ဝူချင်းရှင်းသည် အရိုးစားလီမီးတောက်ကို လုံးဝ ထိန်းချုပ်နိုင်သဖြင့် အချိန်မီ ငြိမ်းသက်နိုင်လျှင် မကြောက်သော်လည်း ချောင်မူက တစ်ကိုယ်လုံး မီးလောင်နေပြီး ဇွတ်ဝင်တိုးနေသဖြင့် သူမ သတိထားပြီး တိုက်ခိုက်နေရ၏ ။
" ငါ သေရင်တောင်.. "
ချောင်မူ၏ မျက်လုံးများက နီရဲနေပြီး ပါးစပ် ပြုံးနေသဖြင့် နတ်ဆိုးတစ်ကောင်ဟုပင် ထင်ရပေသည် ။
" နင့်ကိုပါ ..အပါခေါ်မယ်.. "
ချောင်မူက ကောင်းကင်နတိဆိုးပြိုကွဲခြင်းကို အဆုံးစွန်အထိ ထုတ်သုံးထားသဖြင့် ဓားချက်တိုင်းက ပြင်းထန်လှပြီး မီးလျှံက လှုပ်ခပ်နေ၏ ။
" ဂျွက်.. "
ချောင်မူ ကိုင်ထားသောဓားသည် အပူရှိန်ကြောင့် ပျော့ပြောင်းလိမ်ကောက်လာပြီး ဝူချင်းရှင်း၏ ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွား၏ ။
" ဓားမရှိလည်း ငါ့မှာ လက်သီး ရှိသေးတယ်.."
ချောင်မူက ဓားကို ပစ်ချလိုက်ပြီး လက်သီး နှစ်ဖက်ဖြင့် ဝင်ထိုး၏ ။
" လက်သီး မရှိရင်လည်း ငါ့မှာ ခြေထောက်တွေ ရှိသေးတယ်.. "
ချောင်မူက အပူဒဏ်ကြောင့် နာကျင်နေသော်လည်း တိုက်ခိုက်မှုများမှာ အားလျော့သွားခြင်း မရှိပေ ။
ခြေချိတ်ထိုင်နေကြသူများ၏ အမြင်တွင်မူ ဤ မြင်ကွင်းက စိတ်နှလုံးလှုပ်ခပ်ချင်စရာ ကောင်းလှ၏ ။
" ဒီလူ..."
ကျောက်စိမ်းမျက်နှာနဂါးက အလွန်ဝမ်းနည်းနေသော မျက်လုံးများဖြင့် ထရပ်လိုက်သည် ။
သူ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း လီမီးတောက်ကို မငြိမ်းသက်နိုင်ခဲ့ချေ ။
သူတင်မဟုတ် ။ ကျန်သည့် သူများလည်း အတူတူပင်ဖြစ်သည် ။ သူတို့မည်သို့ပင် ကြိုးစားစေကာမူ မီးတောက်က ခေါင်းမာစွာ တောက်လောင်နေစမြဲပင် ။
သူတို့၏ နှလုံးသား အတွင်းတွင် မျှော်လင့်ချက် ပျောက်ဆုံး သွားသော်လည်း ချောင်ကျန့်၏ ရဲရင့်မှုကို မြင်နေရ၍ .....
" သိုင်းလောကသားဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်.. "
" ဝူချင်းရှင်း.. ငါတို့ သေရရင်တောင် နင့်ကို ရအောင် သတ်မယ်ကွ.."
" အတူတူ တိုက်..."
ကျောက်စိမ်းမျက်နှာနဂါးက ကြုံးဝါးလိုက်ပြီး ခုန်ဝင်သွား၏ ။
ဝူချင်းရှင်းကို အမဲလိုက်ရန် ထွက်လာကြသူများ ဖြစ်သဖြင့် သတ္တိခေသူများ မဟုတ်ကြချေ ။
အသက်ရှင်ရန် မျှော်လင့်ချက် မတွေ့သဖြင့် ရန်သူ၏ အသားကို တစ်ကိုက် ကိုက်နိုင်လျှင်ပင် ရအောင် ကိုက်မည်ဟု ဆုံးဖြတ်လိုက်ကြတော့၏ ။ ချောင်ကျန့် တစ်ယောက်ထဲ တိုက်ခိုက်နေသဖြင့် သူတို့မျက်နှာ ပူလှလေပြီ ။
" တိုင်တောင်ဓား.. တောင်ခွဲခြင်း ..."
" ထိုက်ယီ နတ်ဘုရားလက်သီး.. "
" စိန်လက်ဝါး.. "
လူတိုင်းက ချောင်မူ၏ နောက်သို့ လိုက်လာကြပြီး အသက်စွန့်ကာ ဝူချင်းရှင်းအား သတ်နိုင်ရန်သာ ကြိုးစားကြတော့သည် ။
" လှိုင်းဆင့်ခွန်အား.. နှစ်ထပ်လှိုင်း .."
ချောင်မူက လက်သီးဖြင့် ပစ်ထိုးလိုက်၏ ။ လက်သီးမှ တဆင့် အတွင်းအား များသည် ရေထဲမှလှိုင်းလုံးသဖွယ် ထပ်ဆင့် တက်လာပြီး အတွင်းအား၏ တောက်ပခြင်းနှင့်အတူကောင်းကင်နတ်ဆိုးပြိုကွဲခြင်း၏ နီရဲနေသော အရောင်က ပေါင်းစပ်ပြီး ဝူချင်းရှင်း၏ ဗိုက်ဆီသို့ ထိမှန်သွား၏ ။
ဝူချင်းရှင်းက ဘုရားကျောင်းဝင်ပေါက်သို့ လွင့်ထွက်သွားသည် ။
" လီမီးတောက်က ဝူချင်းရှင်းကြောင့် ပေါ်လာတာ.. သူ့ကို မြန်မြန်သတ်.. သူသေရင် မျှော်လင့်ချက် ရှိနိုင်သေးတယ် .."
ဘုရားကျောင်းအတွင်း ဝူချင်းရှင်းသည် လဲကျသွားပြီး သွေးတလုပ်အန်လိုက်၏ ။ သူမ၏ စုတ်ပြတ်နေသော အမူအရာမှာ နောက်ကွယ်ရှိ ရုပ်ထုနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည် ။
သူမက ပြန်ထရပ်လိုက်ကာ အနောက်ဘက်မှ ရုပ်ထုကို လှည့်ကြည့်လိုက်ပြီး...
" နောက်ဆုံးတော့ သေမျိုးနဲ့ မသေမျိုး ကြားက ကွာခြားချက်ဆိုတာ ဒါလား.. "
ဝူချင်းရှင်းသည် လွန်ခဲ့သော နှစ်သုံးဆယ်မှ စတင်ပြီး ခါးသီးသော ကျင့်ကြံမှုလမ်းကို လျှောက်လှမ်းခဲ့ရ၏ ။ သူမ၏ တိုးတက်မှုသည် တခြားသူများထက် မြန်သော်လည်း အခြေခံထူတောင်ခြင်း အဆင့်၏ အတားအဆီးကို မချိုးဖျက် နိုင်သေးပေ ။
ထို့ကြောင့် သူမက ရွှမ်ထျန်းဂိုဏ်း၏ သူတော်စင် အစစ်အမှန်မဟုတ်သဖြင့် ရုပ်ထု ထားခွင့် မရ၍ မချိုးဖျက်နိုင်ခဲ့ဟု ယုံကြည်ပြီး ဝေးလံခေါင်သီသော ဤရွာကလေးတွင် ယုံကြည်မှု စွမ်းအား စုဆောင်းရန် လူယုံတစ်ယောက်ကို စေလွှတ်ခဲ့သည် ။ နှစ်ပေါင်းများစွာ စုဆောင်းထားသော ယုံကြည်မှုစွမ်းအားကို အသုံးပြု၍ အတားအဆီးကို ချိုးဖတ်နိုင်မည်ဟု ထင်ခဲ့၏ ။
သို့သော်လည်း အရေးကြီးသည့် အချိန်တွင် သူမ၏ စိတ်ကို တည်ငြိမ်မှု ရှိအောင် မလုပ်နိုင်ခဲ့ ။ သူမ၏ နောက်လိုက်များကို စတေးခဲ့သော်လည်း သူမ မျှော်လင့်နေသည့် ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ ပေါ်မလာနိုင်ခဲ့ပေ ။
" ငါသေတာနဲ့ နင်တို့ အသက်ရှင်နိုင်မယ် ထင်နေတာလား.. သောက်ရူးတွေ.. "
ဝူချင်းရှင်းက မဲ့ပြုံး ပြုံးလိုက်၏ ။ သူမ၏ ခွန်အားမှာ အများကြီး ကျန်သေးသော်လည်း သူမ၏ နှလုံးသားထဲတွင် လီမီးတောက် တောက်လောင်နေသော သိုင်းသမားများလို လမ်းပျောက်နေလေပြီ ။
" အဆင့် ၃ သိုင်းပညာရှင်တောင် လီမီးတောက်ကို ခံနိုင်ရည် မရှိဘူး .."
" ဒီ မီးတောက်ကို ငါငြိမ်းပေးလိုက်ရင်တောင် နင်တို့ အသက်ရှင်နိုင်မယ် ထင်နေသေးတာလား.. "
သူမက ချောင်မူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး...
" သိုင်းသူတော်စင် စိတ်ဝိညာဥ် ကျမ်း လေ့ကျင့်ပြီးရင် ရွေးချယ်စရာ မရှိတော့ဘူး.. "
" ဒီသိုင်းကျမ်းက တစ်ခုခု မှားနေတာ နင်တို့ သတိမထားမိဘူးလား.. ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် အာရုံခံနိုင်ရတာလဲ.. ငါ ထွက်ပြေးဖို့ ကြိုးစားလဲ နင်းတို့ အာရုံခံနိုင်နေမှာပဲ.. "
ဝူချင်းရှင်းက ဓားပျံကို ပြန်ခေါ်လိုက်ပြီး ငါးယောက်တစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်တော့၏ ။ သူမ၏ မျက်နှာထက်တွင်တော့ ရူးသွပ်နေသော အပြုံးက နေရာယူထားသည် ။
" သောက်ခွေး သိုင်းသူတော်စင်.. သောက်ရေး မပါတဲ့ စိတ်အာရုံခံစားမှု.. အဆင့်နိမ့်သိုင်းပညာရှင်တွေအတွက် ဆဋ္ဌမအာရုံ ရနိုင်တဲ့ ကျမ်းတဲ့ ဟားဟားဟား...."
" ဒီသိုင်းကို သိုင်းသူတော်စင် ဖန်တီးထားတာက ဒီကျင့်စဥ် ကျင့်ထားတဲ့ သူတွေကို အလွယ်တကူ ဖမ်းနိုင်အောင်လို့ပဲ.. "
ဤသည်ကို ကြားလျှင် ချောင်မူတို့ အံ့အားသင့် သွားကြပြီး လှုပ်ရှားမှုများ နှေးကွေး လာကြ၏ ။
ဝူချင်းရှင်းက ဓားရှည်ကို ဝှေ့ယမ်းရင်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေသည် ။
" သိုင်းသူတော်စင်ဟာ မျိုးနွယ်ခြားစစ်ပွဲ အပြီးမှာ သိုင်းလောကရဲ့ ထိပ်သီးအဖြစ်ပေါ်ထွက်လာခဲ့ပြီး ကွန်ဖြူးရှပ် ဝါဒရဲ့ သူတော်စင်ဘွဲ့ကို ခံယူခဲ့တာ နှစ်လေးဆယ်ရှိပြီ.. "
" ဒီနှစ်လေးဆယ်အတွင်း သူ ယန်အင်ပါယာ တစ်ခုလုံး ခရီးထွက်ခဲ့ပြီး အရမ်းထူးချွန်တဲ့ ပါရမီရှင် သုံးထောင်ကို မွေးစားသားသမီး တစ်ဖြစ်လဲ တပည့်အဖြစ် လက်ခံခဲ့တယ်.. "
" သိုင်းသူတော်စင်က အကုန်လုံးကို သူ့ရဲ့ ထိပ်တန်းကျင့်စဥ်တွေ သင်ပေးခဲ့ပြီး အဲ့ဒီထဲမှာ သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်း လည်း အပါအဝင်ပေါ့.. "
" သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်တဲ့ သူ့တပည့်တွေပဲ ဖြစ်ဖြစ် အပြင်လူတွေပဲ ဖြစ်ဖြစ်.. နောက်ဆုံးမှာ သူ့အတွက် အားဖြည့်ဆေး ဖြစ်လာလိမ့်မယ်.. "
" နှစ်လေးဆယ်အတွင်းမှာ သိုင်းသူတော်စင်က တပည့်သုံးထောင် ခေါ်ခဲ့ပေမဲ့ ခု ဘယ်နှစ်ယောက် အသက်ရှင်သေးလဲဆိုတာ ခန့်မှန်းကြည့်ကြပါလား.. "