ဟွမ်ရုံ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာသည်။ အိုးရန်ဖုန်းက သူတို့ လင်မယားကို အရိုးထဲစွဲလောက်အောင် မုန်းတီးနေမှန်း သူမ ကောင်းကောင်းသိရာ ဖြေဆေးကို ဘယ်လိုလုပ် အလွယ်တကူ ထုတ်ပေးမည်နည်း။
စုန့်ချင်းရှု၏ စကားကို ကြားသောအခါ သူမက သံသယဖြင့် မေးလိုက်သည်။ "အိုးရန်ဖုန်းက ဖြေဆေး မပေးတာနဲ့... ကျွန်မတို့ ဖြေဆေး မရနိုင်တာက... အတူတူပဲ မဟုတ်ဘူးလား။"
"သေချာပေါက် မတူဘူးပေါ့။" စုန့်ချင်းရှုက သူမကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဘာလဲ... မိန်းမတွေထဲက ကျူးကော့လျန်လို့ နာမည်ကြီးတဲ့ ရုံအာက စဉ်းစားလို့ မရဖြစ်နေပြီလား။"
ဤနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ အလွန် အဓိပ္ပါယ်မဲ့လွန်းလှသည်။ ယခုလို အချိန်တွင် မိမိစိတ်မလွတ်သွားဘဲ ပုံမှန် စကားပြောနိုင်နေခြင်းကိုပင် တော်လှပြီဟု ဟွမ်ရုံ စိတ်ထဲတွင် တွေးလိုက်မိသည်။ ခေါင်းထဲတွင် ဘယ်လိုလုပ် မြန်မြန် စဉ်းစားနိုင်တော့မည်နည်း။ သို့သော် တစ်ဖက်လူ၏ သတိပေးမှုကြောင့် သူမ အနည်းငယ် သဘောပေါက်သွားသည်။ "ရှင် နည်းလမ်း စဉ်းစားမိပြီလား။"
"ဒါပေါ့... မင်းရဲ့ ယောကျ်ားက ဘယ်သူလဲ ဆိုတာကိုလည်း ကြည့်ဦးလေ။" စုန့်ချင်းရှုက မေးစေ့ကို ပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ဟွမ်ရုံက တံတွေးထွေးလိုက်သည်။ "ဟွန်း... ကျွန်မရဲ့ ယောကျ်ားက အစ်ကိုကျင့်ပါ။ ရှင်လို လူယုတ်မာ မဟုတ်ဘူး။"
"မဟုတ်သေးဘူး... မဟုတ်သေးဘူး" စုန့်ချင်းရှုသည် ပေါင်ပုထုံ၏ စကားကို မသိမသာ အတုခိုးလိုက်မိသည်။ "ကော်ကျင့်က မင်းရဲ့ ခင်ပွန်းလေ။ ငါက မင်းရဲ့ ယောကျ်ား။ ဒီနှစ်ခုက ဘာမှ ဆန့်ကျင်ဘက် ဖြစ်မနေဘူး။"
"ရှင် တကယ့် လူယုတ်မာပဲ။" ဟွမ်ရုံ၏ နူးညံ့သော ကိုယ်လုံးလေး တုန်ရီသွားသည်။ သို့သော် ဤအကြောင်းအရာကို ဆက်လက် ငြင်းခုံနေခြင်းမှာ မိုက်မဲရာကျမှန်း သိသဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ဒေါသထွက်နေဟန် ဆောင်လျက် သူ့ကို ဆက်လက် စကားမပြောတော့ပေ။
"ဒါ အမှန်တရားပဲလေ။" စုန့်ချင်းရှုက လက်ဆန့်ထုတ်ကာ သူမ၏ ခါးလေးကို ဖက်လိုက်ပြီး၊ အဆီပို လုံးဝမရှိသော သူမ၏ ဝမ်းဗိုက်လေးကို ဖွဖွလေး ပွတ်သပ်ရင်း ပြောလိုက်သည်။ "ငါသာ မင်းရဲ့ ယောကျ်ား မဟုတ်ရင်... ငါ ဒီလို ထိတွေ့နေတာကို မင်းက ငြိမ်ခံနေပါ့မလား။"
ဟွမ်ရုံ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ "ရှင့်ကိုတော့ တကယ် မနိုင်ဘူး။ ရှင့်ရဲ့ နည်းလမ်းက ဘာလဲ ဆိုတာသာ မြန်မြန် ပြောပြတော့။" အကြီးမားဆုံးသော နစ်နာမှုကိုပင် ခံခဲ့ရပြီးပြီ ဖြစ်ရာ ဤကဲ့သို့ စကားဖြင့် အနိုင်ကျင့်ခံရခြင်းလောက်ကို သူမ ဆက်လက် အရေးမစိုက်ချင်တော့ပေ။
အရေးကြီး ကိစ္စ ဖြစ်လာသဖြင့် စုန့်ချင်းရှုလည်း ပေါ့ပျက်ပျက် အပြုံးများကို ရုပ်သိမ်းလိုက်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။ "ငါတို့ သွားပြီး အိုးရန်ဖုန်းဆီက ဖြေဆေး တောင်းရင် သူက သေချာပေါက် ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့်... တကယ်လို့ ဝမ်ယန်လျန်က သွားတောင်းရင်ကော။"
"ဝမ်ယန်လျန်။ သူက ဘာကိစ္စနဲ့ ကျွန်မတို့အတွက် ဖြေဆေး သွားတောင်းပေးမှာလဲ။" ဟွမ်ရုံ အစကတော့ သံသယ ဖြစ်သွားသော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားသည်။ "ဒါမှမဟုတ်... ရှင်က ကျွန်မကို..."
"မင်း ဘာတွေ လျှောက်တွေးနေတာလဲ။" စုန့်ချင်းရှုက သူမ၏ နဖူးလေးကို လက်ညှိုးဖြင့် ခပ်ဆတ်ဆတ်လေး ထိုးလိုက်သည်။ "တကယ်တော့ မင်းကို ပျားရည်ထောင်ချောက် သုံးခိုင်းတာက အလွယ်ကူဆုံးနဲ့ အရှင်းလင်းဆုံး နည်းလမ်းပဲ။ ဒါပေမယ့် အခု မင်းက ငါ့မိန်းမ ဖြစ်နေပြီလေ ဒီလို ကိစ္စမျိုးကို မင်းကို ဘယ်လိုလုပ် ခိုင်းရက်မှာလဲ"
ဟွမ်ရုံ၏ မျက်လုံးများ မှုန်ဝါးသွားသည်။ စောစောက စုန့်ချင်းရှု သူမ၏ နဖူးကို ထိုးလိုက်သော အပြုအမူကြောင့်၊ ငယ်စဉ်က အဖြစ်အပျက် အချို့ကို ပြန်လည် သတိရသွားစေခဲ့သည်။ ထိုအချိန်က သူမ အလွန် ဆိုးသွမ်းခဲ့ရာ ဖခင်ဖြစ်သူကို အမြဲတမ်း ဒေါသထွက်စေခဲ့သည်။ သို့သော် ဖခင်က သူမကို မရိုက်ရက်သဖြင့် အများအားဖြင့် ဤကဲ့သို့ နဖူးလေးကိုသာ ခပ်ဆတ်ဆတ် ထိုးလေ့ရှိခဲ့သည် မဟုတ်ပါလား...
စုန့်ချင်းရှု၏ မရည်ရွယ်ဘဲ လုပ်လိုက်သော ဤအပြုအမူလေးကြောင့် သူမ၏ ရင်ထဲတွင် ရင်းနှီးကျွမ်းဝင်သည့် ခံစားချက် တစ်ခု အလိုအလျောက် ပေါ်လာတော့သည်။ ထို့ကြောင့် ဟွမ်ရုံ၏ မျက်နှာထားလည်း အတော်လေး နူးညံ့သွားပြီး မေးလိုက်သည်။ "ဒါဆို... ဝမ်ယန်လျန်က ကျွန်မတို့ကို ကူညီလာအောင် ရှင့်မှာ ဘာနည်းလမ်း ရှိလို့လဲ။"
"တကယ်တော့ ဒီနည်းလမ်းကို မင်းလည်း တတ်ပါတယ်။" စုန့်ချင်းရှုက ရင်ခွင်ထဲရှိ ပန်းပွင့်လေးကဲ့သို့ လှပသော မျက်နှာလေးကို ငုံ့ကြည့်ရင်း၊ ရှုပ်ပွနေသော ဆံပင်လေးများကို ကြင်နာ ယုယစွာ သပ်တင်ပေးလိုက်သည်။
"ကျွန်မလည်း တတ်တယ်။" ဟွမ်ရုံ၏ အသံလေး အနည်းငယ် တုန်ရီသွားသည်။ အမှန်တကယ်တော့ စုန့်ချင်းရှုက အရင်ကလို သူမကို ရိုင်းစိုင်း ကြမ်းတမ်းစွာ ဆက်ဆံသည်ကိုသာ သူမ ပို၍ လိုလားမိသည်။ သို့မှသာ သူမ၏ ရင်ထဲရှိ အမုန်းတရားများကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ သို့သော် ယခုကဲ့သို့ မရည်ရွယ်ဘဲ ပြသလိုက်သော သူ၏ ကြင်နာ ယုယမှုလေးများက သူမ၏ ဆုံးဖြတ်ချက်ကို အနည်းငယ် ယိမ်းယိုင်သွားစေခဲ့သည်။
စုန့်ချင်းရှုက ခေါင်းညိတ်လိုက်ပြီး စကားလုံး အနည်းငယ် ထုတ်ပြောလိုက်သည်။ "ယင်ကိုးပါးသိုင်းကျမ်း။"
"စိတ်ညှို့ပညာ။" ဟွမ်ရုံ၏ ခေါင်းထဲတွင် လျှပ်တစ်ပြက် လင်းလက်သွားပြီး အလိုအလျောက် ရေရွတ်လိုက်မိသည်။
စုန့်ချင်းရှုက ပြုံးလိုက်သည်။ "ဟုတ်တယ်။ ငါတို့ အရင်ဆုံး စိတ်ညှို့ပညာကို သုံးပြီး ဝမ်ယန်လျန်ကို ထိန်းချုပ်မယ်။ ပြီးတော့ သူ့ကို အိုးရန်ဖုန်းဆီက ဖြေဆေး သွားတောင်းခိုင်းမယ်။ အိုးရန်ဖုန်းဆီကနေ ဖြေဆေးကို တိုက်ရိုက် ယူတာထက်စာရင် ဝမ်ယန်လျန်ဆီကနေ ယူရတာက အများကြီး ပိုလွယ်တာပေါ့။"
ဟွမ်ရုံသည် မိမိကို ဖက်ထားသော ယောက်ျားကို ရှုပ်ထွေးသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ ဤယောက်ျားက တကယ်ကို အရည်အချင်း ရှိသူ တစ်ယောက် ဖြစ်ကြောင်း သူမ ဝန်မခံဘဲ မနေနိုင်တော့ပေ။ မည်မျှပင် ကြီးမားသော အခက်အခဲ ဖြစ်ပါစေ သူ၏ လက်ထဲ ရောက်သွားသည်နှင့် အလွယ်တကူ ပြေလည်သွားသကဲ့သို့ပင်၊ ယခင်က ချင်စစ်တပ် အင်အား တစ်သိန်းနှင့် ရင်ဆိုင်ခဲ့ရစဉ်ကလည်း ဤသို့ပင် ဖြစ်သလို ယခုတစ်ကြိမ် တွင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။
မှုန်ဝါးဝါး လရောင်အောက်တွင် ဤယောက်ျားက တကယ်ကို ရုပ်ဖြောင့်သည်ဟုပင် ဟွမ်ရုံ ခံစားလိုက်ရသည်။
ဟွမ်ရုံ၏ မျက်နှာလေး ပူထူသွားပြီး ရင်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို အလျင်အမြန် ဖိနှိပ်လိုက်ကာ သဘာဝမကျစွာဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် စိတ်ညှို့ပညာ ခံထားရတဲ့ သူက မျက်နှာသေ ဖြစ်နေတတ်တော့... သူများတွေ အလွယ်တကူ ရိပ်မိနိုင်တယ်လေ ပြီးတော့ အိုးရန်ဖုန်းကလည်း ယင်ကိုးပါးသိုင်းကျမ်းကို တွေ့ဖူး မြင်ဖူးတယ် မဟုတ်လား။"
အရင်က သူမသည် သခင်မထန်၏ မှတ်ဉာဏ်များကို စိတ်ညှို့ပညာဖြင့် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော်လည်း၊ မှတ်ဉာဏ် အနည်းငယ်ကို ပြောင်းလဲခြင်းနှင့်၊ စိတ်ညှို့ပညာကို အသုံးပြုကာ လူတစ်ယောက်ကို အလုပ်တစ်ခု လုပ်ခိုင်းခြင်းမှာ လုံးဝ မတူညီပေ ထို နှစ်ခု၏ ခက်ခဲမှု အဆင့်အတန်းမှာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
စုန့်ချင်းရှုကမူ ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် ပြန်ပြောသည်။ "အဲဒါက မင်းရဲ့ အတွင်းအား မလုံလောက်လို့ပါ။ မင်းရဲ့ ယောကျ်ားကို ယုံကြည်လိုက်စမ်းပါ။"
ဟွမ်ရုံ၏ ရင်ထဲရှိ သံသယများ အားလုံး သူ၏ စကားတစ်ခွန်းကြောင့် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမနှင့် စုန့်ချင်းရှုတို့ အတူရှိနေခဲ့သည်မှာလည်း အချိန်မနည်းတော့ပေ တစ်ဖက်လူက ဤသို့ ပြောလာပြီ ဆိုမှတော့ သေချာပေါက် ရာနှုန်းပြည့် ယုံကြည်မှု ရှိနေ၍ ဖြစ်ပေမည်။ သို့သော် သူ့ကိုယ်သူ မိမိ၏ ယောကျ်ားဟု အမြဲတမ်း သတ်မှတ်နေသည်ကို တွေးမိတိုင်း ဟွမ်ရုံ၏ ပါးပြင်လေးများ ရဲတက်လာပြီး တစ်ကိုယ်လုံး ပူထူလာတော့သည်။
"ဒါပေမယ့် ဝမ်ယန်လျန်ရဲ့ ဘေးမှာ အစောင့်အကြပ်တွေ အရမ်း ထူထပ်တယ်။ သူ့ကို စိတ်ညှို့ပညာ သုံးဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ" ဟွမ်ရုံက နောက်ထပ် အခက်အခဲ တစ်ခုကို သတိရသွားသည်။
"ဒါကတော့ တကယ်ပဲ နည်းနည်း ပြဿနာ ရှိတယ်။" အရင်တစ်ခေါက်က ဝမ်ယန်လျန် အနားသို့ အလွယ်တကူ ကပ်သွားနိုင်ခဲ့ခြင်းမှာ... ပထမအချက် အနေဖြင့် သူ၏ လက်အောက်ရှိ ထိပ်သီး သိုင်းပညာရှင် အများအပြားကို ကော်ကျင့်ထံ စောင့်ကြပ်ရန် လွှတ်ထားခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက် အနေဖြင့် ဝမ်ယန်လျန်က သခင်မထန်ဆီသို့ ခိုးစားရန် သွားခဲ့ရာ၊ သူ့ဘေးမှ သက်တော်စောင့် မုရုံဘိုက တံခါးဝတွင် ခိုးနားမထောင်ချင်သဖြင့် စုန့်ချင်းရှု အတွက် အခွင့်အရေး ရသွားခဲ့ခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ ဤတစ်ကြိမ် ဝမ်ယန်လျန် အနားသို့ ထပ်ကပ်ရန် ဆိုသည်မှာ ထင်သလောက် မလွယ်ကူတော့ပေ။
မုရုံဘိုကို သတိရသွားသောအခါ စုန့်ချင်းရှုသည် စုန့်ယွမ်ချောင်တို့ကို လျှို့ဝှက်ချက် အပြည့်ရှိသည့် ပညာလက်ဝါး အသုံးပြု၍ ဖမ်းဆီးသွားသော သိုင်းပညာရှင်ကိုပါ သတိရသွားသည်။ မူလကတော့ သူသည် မုရုံဘိုထံမှ တစ်ဆင့် စုံစမ်းရန် စိတ်ကူးထားခဲ့သော်လည်း၊ ယခု ထန်ခိုပြန်ထံမှ စုန့်ယွမ်ချောင်တို့ အဝတ်လျှော်ဆောင်တွင် ရှိနေကြောင်း သိလိုက်ရသဖြင့် အစီအစဉ်ကို ယာယီ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ မြွေကို မရိုက်ဘဲ မြက်ကို ရိုက်မိသလို ဖြစ်သွားပြီး ကျင်းနိုင်ငံက အကျဉ်းသားများကို အခြားနေရာသို့ ရွှေ့ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် မုရုံဘိုထံမှ စုံစမ်းမည့် အစီအစဉ်ကို စွန့်လွှတ်ကာ အဝတ်လျှော်ဆောင်ကို တိုက်ရိုက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
"ချင်းရှု... ချင်းရှု။" ဟွမ်ရုံ၏ အသံက နောက်ဆုံးတွင် သူ့ကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်လာခဲ့သည်။
စုန့်ချင်းရှုက သူမကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ... ငါ နည်းလမ်း စဉ်းစားမိပြီ။"
...
သခင်မထန် အလွန် စိတ်မပျော်မရွှင် ဖြစ်နေသည်။ ပုံမှန်ဆိုလျှင် ယနေ့ညတွင် သူမသည် ချစ်ရသော ယောက်ျားနှင့် အတူ ဝူဆန်းတောင်သို့ သွားကာ ပျော်ရွှင်မှု၏ အထွတ်အထိပ်သို့ ရောက်ရှိရမည် ဖြစ်သည်။ သို့သော် ထိုသူက သူမကို အခန်းထဲတွင် တစ်ယောက်တည်း အထီးကျန်စွာ ထားရစ်ခဲ့လိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း
ဤအရာအားလုံးက ဟွမ်ရုံ ဆိုသည့် အမျိုးသမီးကြောင့် ဖြစ်ကြောင်း သူမ ကောင်းကောင်း သိသည်။ ဝမ်ယန်လျန်ပဲ ဖြစ်ဖြစ်၊ စုန့်ချင်းရှုပဲ ဖြစ်ဖြစ်... ဘာကြောင့်များ ဤအမျိုးသမီးကို ဤမျှလောက် ဂရုတစိုက် ဆက်ဆံနေကြသလဲ ဆိုသည်ကို သူမ လုံးဝ နားမလည်နိုင်ပေ သို့သော် သူမ၏ ရင်ထဲတွင် မနာလို မရှုဆိတ် ဖြစ်နေသော်လည်း၊ ထို ရင့်ကျက် လှပသော အိမ်ထောင်ရှင်မလေးမှာ တကယ်ကို ကျော့ရှင်း လှပပြီး သဘာဝကျကျ ဆွဲဆောင်မှု ရှိကြောင်း သူမ ဝန်မခံဘဲ မနေနိုင်ပေ
သခင်မထန်သည် အမြဲတမ်း သူမ၏ အလှအပအပေါ် ယုံကြည်မှု ရှိသူ ဖြစ်သော်လည်း ဟွမ်ရုံနှင့် ယှဉ်လိုက်သောအခါ သူမကိုယ်တိုင်ပင် အနည်းငယ် ယုံကြည်မှု ကင်းမဲ့လာတော့သည်။
သူမ တစ်ယောက်တည်း သနားစရာ ကောင်းအောင် တွေးတော ဝမ်းနည်းနေစဉ် ပြတင်းပေါက်နားမှ ရင်းနှီးကျွမ်းဝင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ "ဘယ် မုန်းစရာကောင်းတဲ့ လူကများ... သခင်မကို ဒီလောက်တောင် စိတ်မပျော်မရွှင် ဖြစ်အောင် လုပ်လိုက်တာလဲ"
သခင်မထန် အလွန် ဝမ်းသာသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ စုန့်ချင်းရှုက ပြတင်းပေါက် ဘောင်တွင် ထိုင်ကာ သူမကို ပြုံးစိစိဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး၊ မွှေးကြိုင်သော ရနံ့လေး တစ်ခုနှင့် အတူ သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
"ရှင် ဆိုတဲ့ လူယုတ်မာ လေးကြောင့်ပေါ့..." သခင်မထန်၏ အပြုံးက ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမှာ စုန့်ချင်းရှု၏ နောက်တွင် ရပ်နေသော နတ်သမီး တစ်ပါးကဲ့သို့ လှပသည့် အမျိုးသမီးကို သူမ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
***