သတိလစ်နေသော ချန်းချန်ရှန်ကို ကြည့်ရင်း စုလီက တွေးတွေးဆဆဖြင့် မျက်ခုံးပင့်လိုက်၏။ ဤသည်က ချန်းချန်ရှန် သတိမလစ်မီ နောက်ဆုံး ပြောသွားခဲ့သော စကားများကြောင့် ဖြစ်သလို လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူ ပြောဆိုပြုမူခဲ့သည်များ ကြောင့်လည်း ဖြစ်သည်။
လောကကြီးတွင် လှည့်လည်သွားလာခဲ့သော နှစ်ရာပေါင်းများစွာ တစ်လျှောက်လုံး လွန်စွာ ထူးချွန်သော လူငယ်လေးများစွာနှင့် သူ ကြုံတွေ့ခဲ့ဖူး၏။ သူတို့ထဲတွင် အချို့က အလွန် ပါရမီပါကြပြီး အချို့ကတော့ ထူးကဲသော စိတ်ဓာတ်ခွန်အားများ ရှိကြသည်။ သူ အလေးစားဆုံး လူငယ်လေးများ အားလုံးက လီတောင်တန်း ဓားဂိုဏ်းတွင် ရှိကြ၏။
သို့သော်လည်း ချန်းချန်ရှန်ကဲ့သို့ လူငယ်မျိုး တစ်ခါမှ သူ မကြုံတွေ့ခဲ့ဖူးပေ။
လူငယ်များဆိုသည်မှာ သူတို့နှင့်သာ သီးသန့် သက်ဆိုင်သော အမူအကျင့်များ ရှိကြသည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့၏။ ဆိုရလျှင် နံနက်ခင်း နေရောင်ခြည်နှင့် နှင်းစက်များ၊ အခုမှ လိပ်ပြာဖြစ်လာခါစ သတ္တဝါလေးနှင့် ငှက်ပေါက်လေးများကဲ့သို့ ထိုလူငယ်များ၏ အရှိန်အဝါက ကြည်လင်ပြီး တက်ကြွမှု အပြည့် ရှိကြသည်။ ချန်းချန်ရှန်ထံတွင်လည်း ဤကဲ့သို့သော စိတ်နေသဘောထားမျိုး ရှိသော်လည်း သူက အများကြီး ပို၍ တည်ငြိမ် အေးချမ်း၏။ ဤလူငယ်လေးက နွေဦး လေပြေလေး တစ်ချက်နှင့်လည်း တူသော်လည်း ၎င်းက နွေဦးအစပိုင်းက လေပြေလေး ဖြစ်ပြီး လွန်စွာ ပေါ့ပါးသဖြင့် သန့်ရှင်းလန်းဆန်းစေကာ အခြားသူများကို လွတ်လပ်ပေါ့ပါးသွားစေသည်။
အိပ်ပျော်နေသော ချန်းချန်ရှန်ကို စုလီက တိတ်ဆိတ်စွာ ကြည့်ရင်း သေချာ ဂရုစိုက် လေ့လာနေ၏။
သာမန် လူငယ်တစ်ယောက် အိပ်ရာမှ နိုးလာသောအခါ သူတို့က တမင်သက်သက် လေသံကို နှိမ့်၍ တည်ငြိမ်သော မျက်နှာအမူအရာကို ဟန်ဆောင်တတ်ကြသည်။ ထို့ကြောင့် သူတို့၏ အသက်ကြီးသူများက သူတို့ကို ရင့်ကျက်သည်ဟု ချီးကျူးတတ်ကြပြီး သူတို့၏ ရွယ်တူများက တည်ငြိမ်သည်ဟု အားကျတတ်ကြ၏။ ထို့ပြင် သူတို့ အိပ်ပျော်နေစဉ်တွင် သူတို့၏ အစစ်အမှန် အသက်အရွယ်နှင့် လိုက်ဖက်သော အသွင်အပြင်မျိုး အမြဲတမ်း ပြန်ဖြစ်သွားလေ့ ရှိပြီး သူတို့၏ အပြစ်ကင်းစင်ပြီး ရိုးသားသော အခြမ်းကို ဖော်ပြတတ်ကြသည်။ သို့သော်လည်း ချန်းချန်ရှန်က ထိုသို့ မဟုတ်ပေ။ သူ၏ အသွင်အပြင်က လူငယ်လေး တစ်ယောက် ဖြစ်ပြီး မိုးမရွာမီက လက်ဖက်ခင်းလေးတစ်ခုလို သန့်စင် ငယ်ရွယ်သော်လည်း သူ၏ မျက်နှာအမူအရာကတော့ နိုးနေစဉ်ကကဲ့သို့ပင် တည်ငြိမ်အေးချမ်းမှုမျိုး ရှိနေပြီး… တကယ်တော့ အနည်းငယ် ဝမ်းနည်းနေသလိုတောင် ဖြစ်နေသည်။
ဘာလို့ ဒီလူငယ်လေးက နှစ်ခြိုက်စွာ အိပ်မောကျနေချိန်မှာတောင် နဖူးကို ဒီလောက် တင်းတင်းကျပ်ကျပ် တွန့်ချိုးထားရတာလဲ။ သူ ဘာတွေ တွေးနေတာလဲ။ သူ ဘာကို စိုးရိမ်နေတာလဲ။ သူ ဘာကို ပူပန်နေတာလဲ။ အကယ်၍ သူ့ရဲ့ အိပ်မက်တွေထဲမှာတောင် ဒီဖိအားတွေကနေ မလွတ်မြောက်နိုင်ဘူးဆိုရင် သူ နိုးနေချိန်မှာ ဘာလို့ အမြဲတမ်း အရမ်း တည်ငြိမ်နေသလို ဟန်ဆောင်ပြီး အခြားလူတွေကို အရိပ်အယောင်လေးတောင် အသိမခံရတာလဲ။
ချန်းချန်ရှန်၏ စိတ်နှလုံးထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း စုလီ ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း သူ မမေးချင်သလို အတင်းအကျပ် စူးစမ်းရှာဖွေချင်စိတ်လည်း မရှိပေ။ သူ စိတ်မဝင်စား၍ မဟုတ်ဘဲ လုပ်စရာ ပိုအရေးကြီးသော ကိစ္စများ ရှိနေသောကြောင့် ဖြစ်၏။ အဆုံးမရှိသော တောင်တန်းများနှင့် လွင်ပြင်များဆီသို့ သူ ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်နှာက အရေးမစိုက်သည့် အသွင်ဖြစ်နေပြီး သူငယ်အိမ်များက ကြယ်များကဲ့သို့ တောက်ပနေသည်။ သူ့ပတ်ဝန်းကျင်ရှိ အေးစက်မှုက တဖြည်းဖြည်း ပိုမို သိပ်သည်းလာပြီး စက္ကူဝါထီး၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်ထားသော လက်က အနည်းငယ် ပြေလျော့သွားသည့်ပုံ ပေါ်သော်လည်း တကယ်တမ်းတွင် ဓားကို ဆွဲထုတ်ရန် ပိုမို သင့်တော်သော အနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်၏။
လျိုချင်းဟု ခေါ်သော ထိုလုပ်ကြံသူက ယခုအချိန်တွင် ဤတောင်တန်းများနှင့် လွင်ပြင်များကြား တစ်နေရာရာတွင် ရှိနေပြီး ဤနေရာကို အနီးကပ် စောင့်ကြည့်နေလောက်ပေသည်။ သာမန်လူ တစ်ယောက်အတွက်တော့ လုပ်ကြံသူများ အဆင့်သတ်မှတ်ချက်မှ တတိယနေရာ ဆိုသည်မှာ လုံးဝကို လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်၏။ သို့သော်လည်း ပုံမှန် အခြေအနေများအောက်တွင် ၎င်းက စုလီ ခေါင်းမော့၍ တစ်ချက် ကြည့်လိုက်ရန်ပင် လုံလောက်မည် မဟုတ်ပေ။ သို့သော်လည်း ဤသည်က ပုံမှန် အခြေအနေ မဟုတ်ချေ။ ချန်းချန်ရှန်က သတိလစ်နေပြီး သူကလည်း အပြင်းအထန် ဒဏ်ရာရထား၏။ ဘယ်ထောင့်ကနေပဲ ကြည့်ကြည့် ဤသည်က ထိုလုပ်ကြံသူ လှုပ်ရှားရန်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ အကယ်၍ ထိုလုပ်ကြံသူက ရှေးရိုးစွဲဝါဒကို ဆက်လက် ကျင့်သုံးရန် ဆုံးဖြတ်ထားခြင်း မဟုတ်လျှင်ပေါ့။
စုလီက ရုတ်တရက် အနည်းငယ် စိုးရိမ်လာသဖြင့် သူ၏ မျက်နှာပေါ်ရှိ စိတ်ခံစားချက်များက ပိုပို၍ အေးစက်လာ၏။ သူ ဤကဲ့သို့ စိုးရိမ်လာရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အသက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။ သေခြင်းရှင်ခြင်းကို သူ နားလည်သဘောပေါက်ခဲ့သည်မှာ ကြာပြီဟု သူ ထင်ခဲ့သော်လည်း ရွှယ်ဟယ်နှင့် လျန်ဟုန်ကျွမ်းတို့ ပေါ်လာပြီးနောက်တွင် သူ၏ ဓားနှလုံးသားက လင်းလက်နေလျှင်တောင် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်၌ သူ၏ စိတ်က ထိုသို့ လင်းလက်နေအောင် ဆက်လက် မထိန်းသိမ်းထားနိုင်တော့ကြောင်း သူ နောက်ဆုံးတွင် နားလည်သွား၏။ ဒါမှမဟုတ် သူက အရမ်းကို ခက်ခဲတဲ့ သေမင်းတံခါးဝက ပြန်လှည့်လာခဲ့ရလို့များလား။
သူ၏ ဘဝတစ်လျှောက်လုံးတွင် သေမင်းတံခါးဝနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး အနိုင်မရနိုင်သော အစွမ်းထက်သည့် ပြိုင်ဘက်များကို မရေမတွက်နိုင်အောင် အနိုင်ယူနိုင်ခဲ့၏။ ထိုပြိုင်ဘက်များနှင့် ယှဉ်လျှင် ရွှယ်ဟယ်နှင့် လျန်ဟုန်ကျွမ်းကဲ့သို့ လူမျိုးက ထည့်ပြောရန်ပင် မထိုက်တန်ပေ။ သို့သော်လည်း သူ၏ ဘဝတစ်လျှောက်လုံးတွင် သေခြင်းတရားနှင့် အနီးစပ်ဆုံး အချိန်မှာ ရွှယ်လောင်မြို့ အပြင်ဘက်ရှိ နှင်းလွင်ပြင်တွင် မဟုတ်သလို သက်ရှည်ခြင်းဂိုဏ်းရှိ အေးစက်သော စမ်းချောင်းဘေးတွင်လည်း မဟုတ်ဘဲ လွန်ခဲ့သော အချိန်တိုလေး အတွင်းက ဤအမည်မသိ တောင်ပေါ်တွင် လျန်ဟုန်ကျွမ်း၏ ကချေသည် ဝတ်စုံက မီးလျှံများကဲ့သို့ တိုက်ခိုက်လာသည့် အခိုက်အတန့်တွင် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်သွား၏။
သူ၏ ဘဝတွင် သေခြင်းတရားနှင့် အနီးစပ်ဆုံး ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ လျန်ဟုန်ကျွမ်းက သူ့ကို သေချာပေါက် သတ်ဖြတ်နိုင်မည် ဖြစ်သောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် လျိုချင်းက အနီးအနားတွင် သေချာပေါက် ပုန်းကွယ်နေသောကြောင့် ဖြစ်၏။ အရေးအကြီးဆုံး အကြောင်းရင်းမှာ သူ၏ ကံကြမ္မာကို သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။
ရွှယ်လောင်မြို့ အပြင်ဘက်တွင် နတ်ဆိုးသခင်၏ အရိပ်နှင့် နတ်ဆိုးစစ်သည် သောင်းချီကို ရင်ဆိုင်ရချိန်တွင်ပဲဖြစ်ဖြစ်၊ အေးစက်သော စမ်းချောင်းဘေးတွင် မှန်းဆ၍ မရနိုင်သော ကျင့်ကြံခြင်းအဆင့်များ ရှိကြသည့် သက်ရှည်ခြင်းဂိုဏ်း၏ အကြီးအကဲ ဆယ်ဂဏန်းခန့်ကို ရင်ဆိုင်ရချိန်တွင်ပဲဖြစ်ဖြစ် သူ၏ လက်ထဲတွင် လွှဲယမ်းနိုင်သော ဓားတစ်လက် အမြဲတမ်း ရှိနေခဲ့၏။
သူ၏ လက်ထဲတွင် ဓားတစ်လက် ရှိနေသမျှ ကာလပတ်လုံး လောကကြီးက စုလီ၏ အပိုင် ဖြစ်သည်။ သေမင်းက သူ့ရှေ့တွင် ရပ်နေလျှင်တောင် သူ ကြောက်ရွံ့မည် မဟုတ်ပေ။ ဒါပေမဲ့… ယခင် အခိုက်အတန့်လေးတွင်တော့ သူ ဘာမှ မလုပ်နိုင်ခဲ့ချေ။ ချန်းချန်ရှန်ဟု ခေါ်သော ထိုလူငယ်လေး၏ လက်ထဲသို့ သူ၏ ကံကြမ္မာကို လုံးလုံးလျားလျား အပ်နှင်းထားရန်သာ တတ်နိုင်တော့သည်။
ကံကောင်းသည်က ဤလူငယ်လေးက သူ ယုံကြည်အားထားရလောက်အောင် တကယ်ကို ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ခြင်းပင်။
“ဒီတစ်ခါတော့ ငါက မင်းကို အသက်တစ်ချောင်း အကြွေးတင်သွားပြီပဲ”
လူငယ်လေး၏ တွန့်ချိုးနေသော နဖူးကို ကြည့်ရင်း စုလီက ခေါင်းယမ်းလိုက်၏။
လုပ်ကြံသူက တောရိုင်းမြေပြင်ထဲတွင် ဆက်လက် ပုန်းကွယ်နေခဲ့သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် သူက တစ်ခါမှ ဝင်မတိုက်ခဲ့ပေ။ ဖြစ်နိုင်သည်က ချန်းချန်ရှန်၏ စွမ်းဆောင်ရည် သို့မဟုတ် အဆင့်အတန်းက သူ့ကို ကြောက်ရွံ့သွားစေ၍ ဖြစ်နိုင်သလို စုလီ၏ လက်က စက္ကူဝါထီးပေါ်မှ တစ်ခါမှ မခွာခဲ့သောကြောင့်လည်း ဖြစ်နိုင်၏။
ညနေစောင်းသို့ ရောက်သောအခါ ချန်းချန်ရှန် နောက်ဆုံးတွင် နိုးလာခဲ့သည်။ သူ၏ မျက်နှာက နှင်းလို ဖြူရော်နေပြီး သူ၏ မျက်လုံးများက ပုံမှန်လို ကြည်လင် တောက်ပခြင်း မရှိဘဲ အရက်မူးပြီး အမူးပြေလာသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ကံကောင်းသည်က သူ၏ ဝိညာဉ်ပင်လယ် နောက်ဆုံးတွင် ငြိမ်သက်သွားသည့်ပုံ ပေါ်သဖြင့် အန္တရာယ်မှ လွတ်ကင်းသွားပြီဟု ထင်ရခြင်းပင်။
သူက စုလီကို ကြည့်လိုက်သော်လည်း သူ ဘာမျှ မပြောရသေးမီ စုလီက မျက်နှာသေဖြင့် အရင် မေးလိုက်၏။
“မင်း ပြောစရာ တစ်ခုခု ရှိသေးလား”
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချန်းချန်ရှန်က ပြောလိုက်သည်။
“အတိတ်က ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က ဂျူနီယာ တစ်ယောက်ဆိုတော့ နောက်ကွယ်က ဇာတ်လမ်းတွေကို မသိဘူးလေ… ဒါကြောင့် အမှားအမှန်ကို ကျွန်တော်က ဆုံးဖြတ်ဖို့ဆိုတာ မသင့်တော်ပါဘူး… စီနီယာ တကယ်ပဲ အမှားမလုပ်ခဲ့တာ ဖြစ်နိုင်သလို သားတစ်ယောက်က ဖခင်အတွက် လက်စားချေတာကလည်း မမှားပါဘူး… တကယ်လို့ လူတိုင်းက မမှားဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သတ်ဖြတ်နေကြတယ်ဆိုရင် ဒီအခြေအနေမှာ တစ်ခုခု မှားယွင်းနေတာ သေချာတယ်”
စုလီက ပြန်ပြောလိုက်၏။
“ငါ ထင်တဲ့အတိုင်းပဲ… မင်းက ဆုံးမနေတုန်းပဲ”
ချန်းချန်ရှန်က ပြောလိုက်သည်။
“နှင်းလွင်ပြင်မှာတုန်းက စီနီယာက လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ အမြဲတမ်း ပြောနေခဲ့တာ… ဘာလို့လဲဆိုတော့ စီနီယာက လူတွေ အများကြီးကို သတ်ခဲ့လို့ပဲတဲ့… ဒါကို ကြည့်ရင် လူတွေ အများကြီး သတ်တာက နောက်ဆုံးမှာ သိပ်ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာကို စီနီယာလည်း သိတယ်ဆိုတာ မြင်နိုင်တာပဲ… အဲဒါဆိုရင် ဘာလို့ မပြောင်းလဲလိုက်တာလဲ”
စုလီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြုံးသလိုလို မပြုံးသလိုလိုဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ ငါက လူကောင်း ဖြစ်ချင်တယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ… ငါက လူကောင်း ဖြစ်ဖို့ အစီအစဉ် မရှိဘူး ဆိုမှတော့ ငါက ဘာလို့ ပြောင်းလဲဖို့ လိုမှာလဲ… ငါက ဘာလို့ လူတွေကို လျှော့သတ်ရမှာလဲ”
ချန်းချန်ရှန် စကားဆွံ့အသွား၏။ နောက်ဆုံးတွင် သူက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
“စီနီယာ… ကိစ္စတိုင်းကို ယှဉ်ပြိုင်နေဖို့၊ ပြဿနာတိုင်းကို ငြင်းခုံနေဖို့ လိုလို့လား”
“ရဲရဲဝံ့ဝံ့ ရှေ့ဆက်နေပေမဲ့ ကိုယ့်ရဲ့ အတွေးတွေကို စကားလုံးတွေနဲ့ ဖော်ပြလို့ မရဘူး၊ မယှဉ်ပြိုင်ဘူး၊ မငြင်းခုံဘူး ဆိုရင်… အဲဒါက ဘယ်လို ဘဝမျိုး နေထိုင်တာလဲ”
စုလီက ဤစကားကို အလွန် တည်ငြိမ် အေးချမ်းစွာ ပြောလိုက်၏။ ချန်းချန်ရှန်က အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ သူ အသိဉာဏ် ဝင်လာကတည်းက စာအုပ်များကို ဖတ်ခဲ့၏။ သူ၏ ခန္ဓာကိုယ်က ကျန်းမာရေး မကောင်းကြောင်း သိပြီးနောက်တွင် အနည်းငယ် ပို၍ အသက်ရှင်နိုင်ရန် မည်သို့ လုပ်ရမည်နည်း ဆိုသည်ကို သူ တွေးတောခဲ့သည်။ အသက်ရှင်ခြင်းကသာ ဘဝ၏ အကောင်းဆုံး အရာဖြစ်ပြီး အသက်ရှင်နေရခြင်းက အလှပဆုံး အရာဖြစ်သည်ဟု သူ ခံစားခဲ့ရ၏။ မည်သို့သော ဘဝမျိုးဖြင့် နေထိုင်ခြင်းကို အသက်ရှင်ခြင်းဟု ခေါ်ဆိုနိုင်သနည်း ဆိုသည်ကို သူ အလွန် ရှားရှားပါးပါးသာ တွေးတောခဲ့ဖူးသည်။
သူ အကြိမ်ကြိမ် တွေးတောလိုက်ပြီးနောက် ဤမေးခွန်းကို ဆက်၍ မစဉ်းစားရန် ဆုံးဖြတ်လိုက်၏။
ဘဝနှင့် ပတ်သက်၍ သူက ဗိုက်ဝအောင်ပင် မစားနိုင်သော သူဆင်းရဲ တောသား လူငယ်လေး တစ်ယောက် ဖြစ်ပြီး စုလီကဲ့သို့ လူမျိုးက နှစ်ပေါင်းများစွာ ဇိမ်ကျကျ စားသောက်ခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ယခုအခါ စုလီက ပေါ့ပါးသော အစားအစာများကို ရှာဖွေပြီး သူ၏ ကျန်းမာရေးကို ဂရုစိုက်လာချိန်တွင် သူ၏ အစားအစာထဲ၌ အမွေအနှစ်များနှင့် စိတ်ဝိညာဉ်များကို စတင် ရှာဖွေလာ၏။ သူက လောကီရေးရာများကို ဂရုစိုက်သူ တစ်ယောက် တစ်ခါမှ မဖြစ်ခဲ့သော်လည်း လောကရှိ လူများအပေါ်တွင် ပဋိပက္ခ သို့မဟုတ် နာကြည်းမှု တစ်ခုခု ရှိနေသည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက လောကရှိ လူများကို အားကျမိသည်။ အဘယ်ကြောင့်ဆိုသော် လောကရှိ လူများက ဤလောကရှိ လူအများစု ဖြစ်သောကြောင့်ပင်။ အသက်ရှင်ခြင်း ဆိုသည်မှာ မူလကတည်းက ထိုကဲ့သို့သော ပုံစံမျိုးဖြင့် နေထိုင်ရန် ဖြစ်၏။ အနည်းဆုံးတော့ အခြားလူအချို့ နေထိုင်သည့် ပုံစံထက် ထိုကဲ့သို့ နေထိုင်ရခြင်းက ပို၍ အဓိပ္ပာယ်ရှိပေသည်။
“လျန်ရှောင်ရှောင် ဆိုတဲ့ လီတောင်တန်း တပည့်က…”
ကျိုးဥယျာဉ်ထဲတွင် သူ ကြုံတွေ့ခဲ့ရသည့် ကိစ္စများထဲမှ သူ ပြောပြချင်သော ကိစ္စအများစုကို စုလီထံ သူ ပြောပြခဲ့ပြီး ဖြစ်သည်။ လျန်ရှောင်ရှောင် အကြောင်းကိုလည်း သူ ပြောပြခဲ့ဖူးသော်လည်း ရေကန်ဘေးတွင် ဖြစ်ပျက်ခဲ့သည့် အသေးစိတ် အချက်အလက်များကို ယနေ့မှသာ စုလီကို ရှင်းပြခဲ့ခြင်း ဖြစ်၏။
ကျိုးဥယျာဉ်၏ တံခါးက နောက်တစ်ကြိမ် ပြန်ပွင့်လာပြီ ဖြစ်ရာ ချီကျန့်နှင့် ကျဲရှိုးတို့ အသက်ရှင်နေသေးသမျှ ကာလပတ်လုံး လျန်ရှောင်ရှောင်က သူ၏ ပြစ်မှုများအတွက် သေချာပေါက် ပြစ်ဒဏ် ခံရပြီးလောက်ပြီဟု သူ တွေးမိသည်။ သို့သော် လျန်ဟုန်ကျွမ်းနှင့် တိုက်ပွဲ ပြီးနောက်တွင်တော့ 'လျန်' ဆိုသော မျိုးရိုးနာမည်ကို သူ အများကြီး ပို၍ အာရုံခံစားလွယ်လာ၏။ ထို့ကြောင့် စုလီ ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက် အရာအားလုံးကို သူ ရှင်းပြခဲ့ခြင်း ဖြစ်သော်လည်း စုလီ၏ တုံ့ပြန်မှုက ဤမျှ ကြီးမားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
လျန်ရှောင်ရှောင်က ချီကျန့်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခဲ့ကြောင်း ကြားသောအခါ စုလီ၏ မျက်နှာက လွန်စွာ မှောင်မိုက်သွားပြီး သူ၏ မျက်နှာပတ်လည်တွင် ကြမ်းတမ်းသော မိုးသက်မုန်တိုင်း တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသကဲ့သို့၊ လျှပ်စီးများ အချိန်မရွေး ပစ်ချတော့မည့်အလား ဖြစ်သွား၏။
အဆုံးသတ်တွင်တော့ စုလီက ကြေညာလိုက်သည်။
“သူ သေရမယ်”
ဤသည်က စီနီယာတို့ လီတောင်တန်း၏ ကိစ္စတစ်ခု ဖြစ်သည်ဟု ချန်းချန်ရှန် စိတ်ထဲမှ တွေးလိုက်၏။ ထို့ပြင် သူက တကယ်ကို သေသင့်သည်။ သို့သော်လည်း လျန်ရှောင်ရှောင် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကြီးမားသော ပြဿနာများစွာ ချန်ထားခဲ့ရန် သူ၏ သေဆုံးမှုကို အသုံးပြုသွားခဲ့ကြောင်းကိုတော့ ချန်းချန်ရှန် လုံးဝ ထင်မထားခဲ့ပေ။
လျန်ရှောင်ရှောင်က ဘာကြောင့် နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သနည်း ဆိုသည်ကို စုလီ နားလည်သွားပြီ ဖြစ်၏။ သို့သော် ဤကိစ္စက လီတောင်တန်း၏ နာမည်ကောင်းနှင့် သက်ဆိုင်နေသည်။ အရေးအကြီးဆုံးမှာ ၎င်းက လွန်ခဲ့သော ဆယ်နှစ်ကျော်က သက်ရှည်ခြင်းဂိုဏ်းနှင့် မြောက်ပိုင်းနှင့် ပတ်သက်၍ သူ ဖန်တီးခဲ့သော သွေးထွက်သံယို ကိစ္စများနှင့် သက်ဆိုင်နေသောကြောင့် ချန်းချန်ရှန်ကို အများကြီး မပြောပြချင်ခဲ့ချေ။
“နောက်ဆုံးတော့… မင်း ဘယ်လို ဖောက်ထွင်းမြင်ခဲ့တာလဲ” သူက ချန်းချန်ရှန်ကို ကြည့်၍ အကြောင်းအရာ ပြောင်းလိုက်၏။
ဤမေးခွန်းက လျန်ဟုန်ကျွမ်း၏ ကြယ်တာရာနယ်ပယ်ကို ဖောက်ထွက်ရန် ချန်းချန်ရှန် မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သနည်း ဆိုသည်ကို သဘာဝကျကျ မေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ပထမဆုံး တိုက်ကွက်က ခန့်မှန်းလိုက်ခြင်း ဖြစ်လျှင်တောင် နောက်ထပ် ဓားခုနစ်ချက်ကရော။ ဓားချက်တိုင်းက တိကျစွာ ထိမှန်ခဲ့ရာ သဘာဝကျကျပင် ရိုးရိုး ခန့်မှန်းရုံ သက်သက် မဖြစ်နိုင်ပေ။ သူက ဉာဏ်ပညာဓားကို တကယ်ပဲ သင်ယူပြီးသွားတာလား။
ချန်းချန်ရှန်က သူ၏ အဖြေကို လွန်စွာ သေချာစွာ တွေးတောလိုက်ပြီး ထိုအချိန်က အခြေအနေများကို အတည်ပြုလိုက်ကာ ပြန်ဖြေလိုက်၏။
“အဲဒါ တကယ် ခန့်မှန်းလိုက်တာပါ”
စုလီက မယုံကြည်သည်မှာ သေချာသော်လည်း ချန်းချန်ရှန်၏ မျက်နှာအမူအရာက လုံးဝ လိမ်ပြောနေခြင်း မဟုတ်ကြောင်း ဖော်ပြနေ၏။ အရေးအကြီးဆုံးမှာ ချန်းချန်ရှန်တွင် သူ့ကို လှည့်စားရန် အကြောင်းပြချက် မရှိပေ။ ထိုထက် ပို၍ အရေးကြီးသည်မှာ ချန်းချန်ရှန်က ဉာဏ်ပညာဓားကို ဤမျှ မြန်ဆန်စွာ သင်ယူနိုင်ခဲ့သည် ဆိုသည့်အချက်ကို အခြေခံစရာ လုံးဝ မရှိခြင်းပင်။
ကြီးမားကျယ်ပြန့်လှသော ကြယ်ကောင်းကင်ယံကြီးထဲမှ မည်သည့်ကြယ် ရွေ့လျားမည်နည်း ဆိုသည်ကို ခန့်မှန်းရန် ဆိုသည်မှာပင် စိတ်ကူးနှင့် မှန်းဆ၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကြယ်တာရာနယ်ပယ်မှ ဟာကွက်က မည်သည့်နေရာတွင် ပေါ်လာမည်ကို ခန့်မှန်းရန် ဆိုသည်မှာ ပို၍ပင် စိတ်ကူး၍ မရနိုင်သေးချေ။ ခုနစ်ကြိမ် ဆက်တိုက် ခန့်မှန်းနိုင်ရန် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
“တကယ်လို့ မင်းက ကံတရားကို တကယ် အားကိုးနေတယ် ဆိုရင်… မင်းရဲ့ ကံက အရမ်းကောင်းလွန်းနေလို့ ကံတရားကိုတောင် ကျော်လွန်နေပြီပဲ”
စုလီက သူ့ကို ကြည့်၍ ပြောလိုက်၏။
“မင်းက ကံကောင်းခြင်းတွေ အများကြီး ရှိတဲ့ လူတစ်ယောက်ပဲ”
ချန်းချန်ရှန် နားမလည်သဖြင့် မေးလိုက်သည်။
“ကံကောင်းခြင်း”
“ကျင့်ကြံဖို့အတွက် အရေးအကြီးဆုံး အရာက ဘာလဲ”
“စိတ်ဓာတ်ခွန်အားလား… ဒါမှမဟုတ် နားလည်သဘောပေါက်နိုင်စွမ်းလား”
စုလီက ခေါင်းယမ်းလိုက်၏။
“မဟုတ်ဘူး၊ အဲဒါ ကံတရားပဲ… နယ်မြေတစ်ခုကို ကြီးစိုးနိုင်တဲ့ ကျွမ်းကျင်သူတိုင်း၊ သူတော်စင်တွေလို့ ခေါ်ကြတဲ့သူတိုင်းမှာ အရမ်းကောင်းတဲ့ ကံတရားတွေ ရှိကြတယ်၊ ဒါကြောင့် အန္တရာယ်များစွာကနေ လွတ်မြောက်နိုင်ခဲ့ကြတာ… သေချာတာပေါ့၊ ကံတရားဆိုတာ ခဏတာပဲ၊ ဒါပေမဲ့ ကံကောင်းခြင်းဆိုတာ တစ်သက်လုံးအတွက်ပဲ… ဒါကြောင့် သူတို့ အားလုံးက ကံကောင်းခြင်းတွေ အများကြီး ရှိကြတဲ့ လူတွေချည်းပဲ… ငါလည်း အပါအဝင်ပေါ့”
ချန်းချန်ရှန်က တွေးတောလိုက်ပြီးနောက် မေးလိုက်၏။
“ကံကောင်းခြင်းကို ဘယ်လို ဆုံးဖြတ်တာလဲ”
“သေချာပေါက် ကံကြမ္မာပေါ့”
စုလီက သူ၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်သည်။
“တစ်နည်းအားဖြင့် ပြောရရင် မင်းရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတယ်”
ဤစကားများကို ကြားသောအခါ မည်သို့ တုံ့ပြန်ရမည်နည်းကို ချန်းချန်ရှန် မသိတော့ချေ။ သူ မွေးဖွားလာကတည်းက သူ၏ ကံကြမ္မာ ဆိုးရွားသည်ဟု သူ ခံစားခဲ့ရ၏။ သို့သော် သူ၏ ကံကြမ္မာက တကယ်တော့ အရမ်းကောင်းသည်ဟု သူ့ကို ပြောလာမည့်သူ ရှိလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ဤအချက်က သူ့ကို အနည်းငယ် ရယ်စရာကောင်းသလို၊ အနည်းငယ် စိတ်သက်သာရာ ရသလို၊ အနည်းငယ်လည်း ဝမ်းနည်းသလို ခံစားရစေသည်။
တောင်ပိုင်းသို့ ဆက်လက် ခရီးနှင်လာရာ လူနှစ်ယောက်နှင့် သမင်နှစ်ကောင်က နောက်ဆုံးတွင် ထျန်းလျန်ခရိုင် အနီးသို့ ရောက်ရှိလာ၏။ သူ၏ ဓားပညာ သင်ကြားမှုကလည်း အဆင့်သစ် တစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်။
လျန်ဟုန်ကျွမ်းနှင့် တိုက်ပွဲကို ဖြတ်သန်းပြီးနောက် သူ၏ အားနည်းချက်များက ဘယ်နေရာတွင် ရှိသနည်း ဆိုသည်ကို ချန်းချန်ရှန် ရှင်းရှင်းလင်းလင်း နားလည်သွား၏။
ပထမအချက်မှာ သူက ပို၍ အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံနှင့် စိတ်ဓာတ်ခွန်အား လိုအပ်ခြင်း ဖြစ်သည်။
“အဲဒါကို ကိုယ်တိုင် ဖြတ်သန်းပြီးမှသာ ဉာဏ်ပညာဓားကို သုံးဖို့ လုံလောက်တဲ့ ခွန်အား လိုအပ်တယ်ဆိုတာကို နားလည်နိုင်တဲ့ အရည်အချင်း ရှိလာလိမ့်မယ်” ဟု စုလီ ဘာကြောင့် ပြောခဲ့သနည်း ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွား၏။ အဘယ်ကြောင့်ဆိုသော် ဉာဏ်ပညာဓားက ပို၍ပင် ထူးကဲသော ခွန်အားကို လိုအပ်သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ဓားသမားက ကြီးမားများပြားလှသော တွက်ချက်မှုများကို လုံးဝ ခံနိုင်ရည်မရှိကြောင်း တွေ့ရှိရပေလိမ့်မည်။ ဓားကိုပင် မဆွဲထုတ်နိုင်မီ သတိလစ်သွားနိုင်ချေ ရှိ၏။
ဒုတိယအချက်မှာ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို အနိုင်ယူရန်အတွက် သူ၏ ထုတ်လွှတ်နိုင်စွမ်းကို တိုးမြှင့်ရန် လိုအပ်ခြင်းပင်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်သော အခွင့်အရေးများကို သူ ဆုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ကို ပြင်းထန်သော တိုက်ကွက်တစ်ခု ပေးနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့်သာ လျန်ဟုန်ကျွမ်းကို ရှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်နိုင်ခဲ့သော်လည်း မသတ်နိုင်ခဲ့သည့် အခြေအနေမျိုးကို သူ ရှောင်ရှားနိုင်မည် ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးက လွန်စွာ အန္တရာယ်များလှသည်။ အကယ်၍ လျန်ဟုန်ကျွမ်းသာ အနည်းငယ် ပို၍ အစွမ်းထက်ခဲ့မည်ဆိုလျှင်၊ အကယ်၍ သူသာ နောက်ထပ် တစ်ခဏလောက် ပို၍ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင် ချန်းချန်ရှန်က သူ၏ ဝိညာဉ်ပင်လယ် တုန်လှုပ်မှုကြောင့် ပြိုလဲသွားမည်ဖြစ်ပြီး သူနှင့် စုလီ နှစ်ယောက်စလုံး သေချာပေါက် သေဆုံးသွားမည် ဖြစ်၏။
ထို့ကြောင့် ဆည်းဆာအချိန် စမ်းချောင်းတစ်ခုဘေးတွင် စုလီက ဒုတိယမြောက် ဓားသိုင်းပညာ တစ်ခုကို စတင် သင်ကြားပေးတော့သည်။
“မင်းရဲ့ မူလစွမ်းအင် ထုတ်လွှတ်နိုင်စွမ်းက အရမ်းကို ဆိုးရွားလွန်းတယ်… အပ်တစ်ချောင်းကို ကိုင်ထားတဲ့ ကလေးလေး တစ်ယောက်နဲ့ တူတယ်… မင်းက ပိုမြန်ပြီး ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပေါက်ပေါင်း သုံးထောင်ခြောက်ရာ ဖောက်နိုင်ရင်တောင်မှ သူ့ကို သေအောင် ထိုးနိုင်မှာ မဟုတ်ဘူး… ဒါကြောင့် ပြီးခဲ့တဲ့ ရက်တွေတုန်းက ဓားသိုင်းတစ်ခုကို ငါ တွေးထားတယ်”
စုလီက စမ်းချောင်းရေထဲရှိ ချန်းချန်ရှန်ကို စိုက်ကြည့်လိုက်၏။
“မင်း သင်ချင်လား”
ချန်းချန်ရှန် မဖြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤမေးခွန်းက အဖြေမလိုအပ်သောကြောင့် ဖြစ်၏။ ဓားအသုံးပြုသူ အားလုံးထဲတွင် စုလီထံမှ ဓားပညာ သင်ယူချင်သူ မရှိဘူးဆိုတာ မဖြစ်နိုင်ပေ။ ထို့ပြင် ဤဓားသိုင်းက သူ၏အတွက် အထူးတလည် တီထွင်ဖန်တီးထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။ နောက်ဆုံးတွင်တော့ ဤအချိန်၌ သူ လွန်စွာ အံ့အားသင့်နေမိ၏။
ကမ်းစပ်တွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း ချန်းချန်ရှန် ပါးစပ်ဟလိုက်သော်လည်း အသံတစ်ဝက်ပင် မထွက်နိုင်ခဲ့ပေ။ ဤစကားများအရ စုလီက သူ၏ မူလစွမ်းအင် ထုတ်လွှတ်မှုတွင် ပြဿနာရှိကြောင်း ထိုနေ့က သတိပြုမိသွားပြီး ဤပြဿနာကို စတင် တွေးတောကာ ရက်အနည်းငယ် အတွင်း လုံးဝ အသစ်စက်စက် ဓားသိုင်းတစ်ခုကို ဖန်တီးခဲ့သည်ဟု ဆိုလိုခြင်းလား။ အစစ်အမှန် ပါရမီရှင် ဆိုတာ ဘာလဲ။ ဓားလမ်းစဉ်ရဲ့ သခင် ဆိုတာ ဘာလဲ။ ဤသည်က အဲဒါပဲလေ။
စုလီက ချန်းချန်ရှန်၏ အမူအရာကို လုံးဝ မမြင်သည့်အလား ဟန်ဆောင်၍ ဆက်ပြောနေ၏။ သူက ဤအသစ် တီထွင်ထားသော ဓားသိုင်းကို တည်ငြိမ်စွာ မိတ်ဆက်ပြနေသည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် ဂုဏ်ယူနေသလား ဆိုသည်ကိုတော့ သူ၏ မျက်ခုံးစွန်းများ အပေါ်သို့ မြင့်တက်နေသည့် ပုံစံမှတစ်ဆင့် အနည်းငယ် ရိပ်မိနိုင်ပေသည်။
ဤဓားသိုင်းကို မီးတောက်ဓား ဟု ခေါ်သည်။ ၎င်းက တိုက်ကွက်တစ်ခုသာ ပါဝင်သော်လည်း ဓားကို ရွေ့လျားစေသော နည်းလမ်းတစ်ခုဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ အကယ်၍ ဉာဏ်ပညာဓားက ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်၏ အားနည်းချက်များကို ဖောက်ထွင်းမြင်နိုင်ရန် ကူညီပေးနိုင်မည်ဆိုပါက မီးတောက်ဓားကတော့ ဓားသမား၏ ဓားစွမ်းအင်နှင့် မူလစွမ်းအင်များကို ပေါက်ကွဲထွက်လာစေရန် ကူညီပေးလိမ့်မည် ဖြစ်၏။ အချိန်တိုအတွင်းတွင် ထူးကဲသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး ထို့ကြောင့် ကြယ်တာရာသိပ်သည်းခြင်းအဆင့် ပြိုင်ဘက်များအတွက် ပိုမို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေမည် ဖြစ်သည်။
စုလီ သင်ပေးခဲ့သော ဓားသိုင်းနှစ်ခုစလုံးက လွန်စွာ ဆက်စပ်မှု ရှိလှသည်။ ၎င်းတို့က ဝိညာဉ်တံခါးဖွင့်ခြင်းအဆင့်၏ အထက်ပိုင်းအဆင့် ကျင့်ကြံသူများကို ကျင့်ကြံခြင်းအဆင့်များ ကျော်လွန်၍ ကြယ်တာရာသိပ်သည်းခြင်းအဆင့် ပြိုင်ဘက်များကို အောင်မြင်စွာ သတ်ဖြတ်နိုင်ရန် ရည်ရွယ်ထားသကဲ့သို့ ရှိ၏။ ချန်းချန်ရှန်က မူလစွမ်းအင် ထုတ်လွှတ်ရာတွင် ပြဿနာရှိသဖြင့် ဤပြဿနာကို ဖြေရှင်းရန် မီးတောက်ဓားက သူ့ကို ကူညီပေးမည် ဖြစ်သည်။
ပြဿနာမှာ အကယ်၍ ပြဿနာတစ်ခုကို ဖြေရှင်းချင်ပါက တန်ဖိုးတစ်ခုကို ပေးဆပ်ရမည် ဖြစ်၏။ ပုံသဏ္ဌာန်ပင် မပေါ်သေးသော ဉာဏ်ပညာဓားက ချန်းချန်ရှန်ကို အရူးတစ်ယောက် ဖြစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူ၏ မူလစွမ်းအင် ထုတ်လွှတ်မှု ပြဿနာများကို ဖြေရှင်းပေးနိုင်သော ဤမီးတောက်ဓားက သူ့ကို ပို၍ပင် ပေးဆပ်ရန် တောင်းဆိုလိမ့်မည် ဖြစ်၏။
“နတ်ဆိုးတွေရဲ့ ခန္ဓာကိုယ်လွတ်မြောက်ခြင်း အတတ်ပညာနဲ့ ဆင်တူတယ်… မင်း သေမှာ မဟုတ်ပေမဲ့ သေချာပေါက် အရမ်း နာကျင်ရလိမ့်မယ်” စုလီက ဆက်ပြောလိုက်၏။
“ငါ အရင်က ပြောခဲ့သလိုပဲ… ငါ မင်းကို သင်ပေးတဲ့ ဓားသိုင်းတွေက ငါ လီတောင်တန်းကို ပြန်မရောက်ခင်အထိ ငါ့ကို ကာကွယ်ဖို့အတွက်ပဲ၊ မင်းအတွက် စေတနာနဲ့ သင်ပေးတာ မဟုတ်ဘူး… ဒါကြောင့် သင်ယူတာ၊ မသင်ယူတာက မင်းအပေါ်မှာပဲ မူတည်တယ်”
ချန်းချန်ရှန် စမ်းချောင်းထဲမှ ထွက်လာ၏။ သူ၏ လက်ထဲရှိ သစ်ကိုင်းတွင် ဆူဖြိုးပြီး နူးညံ့သော ငါးဖြူ တစ်ကောင်ကို ထိုးထားသည်။ သူ၏ ခြေဗလာများက စမ်းချောင်း မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော ပြင်းပြင်းထန်ထန် တောက်ပနေသည့် နေရောင်ခြည်ကို နင်းဖြတ်သွားရင်း သူ ရယ်မောလိုက်သော်လည်း ဘာစကားမျှ မဆိုချေ။
စုလီက လှောင်ပြောင်လိုက်သည်။
“ဒီလောက် ခေါင်းမာပြီး ရိုးသား ဖြောင့်မတ်နေတာ လူတွေကို နည်းနည်းလေးတောင် ပျော်ရွှင်မလာစေဘူး… ငါတို့ရဲ့ ချိုးရှန်းနဲ့ ယှဉ်ရင်တော့ သူက အများကြီး နိမ့်ကျနေသေးတယ်”
စီနီယာက ဒီဓားသိုင်းကို ကျွန်တော့်ကို သင်ပေးချင်နေတာ ရှင်းနေတာပဲ၊ အဲဒါကို ဆင်ခြေတွေ အများကြီး ရှာနေရသေးတယ် ဟု ချန်းချန်ရှန် တွေးလိုက်မိ၏။ ကျွန်တော်တို့ကြားမှာ ဘယ်လို သံယောဇဉ်မျိုးမှ မရှိစေချင်လို့ပဲ။ အဲဒါက တကယ့်ကို ခေါင်းမာပြီး ရိုးသား ဖြောင့်မတ်တာ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ အဲဒါက တကယ်တော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။
“ဓားစွမ်းအင်က ကောင်းကင်ကို လောင်ကျွမ်းစေခြင်း ဓားကနေ လာတာ ဖြစ်ပြီး ဓားကွက်ကတော့ လျှို့ဝှက်ရွှေကျီးကန်းဓားကနေ လာတာပဲ… ဒါပေမဲ့ အရေးအကြီးဆုံး အချက်ကတော့ မင်းရဲ့ မူလစွမ်းအင်ကို လောင်ကျွမ်းစေတဲ့ အခိုက်အတန့်မှာ မင်းရဲ့ ဟန်ပန်က လီတောင်တန်း ဓားသိုင်းရဲ့ နောက်ဆုံး တိုက်ကွက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟန်ပန်နဲ့ အတိအကျ ကိုက်ညီနေဖို့ လိုအပ်တယ်”
ချန်းချန်ရှန်က ငါးကို ခွဲရန် သူ၏ ဓားမြှောင်ကို အသုံးပြုနေသော်လည်း ဤစကားများကို ကြားသောအခါ ရပ်တန့်သွားပြီး အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လာ၏။
“လီတောင်တန်း ဓားသိုင်း”
“မှန်တယ်၊ အဲဒါက မီးတောက်ဓားရဲ့ အခက်ခဲဆုံး အချက်ပဲ”
စုလီက ရှင်းပြလိုက်၏။
“ကောင်းကင်ကို လောင်ကျွမ်းစေခြင်း ဓားက ဓားပုံသဏ္ဌာန်ကို တိုးမြှင့်ပေးတယ်၊ ဓားကွက်က တောက်ပမှုကို တိုးမြှင့်ပေးတယ်… ပြီးတော့ မူလစွမ်းအင် ပေါက်ကွဲထွက်လာတဲ့အခါမှာ မင်းရဲ့ အသက်ကိုတောင် ဂရုမစိုက်တဲ့ ရဲရင့်တဲ့ သဘောထားမျိုး လိုအပ်တယ်”
ချန်းချန်ရှန်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
စုလီက သူ့မျက်လုံးများကို စိုက်ကြည့်လိုက်၏။
“မင်း တိုက်ခိုက်တဲ့အခါမှာ သေချင်သေပါစေဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိရမယ်… မင်း တကယ် နားလည်ရဲ့လား”
ချန်းချန်ရှန် ခေါင်းမော့၍ ပြောလိုက်သည်။
“စီနီယာ… အဲဒီတိုက်ကွက်ကို ကျွန်တော် အရင်က သုံးဖူးပါတယ်”
စုလီ လွန်စွာ အံ့အားသင့်သွား၏။ သူက ချန်းချန်ရှန်၏ မျက်လုံးများကို အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။
“ဒီလူငယ်လေးက ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားရမယ် ဆိုတာကို ဘယ်လိုလုပ် လုံးဝ နားမလည်နိုင်ရတာလဲ… မှတ်ထား၊ မင်းရဲ့ ကံကြမ္မာက အရမ်း ကောင်းနေလို့ မင်း ကြိုက်သလို လုပ်လို့ ရတယ်လို့ မတွေးလိုက်နဲ့”
ချန်းချန်ရှန်က ပြန်ဖြေလိုက်၏။
“စီနီယာ… ကျွန်တော်က အဲဒီလို လူမျိုး မဟုတ်ဘူးဆိုတာ စီနီယာ သိပါတယ်”
စုလီ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။
“အခုချိန်မှာတော့… မင်းလို ကောင်လေးက ဘယ်လို လူမျိုးလဲဆိုတာ ငါ တကယ် မသိတော့ဘူး”
-အခန်း (၃၇၈) ပြီး