ကြယ်သံတမန်က ချောင်မူ၏ မျက်နှာကို ကြည့်နေစဉ် အခန်းထဲက လေထုက တဖြည်းဖြည်း တင်းမာလာသည် ။
ချောင်မူနှင့် အနီးဆုံးတွင် ထိုင်နေသော မုတ်ဆိတ်မွှေးထူထူနှင့် ဓားသမားသည်လည်း မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး သူ့လက်ကို ခါးစွပ်ပေါ်တွင် တိတ်တဆိတ်တင်လိုက်သည် ။
ချောင်မူ တစ်ယောက်ထဲသာ တည်ငြိမ်နေ၏ ။
" ကျုပ်နာမည် ချောင်ကျန့်ပါ.. သူတော်စင်ဝူချင်းရှင်းကို အမဲလိုက်ပွဲ ရှိတယ်လို့ ဒီရေနားစွင့် မျှော်စင်က ပြောလိုက်လို့ ကျုပ်လာခဲ့တာ.. အရင်မပြောပြမိတာ ကျုပ်အမှားပါ.. "
ချောင်မူသည် သူတော်စင်ဝူချင်းရှင်းအပေါ် စစ်မှန်သော မေတ္တာပြသနိုင်ရန် သစ္စာရှိသော ကျန့် အမည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏ ။ တစ်ချိန်တည်းမှာပင် ဒီရေနားစွင့်မျှော်စင်အား ဒိုင်းအဖြစ် အသုံးပြုရန် မမေ့ခဲ့ပေ ။
ဒီရေနားစွင့်မျှော်စင်သည် ဝူကျိအသင်း၏ ရန်သူဖြစ်ပါက မီးထဲသို့ ထင်းထည့်ပေးနိုင်မည် ။
ဤ နှစ်ဖွဲ့သည် ကောင်းမွန်သော ဆက်ဆံရေးရှိလျှင် သူအလွယ်တကူ ဝင်ရောက်ရောနှောနိုင်၏ ။
ထို့ကြောင့် ချောင်မူက စကားပြောပြီးသည်နှင့် တခြားသူများ၏ အမူအရာကို အကဲခတ်ကြည့်လိုက်၏ ။
လျှို့ဝှက်ကြယ်သံတမန်သည် မျက်နှာဖုံးစွပ်ထားသဖြင့် အမူအရာကို မြင်ရရန် မဖြစ်နိုင်ချေ ။ သို့ရာတွင် သံတမန်၏ နောက်တွင် ရပ်နေသည့် သက်လတ်ပိုင်းအရွယ် သန်မာသည့် သူက စကားစပြောလိုက်သည် ။
" သံတမန်ကြီး.. ကျုပ် သူ့ရဲ့ ခွန်အားကို စမ်းကြည့်လိုက်ရမလား.. "
သူက ပြောပြီးသည်နှင့် ချက်ချင်း မတ်တပ်ရပ်လိုက်ကာ ချောင်မူထံသို့ ခုန်အုပ်ပြီး ရင်ဘက်ကို လက်သီးဖြင့်ထိုးလိုက်၏ ။
ချောင်မူက ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိ ။ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ရွှေခေါင်းလောင်းဒိုင်းသိုင်းကို အသုံးပြုကာ ထိုလူ၏ လက်သီးကို ရှောင်ဖယ်ခြင်းမရှိဘဲ ထိုလူ၏ ဝမ်းဗိုက်ကိုသာ ပြန်ထိုးလိုက်၏ ။
' မင်းလည်းထိုး.. ငါလည်းထိုးမယ်.. ဘယ်သူပိိုအားကောင်းလဲ ကြည့်ရအောင်.. ငါ့ကို အနိုင်ယူနိုင်ရင် ပိုတောင်ကောင်းသေး.. '
သန်မာသောလူက ဆွံ့အသွား၏ ။ သို့ရာတွင် လေထဲသို့ ရောက်နေသဖြင့် သူ၏ လှုပ်ရှားမှုကို မပြောင်းလဲနိုင်တော့ပေ ။
" ဖုန်း...ဖုန်း.."
အသံခပ်တိုးတိုး နှစ်ခုထွက်လာပြီး ချောင်မူ၏ ဝတ်ရုံသည် လေပြင်းကြောင့် အနည်းငယ် လှုပ်ခပ်သွားကာ သူ၏ ရင်ဘက်တွင် လက်သီးရာတစ်ခု ထင်ကျန်ခဲ့သည် ။ တစ်ဘက်လူ၏ ခွန်အားသည် မသေးသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏ ။
ချောင်မူသည် ရွှေခေါင်းလောင်းဒိုင်းနှင့် သံချပ်ဝတ် သိုင်းနှစ်ခုကို ကျွမ်းကျင့်သဖြင့် အဆင့် ၅ များ၏ လက်သီးချက်ကို ရင်ကော့ခံနိုင်၏ ။ ယခု အဆင့် ၄ သိုင်းပညာရှင်၏ လက်သီးချက်သည် အနည်းငယ် နာကျင်စေရုံသာရှိသည် ။
သန်မာသောလူက လေထဲတွင် ပြန်လွင့်ထွက်သွားပြီး လဲကျမလို ဖြစ်သွား၏ ။ သူ အရေးနိမ့်ကြောင်း သိသားသွားလေသည် ။
" ခင်ဗျားက အပြင်သိုင်းပညာရှင်လား.. အသက် ၆၀ အထိ အသက်ရှင်နိုင်တာ တကယ်ကို ရှားတယ်.. "
သန်မာသောလူက ခန္ဓာကိုယ်ကို ဟန်ချက်ပြန်ထိန်းလိုက်ပြီး ဘာမှမဖြစ်သလို လှည့်ပြီး စကားပြောလိုက်၏ ။
သူက ချောင်မူကို နောက်ကျောပေးပြီး ဆောင့်တက်လာသော သွေးများကို မသိမသာ မျိုချလိုက်သည် ။ သူနှင့် ချောင်မူသည် အတွင်းအားချင်း မကွာသဖြင့် အစစ်အမှန်တိုက်ပွဲတွင် မည်သူ နိုင်မည်ကို ပြောရခက်ပေသည် ။
သို့သော်လည်း ချောင်မူက မရှောင်ဘဲ အပြင်သိုင်းနှစ်ခုကို အားကိုးပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့သဖြင့် သူအနည်းငယ် အရေးနိမ့်သွားခြင်းပင် ။ သူ အပြင်သိုင်း လေ့ကျင့်မထား ။
" ဒါဆို ခင်ဗျားက အပြင်သိုင်းပညာရှင်ပေါ့.. အပြင်သိုင်းပညာရှင်က ဒီအရွယ်အထိ အားကောင်းနေသေးတာ အံ့သြစရာပဲ.. "
သန်မာသောလူက ပြုံးပြီး ပြောလိုက်သည် ။ ကြယ်သံတမန်ရှေ့တွင် သူ၏ ခွန်အားကို အသိအမှတ် အပြုခံချင်ယုံသာ ဖြစ်၍ သေသည်အထိ တိုက်ခိုက်မည် မဟုတ် ။ ထို့ကြောင့် တစ်ချက် တိုက်ပြီးနောက် နောက်ဆုတ်လိုက်တော့၏ ။
" ခင်ဗျားက သန်မာပေမဲ့ ကျုပ်တို့လို သိုင်းပညာရှင်တွေကိုပဲ တိုက်ခိုက်လို့ရမယ်.. "
" ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရိုးစား လီမီးတောက်နဲ့ တွေ့ရင် မီးလောင်မှုအားကောင်းတဲ့ ထင်းလိုပဲ.. "
အခြားသူများက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏ ။
" ဒီအခန်းထဲမှာ အတွင်းအား အဆင့် ၄ ရောက်နေတဲ့သူ တော်တော်များများ ရှိတယ်.. "
" ရှေးခေတ်တုန်းက ဆိုရင်တော့ အဆင့် ၄ တွေကို ဆရာကြီးလို့ သတ်မှတ်လို့ရတာပေါ့.. ဝူကျိအသင်း ပေါ်လာပြီးနောက်မှသာ အဆင့်၄ ရောက်တဲ့သူတွေ ပိုများလာခဲ့တာ.. "
သန်မာသောလူက ဘေးတွင် ရှိသော လျှို့ဝှက်ကြယ် သံတမန်ကို မြှောက်ပင့်ပေးလိုက်ပြီး...
" ဒါပေမဲ့ စိတ်ဝိညာဥ်သန့်စင်ခြင်း ပြီးထားတဲ့ အဆင့် ၃ သိုင်းပညာရှင်တောင်မှ အတွင်းအားကို တစ်ခုတည်းကို အားကိုးပြီး လီမီးတောက်ကို ရင်မဆိုင်နိုင်ဘူး.. "
အကုန်လုံး၏ ရင်ထဲတွင် မသက်မသာ ဖြစ်သွား၏ ။ ဝူကျိအသင်း၏ လျှို့ဝှက်ကြယ်သံတမန်ပင် ခေါင်းညိတ်လိုက်ပြီး...
" ဟုတ်တယ်.. ဝူချင်ရှင်းရဲ့ အဆောင်တွေကို သတိထားရမယ်.. "
" လီမီးတောက်နဲ့တွေ့ရင် ရှောင်တိမ်းရုံက လွဲပြီး ဘာမှမတက်နိုင်ဘူး .. ကိုယ်ဖော့သိုင်းသုံးပြီး ရှောင်နိုင်ဖို့သာ ကြိုးစားကြပါ.. "
" တကယ်ပဲ အဲ့လောက်အထိ ကြောက်စရာ ကောင်းတာလား.. "
ချောင်မူက ထပ်မေးလိုက်ပြန်၏ ။
ကြယ်သံတမန်က ချောင်မူကို ကြည့်လိုက်ပြီး...
" လီမီးတောက်ကို ထိလိုက်မိတာနဲ့..
အသား..အရိုး..အရေပြားနဲ့.. သွေး အကုန်လုံး ပြာဖြစ်တဲ့အထိ လောင်ကျွမ်းသွားလိမ့်မယ်.. "
" လီမီးတောက်ကို ရေနဲ့ ငြိမ်းလို့ မရသလို မြေကြီးနဲ့လည်း ငြိမ်းလို့မရဘူး.. တစ်ခုတည်းသော တက်နိုင်တာက အတွင်းအား သုံးပြီး ဖိနှိပ်ထားရုံပဲ..အတွင်းအားကုန်တာနဲ့ သေမှာပဲ.. "
***