ချန်းချန်ရှန် ပြောလိုက်သော စကားက မတိကျပေ။ အဲဒီတုန်းက မဟာစာမေးပွဲကြီးရဲ့ နောက်ဆုံး တိုက်ပွဲ အခိုက်အတန့်လေးမှာ သူက လီတောင်တန်း ဓားသိုင်းရဲ့ နောက်ဆုံး တိုက်ကွက်ကို အသုံးပြုဖို့ ပြင်ဆင်ခဲ့ပေမဲ့ တကယ်တမ်း အသုံးမပြုဖြစ်ခဲ့ချေ။ သို့သော်လည်း ထိုနောက်ဆုံး တိုက်ကွက်က ရည်ရွယ်ချက်အပေါ်တွင် မူတည်ပြီး ကောဟန်ရှီက သူ၏ ရည်ရွယ်ချက်ကို မြင်တွေ့သွားသောကြောင့် အရှုံးပေးခဲ့ခြင်း ဖြစ်၏။ ရလဒ်အနေဖြင့် သူက ထိုတိုက်ကွက်ကို အသုံးပြုခဲ့သည်ဟု ပြောမည်ဆိုလျှင် မှားယွင်းသည်ဟု မမှတ်ယူနိုင်ပေ။
လီတောင်တန်း ဓားသိုင်း၏ နောက်ဆုံး တိုက်ကွက်က ဘာကို ဆိုလိုသည်မှန်း စုလီ လွန်စွာ ရှင်းလင်းစွာ နားလည်ထားသဖြင့် ဤလူငယ်လေးကို သူ ပိုပို၍ နားမလည်နိုင်တော့သလို ခံစားလာရ၏။ သို့သော်လည်း ချန်းချန်ရှန်က ဤတိုက်ကွက်ကို သိထားပြီး အသုံးပြုဖူးခဲ့သည် ဖြစ်ရာ မီးတောက်ဓားကို သင်ယူရန် အကြီးမားဆုံး အခက်အခဲကြီးက မရှိတော့ချေ။
မီးတောက်ဓားက ဓားကွက်တစ်ခု ဖြစ်သလို မူလစွမ်းအင်များကို လှည့်ပတ်စေသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ၎င်းက ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း သူ့ကို စောင့်ကြည့် လေ့လာမှုများမှတစ်ဆင့် ချန်းချန်ရှန်အတွက် သူ ဖန်တီးပေးခဲ့သော နည်းလမ်းတစ်ခု ဖြစ်၏။
ကျင့်ကြံသူ တစ်ယောက် ထုတ်လွှတ်နိုင်သော မူလစွမ်းအင် ပမာဏ၊ သို့မဟုတ် တစ်နည်းအားဖြင့် ၎င်း၏ စွမ်းဆောင်ရည်က ကျင့်ကြံသူ၏ ကြယ်အလင်း လောင်ကျွမ်းနိုင်သည့် အမြန်နှုန်းနှင့် သွေးကြောများ၏ အထူအပါးအပေါ်တွင် မူတည်နေသည်။ ဤသည်က တိကျသော အမြင့်ဆုံး အကန့်အသတ် တစ်ခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။ မွေးရာပါ ပါရမီ ပိုမြင့်မားပြီး သူတို့၏ အရည်အချင်းက ပိုကောင်းလေလေ မူလစွမ်းအင် ထုတ်လွှတ်နိုင်စွမ်း အမြန်နှုန်းက ပိုမြင့်မားလေလေ ဖြစ်သည်။ ရွှီယို့ရုန်နှင့် ချိုးရှန်းကျွင်းတို့ကဲ့သို့ မွေးရာပါ ပါရမီရှင်များအတွက် သွေးကြောများ၏ အကန့်အသတ်ကို လျစ်လျူရှုထားနိုင်၏။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် ကြယ်အလင်းများ လုံလုံလောက်လောက် ရှိနေသမျှ ကာလပတ်လုံး ထာဝရတိုင်အောင်ပင် မူလစွမ်းအင်များကို ထုတ်လွှတ်နိုင်ကြသည်။
ချန်းချန်ရှန်၏ ခန္ဓာကိုယ်ထဲတွင် ကြယ်အလင်းများ အများအပြား ရှိနေ၏။ သူက ကမ္မဋ္ဌာန်းဝင်စားခြင်းတွင် မည်သည့် ပြဿနာမျှ မရှိခဲ့သော်လည်း အကြီးမားဆုံး ပြဿနာမှာ မူလစွမ်းအင် လမ်းကြောင်းများက အရမ်း ပါးလွှာလွန်းနေပြီး သွေးကြောများစွာက ပြတ်တောက်နေခြင်းပင် ဖြစ်သည်။ ရလဒ်အနေဖြင့် သူ၏ မူလစွမ်းအင် ထုတ်လွှတ်မှု စွမ်းဆောင်ရည်က သဘာဝကျကျပင် လွန်စွာ နိမ့်ကျနေခဲ့၏။
ဓားလမ်းစဉ်၏ မဟာပညာရှင် တစ်ယောက်အနေဖြင့် စုလီ၏ အထင်ကြီးလေးစားစရာ အကောင်းဆုံး အချက်မှာ လောကကြီးအပေါ် သူ၏ နားလည်သဘောပေါက်မှုက သာမန်လူများ သိထားသည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေခြင်းပင် ဖြစ်သည်။ ပြဿနာများကို သူ ဖြေရှင်းသည့်ပုံစံက လွန်စွာ မမျှော်လင့်ထားနိုင်သော ပုံစံမျိုး ဖြစ်သော်လည်း တကယ်တမ်းတွင်မူ အယုတ္တိတန်ဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်း ဖြစ်နေတတ်၏။
ချန်းချန်ရှန်၏ မူလစွမ်းအင် ပမာဏအပေါ်မှနေ၍ သူ မစတင်ခဲ့သလို သူ၏ သွေးကြော ပြဿနာများကို ဖြေရှင်းရန်လည်း သူ မကြိုးစားခဲ့ပေ။ ထိုအစား မူလစွမ်းအင်များ လောင်ကျွမ်းစေသည့် နည်းလမ်းပေါ်တွင် ပြဿနာ၏ အဖြေကို တိုက်ရိုက် ထားရှိရန် လုံးဝ ကြောက်ရွံ့မှု ကင်းမဲ့သော နည်းလမ်းကို သူ အသုံးပြုခဲ့၏။
သေချာသည်ကတော့ စွန့်စားရမည့်သူမှာ ချန်းချန်ရှန် ဖြစ်ပြီး လုံးဝ ကြောက်ရွံ့မှု ကင်းမဲ့ရန် လိုအပ်သူမှာလည်း ချန်းချန်ရှန်ပင် ဖြစ်သည်။
“လောင်ကျွမ်းဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်… တစ်နည်းအားဖြင့် ပြောရရင် ပုံစံ အများကြီး ရှိတာပေါ့… ပုံမှန်အားဖြင့်တော့ ညင်သာမှုအပေါ်မှာ မူတည်တယ်၊ ကြယ်အလင်းကို ကြည်လင်တဲ့ ရေအဖြစ် ပြောင်းလဲပြီး ရေစက်လေးတွေလို စီးဆင်းစေတာမျိုးပေါ့… ဒီလိုလုပ်မှသာ သေးငယ်တဲ့ ရေစီးကြောင်းလေးက အချိန်အကြာကြီး စီးဆင်းနိုင်မှာ… ဒါပေမဲ့ ဒီဓားကတော့ မင်းရဲ့ မူလစွမ်းအင်တွေကို အများကြီး ပိုပြီး ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ လောင်ကျွမ်းစေဖို့ လိုအပ်တယ်”
စုလီက သူ့ကို ကြည့်၍ ပြောလိုက်၏။
“ဟာလာဟင်းလင်းပြင် တစ်ခုထဲမှာ ပိတ်မိနေတဲ့ မရေမတွက်နိုင်တဲ့ သစ်သားစလေးတွေနဲ့ တူတယ်… တကယ်လို့ မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာရင် အဲဒီ သစ်သားစလေးတွေက ချက်ချင်း လောင်ကျွမ်းသွားပြီး ပေါက်ကွဲမှု တစ်ခုလို အလွန် ကြီးမားတဲ့ အပူရှိန်နဲ့ ခွန်အားတွေကို ထုတ်လွှတ်ပေးလိမ့်မယ်”
ချန်းချန်ရှန်က သူပြောသည့် စကားကို ကြားပြီးနောက် သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ပုံဖော်ကြည့်လိုက်၏။ သူက ခေါင်းညိတ်လိုက်သည်။
စုလီက ပြောလိုက်သည်။
“ဒီပေါက်ကွဲတဲ့ နည်းလမ်းက မင်းရဲ့ မူလစွမ်းအင်ကို အဆင့်တစ်ခုအထိ ချက်ချင်း မြင့်တက်လာအောင် ကူညီပေးနိုင်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ သွေးကြောတွေကို ဖောက်ထွက်သွားစေလိမ့်မယ်… ပြီးတော့ ဓားရဲ့ ခွန်အားကိုလည်း ခံနိုင်ရည်ရှိရုံလောက် အဆင့်တစ်ခုအထိ တိုးမြှင့်ပေးနိုင်လိမ့်မယ်”
“နားလည်ပါပြီ” ချန်းချန်ရှန်က ပြောလိုက်၏။
“ဒါပေမဲ့ ဒီကိစ္စက နောက်ဆုံး တိုက်ကွက်နဲ့ ဘာဆိုင်လို့လဲ”
စုလီက သူ၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အဆုံးမရှိတဲ့ မူလစွမ်းအင်တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲမှု တစ်ခုလို တစ်ချိန်တည်း လောင်ကျွမ်းလာလိမ့်မယ်… မင်းက မင်းရဲ့ ဓားစွမ်းအင်နဲ့ အရာအားလုံးကို လင်းထိန်သွားစေနိုင်တယ်၊ ပြိုင်ဘက်ကို မျက်စိကန်းသွားစေနိုင်တယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်ဖြစ်အောင် လောင်ကျွမ်းပစ်မိတာ၊ ဒါမှမဟုတ် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားတာမျိုး ဖြစ်သွားနိုင်ခြေက အများကြီး ပိုများတယ်… တကယ်လို့ မင်းမှာ သေချာပေါက် သေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မရှိဘူးဆိုရင် နောက်ဆုံးခြေလှမ်းကို လှမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ဓားမြှောင်ထဲရှိ နဂါးနက်၏ စိတ်ဝိညာဉ်ထံမှ ခပ်ရေးရေး တုံ့ပြန်မှုတစ်ခု ရှိနေသည်ကို ချန်းချန်ရှန် ခံစားလိုက်ရ၏။ မြောက်ဘက်တံတားသစ်အောက်ရှိ လိုဏ်ဂူထဲတွင် ကမ္မဋ္ဌာန်းဝင်စားခြင်း ဖြတ်ကျော်ခဲ့ရသည့် မြင်ကွင်းကို သူ တွေးမိသွားပြီး အနည်းငယ် ဝမ်းနည်းမှုကို မအောင့်အည်းနိုင်တော့ချေ။ တကယ်တော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အကြောင်းပြချက် တစ်ခု ရှိနေခဲ့ခြင်းပင်ဟု သူ တွေးလိုက်မိသည်။
လီတောင်တန်း ဓားသိုင်း၏ နောက်ဆုံး တိုက်ကွက်ကို သူ သိကြောင်း ပြောခဲ့စဉ်က စုလီ၏ တုံ့ပြန်မှုကို တွေးမိပြီး သူက ဤကဲ့သို့သော အလားတူ အတွေ့အကြုံများစွာ ရှိခဲ့ဖူးကြောင်း စုလီကို မပြောပြဘဲ မြိုသိပ်ထားလိုက်၏။ သူက ငယ်ရွယ်သေးသည် ဆိုသော်လည်း သေခြင်းရှင်ခြင်း အပေါ် သူ၏ ခံစားချက်များက ကြီးမားသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
စုလီက မီးတောက်ဓား၏ တိုက်ကွက်နှင့် ဓားရည်ရွယ်ချက်ကို သေချာစွာ ရှင်းပြလိုက်၏။ ထို့နောက် သူက ဘာမျှ ဆက်မပြောတော့ချေ။ ၎င်းကို ချန်းချန်ရှန် သူ့ဘာသာသူ နားလည် သဘောပေါက်အောင် အချိန်ပေးလိုက်ပြီး နေဝင်ဆည်းဆာ အရောင်များ လွှမ်းခြုံနေသော တောင်တန်းများနှင့် စမ်းချောင်း၏ တစ်ဖက်ကမ်းရှိ မြက်ခင်းပြင်များကို ကြည့်ကာ ဘာစကားမျှ မဆိုချေ။
ထိုမြက်ခင်းပြင်ပေါ်တွင် လုပ်ကြံသူက အချိန်မရွေး ပေါ်လာနိုင်ချေ ရှိနေသည်။
ချန်းချန်ရှန်က ဓားသိုင်းကို နားလည်သဘောပေါက်ရန် အလောတကြီး မလုပ်ခဲ့ပေ။ သူက ခွဲထားသော ငါးများအပေါ် ဆားကြမ်းအနည်းငယ် သုတ်လိမ်းလိုက်ပြီးနောက် မီးဖိုပေါ်တွင် ချိတ်ဆွဲ၍ ကင်လိုက်၏။ ရန်သူက အမြဲတမ်း ရှိနေကြောင်း သူ အတည်ပြုပြီးဖြစ်ရာ မီးကိုလည်း အာရုံစိုက်နေရန် မလိုအပ်တော့ချေ။ အသားကင်၏ သင်းပျံ့သော ရနံ့လေးနှင့်အတူ စုလီ၏ အကြည့်ကို အနောက်မှ လိုက်၍ စမ်းချောင်း တစ်ဖက်ကမ်းရှိ မြက်ခင်းပြင်ကို သူ ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။ ထိုလုပ်ကြံသူက တကယ်ကို အလွန် စိတ်ရှည်လွန်းလှပြီး ဤမျှ ရက်တွေ အများကြီး ကြာသွားသည့်တိုင်အောင် ဘာမှ မလုပ်သေးဘူးဟု သူ တွေးလိုက်မိသည်။ ကျဲရှိုးက အလားတူ လုပ်ရပ်မျိုး လုပ်နိုင်ကောင်း လုပ်နိုင်မည် ဖြစ်သော်လည်း သူကတော့ သေချာပေါက် မလုပ်နိုင်ချေ။
စုလီနှင့် သူ့အတွက် တောရိုင်းမြေပြင်ထဲတွင် အမြဲတမ်း ပုန်းကွယ်နေသော ထိုလုပ်ကြံသူက လွန်စွာ ကြီးမားသော ဖိအားတစ်ခု ဖြစ်နေ၏။ တိကျသော အချိန်တစ်ခုတွင် ထိုလုပ်ကြံသူ သေချာပေါက် ပေါ်လာမည် ဆိုသည်ကို သူတို့ နှစ်ယောက်စလုံး ကောင်းစွာ သိထားကြသည်။ ဘယ်အချိန်လဲ ဆိုသည်ကိုသာ သူတို့ မသိကြခြင်း ဖြစ်၏။
“စီနီယာ ပြောခဲ့သလိုပဲ… ခင်ဗျား ဒီအတိုင်း ဆက်ပြီး စောင့်နေမယ်ဆိုရင် သေတဲ့အထိ စောင့်နေရရင်တောင်မှ ဘယ်လို အခွင့်အရေးမျိုးမှ ရလာမှာ မဟုတ်ဘူး”
နောက်ဆုံးအထိ ပေါ်မလာသော ထိုနာမည်ကျော် လုပ်ကြံသူကို ချန်းချန်ရှန် စိတ်ထဲမှ ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ စီနီယာက ဓားကို ဘယ်လို သုံးရမလဲဆိုတာ ကျွန်တော့်ကို သင်ပေးနေလို့ပဲ… ကျွန်တော်က ပိုပိုပြီး အစွမ်းထက်လာမှာဖြစ်ပြီး အချိန်တန်ရင် ခင်ဗျားက ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်တော့ဘူး”
လူးဆန်ထမင်းနှင့်အတူ ဆူဖြိုးပြီး နူးညံ့သော ငါးဖြူကင်။ လွန်စွာ ရိုးရှင်းသော်လည်း အရသာရှိသော ညစာကို စားသောက်ပြီးနောက် စုလီက မွေးရှည်သမင်ကို မှီ၍ မျက်လုံးများ မှိတ်ကာ အနားယူနေ၏။ ချန်းချန်ရှန်က အရာအားလုံးကို သပ်ရပ်အောင် ရှင်းလင်းလိုက်ပြီးနောက် စမ်းချောင်းဘေးသို့ လျှောက်သွားလိုက်သည်။ သူက ထိုင်ချလိုက်ပြီး ဓားသိုင်းကို ကောင်းစွာ နားလည်သဘောပေါက်ရန် စတင် ကြိုးစားတော့၏။
သူက စမ်းချောင်းငယ်၏ တစ်ဖက်ကမ်းရှိ မြက်ခင်းပြင်ကို ကြည့်ရင်း သူ၏ ခန္ဓာကိုယ်ထဲမှ ကျယ်ပြောလှသော နှင်းလွင်ပြင်ကြီး အကြောင်း တွေးတောလိုက်သည်။ ထိုနှင်းများက နေ့ရောညပါ သူ စုဆောင်းထားခဲ့သော ကြယ်အလင်းများ ဖြစ်ပြီး မူလစွမ်းအင်၏ ကနဦး ပုံစံ ဖြစ်၏။ ၎င်းက တိုက်ပွဲ ခွန်အား အားလုံး၏ မူလအစ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ စိတ်ဝိညာဉ်အာရုံကို ခပ်ဖွဖွလေး လှုပ်ရှားလိုက်ရုံဖြင့် တစ်ခုလုံးဖြစ်သော နှင်းလွင်ပြင်ကြီးကိုသာမက လွင်ပြင်အထက်ရှိ ဝိညာဉ်တောင်တန်းကို ဝန်းရံထားသော ရေကန်ထဲမှ ရေများကိုပါ လောင်ကျွမ်းစေနိုင်ပြီး အဆုံးမရှိသော စွမ်းအင်များနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားများအဖြစ် ပြောင်းလဲသွားစေနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဤဓားသိုင်းက ထိုသို့လုပ်ရန် သူ့ကို မတောင်းဆိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ လောင်ကျွမ်းစေသော နည်းလမ်းက အလွန် ညင်သာလွန်းနေဆဲ ဖြစ်သောကြောင့်ပင်။ ၎င်းက လုံလောက်အောင် မကြမ်းတမ်းသလို ကြယ်အလင်းမှ မူလစွမ်းအင်အဖြစ် ပြောင်းလဲသွားသည့် နှုန်းကလည်း အလွန် နှေးကွေးလွန်းလှ၏။
မီးတောက်ဓား ဆိုသည်မှာ 'လောင်ကျွမ်းခြင်း' ဆိုသော စကားလုံးနှင့် သက်ဆိုင်၏။
၎င်းက ကြမ်းတမ်းပြီး ပြတ်သားကာ ခန္ဓာကိုယ်ကို မီးတောက်တစ်ခုလို လောင်ကျွမ်းစေမည့် လောင်ကျွမ်းခြင်းမျိုး ဖြစ်ရန် လိုအပ်သည်။
ချန်းချန်ရှန်က စမ်းချောင်းဘေးတွင် ထိုင်နေ၏။ သူ ဘာစကားမျှ မဆိုချေ။ နေဝင်ဆည်းဆာ အရောင်များ ပျောက်ကွယ်သွားသည်ကို သူ ကြည့်နေပြီး နံနက်ခင်း ရောက်ရှိလာသည့်တိုင်အောင် သူ၏ မျက်လုံးများထဲတွင် ကြယ်များ ပြည့်နှက်လာသည်ကို သူ ကြည့်နေခဲ့သည်။
သူ၏ စိတ်ဝိညာဉ်အာရုံကို နှင်းလွင်ပြင်ပေါ်သို့ မည်သို့ ကျရောက်စေပြီး နှင်းများကို မလောင်ကျွမ်းစေဘဲ နေရမည်နည်း ဆိုသည်ကို နောက်ဆုံးတွင် သင်ယူနိုင်ရန်အတွက် ညတစ်ညလုံး အချိန်ကို သူ အသုံးပြုခဲ့၏။ ထိုအစား သူက နှင်းများကို ဖြေလျော့ရန် ပုံသဏ္ဌာန်မဲ့သော စွမ်းအားတစ်ခုကို အသုံးပြုမည်ဖြစ်ပြီး မြေပြင်ပေါ်မှ ခွာကာ လေထဲတွင် နောက်တစ်ကြိမ် လွင့်မျောလာသည်အထိ ပြုလုပ်မည် ဖြစ်သည်။
နံနက်ခင်း ရောက်ရှိလာသည်နှင့်အတူ အနီရောင်များက တောရိုင်းမြေပြင်ကို လွှမ်းခြုံသွားပြီး စမ်းချောင်းကိုပါ လုံးလုံးလျားလျား နီရဲသွားစေ၏။
စမ်းချောင်း တစ်ဖက်ကမ်းရှိ မီးလောင်နေသည့်ပုံ ပေါ်သော မြက်ခင်းပြင်ကို ကြည့်ရင်း ချန်းချန်ရှန်၏ လက်က ဓားလက်ကိုင်ရိုးပေါ်မှ ဖြည်းညင်းစွာ ခွာသွားသည်။
မီးတောက်ဓားကို စတင် သင်ယူပြီးနောက် တတိယမြောက် နေ့တွင်၊ အဓိက လမ်းမကြီးဘေးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ချန်းချန်ရှန်နှင့် စုလီတို့က တောင်ပိုင်းသို့ သွားမည့် သူတို့၏ ခရီးစဉ်အတွင်း တတိယမြောက် လုပ်ကြံသူနှင့် ကြုံတွေ့ခဲ့ရ၏။ ထိုလုပ်ကြံသူကို လင်းဖိန်ယွမ်ဟု ခေါ်ပြီး သူ၏ လက်ဖြင့် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည့် မြောက်ပိုင်း၏ အာဏာရှင် တစ်ယောက် ဖြစ်သည်။ ကြည့်ရသည်မှာ ထိုလူက နတ်ဆိုးများကို မှီခိုနေသော ဝက်ဝံလူသား မျိုးနွယ်စုနှင့် လျှို့ဝှက်ပြီး ရှင်းလင်းမှုမရှိသော ပတ်သက်ဆက်နွယ်မှု အချို့ ရှိနေပုံရ၏။ ဤအချက်ကြောင့်ပဲလားမသိ၊ တောင်ပိုင်းသို့ စုလီ သွားမည့် လမ်းကြောင်းကို အခြားသူများထက် သူက ပို၍ သေချာစွာ တွက်ချက်နိုင်ခဲ့ပြီး ထိုနေရာသို့ သူတို့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ကိစ္စက အလွန် အရေးကြီးလွန်းသလို လွန်စွာ အလောတကြီးလည်း ဖြစ်နေသဖြင့် မြောက်ပိုင်း အာဏာရှင် လင်းဖိန်ယွမ်က သူ၏ သစ္စာအရှိဆုံး လက်အောက်ငယ်သား ဆယ်ဂဏန်းကျော်ကိုသာ ခေါ်ဆောင်လာခဲ့၏။ သို့သော်လည်း သေးငယ်သော လက်ဖက်ရည်ဆိုင်လေးထဲတွင်တော့ ၎င်းက အတော်လေး ပြည့်ကျပ်နေသည့်ပုံ ပေါ်သည်။
လက်ဖက်ရည်ဆိုင်တွင် မည်သည့် ဖောက်သည်မျှ မရှိဘဲ ခပ်ဖျော့ဖျော့ သွေးညှီနံ့များ ရနေ၏။ လက်ဖက်ရည် နွေးရန် မီးဖိုက အေးစက်နေပြီ ဖြစ်ပြီး ရက်အတော်ကြာ အသုံးမပြုရသေးသည့်ပုံ ပေါ်သည်။ ဆိုင်ရှင်မှာ သေဆုံးသွားလောက်ပြီ ဖြစ်ပြီး သူ၏ အလောင်းကို တစ်နေရာရာတွင် မြှုပ်နှံထားလောက်ပေသည်။
ချန်းချန်ရှန်က စားပွဲဘေးတွင် ထိုင်၍ ထူးဆန်းသော အနံ့ထွက်နေသည့် လက်ဖက်ရည်ပန်းကန်ကို ကြည့်နေ၏။ တစ်စုံတစ်ခုကို တွေးတောနေသဖြင့် သူ ဘာစကားမျှ မဆိုချေ။
“ဂုဏ်ယူပါတယ်” စုလီက ချန်းချန်ရှန်ကို ကြည့်၍ ပြောလိုက်၏။
“ဒီလူကို သတ်တဲ့ နေရာမှာ မင်းအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ သိပ်အများကြီး ရှိမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
-အခန်း (၃၇၉) ပြီး