လျန်ဟုန်ကျွမ်းက စုလီကို စိုက်ကြည့်နေ၏။ မျက်နှာသေဖြင့် အသေကောင် တစ်ကောင်လို သူ မေးလိုက်သည်။
“ဘာလို့လဲ”
တိတ်ဆိတ်သွား၏။ မည်သူမျှ ဤမေးခွန်းကို မဖြေနိုင်ကြပေ။
သူက ခါးသက်စွာ ပြုံးလိုက်သည်။
“နောက်ဆုံးမှာတော့ ကောင်းကင်ဘုံရဲ့ တရားစီရင်မှုက လှည့်ပတ်လာမှာပဲလို့ ငါ ထင်ခဲ့တာ… ငါ့ရဲ့ လက်စားချေမှုကြောင့် မဟုတ်ရင်တောင် အချိန်မရောက်သေးတာကြောင့်ပဲ ဖြစ်ဖြစ်၊ အနည်းငယ် နောက်ကျနေတယ် ဆိုရင်တောင်မှ နောက်ဆုံးမှာ ရလဒ်တစ်ခုတော့ အမြဲတမ်း ရှိလာမှာပဲလို့ ထင်ခဲ့တာ… ကောင်းကင်ဘုံရဲ့ တရားစီရင်မှုဆိုတာ မရှိဘူးလို့ ဘယ်သူက ထင်မှာလဲ… ခင်ဗျားလို လူမျိုးကို ဘာလို့ အမြဲတမ်း ကောင်းကောင်းမွန်မွန် အသက်ရှင်နေခွင့် ပြုထားရတာလဲ… ဒီနေ့ ခင်ဗျား သေရတော့မယ်ဆိုတာကို မြင်နေရပြီ ဖြစ်ပေမဲ့ သူက ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာခဲ့တယ်”
ချန်းချန်ရှန် ခေါင်းငုံ့သွား၏။ သူက လျန်ဟုန်ကျွမ်းကို မကြည့်တော့သလို သူ၏ ဓားမြှောင်ကို ဆုပ်ကိုင်ထားသော လက်ကလည်း အနည်းငယ် တုန်ယင်နေသည်။
“ကျုပ်တို့ လျန်ကလန်က ခင်ဗျားကို ဘာများ စော်ကားမိလို့လဲ… ထျန်းလျန်က ချန်းကလန်ကရော ခင်ဗျားကို ဘာအကျိုးအမြတ်တွေ ပေးခဲ့လို့လဲ… လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ခင်ဗျားက ကျုပ်တို့ လျန်ကလန်ကို သုတ်သင်ပစ်ချင်ခဲ့တာ”
လျန်ဟုန်ကျွမ်း၏ ရယ်မောသံက ပိုပို၍ ကျယ်လောင်လာပြီး သူ၏ ခန္ဓာကိုယ်မှ သွေးများကလည်း ပိုပို၍ လျင်မြန်စွာ စီးကျလာကာ သူ၏ အသံကလည်း ပိုပို၍ စူးရှလာ၏။ ဤနောက်ဆုံး စကားကြောင်းကို သူ ပြောလိုက်ချိန်တွင် သူ၏ မေးခွန်းထုတ်မှုက ဟိန်းဟောက်သံကြီး အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ဒဏ်ရာရနေသော သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကြီး ဖြစ်၏။ ဒေါသ၊ လက်မခံနိုင်မှု၊ စိတ်ပျက်အားငယ်မှု၊ နာကျင်မှုများ ပြည့်နှက်နေပြီး ၎င်းကို ကြားရသူများ၏ ဝိညာဉ် အနက်ရှိုင်းဆုံး အစိတ်အပိုင်းများအထိ ထိုးဖောက် ဝင်ရောက်သွားသည်။
ချန်းချန်ရှန်၏ ခေါင်းက ပို၍ ငုံ့သွားပြီး မျက်နှာကလည်း ပို၍ ဖြူရော်သွားကာ လက်များကလည်း ပို၍ တုန်ယင်လာ၏။ နောက်တစ်စက္ကန့်တွင် ဓားလက်ကိုင်ရိုးကို သူ ဆက်၍ ကိုင်ထားနိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်။ ရူးသွပ်သွားပြီ ဖြစ်ပုံရသော လျန်ဟုန်ကျွမ်းကို သူ မမြင်ချင်သလို စုလီကိုလည်း မကြည့်ဝံ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကို မြင်တွေ့လိုက်ရပါက သူ လုပ်ခဲ့မိသည့် အရာများအတွက် ထိန်းချုပ်မရနိုင်သော အပြစ်ရှိစိတ်ကို ခံစားရမည်ကို သူ လွန်စွာ စိုးရိမ်ပူပန်နေပြီး နာကျင်မှုနှင့် ရုန်းကန်မှုများထဲသို့ နစ်မြုပ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
လျန်ဟုန်ကျွမ်း၏ ဝမ်းနည်းကြေကွဲဖွယ်၊ ဒေါသတကြီး မေးခွန်းထုတ်မှုများကို ကြားနေရပြီး ခေါင်းငုံ့နေသော ချန်းချန်ရှန်ကို မြင်တွေ့နေရသော်လည်း စုလီက မျက်နှာသေဖြင့်သာ ရှိနေဆဲ ဖြစ်သည်။ ဖြစ်ပျက်ပြီးသွားသော အရာများကို ဘယ်သောအခါမှ ပြောင်းလဲ၍ မရနိုင်တော့ပေ။ ထို့ကြောင့် နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရန် မလိုအပ်ပေ။ နောင်တရမည် ဆိုလျှင်တောင် သူ၏ ကိုယ်ပိုင် စိတ်နှလုံးထဲတွင်သာ ဖြစ်ပေါ်နိုင်၏။ သူက လောကကြီးကို ရှင်းပြနေရမည့် အဆင့်အထိ သေချာပေါက် ကျဆင်းသွားမည် မဟုတ်ချေ။
သူက ဤကဲ့သို့သော လူမျိုး ဖြစ်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် လျန်ဟုန်ကျွမ်း မည်မျှပင် သနားစရာ ကောင်းနေပါစေ သူက မျက်နှာအမူအရာ တစ်ချက်ပင် မပြောင်းလဲဘဲ ထွက်ခွာသွားမည် ဖြစ်၏။ ယနေ့တွင်လည်း သူက ထိုအတိုင်းပင် မျက်နှာအမူအရာ မပြောင်းလဲခဲ့သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် မထွက်ခွာမီ စကားအနည်းငယ် ပြောခဲ့သည်။ ဖြစ်နိုင်သည်က ချန်းချန်ရှန်၏ ခေါင်းက အရမ်း ငုံ့လွန်းနေပြီး သူ၏ လက်ထဲရှိ ဓားမြှောင်က အရမ်း တုန်ယင်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
“မင်းတို့ လျန်ကလန်ရဲ့ ဘိုးဘေးတွေ ဧကရာဇ် ဖြစ်နေတုန်းက တောင်ပိုင်းက လူဘယ်လောက်များများကို သူတို့ သတ်ခဲ့လဲ… ဂိုဏ်းဘယ်လောက်များများကို သူတို့ သုတ်သင်ခဲ့လဲ”
စုလီက လျန်ဟုန်ကျွမ်းကို မျက်နှာသေဖြင့် ကြည့်၍ ပြောလိုက်၏။
“မင်းရဲ့ လျန်ကလန်ကို သုတ်သင်ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့… တကယ်လို့ ငါ တကယ်ပဲ အဲဒီလို လုပ်ချင်ခဲ့မယ်ဆိုရင် ဒီနေ့ မင်းက ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ… ပြီးတော့ လျန်ဝမ်စွန်းကရော ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ”
ရုတ်တရက် သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွား၏။ ချန်းချန်ရှန်ကို ကြည့်၍ သူက အေးစက်စက် ပြောလိုက်သည်။
“မင်းက ဘာလို့ ထွက်မသွားဘဲ အရူးတစ်ယောက်လို အဲဒီမှာ ရပ်နေရတာလဲ… အထီးကျန်နေသလို ဟန်ဆောင်နေတာလား၊ ဒါမှမဟုတ် စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေတာလား… မင်းက ငါ့ကို ကယ်တင်ခဲ့လို့ ငါ့ကို ဆုံးမဖို့ အခွင့်အရေး ရှိတယ်လို့ မတွေးလိုက်နဲ့”
ထိုသို့ ပြောပြီးနောက် သူက အခြား တောင်စောင်းတစ်ခုဆီသို့ လျှောက်သွားလိုက်၏။
ဤရက်များအတွင်း အနားယူပြီးနောက် သူက အပြင်းအထန် ဒဏ်ရာရနေဆဲ ဖြစ်သော်လည်း ဖြည်းညင်းစွာ အနည်းငယ် လမ်းလျှောက်နိုင်လာပြီ ဖြစ်သည်။
စိမ်းလန်းသော မြက်များကို စားသောက်ပြီး ဗိုက်ဝသွားသော မွေးရှည်သမင် နှစ်ကောင်က သူတို့ထံသို့ ပြန်လာကြ၏။ သူတို့က အဝေးသို့ လျှောက်သွားနေသော စုလီနှင့် ခေါင်းငုံ့နေဆဲဖြစ်သော ချန်းချန်ရှန်ကို ကြည့်လိုက်ကြသည်။ သူတို့က အတော်လေး အကြံအိုက်သွားသည့်ပုံ ပေါ်ပြီး မည်သူ့နောက်သို့ လိုက်ရမည်နည်း ဆိုသည်ကို မသိကြချေ။
ချန်းချန်ရှန်က ခေါင်းမော့၍ လျန်ဟုန်ကျွမ်းကို ကြည့်လိုက်၏။ သူက တစ်စုံတစ်ခု ပြောချင်နေခဲ့သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းတည်းကိုသာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်”
ဤလေးလံလှသော စကားတစ်ခွန်းကို ပြောလိုက်ရသော်လည်း သူ၏ စိတ်အခြေအနေက ပိုမို ပေါ့ပါးသွားခြင်း မရှိပေ။ သူက မွေးရှည်သမင် နှစ်ကောင်၏ လည်ပင်းမှ ကြိုးများကို ဆွဲရန် လက်ဆန့်ထုတ်လိုက်ပြီး အဝေးရှိ အထီးကျန်နေသော လူ၏ နောက်သို့ တိတ်ဆိတ်စွာ လိုက်သွားလိုက်၏။
တောင်စောင်းက တောင်ဘက်သို့ မျက်နှာမူထားသည်။
လျန်ဟုန်ကျွမ်းက ဆက်၍ သည်းမခံနိုင်တော့ဘဲ တင်ပါးချလျက် ပြိုလဲကျသွား၏။ တဖြည်းဖြည်း နီးကပ်သွားသော လူနှစ်ယောက်ကို ကြည့်ရင်း သူက နာကျင်စွာ အော်ဟစ်လိုက်သည်။
“တောင်ပိုင်းကို မင်း တကယ် ပြန်ရောက်နိုင်မယ်လို့ ထင်နေတာလား… သူ့နောက်ကို ဆက်လိုက်နေမယ်ဆိုရင် မင်း သေချာပေါက် သေရလိမ့်မယ်”
ချန်းချန်ရှန် နောက်လှည့်မကြည့်ဘဲ ခေါင်းငုံ့၍သာ တိတ်ဆိတ်စွာ ဆက်လျှောက်သွားလိုက်၏။
စုလီက လွန်စွာ နှေးကွေးစွာ လမ်းလျှောက်နေသဖြင့် အချိန်သိပ်မကြာလိုက်ဘဲ ချန်းချန်ရှန် မှီသွားသည်။
မွေးရှည်သမင်က ရှေ့ခြေထောက်များကို မြှောက်၍ ဒူးကို မြေပြင်ပေါ် ထောက်လိုက်၏။ ချန်းချန်ရှန်က စုလီကို ပင့်မ၍ သမင်၏ ကျောပေါ်သို့ တင်ပေးလိုက်သည်။
အစမှ အဆုံးတိုင်အောင် မည်သူမျှ စကားတစ်ခွန်းမျှ မဆိုကြပေ။
တောင်ပေါ်မှ ဆင်းလာပြီး နောက်ထပ် တောင်နှစ်လုံးကို ဖြတ်ကျော်ပြီးနောက် မှော်ပင်များကဲ့သို့ စိမ်းလန်းနေသော မြက်ခင်းပြင် တောင်ကုန်းတစ်ခုဘေးတွင် မွေးရှည်သမင် ရပ်တန့်သွား၏။
ချန်းချန်ရှန်က သမင်၏ ကျောပေါ်မှ ဆင်းပြီး လမ်းဘေးသို့ ပြေးသွားလိုက်သည်။ သူက ကိုယ်ကို ကိုင်း၍ စတင် အန်တော့၏။
စုလီက သူ့ကို ကြည့်၍ လှောင်ပြောင်လိုက်သည်။
“အဲဒီကောင် သေသွားတာမှ မဟုတ်တာ… ဘာတွေ အန်စရာ ရှိလို့လဲ”
ချန်းချန်ရှန်က လက်ဝှေ့ယမ်း၍ အနည်းငယ် ရှင်းပြချင်နေခဲ့၏။ သို့သော်လည်း သူ၏ ရင်ဘတ်ထဲမှ မသက်မသာ ဖြစ်မှုကို မအောင့်အည်းနိုင်တော့ဘဲ နောက်တစ်ကြိမ် ထပ်အန်ပြန်သည်။
လျန်ဟုန်ကျွမ်းနှင့် သူ၏ တိုက်ပွဲမှာ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သူ တစ်ယောက်တည်း ရင်ဆိုင် အနိုင်ယူခဲ့သည့် ပထမဆုံး တိုက်ပွဲပင် ဖြစ်သည်။ အကယ်၍ ထိုတိုက်ပွဲက သာမန်ဆန်လွန်းနေသည့်အသွင် မဆောင်ခဲ့ဘူးဆိုလျှင် ထိုတိုက်ပွဲက သမိုင်းတွင် နေရာတစ်ခု ရရှိခဲ့ကောင်း ရရှိခဲ့ပေလိမ့်မည်။
သို့သော်လည်း သူ ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ သာမန် မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်သော တိုက်ပွဲတစ်ခုက မြင်ရသလောက် ရိုးရှင်းမည် မဟုတ်သည်မှာ သေချာလှ၏။ လျန်ဟုန်ကျွမ်း၏ ကြယ်တာရာနယ်ပယ်မှ ဖိအားအောက်တွင် သူကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရခဲ့သည်။ သူ၏ အရိုးများ အားလုံး အက်ကွဲသွားတော့မည့်အလား ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေခဲ့ချိန်က ၎င်းသည် သူ၏ စိတ်အခြေအနေကြောင့် ဖြစ်သလို သူ၏ ခန္ဓာကိုယ်ကလည်း တကယ်ကို ဆက်၍ တောင့်မခံနိုင်တော့သောကြောင့် ဖြစ်သည်။
သို့သော်လည်း အစစ်အမှန် ဒဏ်ရာက ခန္ဓာကိုယ်တွင် မဟုတ်ဘဲ စိတ်ထဲတွင် ဖြစ်၏။
ရွှီယို့ရုန်ကဲ့သို့ တွက်ချက်မှုဆိုင်ရာ ပါရမီ သူ့ထံတွင် မရှိသလို ကျင့်ကြံခြင်းအဆင့်များကို ကျော်လွန်နိုင်လောက်သည့်အထိ အစွမ်းထက်သော မွေးရာပါ ပါရမီလည်း မရှိပေ။ သူက ဉာဏ်ပညာဓားကို စတင် သင်ယူရုံသာ ရှိသေးသော်လည်း ၎င်းကို ပြိုင်ဘက်အပေါ် အတင်းအကျပ် အသုံးပြုခဲ့၏။ ထို့ပြင် သူက ခုနစ်ကြိမ် တိုက်ခိုက်ခဲ့ရာ လက်ရှိ သူ ခံနိုင်ရည်ရှိသော အရာ မဟုတ်ပေ။ သမုဒ္ဒရာ၊ သို့မဟုတ် ကြယ်ကောင်းကင်ယံကြီး ကဲ့သို့ ကျယ်ပြော အဆုံးမရှိသော လွန်စွာ ရှုပ်ထွေးလှသည့် တွက်ချက်မှုများဖြင့် အချက်အလက်များကို စုဆောင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း အများစုက သူ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားများ အားလုံးကို တိုက်ရိုက် ခြစ်ထုတ်သွားပြီး သူ၏ ဝိညာဉ်ပင်လယ်ကို ပြိုကျလုနီးပါး ဖြစ်သွားသည်အထိ လှုပ်ခါသွားစေခဲ့၏။
ထိုတိုက်ကွက် ခုနစ်ခုတွင် သူ၏ စိတ်ဝိညာဉ်အာရုံ အားလုံးကို သူ အသုံးပြုခဲ့ပြီး သူ၏ ဝိညာဉ်ပင်လယ်မှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံသူ၏ ခန္ဓာကိုယ်က သူတို့၏ ဝိညာဉ်ပင်လယ်ထဲရှိ လှေတစ်စင်း ဖြစ်သည်။ ယခုအခါ ဝိညာဉ်ပင်လယ်က ခန်းခြောက်သွားပြီဖြစ်ရာ လှေကလည်း ဟာလာဟင်းလင်းပြင်ထဲသို့ အဆက်မပြတ် ကျဆင်းသွားပြီး ဘယ်တော့မှ ရပ်တန့်မည် မဟုတ်တော့ချေ။ ဤသည်က လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် မြက်ခင်းပြင် တောင်ကုန်းများ အားလုံး အဆက်မပြတ် လည်ပတ်နေပြီး ပြောင်းလဲနေသည်ဟု သူ ခံစားရ၏။ တောက်ပနေသော ကောင်းကင်ပြာကြီးက သူ၏ ခေါင်းပေါ်သို့ ပြုတ်ကျလာတော့မည့်အလား ထင်ရပြီး သူ့ကို လွန်စွာ အနှောင့်အယှက်ဖြစ်စေကာ မသက်မသာ ဖြစ်ခြင်း၊ မူးဝေခြင်း၊ နာကျင်ခြင်းနှင့် အားနည်းခြင်းများကို ခံစားရစေသည်။ ၎င်းက ပြင်းထန်သော အရက်၊ သို့မဟုတ် မကောင်းသော အရက်များကို ခုနစ်ရက် ခုနစ်ည တိတိ အနားမယူဘဲ ဆက်တိုက် သောက်လိုက်ရသကဲ့သို့ ဖြစ်၏။
ထိုခံစားချက်က အလွန် နာကျင်ရပြီး အလွန် မသက်မသာ ဖြစ်စေကာ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်နေသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ မည်သို့မျှ ဖယ်ထုတ်၍ မရနိုင်ချေ။
မနေ့ညကနှင့် ယနေ့နံနက်က သူစားထားခဲ့သော အသားကင်များနှင့် တောရိုင်းသစ်သီးများ အားလုံးကို သူ အန်ထုတ်လိုက်၏။ သူ၏ အစာအိမ်ထဲမှ အက်စစ်များကိုလည်း အန်ထုတ်လိုက်ပြီး နောက်ဆုံးတွင်တော့ ဘာမှ ဆက်အန်စရာ မရှိတော့သဖြင့် ရေကဲ့သို့သော အရာများကိုသာ အန်ထုတ်နိုင်တော့သည်။ သူ မရပ်တန့်ခဲ့ဘဲ ဘာမှမရှိသည့်တိုင်အောင် ဆက်လက် အန်နေခဲ့ရာ သမုဒ္ဒရာများ ခန်းခြောက်ပြီး ကျောက်တုံးများ ပျော့ပြောင်းသွားသည်အထိ၊ ထာဝရတိုင်အောင် အန်ထုတ်ချင်နေသည့်အလား ဖြစ်၏။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ သူ၏ ခံစားချက်များကို လောကကြီးကို ဖွင့်ဟပြသနိုင်မည် ဖြစ်သည်။
စုလီက လမ်းဘေးတွင် အန်နေသော လူငယ်လေးကို ကြည့်နေပြီး ဘာစကားမျှ မဆိုချေ။
အချိန်မည်မျှ ကြာသွားသည်မသိ၊ သူက စက္ကူဝါထီးကို တောင်ဝှေးအဖြစ် အသုံးပြု၍ ချန်းချန်ရှန်၏ အနောက်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။ သူက စက္ကူဝါထီးကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီးနောက် ချန်းချန်ရှန်၏ ဂုတ်ပိုးကို ရိုက်ချလိုက်သည်။
ဖျောင်းခနဲ အသံနှင့်အတူ ချန်းချန်ရှန် ဖြည်းညင်းစွာ ပြိုလဲသွား၏။ မပြိုလဲမီလေးတွင် သူ အန်ထားသော အညစ်အကြေးများဖြင့် မပေကျံစေရန် အနောက်ဘက်သို့ လဲကျသွားအောင် သူ၏ နောက်ဆုံး ခွန်အားကို အသုံးပြုလိုက်သည်။
သို့သော်လည်း သူ သတိလစ်မသွားခဲ့ပေ။ သူ၏ မျက်လုံးများက ပွင့်နေဆဲဖြစ်ပြီး ကောင်းကင်ကို ကြည့်နေ၏။ သူ လွန်စွာ နာကျင်နေပြီး အလွန် အားနည်းနေသည်။
စုလီက အရေးမစိုက်သည့် လေသံဖြင့် ပြောလိုက်၏။
“မင်း သတိမလစ်ချင်ဘူး ဆိုရင်လည်း… မင်း ရူးသွားလိမ့်မယ်”
လွန်ခဲ့သော ရက်အနည်းငယ်က သူ လျှို့ဝှက်စွာ စုဆောင်းထားခဲ့သော ခွန်အား အားလုံးကို ယခင် တိုက်ကွက်က ကုန်ခန်းသွားစေခဲ့သည်။ မူလကတော့ ထိုခွန်အားက ပြိုင်ဘက်များကို သတ်ဖြတ်ရန် မလုံလောက်နိုင်သော်လည်း လူတစ်ယောက်ကို ကယ်တင်ရန်တော့ လုံလောက်သင့်သည်ဟု သူ ထင်ခဲ့၏။ သို့သော်လည်း ဤလူငယ်လေး၏ ခန္ဓာကိုယ်က ဤမျှအထိ ခိုင်ခံ့နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
နာကျင်နေသော ငါးတစ်ကောင်ကဲ့သို့ ချန်းချန်ရှန် ပါးစပ်ဟလိုက်ပြီး အားနည်းစွာ ပြောလိုက်၏။
“စီနီယာ… တောင်ပေါ်မှာ မြက်တစ်ပင် ရှိတယ်”
“မင်း သေခါနီးမှာ ကဗျာတစ်ပုဒ်များ ရေးချင်နေတာတော့ မဟုတ်ပါဘူးနော်” စုလီက ပြောလိုက်သည်။
“ဒီလိုပုံစံမျိုး မလုပ်ပါနဲ့၊ လူတွေကို နေရခက်စေတယ်”
ချန်းချန်ရှန်က အလွန် ခက်ခက်ခဲခဲ လက်မြှောက်၍ မြက်ပင်ကို လက်ညှိုးထိုးပြလိုက်၏။ သူက ပြောလိုက်သည်။
“အဲဒါက ရက်တစ်ရာ မူးယစ်မြက်ပင်လေ”
စုလီ ပြောခဲ့သလိုပင်၊ အကယ်၍ သူ ဤအတိုင်း ဆက်နေမည်ဆိုပါက သူ၏ ဝိညာဉ်ပင်လယ် ပြိုကျသွားပြီး သေဆုံးသွားခြင်း သို့မဟုတ် တိုက်ရိုက် အရူးတစ်ယောက် ဖြစ်သွားခြင်းတို့ တကယ်ပင် ဖြစ်လာနိုင်ချေ ရှိသည်။ ထို့ပြင် အရေးအကြီးဆုံးမှာ လက်ရှိအချိန်တွင် သူ တကယ်ကို မသက်မသာ ဖြစ်နေပြီး လွန်စွာ နာကျင်နေရခြင်းပင်။ အကယ်၍ ဤအချိန်တွင် သူ အမြင်အာရုံ ရှင်းလင်းနေသေးပြီး တောက်ပသော ကောင်းကင်ပြာကြီးထဲမှ တိမ်ဖြူများကို မြင်တွေ့နိုင်စွမ်း ရှိသေးမည်ဆိုပါက ရွှေအပ်ကို ချက်ချင်း ဖြုတ်ယူ၍ သူ့ကိုယ်သူ သတိလစ်သွားအောင် သေချာပေါက် လုပ်ဆောင်လိုက်မည် ဖြစ်၏။ သို့သော်လည်း သူ မလုပ်နိုင်ခဲ့ချေ။
ကံကောင်းသည်က သူ ပြိုလဲသွားချိန်တွင် သူ့ကို သတိလစ်သွားစေနိုင်သော မြက်ပင်တစ်ပင်ကို မြင်တွေ့လိုက်ရခြင်းပင်။
သူ၏ ရည်ရွယ်ချက်ကို စုလီ နားလည်သွားပြီး ထိုမြက်ပင်ကို ခူးယူလိုက်၏။ ထိုမြက်ပင်ကို သူ၏ လက်ဖြင့် ကြမ်းတမ်းစွာ ကြိတ်ချေလိုက်ပြီးနောက် ချန်းချန်ရှန်၏ ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်သည်။
နောက်ဆုံးတွင်တော့ ချန်းချန်ရှန် မျက်လုံးများ မှိတ်သွား၏။ သူ၏ မျက်နှာက ဖြူရော်နေဆဲဖြစ်ပြီး မျက်တောင်များက အနည်းငယ် တုန်ယင်နေသည်။
စုလီက ပင်ပန်းနွမ်းနယ်စွာဖြင့် အကြိမ်အနည်းငယ် အသက်ရှူလိုက်ပြီးနောက် တင်ပျဉ်ခွေ ထိုင်လိုက်၏။ တိတ်ဆိတ်နေသော တောင်တန်းကို သူ တစ်ချက် ကြည့်လိုက်ပြီး သူ၏ ညာလက်က ထီးလက်ကိုင်ရိုးပေါ်သို့ ကျရောက်သွားသည်။
တစ်ခဏအကြာတွင် ချန်းချန်ရှန်က မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်လာပြီး ကောင်းကင်ကို ကြောင်စီစီ ကြည့်နေ၏။
စုလီက ငုံ့ကြည့်၍ ပြောလိုက်သည်။
“သတိမလစ်ချင်သေးဘူးလား”
ချန်းချန်ရှန်က ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်ပြောလိုက်၏။
“အာနိသင်က အဲဒီလောက် မမြန်ဘူးလေ”
စုလီက ပြောလိုက်သည်။
“အဲဒါဆိုလည်း ပါးစပ်ပိတ်၊ မျက်လုံးမှိတ်ပြီး စောင့်နေ”
ချန်းချန်ရှန်က ခက်ခက်ခဲခဲ ပြောလိုက်၏။
“ဒါပေမဲ့ စီနီယာ့ကို ကျွန်တော် ပြောချင်တဲ့ စကားတချို့ ရှိသေးတယ်”
စုလီက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်နှာသေဖြင့် ပြောလိုက်သည်။
“ပြော”
“စီနီယာ… နောက်နောင် လူတွေကို သတ်တာ နည်းနည်း လျှော့သင့်တယ်”
ထိုစကားကို ပြောပြီးနောက် သူ လုပ်ရမည့် အရာများကို ပြီးစီးသွားပြီဟု ချန်းချန်ရှန် နောက်ဆုံးတွင် ခံစားလိုက်ရ၏။ သူက အပန်းဖြေလိုက်ပြီး မျက်လုံးများ မှိတ်ကာ သတိလစ်သွားတော့သည်။
-အခန်း (၃၇၇) ပြီး