စုန့်ချင်းရှုက ခင်ပွန်းဖြစ်သူအကြောင်း စတင်ပြောဆိုလိုက်ချိန်တွင် ဟွမ်ရုံ၏ ရင်ထဲတွင် အပြစ်ရှိစိတ် တစ်ချက် ဖြတ်ပြေးသွားသည်။ အခု ဖြေဆေး ရလာတာတောင်မှ အစ်ကိုကျင့်ကို သွားကယ်ဖို့ ပထမဆုံး မစဉ်းစားမိဘူးလေ။
ရှုပ်ထွေးနေသော အတွေးများကို အလျင်အမြန် ဖယ်ရှားပစ်လိုက်ပြီး ဟွမ်ရုံ ခေါင်းညိတ်ကာ ကြွေပုလင်းလေးကို ကိုင်လျက် အခန်းထဲသို့ ခပ်သွက်သွက် ဝင်သွားလိုက်သည်။ ကော်ကျင့်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ တစ်ကိုယ်လုံးရှိ အတွင်းအားများကို စုစည်းကာ အဆိပ်ကို ဖိနှိပ်ရန် ကြိုးစားနေပုံရသည်။ သို့သော် သူ၏ မျက်နှာပေါ်မှ ကြီးမားသော ချွေးပေါက်ကြီးများကို ကြည့်ခြင်းအားဖြင့် အခြေအနေက သိပ်ပြီး အကောင်းဘက်တွင် မရှိကြောင်း သိသာလှသည်။
"ရုံအာ... မင်းလား" ပုံမှန် အချိန်သာ ဆိုလျှင် ကော်ကျင့်၏ သိုင်းပညာဖြင့် ဇနီးဖြစ်သူ၏ ခြေသံကို အလွယ်တကူ ခွဲခြား သိမြင်နိုင်မည် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ ချက်အောက်ရှိ ဒန်တျန်ထဲတွင် အတွင်းအားများ လုံးဝ မရှိတော့သလို၊ မျက်စိကလည်း ကွယ်နေသဖြင့်၊ အထဲသို့ ဝင်လာသူမှာ ခြေသံ ဖွဖွလေး ရှိသော မိန်းမ တစ်ယောက် ဖြစ်မည်ဟုသာ အကြမ်းဖျင်း ခန့်မှန်းနိုင်တော့သည်။
"အစ်ကိုကျင့်... ကျွန်မတို့ ဖြေဆေး ရှာတွေ့ပြီ" ခင်ပွန်းဖြစ်သူ၏ သနားစရာကောင်းသော အခြေအနေကို မြင်တွေ့လိုက်ရသောအခါ ဟွမ်ရုံ၏ နှာခေါင်းဝတွင် စပ်ဖျင်းဖျင်း ဖြစ်သွားပြီး အလျင်အမြန် သွားရောက် တွဲထူလိုက်သည်။
စုန့်ချင်းရှုကမူ တံခါးဝရှိ လိုက်ကာတွင် မှီရပ်နေပြီး သူတို့ နှစ်ဦးကို အနှောင့်အယှက် ပေးရန် အထဲသို့ မဝင်ခဲ့ပေ
ထူးဆန်းသည်မှာ သူသည် မိန်းမများအပေါ် အလွန်အမင်း ပိုင်ဆိုင်လိုစိတ် ကြီးမားသူ တစ်ယောက် ဖြစ်သော်လည်း၊ ဟွမ်ရုံနှင့် ကော်ကျင့်တို့ နှစ်ဦး ရင်းနှီးစွာ ရှိနေသည်ကို မြင်ရသောအခါ သူ၏ ရင်ထဲတွင် အနည်းငယ်မျှပင် မသက်မသာ ဖြစ်မှု မရှိခဲ့ပေ၊ ဟိုတွေးဒီတွေး စဉ်းစားကြည့်ပြီးနောက်၊ နောက်ဆုံးတွင် "ဟွမ်ရုံက မူလကတည်းက ကော်ကျင့်ရဲ့ မိန်းမပဲလေ" ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့်သာ ကိုယ့်ကိုယ်ကိုယ် ဖြေရှင်းလိုက်ရတော့သည်။
"ကြည့်ရတာ ငါက တကယ့် စိတ်ရောဂါသည် တစ်ယောက်ပဲ ဖြစ်ရမယ်" စုန့်ချင်းရှု မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် ရယ်မောလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူသည် ယွမ်ကျုံးဟဲလိုမျိုး ခင်ပွန်းကို သတ်ပြီး ဇနီးကို လုယူမည့် လူစားမျိုး မဟုတ်ပေ၊ ဟွမ်ရုံကို ပိုင်ဆိုင်ရသည့် ခံစားချက်ကို သူ သဘောကျသော်လည်း ထိုအကြောင်းကြောင့် သူများ အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ရန်တော့ ဆန္ဒမရှိပေ ပထမ အကြောင်းရင်းက သူ၏ ကြီးမားသော အစီအစဉ်များ အတွက် သူ၏ နာမည်ကောင်းကို ထိန်းသိမ်းထားရန် လိုအပ်သောကြောင့် ဖြစ်ပြီး၊ ဒုတိယ အကြောင်းရင်းကတော့ သူ၏ ပင်ကိုယ်စရိုက်က ဤသို့ပင် ဖြစ်သောကြောင့်ပင်။
သူ အတွေးလွန်နေချိန် အတွင်းမှာပင် ဟွမ်ရုံက ဖြေဆေး ရလာပုံ အကြောင်းကို အကြမ်းဖျင်း ပြောပြပြီးသွားပြီ ဖြစ်သည်။ ကော်ကျင့်မှာ နားထောင်ရင်း အလွန် အံ့သြ ချီးကျူးသွားတော့သည်။ "သခင်လေးစုန့်က တကယ်ကို ဉာဏ်ပညာပြည့်ဝတာပဲ၊ ဒီလို သိမ်မွေ့တဲ့ နည်းလမ်း မျိုးကိုတောင် စဉ်းစားမိတယ်”
စုန့်ချင်းရှုက အသာပြုံးလိုက်သည်။ "ကော်သူရဲကောင်းကြီးက ချီးကျူးလွန်းနေပါပြီ ခင်ဗျား ဖြေဆေးကို အမြန်ဆုံး သောက်လိုက်တာ ပိုကောင်းမယ် ထင်တယ်။ ခုနက လမ်းတစ်လျှောက်လုံး ကော်သခင်မက ခင်ဗျား အတွက် ဘယ်လောက်တောင် စိုးရိမ်နေလဲ ဆိုတာ ခင်ဗျား သိမှာ မဟုတ်ဘူး"
ဟွမ်ရုံက သူ့ကို အံ့သြစွာ တစ်ချက် ကြည့်လိုက်သည်။ အစ်ကိုကျင့်၏ ရှေ့တွင် သူက သူမ အတွက် စကားကောင်း ဝင်ပြောပေးလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ
ကော်ကျင့်လည်း အလွန် ဝမ်းသာ ကြည်နူးသွားပြီး ဇနီးဖြစ်သူ၏ လက်ကို အားကုန် ဆုပ်ကိုင်လိုက်သည်။ "ရုံအာ... ဒီတစ်ကြိမ် တကယ်ကို ပင်ပန်းသွားပြီ"
သို့သော် ဟွမ်ရုံမှာ လန့်ဖြတ်သွားသော ယုန်လေး တစ်ကောင်ကဲ့သို့ သူမ၏ လက်ကို အလိုအလျောက် နောက်သို့ ရုပ်သိမ်းလိုက်မိသည်။ ထိုသို့ လုပ်ပြီးမှသာ သူမ၏ လုပ်ရပ်က မသင့်တော်ကြောင်း သတိထားမိသွားသည်။ 'ငါက ဘာလို့ ခင်ပွန်းဖြစ်သူရဲ့ အထိအတွေ့ကို ရှောင်ဖယ်နေရတာလဲ'
အလိုအလျောက် ခေါင်းလှည့်ကာ စုန့်ချင်းရှုကို တစ်ချက် ကြည့်လိုက်ရာ တစ်ဖက်လူက သူမကို စိတ်ဝင်တစား ပြုံးစိစိဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဟွမ်ရုံ ရင်ထဲတွင် ပြာယာခတ်သွားပြီး အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်ရသည်။
ကော်ကျင့်၏ လက်က လေထဲတွင် ဗလာ ဖြစ်သွားသဖြင့် ရင်ထဲတွင် တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ "ရုံအာ... မင်း..."
ဟွမ်ရုံ မျက်နှာလေး နီရဲသွားပြီး အကြောင်းပြချက် တစ်ခု ရှာကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒီမှာ သခင်လေးစုန့်က ဘေးကနေ ကြည့်နေတာကို... အစ်ကိုကျင့်ကလည်း မရှက်ဘူးလား"
ထိုအခါမှသာ ကော်ကျင့် သဘောပေါက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်သည်။ ဇနီးဖြစ်သူက ရှက်သွားလို့ ဖြစ်မည် ဟုသာ ထင်မှတ်လိုက်သည်။
ရှက်ရွံ့နေမှုကို ဖုံးကွယ်ရန်အတွက် ဟွမ်ရုံသည် ကြွေပုလင်းလေးကို ထုတ်ယူကာ အတွင်းမှ ဖြေဆေး တစ်လုံးကို သွန်ထုတ်လိုက်သည်။ ချက်ချင်းပင် အခန်းထဲတွင် လတ်ဆတ်သော ဆေးရနံ့လေး တစ်ခု ပျံ့နှံ့သွားရာ၊ သာမန် ဆေး မဟုတ်ကြောင်း တစ်ချက် ရှူရှိုက်ကြည့်ရုံဖြင့် သိသာလှသည်။
ဟွမ်ရုံက ထို ဖြေဆေးကို သေချာ စစ်ဆေးကြည့်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဤ ဖြေဆေးတွင် ဘာပြဿနာမှ မရှိပေ သူမ၏ မိသားစု ပညာရပ်များ အရ ဟွမ်ယောင်ရှီမှာ မူလကတည်းက ဆေးဖော်စပ်ရာတွင် ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူမ တတ်ကျွမ်းထားသော ပညာရပ်များက ဖခင်ဖြစ်သူ၏ ဆယ်ပုံတစ်ပုံပင် မပြည့်နိုင်သော်လည်း၊ ဖြေဆေးတွင် အဆိပ် ပါ မပါ ဆိုသည်ကိုတော့ သေချာပေါက် အကဲဖြတ်နိုင်စွမ်း ရှိသည်။
အနောက်ပိုင်းအဆိပ်ဘုရင် အိုးရန်ဖုန်း ဆိုသူမှာ အလွန် ကောက်ကျစ်သူ ဖြစ်ကြောင်း သူမ သိသဖြင့်၊ သူ့ကို အရမ်းကြီး မယုံကြည်ခဲ့ပေ ယခု ဖြေဆေးတွင် အဆိပ် မရှိကြောင်း သေချာသွားမှသာ သူမ စိတ်အေးသွားတော့သည်။
ကော်ကျင့် ဖြေဆေးကို သောက်လိုက်ပြီးနောက် စုန့်ချင်းရှုက ဆေးအာနိသင် ပြန့်နှံ့သွားစေရန် ကူညီပေးလိုက်သည်။ ခင်ပွန်းဖြစ်သူ၏ ဖြူရော်နေသော မျက်နှာလေး တဖြည်းဖြည်း နီရဲလာသည်ကို မြင်သောအခါ ဟွမ်ရုံ၏ မျက်နှာလေး ပေါ်တွင် နောက်ဆုံးတော့ အပြုံးလေး တစ်ခု ပေါ်လာတော့သည်။
သို့သော် သူမ၏ အပြုံးက အချိန်ကြာကြာ မခံခဲ့ပေ ကော်ကျင့်၏ မျက်နှာက တဖြည်းဖြည်း ပို၍ နီရဲလာပြီး ရုတ်တရက် 'ဝေါ့' ခနဲ အသံနှင့်အတူ အဆိပ်သွေးများကို ထပ်မံ အန်ချလိုက်ပြန်သည်။
ကော်ကျင့်ကို ဆေးအာနိသင် ပြန့်နှံ့စေရန် ကူညီပေးနေသော စုန့်ချင်းရှုလည်း အလွန် အံ့သြသွားသည်။ တစ်ဖက်လူ၏ ကိုယ်တွင်းရှိ အတွင်းအားများက ချက်ချင်း ဆိုသလို အလွန် ကမောက်ကမ ဖြစ်သွားပြီး၊ အရင်က သူ ယာယီ ဖိနှိပ်ထားခဲ့သော အဆိပ်များက ထပ်မံ ခေါင်းထောင်လာမည့် အရိပ်အယောင်များ ပြသလာသည်ကို သူ ခံစားလိုက်ရသည်။
"အစ်ကိုကျင့်... ဘာဖြစ်လို့လဲ"
ဟွမ်ရုံ လန့်ပြီး အော်လိုက်ကာ ခင်ပွန်းဖြစ်သူကို သွားရောက် တွဲထူလိုက်သည်။ သို့သော် တစ်ဖက်လူ၏ အသားအရေမှာ အလွန်အမင်း ပူလောင်နေကြောင်း သူမ တွေ့လိုက်ရသည်။
ကော်ကျင့်က မျက်လုံးကို အတင်း ဖွင့်ကာ သူမကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းများ လှုပ်ရုံမျှ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း၊ စကား တစ်ခွန်းမှ မထွက်လာခင်မှာပင် ကုတင်ပေါ်သို့ တည့်တည့် လဲကျသွားပြီး အသက်ရှူသံပင် မရှိတော့ပေ
"အစ်ကိုကျင့်" ထိုအခိုက်အတန့်တွင် ဟွမ်ရုံ၏ နှလုံးသား တစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် နောက်လှည့်ကာ စုန့်ချင်းရှုကို စူးစိုက်ကြည့်လိုက်သည်။ "စုန့်ချင်းရှု ရှင် တကယ့်ကို ရက်စက်တဲ့ လူပဲ"
စုန့်ချင်းရှု မျက်မှောင်ကြုတ်သွားသည်။ "မင်း ဘာပြောချင်တာလဲ"
"ဘာပြောချင်တာလဲ ဟုတ်လား" ဟွမ်ရုံက အေးစက်စွာ ရယ်မောလိုက်သည်။ "ဒီပြဇာတ် တစ်ခုလုံးကို ရှင်ကိုယ်တိုင် ဖန်တီးပြီး ကပြနေခဲ့တာ... အစ်ကိုကျင့်ကို သူများ လက်ငှားပြီး သတ်ဖို့ပဲ မဟုတ်လား၊ အဲဒီလို မှသာ ရှင် ကျွန်မကို တရားဝင် အပိုင်သိမ်းပိုက်ခွင့် ရမှာကိုး၊ ကျွန်မ တကယ်ပဲ မျက်စိကန်းခဲ့တာပဲ ရှင် အစ်ကိုကျင့်ကို တကယ် ကယ်မယ်လို့ ရိုးအပြီး ယုံကြည်ခဲ့မိတယ်"
စုန့်ချင်းရှုက သူမကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "အခု မင်း စိတ်လှုပ်ရှားနေလို့... လျှောက်တွေးနေတာပါ။ အခု စကားတွေကို ငါ မကြားလိုက်ဘူးလို့ပဲ သဘောထားလိုက်မယ်"
ဟွမ်ရုံက ခေါင်းခါလိုက်ပြီး သူ၏ စကားကို လုံးဝ မကြားသည့် အတိုင်းပင် မျက်လုံးများ အာရုံစူးစိုက်မှု ကင်းမဲ့နေကာ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေတော့သည်။ "ရှင် လိုချင်တာ အကုန် ရသွားပြီပဲ။ ကျွန်မလည်း နောက်ပိုင်း ရှင်ရဲ့ တိတ်တိတ်ပုန်း ချစ်သူ လုပ်မယ်လို့ ကတိပေးပြီးပြီလေ။ ရှင် ဘာလို့... ကျွန်မရဲ့ အစ်ကိုကျင့်ကို သတ်ရတာလဲ..."
သူမက အလွန်အမင်း ဝမ်းနည်း နာကျင်နေပြီး သူ့အပေါ် အမုန်းတရားများ ပြည့်နှက်နေသည်ကို မြင်သောအခါ စုန့်ချင်းရှုမှာ ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားတော့သည်။ "ဟေ့၊ ငါတို့ နှစ်ယောက်က ခန္ဓာကိုယ်ချင်း ပေါင်းစပ်တဲ့အထိ ရင်းနှီးခဲ့ကြတယ် ဆိုပေမယ့်၊ မင်း အခုလို လျှောက်ပြောနေရင် ငါက မင်းကို အသရေဖျက်မှု နဲ့ တကယ် တရားစွဲရလိမ့်မယ်နော်။ ဘယ်သူက ကော်သူရဲကောင်းကြီးကို သတ်မယ်လို့ ပြောလို့လဲ ပြီးတော့ ကော်သူရဲကောင်းကြီးလည်း မသေသေးပါဘူး မင်းက ဒီမှာ ဘာတွေ လာပြီး ဝမ်းနည်းပြနေတာလဲ"
အစကတော့ စုန့်ချင်းရှု၏ အရှေ့ စကားများကို ဟွမ်ရုံက အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ သို့သော် နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသောအခါ သူမ၏ ပြန့်ကျဲနေသော မျက်ဝန်းများ ချက်ချင်း ပြန်လည် အရောင်လင်းလာပြီး ကုတင်ပေါ်သို့ အလန့်တကြား လှမ်းကြည့်လိုက်သည်။
"အစ်ကိုကျင့် မသေသေးဘူးလား"
စုန့်ချင်းရှုက နှာခေါင်းရှုံ့လိုက်သည်။ "အခုတော့ မသေသေးဘူး။ ဒါပေမယ့် သေဖို့ သိပ်မလိုတော့ဘူး။ တကယ်လို့ မင်းက ငါ့ရဲ့ အာရုံကို ဆက်ပြီး လာနောက်ယှက်နေမယ် ဆိုရင်... လက်ဖက်ရည် တစ်ခွက်စာ အချိန် အတွင်းမှာတင်၊ မင်း ဆန္ဒရှိတဲ့ အတိုင်း မုဆိုးမလေး ဖြစ်သွားဖို့က သေချာနေပြီ
ထိုအခါမှသာ စုန့်ချင်းရှု၏ လက်ဖဝါးက ခင်ပွန်းဖြစ်သူ၏ ကျောပြင်ပေါ်တွင် အမြဲတမ်း ထောက်ထားလျက် ရှိနေသေးကြောင်း ဟွမ်ရုံ သတိထားမိလိုက်သည်။ သူ၏ အင်္ကျီလက်စများမှာ လေမတိုက်ဘဲ လွင့်ဝဲနေရာ၊ သူ၏ ကိုယ်တွင်းရှိ အတွင်းအား အားလုံးကို အစွမ်းကုန် ထုတ်သုံးနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ သူမက အလျင်အမြန် သွားရောက်ပြီး ခင်ပွန်းဖြစ်သူ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ သွေးခုန်နှုန်းမှာ အလွန် အားနည်းနေသော်လည်း၊ အလွယ်တကူ အရှုံးမပေးသည့် အသက်ရှင်သန်မှု စွမ်းအား တစ်ခု ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယခုမှသာ စုန့်ချင်းရှုက အတွင်းအားကို အသုံးပြုပြီး ခင်ပွန်းဖြစ်သူ၏ အသက်ကို အမြဲတမ်း ဆွဲဆန့်ပေးထားခြင်း ဖြစ်ကြောင်း ဟွမ်ရုံ သဘောပေါက်သွားတော့သည်။ အမြဲတမ်း တည်ကြည် ခန့်ညားသော သူက ယခုအခါ ချွေးများ ရွှဲနစ်နေပြီး တစ်ကိုယ်လုံးရှိ အကြောများပင် ထောင်ထနေသည်ကို ကြည့်ရင်း၊ သူမ၏ စိတ်ခံစားချက်များ အလွန် ရှုပ်ထွေးသွားတော့သည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ ကော်ကျင့်က ရုတ်တရက် 'ဝေါ့' ခနဲ အသံနှင့်အတူ အမည်းရောင် သွေးများကို တစ်ပုံကြီး အန်ချလိုက်ပြန်သည်။ ထို အမည်းရောင် သွေးများထဲတွင် အရည်မပျော်သေးသော 'ဖြေဆေး' တစ်ဝက်ခန့် ပါဝင်နေသည်ကို တွေ့လိုက်ရမှသာ စုန့်ချင်းရှုလည်း သက်ပြင်းချနိုင်သွားသည်။ "နောက်ဆုံးတော့ အပြင်ကို တွန်းထုတ်နိုင်ခဲ့ပြီပဲ အဲဒီ ဖြေဆေး ပုလင်းကို ငါ့ကို တစ်ချက်လောက် ပေးကြည့်စမ်း"
ဟွမ်ရုံက နောက်ထပ် ဖြေဆေး တစ်လုံးကို ထုတ်ယူလိုက်ပြီး သံသယဖြင့် ပြောလိုက်သည်။ "ဒီ ဖြေဆေးကို ကျွန်မ စစ်ဆေးကြည့်ပြီးပြီ။ အဆိပ် မရှိဘူး" ဤသည်မှာလည်း သူမက စုန့်ချင်းရှုကို သံသယ ဝင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖြေဆေးတွင် ပြဿနာ မရှိပါက တစ်ခုတည်းသော ပြဿနာ ရှိနိုင်သူမှာ အစ်ကိုကျင့်၏ နောက်ကျောဘက်တွင် အတွင်းအား သွင်းပေးနေသော စုန့်ချင်းရှုသာ ဖြစ်သည်။ သူသာ စိတ်ကူး တစ်ချက် ပြောင်းသွားလျှင် အစ်ကိုကျင့်ကို မသိမသာ သတ်ပစ်နိုင်ပြီး ပြီးလျှင် အိုးရန်ဖုန်း အပေါ် အပြစ်ပုံချလိုက်၍ ရသည် မဟုတ်ပါလား
စုန့်ချင်းရှုက ဖြေဆေး အနည်းငယ်ကို လက်ချောင်းဖြင့် ဖဲ့ယူကာ ပါးစပ်ထဲ ထည့်ပြီး မြည်းစမ်းကြည့်လိုက်သည်။ မျက်စိမှိတ်ကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ပြီးနောက် ပြောလိုက်သည်။ "ဖြေဆေး ကိုယ်တိုင်မှာတော့ တကယ်ပဲ အဆိပ် မရှိပါဘူး ဝမ်ယန်လျန်ကလည်း အရူးမှ မဟုတ်တာ အိုးရန်ဖုန်း အနေနဲ့ တွေးကြည့်ရင် ဝမ်ယန်လျန်က ဖြေဆေးကို ရတာနဲ့ သေချာပေါက် အရင် စမ်းသပ်ကြည့်မှာပဲ ဆိုတာ သူ သိတာပေါ့၊ တကယ်လို့ ဖြေဆေးထဲမှာ အဆိပ် ပါနေရင် သူက ကျင်းနိုင်ငံမှာ ဘယ်လိုလုပ် ဆက်ပြီး ခြေကုပ်ယူလို့ ရတော့မှာလဲ"
ယခုအချိန်တွင် ဟွမ်ရုံ၏ စိတ်ထဲတွင် အတွေးများ အလွန် ရှုပ်ထွေးနေပြီ ဖြစ်သည်။ 'သူ ကိုယ်တိုင်လည်း ဖြေဆေးမှာ ပြဿနာ မရှိဘူး ဆိုတာ သေချာနေပြီ ဆိုမှတော့... ပြဿနာ ရှိနိုင်တဲ့ တစ်ယောက်တည်းသော သူက သူ ကိုယ်တိုင်ပဲပေါ့ ဒါပေမယ့် သူက ဘာလို့ အစ်ကိုကျင့်ရဲ့ အသက်ကို ကယ်ဖို့ ဒီလောက်တောင် အတွင်းအားတွေ အများကြီး အကုန်ခံနေရတာလဲ...ငါ့ကို တမင် လုပ်ပြပြီး ငါ့ရဲ့ စိတ်ကို လှုပ်ရှားသွားအောင် လုပ်ချင်လို့များလား...'
***