" သိုင်းပညာရှင် တစ်ယောက်က လီမီးတောက်နဲ့ ထိမိသွားပြီဆိုရင် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်.. အသက်ရှင်ဖို့ ထိတဲ့နေရာကို ချက်ချင်းဖြတ်မလား.. အသက်အသေခံမလား.. ဒါပဲ.. တတိယ ဖြစ်နိုင်ချေ မရှိဘူး.. "
" ဒါပေမဲ့ တစ်ကိုယ်လုံး မီးထဲ ရောက်သွားရင်တော့ သေရုံကလွဲပြီး ဘာမှ မရှိတော့ဘူးပေါ့.. ဒါကြောင့် ကိုယ်ဖော့သိုင်းသုံးပြီး သတိထား ရှောင်ကြပါ.. "
အကုန်လုံး၏ တဆက်ဆက်ညိတ်နေကြသော ခေါင်းများကို ကြည့်ပြီး ချောင်မူ သံသယ ဝင်သွား၏ ။ သူ မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်မိခဲ့သည်လော ။
ချောင်မူသည် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း သိုင်းအပါအဝင် ကျွမ်းကျင်မှု အများစုမှာ အပြင်သိုင်းများသာ ဖြစ်၏ ။
ဝူတန်၏ အဆုံးမဲ့သန့်စင်သောယန်ကျမ်းစာသည်ပင် အတွင်းနှင့် အပြင်နှစ်ခုလုံးကို မြှင့်တင်ပေးသဖြင့် တဝက်အပြင်သိုင်း ဟု ခေါ်ဆိုနိုင်သည် ။ သူအပြင်သိုင်းများစွာကို လေ့ကျင့်ထားသဖြင့် အဆင့်တူ သိုင်းပညာရှင်အား ကြောက်စရာမလိုအပ်ပေ ။
ချောင်မူ ရင်ဆိုင်ခဲ့ရသော တိုက်ပွဲများအားလုံးသည်လည်း ရုပ်ပိုင်းဆိုင်ရာဖြင့် တိုက်ခိုက်ခြင်းသဖြင့် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိမှသာ ကြာကြာခံနိုင်မည်ဟု မှတ်ယူထားခဲ့သည် ။ လွန်ခဲ့သော ရက်အနည်းငယ်က ချန်ချန်ပေးသော အရိပ်ခြေလှမ်းသာ မရှိလျှင် သူ့တွင် ကိုယ်ဖော့သိုင်း မရှိပေ ။
" မင်းရဲ့ အပြင်အားကလည်း မဆိုးဘူး.. ကျွမ်းကျင်မှုတွေကလည်း ကောင်းတယ်.. အတွင်းအားကလည်း အဆင့် ၄ ရောက်နေပြီ.."
ကြယ်သံတမန်က ချောင်မူကို ကြည့်ပြီး မှတ်ချက်ပေးလိုက်သည် ။
" ပြီးတော့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားတာ ဆိုတော့ ဝူကျိအသင်းဝင် တဝက်လို့ ပြောလို့ရတာပေါ့.. မင်းက ဖိတ်ခေါ်မထားဘဲ ရောက်လာပေမဲ့ ငါတို့ လက်ခံနိုင်ပါတယ်.. "
ဒီရေနားစွင့်မျှော်စင်မှ လူဆိုးထိန်းခေါင်းဆောင် အတုပြောခဲ့သည့်အတိုင်းပင် ချောင်မူ၏ အရည်အချင်းများကိုမြင်လျှင် ချက်ချင်းလက်ခံလိုက်၏ ။
လျှို့ဝှက်ကြယ်သံတမန်သည် သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း၏ လျှို့ဝှက်ချက်များကို သိပေသည် ။ ဤမမျှော်လင့်ထားပဲ ရောက်လာသော ချောင်ကျန့်သည့် မည်သို့သော ရည်ရွယ်ချက်ဖြင့် ရောက်လာစေကာမူ တချိန်တွင် သိုင်းသူတော်စင်အတွက် အဟာရသာ ဖြစ်လာမည်ဖြစ်၍ သိပ်အာရုံမစိုက်ချေ ။
" ကောင်းပြီ..ကောင်းပြီ.. ဒါဆိုလည်း သွားကြတာပေါ့.. "
ကြယ်သံတမန်က...
" မင်းတို့ ရှစ်ယောက်ထဲမှာ အဆင့် ၄ လေးယောက်နဲ့ အဆင့် ၅ လေးယောက် ရှိတယ်.. မင်းတို့ ရုံးတော်ကို ဝင်ရင် အဆင့်မြင့် အရာရှိဖြစ်လာနိုင်တာပေါ့.. ခု မင်းတို့ထဲမှာ ဝူကျိအသင်းဝင်တွေရော အပြင်လူတွေရောပါတယ်.. ဒါပေမဲ့ ကိစ္စမရှိဘူး .. နောက်ခံအခြေအနေ.. ဇစ်မြစ် ဘာပဲဖြစ်နေ ဖြစ်နေ ဝူချင်းရှင်းကို သတ်နိုင်ရင် လူတိုင်း ဆုကောင်းကောင်းချီးမြင့်ခံရမယ်.. ဒါ သိုင်းသူတော်စင် အမိန့်ပေးလိုက်တာပဲ.. "
ကြယ်သံတမန်က ခဏရပ်လိုက်ပြီး ဆက်ပြော၏ ။
" ရှုချန်က ဟိုမှာရောက်နေပြီ.. သူ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားသော ဝူချင်းရှင်းရဲ့ နေရာကို အာရုံခံနိုင်တယ်.. "
" ခုနကပဲ သူအချက်ပြထားတာဆိုတော့ သဲလွန်စ ရှာတွေ့သွားပြီထင်တယ်.. အချိန်မဖြုန်းဘဲ မြန်မြန်သွားရအောင်.. "
လျှို့ဝှက်ကြယ်သံတမန် အပါအဝင် လူကိုးဦးအဖွဲ့သည် တည်းခိုခန်းမှ ထွက်ခွာပြီး ကြိုတင်ပြင်ဆင်ထားသော မြင်းများကိုစီးကာ ထွက်ခွာသွားကြသည်။
……….
ဤသို့ဖြင့် ချောင်မူနှင့် အခြားသူများသည် အနောက်ဘက်တံခါးမှတစ်ဆင့် မြို့မှ ထွက်ခွာသွားကြသည် ။
" ဟူးကြီး.. ကြယ်သံတမန်ပြောတဲ့ ဝိညာဥ်ချိတ်ရှုချန်က ဘယ်လောက် သန်မာလဲ သိလား.. "
ချောင်မူသည် သူနှင့် ရင်နှီးသော မုတ်ဆိတ်ရှည်ဓားသမားနှင့် အတူယှဥ်၍ မြင်းစီးလာ၏ ။
မုတ်ဆိတ်ရှည်ဓားသမားက နာမည်အပြည့်အစုံ မပြောဘဲ သူ့ကိုယ်သူ မျိုးရိုးနာမည် ဟူး ဟုသာ မိတ်ဆက်ပေးခဲ့သဖြင့် ထိုသို့သာ ခေါ်လိုက်သည် ။
ကျန်လူများကလည်း ထိုသို့ မခြားမနားပင် ။ မျိုးရိုး နာမည်ပြောသူရှိသလို ကျောက်စိမ်းလက် ၊ ကျောက်စိမ်းမျက်နှာနဂါး ကဲ့သို့သော သိုင်းလောက နာမည်ပြောင်များကို ပြောသူလည်း ရှိ၏ ။ နာမည် အပြည့်အစုံ ပြောသူမှာ ချောင်မူ တစ်ယောက်ထဲသာ ဖြစ်လေသည် ။
" ဝိညာဥ်ချိတ်ရှုချန်က ခင်ဗျားလိုပဲ နာမည်ကြီး အဆင့် ၄ သိုင်းပညာရှင်လေ.. တစ်ခါတုန်းက သူ့ကို အဆင့်၄ သိုင်းပညာရှင်နှစ်ယောက် ဝိုင်းတိုက်တာ တစ်ယောက်သေပြီး နောက်တစ်ယောက်က လွတ်သွားတာတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်တဲ့.. "
ဓားသမားက ပြောလိုက်သည် ။
" စိတ်ဝိညာဥ် သန့်စင်ခြင်း အဆင့်ကို မရောက်သေးရင် အတွင်းအား ဘယ်လောက်ရှိရှိ အဆင့် ၄ လို့ သတ်မှတ်ထားတော့ အဆင့်၄ အချင်းချင်း ကြားမှာလဲ အတွင်းအား ကွာခြားချက်တွေ ရှိတယ်လေ.. ရှုချန်ကတော့ အဆင့် ၄ ရဲ့ အသန်မာဆုံးတွေထဲက တစ်ယောက်ပေါ့.. "
" ကျုပ်တို့ထဲမှာ သူက နာမည်အကြီးဆုံးပဲ ..သူက ကျုပ်တို့ထဲမှာ အသန်မာဆုံး မဟုတ်ရင်တောင်မှ သူ့ထက်သန်မာတဲ့သူ မရှိဘူး.. "
" သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းက သိုင်းသူတော်စင် ကိုယ်တိုင်ဖန်တီးထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်စဥ်တစ်ခုလေ.. အဲ့တာကို ကျွမ်းကျင်အဆင့်အထိကျင့်နိုင်တဲ့သူတွေက စိတ်ဝိညာဥ်သန့်စင်ခြင်း အဆင့်ကို အောင်မြင်နိုင်ချေများတယ်.. ရှူချန် နဲ့ ခင်ဗျား ရောပေါ့.. "
ဓားသမားသည် အာဝဇ္ဇန်း ကောင်းလှသဖြင့် ချောင်မူလည်း သိုင်းလောကအကြောင်း ဗဟုသုတများစွာ ရလိုက်၏ ။
ဆယ်မိုင်ခန့်အထိ မြင်းဒုန်းစိုင်း လာကြပြီး ရှေ့ဆုံးမှ ကြယ်သံတမန်က မြင်းဇာတ်ကြိုးကို ရုတ်တရက်ဆွဲပြီး သတိထားရန် အချက်ပြလိုက်သည် ။
သူတို့ရှေ့ရှိ လမ်းဘေးတွင် မီးပုံကြီး တစ်ခု ရှိနေပေသည် ။
သူတို့အားလုံးက သတိထား၍ ချဥ်းကပ်လာကြပြီး အနီးသို့ ရောက်သည်နှင့် မီးလျှံအတွင်းမှ လူသားပုံရိပ်ကို တွေ့လိုက်ကြလေသည် ။
ထိုပုံရိပ်ကို သစ်သားချွန် တစ်ချောင်းဖြင့် အောက်မှ အထက်သို့ ထိုးဖောက်ပြီး လမ်းဘေးတွင် စိုက်ထူထား၏ ။
" ကျုပ်တို့ စိတ်အာရုံအတိုင်း လိုက်လာတာပဲ.. ဒီလူသေတာ မကြာသေးဘူး.. "
ကျောင်စိမ်းမျက်နှာနဂါး က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။
" သူက ရှုချန်လား.. "
သူတို့အဖွဲ့သည် မီးတိုင်ဘေးတွင် စုရုံးနေကြပြီး မျက်နှာမသာမယာ ဖြစ်နေကြသည် ။
" ကျုပ်တို့ထွက်လာကာစ ရှိသေးတယ် ဝိညာဥ်ချိတ်ရှုချန်သေသွားပြီ.. ခုထိ ဝူချင်းရှင်းကို မြင်တောင်မမြင်ရသေးဘူး.. "
ဓားသမားက သက်ပြင်းချလိုက်၏ ။
" ဝူချင်းရှင်းက သူတော်စင်လိုပဲ ရက်စက်လိုက်တာ.. "
ဝူချင်းရှင်း၏ လုပ်ရပ်က သူတို့ကို ခြိမ်းခြောက်ဖို့ရန်မှန်း အားလုံးနားလည်ကြ၏ ။ ကျွမ်းကျင်သူ တစ်ဦး၏ သေဆုံးမှု ၊ အထူးသဖြင့် ရက်ရက်စက်စက် အသတ်ခံလိုက်ရသော ကျွမ်းကျင်သူတစ်ဦးကို မြင်ရသည်မှာ ကြောက်ရွံမှုကို ဖြစ်ပေါ်စေနိုင်သည် ။
" ဒီလူက မီးလောင်လို့ သေတာ မဟုတ်ဘူး.. ကျုပ်တို့ မြင်အောင် တမင်သတ်ပြီးမှ အချိန်ဆွဲ့ပြီး မီးရှို့ထားတာ.. "
ချောင်မူက သူ၏ အတွေ့အကြုံအရ မှတ်ချက်ပေးလိုက်၏ ။
" အင်း.. ဝူချင်းရှင်းကို ကိုယ်တွယ်ဖို့ ငါတို့ ပိုပြီး သတိထားရမယ် .."
ကြယ်သံတမန်က သတိပေးလိုက်သည် ။
" ငါတို့ သတိမထားရင် ရှုချန်လို ပြာဖြစ်သွားမယ်.. "
" ရှုချန်က သူ့ကိုယ်သူ အထင်ကြီးလွန်းတယ်.. ငါသူ့ကို ပြောထားတာက ဝူချင်းရှင်းကို အချိန်ဆွဲလို့ ရရင် ဆွဲထားလို့.. ခုတော့သေပြီ.. "
ရှုချန်သေဆုံးသွားသော်လည်း အဖွဲ့ထဲတွင် သိုင်းသူတော်စင်စိတ်ဝိညာဥ် လေ့ကျင့်ထားသူများ ကျန်နေသေး၍ စိတ်အာရုံအတိုင်း ထွက်ခွာလာကြသည် ။
ဝူချင်းရှင်း ပေးခဲ့သည် ကြောက်ရွံ့မှုက သူတို့ကို ပြန်လှည့်စေရန် မလုံလောက်ပေ ။ သွေးမမြင်ဖူးသည့် သိုင်းလောကသားဟူ၍ အဘယ်တွင် ရှိနိုင်ပါမည်နည်း ။
***