ကောင်းကင်ယံက တဖြည်းဖြည်းမှောင်မိုက်လာပြီး ညအချိန်သို့ ချဥ်းကပ်လာ၏ ။
တောင်ပေါ်လေတိုက်ခတ်မှုကြောင့် ဘုရားကျောင်းဝင်ပေါက်ရှိ အနီရောင်မီးတောက်များသည် ကခုန်နေကြသည် ။ ဤမီးသည် ရွာတွင် တစ်ခုတည်းသော အလင်းရောင်နှင့် အပူဓာတ်ဖြစ်သည်။
ပျံသန်းနေသော ဓားတစ်ချောင်းပေါ်တွင် ရပ်နေသော သူတော်စင် ဝူချင်းရှင်းသည် လေထဲတွင် ရပ်နေပြီး သူမ၏ပုံပန်းသဏ္ဌာန်သည် မီးလျှံများဖြင့် တောက်ပနေ၏ ။
သူမသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မား၍ထူးခြားသော ခန္ဓာကိုယ်အချိုးအစားဖြင့် အောက်ဘက်ရှိ မီးကို ငေးကြည့်နေလေသည် ။
သူမ၏ အသွင်မှာ ဘုရားကျောင်းတွင် ရှိသော အင်မော်တယ်ရုပ်ထုနှင့် အနည်းငယ်ဆင်တူပြီး ရုပ်ထု၏ ဂရုဏာတရားနှင့် သန့်ရှင်းသော ဟန်ပန်သာ ချို့တဲ့နေသည် ။
ရွာသားများသည်တော့ သူတို့၏ နတ်ဘုရားမကို မျက်မြင်တွေ့နေရ၍ ဝမ်းသာအားရ အော်ဟစ်နေကြသည် ။
အဝေးမှနေ၍ ဘုရားကျောင်းအား သုံးကြိမ်ဦးညွှတ်ကာ ကိုးကြိမ်ဒူးထောက်ပြီး အရိုအသေ ပေးနေကြသည် ။
ယခုအချိန်တွင် အဖြစ်အပျက်ကို မသိသော လူစိမ်းတစ်ယောက် ရောက်လာလျှင် မီးပုံပွဲ ကျင်းပနေသည်ဟုပင် ထင်မိပေလိမ့်မည် ။
" သူတော်စင်မ တကယ်ပေါ်လာပြီ..ရွာထဲဝင်လာတဲ့ လူဆိုးတွေ သန့်ရှင်းတဲ့မီးနဲ့ လောင်ကျွမ်းပြီး ထာဝရငရဲကို ကျရောက်စေခဲ့တယ်..."
" နတ်ဘုရားမရဲ့မီးက လောကီအပြစ်အားလုံးကို လောင်ကျွမ်းစေတယ်.."
" လောကီနယ်ပယ်မှာ အခက်အခဲတွေနဲ့ ပြည့်နှက်နေတယ်.. မဟာယန်မင်းဆက်ရဲ့ အုပ်ချုပ်မှုကြောင့် ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်အားငယ်မှုတွေ ကြုံတွေ့နေရတယ်.. မြို့တော်မှာ အခွန်ကောက်ခံတာက ဝန်ထုပ်ဝန်ပိုးဖြစ်ပေမယ့် တောင်တန်းတွေမှာတော့ အခွန်မရှိဘူး..တောင်တန်းတွေမှာသာ သူတော်စင်မကို ရှာတွေ့နိုင်တယ်..."
တောက်လောင်နေသော မီးလျှံများ၏ ကြားတွင်...
ချောင်မူက စုပေါင်းအော်ဟစ်နေသော ရွာသားများ၏ အသံကို ကြားနေရ၍ မကျေမနပ်ဖြစ်နေ၏ ။
' ချီးပဲ စိတ်ညစ်စရာ ကောင်းလိုက်တာ.. '
မီးက တောက်လောင်သော်လည်း အတွင်းအားဖြင့် အဆက်မပြတ် ဖိနှိပ်ထားသဖြင့် အတွင်းထဲအထိ မဝင်ရောက်နိုင်သေးပေ ။
ဟဲရန်မြို့တွင် ရှိစဥ်က ရွှမ်ထျန်း ဘုရားကျောင်းဘက်မှနေ၍ သူ့ကို ဝေဖန်သူများကို ကြုံခဲ့ဖူး၏ ။
ယန်မြို့၌လည်း အလွန်ကြောက်တက်သော ပညာရှင်နှင့် ငြင်းခုံခဲ့ဖူးသည် ။
သို့သော်လည်း ယန်မြို့တွင် သူရဲကောင်းစွပ်ပြုတ်ကို သောက်ရဲသူနှင့် ဟဲရန်မြို့တွင် ကျင့်ကြံသူများပါဝင်နေသည့် အမှုကို စုံစမ်းရဲသော လူဆိုးထိန်းကိုလည်း ကြုံခဲ့ဖူး၏ ။
ကမ္ဘာကြီး မည်မျှပင် မှောင်မိုက်နေပါစေ ၊ မတရားမှုကို မည်သို့ပင် ငုံ့ခံနေပါစေ ရင်ထဲတွင် တရားမျှတမှု မီးတောက်ကလေး ရှိနေအုံးမည်ဟု သူထင်ထားခဲ့၏ ။
ယခု ဤရွာငယ်လေးတွင်မတော့ ချောင်မူ၏ အသိကို ပြောင်းပြန်လှန်လိုက်သလိုပင် ။
" ဟူး.. ငါ အသက်ကြီးလာတာတောင် သတိမထားမိလိုက်ပါလား.. ငါပိုပြီး တည်တည်ငြိမ်ငြိမ်နေသင့်ပြီ.."
ချောင်မူက မီးတောက်ထဲတွင် တီးတိုးရေရွတ်နေသည် ။
" ငါဘယ်လိုပဲ လူကြီးပုံဖမ်းနေနေ အဆုံးသတ်ခံနီးရင် မထိန်းချုပ်နိုင်တော့ဘူး.. "
ချောင်မူက ခေါင်းညိတ်လိုက်ပြီး...
" နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့.. "
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း... "
ချောင်မူ၏ ကိုယ်ပေါ်တွင် တောက်လောင်နေသော မီးလျှံက အနည်းငယ် ငြိမ်ကျသွားသည် ။ သူက ထိုမီးများကို ဂရုမစိုက် ။
မီးပင်လယ်အတွင်းမှ ပုံရိပ်တစ်ခုက အမြှောက်ဆန်တစ်လုံးလို ပေါက်ကွဲထွက်လာပြီး ဝူချင်းရှင်းထံသို့ ဓားဖြင့် ခုတ်လိုက်သည် ။
" ထန်..."
လီမီးတောက်ဖြင့် လောင်ကျွမ်းနေသော ဓားရှည်သည် ဝူချင်းရှင်း၏ စီးနင်းထားသော ဓားပျံနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည် ။
ဝူချင်းရှင်းက လီမီးတောက်နှင့် မထိမိအောင် အမြန်ရှောင်လိုက်ရသဖြင့် အောက်သို့ ပြုတ်ကျသွားလေသည် ။
ဒူးထောက်၍ ဆုတောင်းနေကြသော ရွာသားများ၏ အသံတိတ်သွား၏ ။
မီးလျှံ မကောင်းဆိုးဝါးကြောင့် သူတို့၏ သူတော်စင်မ ပြုတ်ကျသွားသည်လော ။
မီးလျှံ အတွင်းမှ နောက်ထပ် ပုံရိပ်ငါးခု ပြေးထွက်လာပြီး အပြင်သို့ ရောက်လျှင် ခြေချိတ်ထိုင်ကာ မီးတောက်ကို ဆက်လက် ဖိနှိပ်နေကြသည် ။
ချောင်မူက စတင်လှုပ်ရှားလိုက်၍ သူတို့ အသက်ရှုရန် အခွင့်အရေး ရလိုက်ခြင်းပင် ။
' ဒီလူ.. ရဲရင့်လိုက်တာ.. ငါတို့ လီမီးတောက်ကနေ လွတ်မြောက်ချိန်အထိ အချိန်ဆွဲထားနိုင်ရင် ကောင်းမယ်..'
လျှို့ဝှက်သံတမန်၏ ဆင့်ခေါ်စာ ရပြီး ဝူချင်းရှင်းကို အမဲလိုက်နေကြသူများသည် မိမိကိုယ်ကို ယုံကြည်ပြီး ရည်မှန်းချက် ကြီးကြသူများ ဖြစ်၏ ။
သူတို့တွင် ဝှက်ဖဲ ကိုယ်စီရှိကြသော်လည်း စိုးရိမ်စိတ်ကြောင့် အသုံးမပြုခဲ့ပေ ။ ရုတ်တရက် ဝူချင်းရှင်း၏ မီးပင်လယ်နှင့် ကြုံလိုက်ရသဖြင့် အငိုက်မိသွားကြသည် ။
သူတို့၏ ရှင်သန်လိုစိတ်ကြောင့် လီမီးတောက်ကို ဖိနှိပ်ရင်း လွှတ်မြောက်ရာလမ်းကို အပြင်းအထန် စဥ်းစားနေကြသည် ။
ချောင်မူတစ်ယောက်ထဲသာ ရှေ့သို့ တိုးပြီး အသေခံ တိုက်နေခြင်းပင် ။
" သေစမ်း.. "
ချောင်မူ ကိုင်ထားသော ဓားရှည်သည် အတွင်းအားများ အဆက်အပြတ် ထည့်ပေးနေသော်လည်း တဖြည်းဖြည်း ပုံပျက်လာ၏ ။
ချောင်မူ၏ တစ်ကိုယ်လုံးတွင် မီးများ တောက်လောင်နေသော်လည်း သတိမထားမိဘဲ သဲကြီးမဲကြီး ဆက်လက် တိုက်ခိုက်နေသည် ။
သူ၏ အရိပ်ပြောင်းလဲခြင်း ဓားသိုင်းသည် အဆင့်တစ်ခုအထိ ရောက်နေသဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ပုံရိပ်များစွာ ထွက်ပေါ်လာသည် ။
' ဒီ ခွေးကောင်..ဘာလို့ ငြိမ်ငြိမ်လေး မီးလောင်ပြီး မသေချင်ရတာလဲ.. '
ဝူချင်းရှင်းက တည်ငြိမ်သော ဟန်ပန်နှင့် တိုက်ခိုက်နေသော်လည်း စိတ်ထဲမှ ကျိန်ဆဲနေမိ၏ ။
***