နေ့လည်အချိန်...
ချောင်မူနှင့် သူ့အပေါင်းအပါများသည် ခေတ္တအနားယူရန် လမ်းမဘေးရှိ ယာယီတည်းခိုခန်းသို့ ရောက်ရှိလာခဲ့ကြသည် ။
အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်သော်လည်း သာမန်သွေးသားဖြင့် ဖွဲ့စည်းထားသဖြင့် အချိန်အကြာကြီး မြင်းစီးရသည်က ပင်ပန်း၏ ။ မြင်းများလည်း လျှာထွက်နေလေပြီ ။
လူကိုးယောက်အဖွဲ့သည် လျှို့ဝှက်ကြယ်သံတမန်မှလွဲ၍ တစ်ယောက်နှင့် တစ်ယောက် မသိကြသဖြင့် စကားဟဟ မပြောကြချေ ။
ချောင်မူက အဝစားပြီးနောက် အပိုစားစရာအချို့ကို ထုတ်ယူကာ အပြင်သို့ ထွက်လာခဲ့၏ ။
သူ အပြင်ဘက်တွင် ခဏတာ စောင့်ဆိုင်းပြီးနောက် မြက်ခင်းထဲမှ အသံတိုးတိုးလေး မြည်လာပြီး ကြောင်ခေါင်းလေးက ပေါ်ထွက်လာ၏ ။
" မင်း ငါ့နောက်ကို လိုက်လာတာလား.. မြင်းကိုတောင် မီအောင် လိုက်နိုင်တယ် ဝိညာဥ်သားရဲလို့ မပြောရဘူး.. "
ချောင်မူက ယူလာသော အသားကို ချကျွေးလိုက်သည် ။
ကြောင်ပေါက်လေးက ဗိုက်ဝအောင် စားပြီးသည်နှင့် ထွက်မပြေးတော့ဘဲ ချောင်မူ၏ အရိပ်ထဲသို့ ခုန်ဝင်သွား၏ ။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အရိပ်နှင့် တစ်သားတည်းဖြစ်သွားပြီး ပျောက်ကွယ်သွားသည် ။
' ဟမ်..အရိပ်ထဲမှာပုန်းလို့ ရတာလား.. တော်တော်ထူးခြားတဲ့ စွမ်းရည်ပဲ..'
ချောင်မူ မနာလို ဖြစ်သွား၏ ။ ဝိညာဥ်သားရဲများတွင် ထူးခြားသော စွမ်းရည်အမျိုးမျိုးရှိပြီး ကျင့်ကြံသူများတွင် နည်းလမ်းအမျိုးမျိုးရှိ၏ ။ သိုင်းပညာရှင်များသာ နှစ်ဖက်ညှပ်ရိုက်သည်ကို ခံနေရသည် ။
သူ တည်းခိုခန်းထဲသို့ ပြန်ဝင်သွားလျှင် အခြားသူများက အနားယူနေကြပြီး ဟူးကြီးက ထောင့်စားပွဲတစ်ခုတွင်ထိုင်ကာ ခပ်ပါးပါး စာအုပ်တစ်အုပ်ကို ဖတ်နေ၏ ။
" ဓားသမားက စာဖတ်နေတာလား .."
ချောင်မူ စိတ်ဝင်စားသွားသည် ။ သိုင်းပညာရှင်များသည် ပညာရှင်များ မဟုတ်သဖြင့် စာပေ လိုက်စားသည်က မြင်ရခဲ၏ ။ ဝူချင်းရှင်းအား လိုက်ဖမ်းနေသည့် အချိန်တွင်ပင် စာဖတ်နေသဖြင့် ချောင်မူ စပ်စုချင်စိတ်ပေါက်သွားသည် ။
သူ၏ အမြင်အာရုံမှာ ကောင်းမွန်လှသဖြင့် စာအုပ်အဖုံးပေါ်ရှိ စာလုံးကြီးများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည် ။
' ကောင်းကင်လက်ချောင်းနည်းစနစ်တဲ့လား ..'
ချောင်မူ အလွန်စိတ်လှုပ်ရှားလာ၏ ။ သူ့တွင် လူအများရှေ့ သူရဲကောင်းဟန်ဆောင်ခြင်းနှင့် သိုင်းကျမ်းစုဆောင်းခြင်း ဟူ၍ ဝါသနာနှစ်ခုသာ ရှိလေသည် ။
' သွေးကြောပိတ်တဲ့ သိုင်းမျိုးလား မသိဘူး.. ငါ့မှာ အဲ့တာမျိုး မရှိသေးဘူး.. '
ချောင်မူက ခဏစဥ်းစားပြီး ဟူးကြီးထံ ချဥ်းကပ်ရန် ဆုံးဖြတ်လိုက်၏ ။
" ဟဲဟဲ ညီလေးဟူး.. လျှို့ဝှက်စာအုပ် လေ့လာနေတာလား.. ကြိုးစားလိုက်တာ.. "
" အမ်.."
ဟူးကြီးက အနည်းငယ်လန့်သွားပြီး ချောင်မူ မမြင်ရစေရန် စာအုပ်ကို ထောင်ထားလိုက်သည် ။
' ကပ်စေးနဲလိုက်တာ.. '
ချောင်မူ က ဤကမ္ဘာပေါ်ရှိ သိုင်းပညာရှင်များသည် သူတို့၏ လျှို့ဝှက်သိုင်းကျမ်းများကို တန်ဖိုးထားကြသည်ကို သိ၏ ။
သိုင်းသူတော်စင်က ထိပ်တန်းသိုင်းကျမ်းများစွာကို ဖြန့်ဖြူးပေးခဲ့သော်လည်း သိုင်းပညာရှင်များ၏ အမြင်ကို မပြောင်းလဲနိုင်သေးပေ ။
ထို့ကြောင့် ဟူးကြီး မပြချင်သည်က ပုံမှန်သာဖြစ်သည် ။
" ဟူးကြီး.. မင်းနဲ့ငါက တခြားသူတွေနဲ့ တူတာမဟုတ်ဘူး.. ငါတို့နှစ်ယောက်က စိတ်ဝိညာဥ်သန့်စင်ခြင်း အောင်မြင်နိုင်ဖို့ သိုင်းလောကထဲမှ လေလွင့်နေရတဲ့ လူနှစ်ယောက်ပါ.. "
ချောင်မူက ရယ်လိုက်ပြီး...
" ဝူကျိအသင်းက သိုင်းပညာတွေ ရဖို့က မလွယ်တော့ ငါတို့နှစ်ယောက်မှာ ရှိတဲ့ ကျင့်စဥ်တွေ မျှဝေပြီး ဆွေးနွေးကြရင် မကောင်းဘူးလား.. "
" ဒီ ကောင်းကင်လက်ချောင်း ပညာရပ်အတွက် ကျုပ်မှာ ရှိတဲ့ တန်ဖိုးတူ ကျင့်စဥ်တစ်ခုခုနဲ့ လဲပေးမယ်လေ ..ဘယ်လိုလဲ.. ခဏပဲ လဲဖတ်ကြတာပေါ့.. "
ချောင်မူသည် စာအုပ်ထဲမှ စာအား တစ်ခေါက်ဖတ်ပြီးသည်နှင့် လေကျင့်နိုင်သဖြင့် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည် ။
သို့ရာတွင် ဟူကြီး၏ အမူအရာက အံ့အားသင့်နေပုံရလေ၏ ။ သူက မယုံကြည့်နိုင်စွာဖြင့်...
" ကျုပ်စာအုပ်နဲ့ သိုင်းကျင့်စဥ် လဲဖတ်ချင်တာလား.. "
" ဟုတ်တယ်လေ.. သွေးကြောနဲ့ ပက်သက်တဲ့ သိုင်းတွေကို ငါတစ်ခုမှ မမြင်ဖူးဘူး မင်းဆန္ဒ ရှိရင် လဲဖတ်ကြတာပေါ့.. "
ချောင်မူက ပြောလိုက်သည် ။
" ဒါပေါ့ ဆန္ဒ ရှိတာပေါ့ ရော့.. "
ဟူးကြီးက ပြုံးစိစိဖြင့် စာအုပ်ထိုးပေးလိုက်၏ ။
" ရက်ရောလိုက်တာ.. မင်းက တကယ့်ကို..... "
ချောင်မူ စာအုပ်ဖွင့်ကြည့်ပြီး ဆွံ့အ သွား၏ ။ စာအုပ်ထဲတွင် စာသား အနည်းငယ်သာ ပါပြီး ပုံများသာ မြင်နေရ၏ ။ ထိုပုံများသည်က...
" ဟ..ကောင်းကင်လက်ချောင်းပညာက.. အပြာစာအုပ်ကြီးလား..."
ချောင်မူ၏ အသံက ကျယ်သွားသဖြင့် ပတ်ဝန်းကျင်ရှိလူများ လှည့်ကြည့်လိုက်ကြ၏ ။
" ဟုတ်တယ်လေ.. "
မုတ်ဆိတ်မွေးထူထူဖြင့် ဓားသမား ဟူးက လေးနက်ဟန်ဖြင့်...
" နာမည်နဲ့တင် သိသာနေတာပဲလေ.. ဒါပေမဲ့ အပြာစာအုပ် မဟုတ်ဘူး ကာမကျမ်းလို့ ခေါ်တယ်.. "
ချောင်မူ.... " ...."
ဝူချင်းရှင်းအား လိုက်ဖမ်းသည့် အချိန်တွင်ပင် ကာမကျမ်းအား လေ့လာနေသည်လော ။ မျက်ခုံးထူထူ ၊မျက်လုံးကြီးကြီး ၊ မုတ်ဆိတ်မွေးများ ထူလပျစ်နှင့် အသက် ၅၀ အရွယ်ခန့် ဟူးကြီးက သာမန်လူ ဟုတ်ပုံမရပေ ။
ဝူချင်းရှင်းအား လိုက်ဖမ်းနေသည်က သာမန်မှ ဟုတ်၏လောဟုပင် သံသယဝင်မိသွား၏ ။
ထိုသည်ကို စဥ်းစားရင်း ချောင်မူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည် ။
ဓားသမားဟူးက ချောင်မူ၏ အမူအရာကို သတိထားမိသွားပြီး ကြင်နာသော ဟန်ဖြင့် ရှင်းပြလိုက်လေသည် ။
" ဒါက ခင်ဗျား ထင်ထားသလို မဟုတ်ဘူး.. "
" ဟဲရန်မြို့မှာ သာမန်လူတွေထက် သာလွန်တယ်လို့ ထင်နေတဲ့ ကျင့်ကြံသူတွေကို မြင်ဖူးတယ်မလား.. "
" ကျုပ်တို့ သိုင်းပညာရှင်တွေက ကျင့်ကြံသူတွေကို အနိုင်မယူနိုင်တာ သိုင်းပညာရှင်တွေရဲ့ သက်တမ်းက တိုနေလို့လားလို့ ကျုပ်တွေးမိတယ်.. "
" ကျုပ်တို့ သက်တမ်းက တိုနေရင်တောင် ကျုပ်တို့ အမွေကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးနိုင်ရင်..."
" သားတွေ မြေးတွေ... အဆက်အဆက် မျိုးဆက်တွေ အကန့်အသတ်မရှိတဲ့အထိ ..လက်ဆင့်ကမ်းပေးပြီး သိုင်းပညာရပ်တွေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်နေသရွေ့ တစ်နေ့ကျရင် အင်မော်တယ်တွေကို ယှဥ်နိုင်မယ့် သိုင်းပညာရှင် ပေါ်ထွက်လာလိမ့်မယ်ဆိုတာ ကျုပ်ယုံကြည်တယ်.. "
ချောင်မူ ဆွံ့အ နေ၏ ။ သူမည်သို့ ပြန်ပြောရမည်ကိုပင် ရုတ်တရက် မတွေးနိုင်ဖြစ်သွားပြီး...
" ဒါ အပြာစာအုပ် ဖတ်ရတဲ့ အကြောင်းရင်းလား.. "
ဓားသမားဟူက ယုံကြည်မှု အပြည့်ဖြင့် ...
" ကျုပ်က ဒီလိုမျိုး ကိစ္စတွေမှာ မကျွမ်းကျင်ပေမဲ့ ဒီလို ကာမကျမ်းကို မဟာယန်မှာ ရှိတဲ့ လူတိုင်း လေ့ကျင့်နိုင်မယ်ဆိုရင် မဟာယန်ရဲ့ လူဦးရေက အများကြီး ပိုများလာမှာ သေချာတယ်.."
" လူတိုင်းအတွက်.. ကျုပ် ဟူက ဒီတာဝန်ကို ထမ်းရွက်ဖို့ ကြိုးစားမှာပါ .. "
" ခင်ဗျားက ဒီကျမ်းကို လေ့လာထားတယ်ဆိုတော့ ကလေးတော်တော်များများ ရနေပြီပေါ့.. "
ချောင်မူက ရွှတ်နောက်နောက် ပြောလိုက်၏ ။
သို့သော်လည်း ဓားသမားဟူက ထိုစကား ကြားလျှင် ခဏတာ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်ကာ...
" ကလေးတွေ ရှိတာက အသက်ကြီးလာရင် သက်တောင့်သက်သာဘဝကို ပိုင်ဆိုင်နိုင်တယ်လို့ ဆိုကြပေမဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့က မလွယ်ပါဘူး.. "
ချောင်မူ အံ့အားသင့်နေ၏ ။ သူ၏ အသက်သည် ၆၀ ကျော်နေသော်လည်း ဤအကြောင်းအရာက သူ၏ နားလည်မှုထက် ကျော်လွန်နေ၍ မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိချေ ။
" တခြားသိုင်းကျမ်းတွေရှိလား.. ငါတို့ လဲမယ်လေ.. ဒီကာမကျမ်းက လွဲလို့ပေါ့.. "
ဟူကြီးက ခေါင်းညိတ်ပြီး သဘောတူရန်ပြင်လိုက်သော်လည်း ဆိုင်အတွင်းသို့ ကြယ်သံတမန်က ရုတ်တရက် ဝင်ရောက်လာပြီး...
" ရှုချန်အပြင် ပျောက်နေတဲ့ ယွမ်ညီအကို နှစ်ယောက်လည်း ဝူချင်းရှင်း မီးရှို့သတ်တာကို ခံလိုက်ရတယ်.. "
" ဒါပေမဲ့ သူတို့နှစ်ယောက်က မသေခင်မှာ သဲလွန်စတွေ ရှာတွေ့ထားတယ်.. "
" တောနက်ထဲကို ဆက်ဝင်သွားရင် ကုံးမိသားစု ရွာဆိုတာ ရှိတယ်တဲ့ သူတော်စင်မ ရွာလို့လည်း ခေါ်ကြတယ်.. "
***