ဝူချင်းရှင်း ထွက်သွားပြီးနောက် ထူးဆန်းသော အနီရောင်လီမီးတောက်သည် တဖြည်းဖြည်း အားနည်းလာ၏ ။
တစ်ကိုယ်လုံး မီးလောင်နေသော အဆင့် ၅ နှစ်ယောက်မှာတော့ ပြာပုံဖြစ်သွားလေသည် ။
လျှို့ဝှက်ကြယ်သံတမန် စုဆောင်းခဲ့သော လူဆယ်ယောက်တွင် ငါးယောက် သေဆုံးသွားပြီ ဖြစ်သည် ။
ဝူချင်းရှင်း၏ တစ်ခုတည်းသော ဒဏ်ရာမှာ ချောင်မူက အသေခံ၍ ဝင်တိုက်ခိုက်ခဲ့သောကြောင့်ပင် ။
" မစိုးရိမ်ကြနဲ့.. သိုင်းပညာရှင်တွေလိုပဲ ကျင့်ကြံသူတွေကလည်း စိတ်ဝိညာဥ်ချီ ပြန်ပြည့်ဖို့ အချိန်ကြာတက်တယ်.. "
ကြယ်သံတမန်က နှစ်သိမ့်ပေးလိုက်သည် ။
" ဝူချင်းရှင်းက ဂိုဏ်းကနေ နှင်ထုတ်ခံထားရတာဆိုတော့ စိတ်ဝိညာဥ်ချီ ပြန်ဖြည့်တဲ့ ဆေးတွေ အများကြီးပါမှာ မဟုတ်ဘူး.. "
" သူသာ ခွန်အား အပြည့်ရှိနေရင် ဘယ်ထွက်ပြေးမလဲ.. ခုငါတို့ လုပ်ရမှာက သူ အားကုန်တဲ့အထိ တဖြည်းဖြည်း အချိန်ဆွဲပြီး သတ်ရမယ်.. "
' သံတမန်က အဲ့လို စဥ်းစားထားတာလား.. အဲ့တာကြောင့် အမြှောက်စာ လူဆယ်ယောက်တောင် ခေါ်ထားတာကိုး.. '
ချောင်မူက တွေးလိုက်မိသော်လည်း ထုတ်မပြောဘဲ လီမီးတောက်ကိုသာ အတွင်းအား အသုံးပြုပြီး ဖိနှိပ်နေလိုက်သည် ။
" ချောင်ကျန့် မလှုပ်နဲ့.. "
ဓားသမားဟူ၏ ဓားကို ကိုင်ထားပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် ။ သူက ချောင်မူ၏ မီးလောင်နေသော နေရာကို သေချာ အနီးကပ် ကြည့်လိုက်ပြီး အလင်းတန်းများ ပေါ်လာသည်အထိ ဓားကို အလွန်လျင်မြန်စွာ ထပ်ခါထပ်ခါ ခုတ်လိုက်သည် ။
ချောင်မူ၏ ညာလက်ရှိ မီးဆွဲနေသော အသားပိုင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပြာဖြစ်သွား၏ ။ ချောင်မူ၏ လက်မှ သွေးများ ပန်းထွက်လာသည် ။
ဓားသမားဟူ၏ ဓားချက်က မီးသင့်နေသော အသားများကိုသာ ဖြတ်လိုက်ခြင်းဖြစ်ပြီး အသားကောင်းများကို မထိချေ ။
ဓားသမားဟူက လီမီးတောက် တောက်လောင်နေသော ဓားကို အလျင်အမြန် မြေပြင်ပေါ်သို့ စိုက်ထားလိုက်လေသည် ။ ဓားမှာ ပြင်းထန်သော မီးတောက်ကြောင့် တွန့်လိမ်ပြီး ပုံပျက်သွား၏ ။
" လီမီးတောက်နဲ့ ထိမိရင် လက်တစ်ချောင်းလုံး ဖြတ်ရတာဆို.. "
ချောင်မူက နာကျင်မှုကို အံကြိတ်သည်းခံရင်း ပြောလိုက်၏ ။ သူ တစ်ယောက်ထဲသာ နားမလည်ဟု ထင်လိုက်သော်လည်း ပတ်ဝန်းကျင်အား ကြည့်လိုက်လျှင် လူတိုင်းက ဓားသမားဟူအား အံ့သြတကြီး စိုက်ကြည့်နေကြသည် ။
ဓားသမားဟူက တည်ငြိမ်စွာဖြင့်...
" ခင်ဗျားရဲ့ အတွင်းအားက ကောင်းလို့ပါ.. မီးက အရိုးကိုမထိသေးတော့ အသားကို လှီးရုံနဲ့တင် ရသွားတာ..တကယ်တော့ ကျုပ်ကိုယ်တိုင်တောင် စမ်းကြည့်ရုံပဲ မရရင် လက်တစ်ဖက်လုံး ဖြတ်မလို့.."
" ရောင်းရင်းက အံ့သြစရာပဲ.. ဒီလောက် တိကျတဲ့ ဓားစွမ်းရည်.. နဂါးသတ်ဓား နဲ့ တို့ဟူး လှီးနေသလိုပဲ.. "
ကျောက်စိမ်းမျက်နှာနဂါးက စိတ်ရင်းမှန်ဖြင့်ချီးကျူးလိုက်သည် ။
' ဒီအဖွဲ့ထဲ မှာ လူတိုင်းက အရည်အချင်းကိုယ်စီ ရှိတာပဲ ..ဓားသမားရဲ့ လက်စက တည်ငြိမ်ပြီး တိကျလိုက်တာ.. ဒဏ္ဍာရီထဲက သားသတ်သမား ပေါင်တင်း ကြနေတာပဲ.. ဓားချက်တိုင်းက အရိုးမထိပဲ အသားတစ်လွှာခြင်း လွှာသွားတာ.. '
" ဒီနှစ်ယောက်က တကယ်ကို မလွယ်ဘူး တစ်ယောက်ကလည်း လှီးရဲတယ်.. တစ်ယောက်လည်း ငြိမ်ငြိမ်လေး ရပ်ခံရဲတယ်.. "
သန်မာသောလူက တိုးတိုးလေး ရေရွတ်လိုက်၏ ။
လျှို့ဝှက်ကြယ်သံတမန်က ဤအဖွဲ့အား အရေးပေါ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သဖြင့် တစ်ယောက်နှင့် တစ်ယောက် မသိသလို ယုံကြည်မှုလည်း မရှိကြပေ ။ ထို့ကြောင့် ဤနှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုက ကျန်လူများကို အံ့အားသင့်သွားစေ၏ ။
" ဟူကြီး.. မင်းရဲ့ ဓားစွမ်းရည်က မိုက်လိုက်တာ.. "
ချောင်မူက သွေးထွက်နေသော လက်ကို ပတ်တီးစီးရင်းပြောလိုက်သည် ။
" ဒါက ရိုးရိုးလေးပါပဲ .. စကားထဲ ထည့်ပြောရလောက်တဲ့ထိ မကောင်းပါဘူး.. "
ဓားသမားဟူက ခပ်ပေါ့ပေါ့သာ ပြောလိုက်သည် ။
" ခင်ဗျား ဒီရေနားစွင့်မျှော်စင်က တစ်ယောက်ယောက်နဲ့ သိတယ်မလား.. "
" သူတို့ သတ်မှတ်ထားတဲ့ အတွင်းအား ..ခွန်အားနဲ့ ကျွမ်းကျင့်မှု စာရင်းဝင်တွေကသာ တကယ်မိုက်တာ.. "
" သူတို့နဲ့ ယှဥ်ရင် ကျုပ်ရဲ့ ဓားပညာက ကလေးကစားနေသလိုပဲ.. "
" အဲ့သုံးခုအကြောင်း အသေးစိတ်ရှင်းပြပါလား.. "
ချောင်မူက စိတ်အားထက်သန်စွာ မေးလိုက်၏ ။
" ချောင်ကျန့် ခင်ဗျားက ကျုပ် အဖေထက်တောင် သိပ်ငယ်တာမဟုတ်ဘူး.. ဒါတောင် ဒီစာရင်းကို မသိဘူးလား.. တစ်သက်လုံး ဂူအောင်းပြီး လေ့ကျင့်နေတာလား.."
ဓားသမားဟူက ချောင်မူ၏ ဗဟုသုတ ခေါင်းပါးမှုကို အံ့သြနေသော်လည်း အသက်ကယ်တင်ခဲ့သည့် လူဖြစ်၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏ ။
" ရှေးခေတ်တုန်းက သိုင်းပညာရှင်တွေကို အတွင်းအား နဲ့ အပြင်အား ဆိုပြီး စာရင်းနှစ်ခုပဲ ခွဲတာလေ.. "
" သိုင်းသူတော်စင် ပေါ်လာပြီးနောက်မှ လမ်းကြောင်းသုံးခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတာ.. "
" ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ တက်ကြွမှုကို လိုက်စားတဲ့သူတွေကို အပြင်အားသိုင်းပညာရှင်လို့ ခေါ်ကြတယ်လေ.. "
" အတွင်းအား သိုင်းပညာရှင်တွေကကြတော့.. အတွင်းအားကပဲ သိုင်းပညာရှင်တွေရဲ့ အခြေခံအုတ်မြစ်လို့ ယူဆ ထားကြတယ်.. အသက်ကြီးလာရင်တောင် သွေးနဲ့ချီ အရမ်းကြီး မကျသွားသရွေ့ အတွင်းအားက ဆက်ပြီးတိုးတက်နိုင်သေးတယ်လေ.. အသက်ကြီးလေလေ.. အချိန်ကြာကြာလေ့ကျင့်လေလေ.. အတွင်းအား ပိုကောင်းလာလေလေပေါ့.. "
" တချို့ အတွင်းအား ပညာရှင်တွေက သူတို့ရဲ့ သက်တမ်းကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ရင် ကျင့်ကြံသူတွေနဲ့ ယှဥ်ပြိုင်နိုင်မယ်လို့ ယုံကြည်ကြတယ်.. "
***