျန်ဟုန်ကျွမ်း၏ ကချေသည် ဝတ်စုံမှ ထွက်ပေါ်လာသော တောင်ပေါ်လေပြင်းများ တိုက်ခတ်နေသည်။ သို့သော်လည်း ချန်းချန်ရှန်၏ ပတ်လည်တွင်တော့ ကျောချမ်းဖွယ်ရာ ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ ရုတ်တရက် သူ ရှိနေသော နေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် လျန်ဟုန်ကျွမ်း၏ အရှေ့သို့ ရောက်ရှိသွားတော့သည်။
သူက ယဲ့ရှီခြေလှမ်း၏ ရိုးရှင်းသော ပုံစံကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
တောရိုင်းမြေပြင်ထဲတွင် လွန်စွာ တောက်ပသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဝီခနဲ အသံတိုးတိုးလေး တစ်ခုနှင့်အတူ ၎င်းက အတိတ်ကာလ အဝေးဆီမှ ထွက်ပေါ်လာသည့်ပုံ ပေါ်သော တည်ကြည်လေးနက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သယ်ဆောင်လာကာ တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော မီးလျှံများကို ဖောက်ထွင်းသွားသည်။
သူ အသုံးပြုလိုက်သည်မှာ မျိုးဆက်သစ် နဂါးအော်သံဓား ဖြစ်၏။
လေထဲတွင် လွင့်မျောနေသော လျန်ဟုန်ကျွမ်း၏ ကချေသည် ဝတ်စုံမှ အစွမ်းထက်သည့် နယ်ပယ်နှင့် ယှဉ်လျှင် ဓားအငွေ့အသက်က မပြင်းထန်သော်လည်း အထူးတလည် သိပ်သည်းနေ၏။
ဓားအလင်းတန်းက လျှပ်စီးတစ်ခုကဲ့သို့ တောရိုင်းမြေပြင်ကို ရုတ်တရက် လင်းထိန်သွားစေသည်။
ဓားမြှောင်က တိုက်ရိုက် တိုးဝင်သွားပြီးနောက် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်သော ထောင့်ချိုးတစ်ခုဖြင့် ရုတ်တရက် လှည့်ထွက်သွား၏။ ၎င်းက မီးလျှံများကို ကွေ့ပတ်သွားပြီး လျန်ဟုန်ကျွမ်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
ဒေါသနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေသော ကြည်လင်သည့် အော်ဟစ်သံ တစ်ခု တောရိုင်းမြေပြင်ထဲတွင် ပဲ့တင်ထပ်သွား၏။
လျန်ဟုန်ကျွမ်းက အလောတကြီး နောက်ဆုတ်သွားသည်။ သူက လေထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း သူ၏ ဘယ်ဘက်ပခုံးပေါ်ရှိ ရှင်းလင်းပြတ်သားသော ဓားခုတ်ရာကို မြင်တွေ့နိုင်၏။ ဓားခုတ်ရာမှ လတ်ဆတ်သော သွေးများ ပန်းထွက်လာသည်။ ချန်းချန်ရှန်၏ ဓားက သူ့ကို နောက်တစ်ကြိမ် အမှန်တကယ် ထိမှန်သွားခဲ့ပြန်၏။
မီးလျှံ၏ စွမ်းအားက လျော့ကျမသွားဘဲ ရုတ်တရက် လျင်မြန်ပြင်းထန်စွာ မြင့်တက်လာ၏။ လျန်ဟုန်ကျွမ်းက အလွန်အမင်း ဒေါသထွက်သွားပြီး အနီရောင် ကချေသည် ဝတ်စုံက ကောင်းကင်မှ ကျဆင်းလာသည်။ ၎င်းက ချန်းချန်ရှန်ကို ဖုံးလွှမ်းသွားပြီး ဤအချိန်မှာပင် နောက်ထပ် လွန်စွာ တောက်ပသော ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြန်၏။
ဓားမြည်သံက တောရိုင်းမြေပြင်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ၎င်းက အလောတကြီး မရှိဘဲ လှိုင်းလုံးများ တစ်ခုပြီးတစ်ခု လာနေသကဲ့သို့ အတော်လေး နှေးကွေးနေသည်။ ထို့ပြင် ဓားအငွေ့အသက်ကလည်း လုံးဝ မပြင်းထန်ပေ။ သို့သော်လည်း မီးတောက်နေသော ကချေသည် ဝတ်စုံက အောက်သို့ ဆက်လက် မကျဆင်းနိုင်တော့ဘဲ ချန်းချန်ရှန်ကို လုံးလုံးလျားလျား ဖုံးလွှမ်းနိုင်ခြင်း မရှိတော့ချေ။
ဓားအလင်းတန်းနှင့် ကခုန်နေသော မီးလျှံများကြားတွင် အချိန်တွေ ကုန်လွန်သွား၏။
အချိန်မည်မျှ ကြာသွားသည်မသိ၊ တောရိုင်းမြေပြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဗြန်းခနဲ ဆုတ်ဖြဲသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။
ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းထားသော မီးတောက်ကြီးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းကလည်း ဆက်လက်၍ မတောက်ပတော့ချေ။
ထိုလူနှစ်ယောက်က လူစုကွဲသွားပြီး ကိုက်ဆယ်ဂဏန်းကျော် အကွာမှနေ၍ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ သူတို့ကြားတွင် တောင်ပေါ်လေပြေလေး တစ်ချက် တိုက်ခတ်နေသည်။
ချန်းချန်ရှန်၏ မျက်နှာက လွန်စွာ ဖြူရော်နေပြီး ဓားမြှောင်ကို ဆုပ်ကိုင်ထားသော သူ၏ လက်က အဆက်မပြတ် တုန်ယင်နေ၏။
လျန်ဟုန်ကျွမ်း၏ မျက်နှာက ပို၍ပင် ဖြူရော်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ ကချေသည် ဝတ်စုံမှာလည်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံထားရပြီ ဖြစ်၏။
ချန်းချန်ရှန်က ခုနစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး တိုက်ကွက် တစ်ခုမျှပင် မလွဲချော်ခဲ့ပေ။
လက်ရှိအချိန်တွင်တော့ တိုက်ပွဲ၏ ရလဒ်က အဆုံးအဖြတ် ပေါ်သွားခဲ့ပြီ ဖြစ်သည်။
လျန်ဟုန်ကျွမ်း၏ ဖြူရော်နေသော မျက်နှာပေါ်မှ ပျက်ယွင်းနေသည့် မိတ်ကပ်များနှင့် စီးကျနေသော သွေးများက လွန်စွာ ရှင်းလင်း ထင်ရှားနေ၏။ ပျက်စီးသွားသော သူ၏ ကချေသည် ဝတ်စုံမှ လတ်ဆတ်သော သွေးများ အဆက်မပြတ် စီးကျနေသည်။ သူက ချန်းချန်ရှန်၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ အတိအကျ ဘာတွေ ဖြစ်ပျက်သွားခဲ့သနည်း ဆိုသည်ကို သူ နားလည်သည့်ပုံ မပေါ်ပေ။
ချန်းချန်ရှန်လည်း အတော်လေး ကြောင်စီစီ ဖြစ်နေ၏။ ဤအချိန်တွင် ဘာတွေ ဖြစ်ပျက်သွားခဲ့သနည်း ဆိုသည်ကို သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း မသိသေးပေ။
စုလီက ချန်းချန်ရှန်ကို ကြည့်နေပြီး သူ၏ စိတ်ခံစားချက်များက အတော်လေး ရှုပ်ထွေးနေ၏။ ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့် လူငယ်လေးနှင့် ကြယ်တာရာသိပ်သည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်တို့ကြားမှ တိုက်ပွဲတွင် ထိုလူငယ်လေး အနိုင်ရသွားခဲ့သည်။ သမိုင်းတွင် တွေ့ရခဲလှသော ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်သည့် အောင်ပွဲတစ်ခုက သူ၏ မျက်စိရှေ့တွင် ဤကဲ့သို့ပင် ဖြစ်ပျက်သွားခဲ့ပြီ ဖြစ်သည်။
အတိတ်က သူကိုယ်တိုင်လည်း ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်၍ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်မှုများ အကြိမ်အနည်းငယ် အောင်မြင်ခဲ့ဖူးသည်။ သူနှင့်အတူ ဓားလမ်းစဉ်ကို တစ်လတိတိ လေ့လာခဲ့သော ချိုးရှန်းကလည်း ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်၏ အထက်ပိုင်းအဆင့်တွင် ရှိနေစဉ်က ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထား၏။ သို့သော်လည်း ချန်းချန်ရှန်က ဤကိစ္စကို အောင်မြင်သွားခြင်းနှင့် သူ အသုံးပြုခဲ့သော နည်းလမ်းက စုလီကို လွန်စွာ တုန်လှုပ်သွားစေဆဲ ဖြစ်သည်။
တိုက်ပွဲက အရမ်းကို သာမန်ဆန်လွန်းနေသည်။
ထိုသို့ သာမန်ဆန်လွန်းနေခြင်းကြောင့်ပင် ပို၍ ကြက်သီးထွေးဖွယ် ကောင်းနေကြောင်း စုလီ ကောင်းစွာ သိထား၏။
ချန်းချန်ရှန်က ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်၍ ယခုတစ်ကြိမ် အောင်မြင်သွားခြင်းမှာ မွေးရာပါ ပါရမီကြောင့် မဟုတ်သလို ဓားလမ်းစဉ်တွင် ကောင်းကင်ယံအဆင့်သို့ ရောက်ရှိနေသည့်ပုံ ပေါ်သောကြောင့်လည်း မဟုတ်ပေ၊ ထို့ပြင် လောကကြီးနှင့် ကြယ်များထံမှ ရရှိထားသော လက်ဆောင်များကြောင့်လည်း မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် လုံ့လဝီရိယနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ကြောင့်သာ ဖြစ်သည်။ ဤသည်က ပါရမီ မဟုတ်ဘဲ တကယ်တမ်းတွင် ပါရမီထက်ပင် များစွာ သာလွန်နေသေး၏။
အချိန်ရေစီးကြောင်း တစ်လျှောက်၊ ကြီးမားကျယ်ပြန့်လှသော တိုက်ကြီးပေါ်တွင် ဤကဲ့သို့သော လူမျိုး အရင်က ရှိခဲ့ဖူးပါသလား။
စုလီက ချန်းချန်ရှန်ကို ကြည့်ရင်း ဤမေးခွန်းကို တိတ်ဆိတ်စွာ တွေးတောနေ၏။ သူ၏ လက်ချောင်းများက စက္ကူဝါထီးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
အဆုံးသတ်တွင်တော့ သူက ခြောက်ကြိမ်သာ ပုတ်ခဲ့လေသည်။
-အခန်း (၃၇၆) ပြီး