"ကျွန်တော်ကိုယ်တိုင်ပဲ စိန်ခေါ်စာ သွားပေးရမှာလား..." ချန်ဖေးက တိုးညှင်းသော လေသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... အကယ်၍ တစ်ဖက်လူက လက်ခံတယ် ဆိုရင်တော့ မင်းတို့ နှစ်ယောက်စလုံး အစစ်အမှန်တပည့် ခန်းမကို လာပြီး ဒီကိစ္စကို အတည်ပြုရမှာ ဖြစ်တယ်..."
တာဝန်ကျ တပည့်က ခေါင်းညိတ်ပြရင်း ချန်ဖေးကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။ "မင်းက ဘယ်အစစ်အမှန် တပည့်ကို စိန်ခေါ်ဖို့ ရည်ရွယ်ထားတာလဲ..."
ချန်ဖေး ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကျန်ကျိုက်ဝမ် ပါ..."
တာဝန်ကျ တပည့်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ချန်ဖေးကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိ၏။ ကျန်ကျိုက်ဝမ်မှာ အစစ်အမှန် တပည့်များအကြားတွင် အဆင့် ၁၀ ရှိသူ ဖြစ်သည်။
နံပါတ် ၁၀ အဆင့်အထိ စိန်ခေါ်နိုင်သည်ဟု သူ ပြောခဲ့သော်လည်း ချန်ဖေးက ထိုသူကို အမှန်တကယ် စိန်ခေါ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ အဆင့် ၉၈ မှ အဆင့် ၁၀ သို့ ခုန်တက်ခြင်းမှာ အဆင့်ပေါင်း ရှစ်ဆယ်နီးပါး ကွာခြားနေသည် မဟုတ်ပါလား။
၎င်းမှာ အဆင့်သတ်မှတ်ချက် တစ်ခုတည်းတင် မကဘဲ ခွန်အားချင်း ကွာခြားမှုမှာလည်း အလွန်ပင် ကြီးမားလှပေသည်။ ယွမ်ချန် ဓားဂိုဏ်း ၏ အစစ်အမှန် တပည့်များမှာ များပြားလှပြီး အများစုမှာ ထိုနေရာကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်သူများ ဖြစ်ကြ၏။
အထူးသဖြင့် ထိပ်ဆုံး ၁၀ ဦးမှာ အစစ်အမှန် တပည့် ကျင့်စဉ်များကို ကြာမြင့်စွာကတည်းက ကျင့်ကြံလာခဲ့ကြသူများ ဖြစ်သည်။
သူတို့၏ ကျင့်ကြံမှု အဆင့်ရော တိုက်ခိုက်မှု စွမ်းအားပါ အခြားသော အစစ်အမှန် တပည့်များထက် များစွာ သာလွန်လှပေသည်။
ချန်ဖေးကဲ့သို့ အသစ်တက်လာသော အစစ်အမှန် တပည့်တစ်ဦး၏ ခွန်အားမှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အားနည်းသည့် အဆင့်၌သာ ရှိနေသေး၏။ အစစ်အမှန် တပည့် ကျင့်စဉ်များကို ရရှိထားလျှင်ပင် လအနည်းငယ်သာ ရှိသေးသဖြင့် ဉာဏ်နှေးသူများဆိုလျှင် အခြေခံကိုပင် နားလည်ဦးမည် မဟုတ်ပေ။
သဘာဝကျကျပင် ချန်ဖေး၏ ခွန်အားမှာ သာမန် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်ကြောင်း လွန်ခဲ့သော တိုက်ပွဲတွင် သက်သေပြခဲ့ပြီး ဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ချန်ဖေး၏ တိုက်ခိုက်မှု စွမ်းအားမှာ အစစ်အမှန် တပည့်များအကြားတွင် အနည်းဆုံး အဆင့် ၆၀ သို့မဟုတ် ၇၀ ဝန်းကျင်တွင် ရှိနိုင်ပေသည်။
ဤအဆင့်မှာပင် အသစ်တက်လာသူ တစ်ဦးအတွက် မှတ်သားလောက်စရာ ဖြစ်သော်လည်း ကျန်ကျိုက်ဝမ်နှင့် ယှဉ်လျှင်တော့ များစွာ ကွာခြားနေဆဲ ဖြစ်၏။ လွန်ခဲ့သော တိုက်ပွဲတွင် သူ အနိုင်ယူခဲ့သည့် ပြိုင်ဘက် ၉ ဦးမှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အစောပိုင်း၌သာ ရှိကြပြီး သာမန် ကျင့်စဉ်များကိုသာ ကျင့်ကြံထားကြသူများ ဖြစ်သည်။
အစစ်အမှန် တပည့်များ၊ အထူးသဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံလာသူများ၏ တိုက်ခိုက်မှု စွမ်းအားမှာ အခြား အတွင်းတပည့်များထက် များစွာ သာလွန်လှပေသည်။ ထို့ပြင် ချန်ဖေး၏ အနေအထား၌ အဆင့်တူချင်း စိန်ခေါ်ရမည်ဟူသော စည်းမျဉ်းမှာလည်း အရေးမပါတော့ပေ။
အဆင့် ၆၀ သို့မဟုတ် ၇၀ မှ စတင်၍ အစစ်အမှန် တပည့် အားလုံးမှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ အနိမ့်ဆုံးအားဖြင့် နောက်ဆုံး အဆင့်များသို့ ရောက်နေကြပြီး ဒွာရ သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေကြသူများ ဖြစ်သည်။
သူတို့အကြားတွင် ကွာခြားချက်မှာ မိမိတို့ ရွေးချယ်ထားသည့် အစစ်အမှန် တပည့် ကျင့်စဉ်များအပေါ် နားလည်မှု အနက်အရှိုင်းနှင့် သူတို့ အသုံးပြုသည့် ဝိညာဉ်လက်နက်တစ်ပိုင်းများ၏ စွမ်းအားပေါ်တွင်သာ မူတည်တော့သည်။
တာဝန်ကျ တပည့်သည် ချန်ဖေးမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိရှိလိုက်ရသောအခါ အံ့အားသင့်လွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။
ချန်ဖေးမှာ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေသည်ဟု ဆိုနိုင်သော်လည်း သူ ပြသခဲ့သည့် ခွန်အားမှာလည်း ထူးခြားလှပေသည်။
သို့သော်လည်း ဤမျှအထိ အဆင့်ကို ကျော်လွှား၍ စိန်ခေါ်ခြင်းမှာတော့ အတော်လေးကို လွန်ကဲနေသည်ဟု ထင်ရ၏။
"အမှန်တော့ မင်းအနေနဲ့ အဲဒီလောက်အထိ မြင့်တဲ့သူကို စိန်ခေါ်ဖို့ မလိုပါဘူး... ဆရာတူအကိုကျန်က အတော်လေးကို စိတ်တိုတတ်တဲ့သူဗျ..."
တာဝန်ကျ တပည့်က နောက်ဆုံးတွင်တော့ သတိပေးစကား ဆိုလိုက်မိသည်။
ကျန်ကျိုက်ဝမ်၏ စိတ်ဓာတ်မှာ အတော်လေးကို ပြင်းထန်ပြီး မာနကြီးသူ တစ်ဦး ဖြစ်၏။
ကျန်ကျိုက်ဝမ်သည် အဆင့် ၁၀ နေရာကို ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သော်လည်း ထိုထက် မြင့်မားသော အဆင့်သို့ တက်လှမ်းရန် ခဲယဉ်းနေသူ ဖြစ်သည်။
ဤသည်က သူ့ကို အခြားသူများ၏ စိန်ခေါ်မှုကို ခဏခဏ ခံရသည့် အနေအထားသို့ ရောက်ရှိစေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျန်ကျိုက်ဝမ်ကို အနိုင်ယူနိုင်မှသာ အခြားသော အစစ်အမှန် တပည့်များအနေဖြင့် ထိပ်ဆုံး အဆင့်များကို ဆက်လက် စိန်ခေါ်နိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျန်ကျိုက်ဝမ်၏ နေရာမှာ ထိပ်ဆုံး ၁၀ ဦး စာရင်း၏ စောင့်ကြပ်သူ တစ်ဦးကဲ့သို့ ဖြစ်နေပေတော့သည်။
သူကိုယ်တိုင် အဆင့်မတက်နိုင်သဖြင့် လူအများ၏ စိန်ခေါ်မှုကို အမြဲတမ်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ကျန်ကျိုက်ဝမ်သည် စိန်ခေါ်မှုများကို အမြဲတမ်း ပြတ်သားပြီး ပြင်းထန်သော နည်းလမ်းများဖြင့်သာ တုံ့ပြန်လေ့ ရှိ၏။
သူ၏ ရည်ရွယ်ချက်မှာ အခြားသော အစစ်အမှန် တပည့်များကို သူ့အား ပြိုင်ဘက်အဖြစ် မရွေးချယ်ကြရန် သတိပေးလိုခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို အနိုင်ယူနိုင်လျှင်တော့ မပြောလိုသော်လည်း အကယ်၍ မနိုင်ခဲ့လျှင်တော့ ကျန်ကျိုက်ဝမ်မှာ လုံးဝ ညှာတာလိမ့်မည် မဟုတ်ပေ။
အစစ်အမှန် တပည့်တစ်ဦး ကျန်ကျိုက်ဝမ်ကို စိန်ခေါ်တိုင်း ပြင်းထန်သော ဒဏ်ရာများဖြင့်သာ အဆုံးသတ်လေ့ ရှိ၏။
ဤနည်းလမ်းမှာ အတော်လေးကို ထိရောက်မှု ရှိပေသည်။ အနိုင်ရရှိရန် သေချာမှု မရှိလျှင်တော့ အစစ်အမှန် တပည့် အတော်များများမှာ ကျန်ကျိုက်ဝမ်ကို စိန်ခေါ်ရန် တွန့်ဆုတ်နေကြပြီ ဖြစ်သည်။
"ကျွန်တော် သေချာ စဉ်းစားပါ့မယ်..." ချန်ဖေး ခေါင်းညိတ်လိုက်၏။
"နောက်တစ်ချက် ရှိသေးတယ်... နောက်နှစ်လ ကြာရင် နတ်တိမ် ဓားဂိုဏ်း က တပည့်တွေရဲ့ ပြိုင်ပွဲ ရှိတယ်... ငါတို့ ဂိုဏ်းကိုလည်း လာရောက် ကြည့်ရှုဖို့ ဖိတ်ကြားထားတယ်... ထိပ်ဆုံး ၃၀ စာရင်းဝင် အစစ်အမှန် တပည့်တွေပဲ သွားခွင့် ရမှာပါ... အကယ်၍ မင်းက နတ်တိမ် ဓားဂိုဏ်းကို သွားချင်တယ် ဆိုရင်တော့ အဆင့် ၃၀ ရှိတဲ့ အစစ်အမှန် တပည့်ကို စိန်ခေါ်နိုင်ပါတယ်..."
တာဝန်ကျ တပည့်က ချန်ဖေး၏ စိတ်နေစိတ်ထားကို ရိပ်မိသဖြင့် ထပ်မံ အကြံပေးလိုက်ခြင်း ဖြစ်၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတူအကို..."
ချန်ဖေး ဤသတင်းကို မကြားဖူးခဲ့ပေ။
နတ်တိမ် ဓားဂိုဏ်း ဆိုသည်မှာ ဖျင်းယင်း ခရိုင် တွင် ရှိစဉ်ကပင် သူ ကြားဖူးခဲ့သည့် ကျော်ကြားလှသော ဂိုဏ်းကြီး တစ်ခု ဖြစ်သည်။
ထိုဂိုဏ်းသို့ ဝင်ရောက်ရန် အခွင့်အရေး မရရှိခဲ့သော်လည်း ဤနည်းလမ်းဖြင့် သွားရောက်ခွင့် ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
ကြည့်ရှုရုံသက်သက် ဟုတ်လား...။ နတ်တိမ် ဓားဂိုဏ်းအနေဖြင့် သူတို့၏ ခွန်အားကို ထုတ်ဖော်ပြသလိုသဖြင့် အခြားသော ဂိုဏ်းလေးခုမှ တပည့်များမှာ မည်မျှအထိ ထူးချွန်ကြောင်း သိရှိစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
"သေချာ စဉ်းစားပါဦး..." တာဝန်ကျ တပည့်က ချန်ဖေး၏ အမူအရာကို ကြည့်၍ သူ ပြောသမျှ အလဟဿ ဖြစ်သွားပြီ ဖြစ်ကြောင်း သိရှိသဖြင့် ခေါင်းခါလျက် ဆိုလိုက်၏။
ချန်ဖေးသည် လက်အုပ်ချီ နှုတ်ဆက်၍ အစစ်အမှန်တပည့် ခန်းမမှ ထွက်ခွာလာခဲ့ပြီး သူ၏ ခြံဝင်းသို့ ပြန်ရောက်သောအခါ ကျန်ကျိုက်ဝမ်နှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ယူလိုက်သည်။
ချန်ဖေးသည် မကြာသေးမီကပင် အစစ်အမှန် တပည့် အသီးသီးနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းခိုင်းထားခဲ့ခြင်း ဖြစ်၏။
အခြေခံ အချက်အလက်များသာ လိုအပ်သဖြင့် မည်သူ့ကိုမျှ ဒုက္ခပေးစရာ မလိုဘဲ အစစ်အမှန် တပည့် အများစုအကြောင်းကို သူ သိရှိထားပြီး ဖြစ်သည်။
ဤသို့ သိရှိထားသဖြင့်လည်း အစစ်အမှန်တပည့် ခန်းမ၌ ကျန်ကျိုက်ဝမ်ကို စိန်ခေါ်ရန် သူ ယုံကြည်မှု ရှိနေခြင်း ဖြစ်၏။
ချန်ဖေးသည် သူ၏ လက်ထဲမှ စာရွက်များကို ဖတ်ရှုပြီးနောက် ဘေးသို့ ချထားလိုက်ပြီး စားပွဲကို သူ၏ ညာဘက် လက်ဖြင့် အသာအယာ ခေါက်နေမိသည်။
ကျန်ကျိုက်ဝမ်... အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အထွတ်အထိပ်... အစစ်အမှန် တပည့် ဖြစ်လာသည်မှာ ၁၀ နှစ်ခန့် ရှိပြီ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာပင် သူသည် ဒွာရ သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန် နီးကပ်နေသူ ဖြစ်သင့်၏။
ထိပ်ဆုံး ၁၀ ဦးအကြားတွင် ဒွာရ သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခြေမှာ အတော်လေး မြင့်မားလှပေသည်။
သူတို့ အများစုမှာ ဂိုဏ်းမှ ပေးအပ်သည့် အရင်းအမြစ်များကို အသုံးပြု၍ သူတို့၏ အုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်ထားကြသဖြင့် အောင်မြင်ရန်မှာ သေချာသလောက် ရှိနေခြင်း ဖြစ်၏။
ကျန်ကျိုက်ဝမ် ရွေးချယ်ထားသည့် အစစ်အမှန် တပည့် ကျင့်စဉ်မှာ မိုးထိ ကျမ်းစာ ဖြစ်သည်။
၁၀ နှစ်နီးပါး ကျင့်ကြံထားသဖြင့် သူ၏ ကိုယ်ဖော့ပညာမှာ အခြားသော အစစ်အမှန် တပည့်များနှင့် နှိုင်းယှဉ်လျှင် အတုမဲ့လှပေသည်။
သို့သော်လည်း မိုးထိ ကျမ်းစာအပေါ်တွင်သာ အဓိက အာရုံစိုက်ထားသဖြင့် သူ၏ တိုက်စစ်ပိုင်းမှာ အနည်းငယ် အားနည်းနိုင်ပေသည်။
ဤသည်မှာလည်း မကြာသေးမီ နှစ်များအတွင်း ကျန်ကျိုက်ဝမ်အနေဖြင့် သူ၏ အဆင့်ကို တိုးမြှင့်ရန် ခက်ခဲနေရသည့် အကြောင်းရင်းပင် ဖြစ်၏။
"မိုးထိ ကျမ်းစာရဲ့ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်က လေဟာနယ် ခရီးသွားခြင်း ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်... ဒါပေမဲ့ သူ ဘယ်လောက်အထိ ကျွမ်းကျင်နေပြီလဲ ဆိုတာကတော့ သိချင်စရာပဲ..."
ချန်ဖေး စဉ်းစားလိုက်မိသည်။
လေဟာနယ် ခရီးသွားခြင်း ဆိုသည်မှာ မိုးထိ ကျမ်းစာမှ ဆင်းသက်လာသောအရာ ဖြစ်သော်လည်း အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ရှိ မိုးထိ ကျမ်းစာကိုတော့ မယှဉ်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။
သို့သော်လည်း လူတစ်ဦး၏ တိုက်ခိုက်မှု စွမ်းအားမှာ မိမိ ရွေးချယ်ထားသည့် ကျင့်စဉ်နှင့် ၎င်းအပေါ် နားလည်မှု အနက်အရှိုင်းပေါ်တွင်သာ မူတည်ပေသည်။
ချန်ဖေးသည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ရှိ မိုးထိ ကျမ်းစာကို ပြီးပြည့်စုံသည့် အဆင့်အထိ ကျွမ်းကျင်ထားပြီး ဖြစ်ရာ သူ၏ တိုးတက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကျန်ကျိုက်ဝမ်၏ ကိုယ်ဖော့ပညာမှာ သာလွန်နေစေဦးတော့၊ ချန်ဖေးကို သိသိသာသာ ကျော်လွန်ရန်မှာမူ မဖြစ်နိုင်ပေ။
သို့သော်လည်း ချန်ဖေးအနေဖြင့် ယခင်ကကဲ့သို့ ကိုယ်ဖော့ပညာတစ်ခုတည်းနှင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်မှာမူ ပိုမို ခက်ခဲလာပေလိမ့်မည်။
"ကျုံးယွမ် ဓားသိုင်း က တခြားလူတွေကို ထိန်းချုပ်နိုင်မလား... မိုးထိ ကျမ်းစာကိုရော သက်ရောက်မှု ရှိမလား ဆိုတာ သိချင်မိတယ်..."
ချန်ဖေး စဉ်းစားလိုက်သော်လည်း လက်တွေ့ တိုက်ပွဲ မရှိဘဲနှင့်တော့ ဆုံးဖြတ်ရန် ခက်ခဲလှပေသည်။ ကိုယ်တိုင် ကြုံတွေ့ကြည့်မှသာ ရလဒ်ကို သိရှိနိုင်မည် ဖြစ်၏။
တစ်ရက် ကြာပြီးနောက် ချန်ဖေးသည် အစစ်အမှန်တပည့် တောင်ထိပ်၏ အပေါ်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။ သူ ဤနေရာတွင် နေထိုင်လာသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း ကောလင်းရှန်းထံ သွားရောက်ခြင်း သို့မဟုတ် အခြား နေရာများသို့ သွားရောက်ခြင်းမှအပ သူသည် သူ၏ ခြံဝင်းအတွင်း၌သာ အချိန်ကုန်ဆုံးလေ့ ရှိ၏။
အပေါ်သို့ တက်လာသည်နှင့်အမျှ ချန်ဖေးသည် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ၏ ပြောင်းလဲမှုကို သိသိသာသာ ခံစားလိုက်ရသည်။ ၎င်း၏ စီးဆင်းမှုမှာ ချန်ဖေး အာရုံခံနိုင်သည့် အတိုင်းအတာအတွင်း၌ ပိုမို မြန်ဆန်လာခြင်း ဖြစ်၏။
ချန်ဖေး ကျန်ကျိုက်ဝမ်၏ ခြံဝင်းတံခါးဝသို့ ရောက်ရှိသောအခါ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင် သိပ်သည်းဆမှာ သူ၏ ကိုယ်ပိုင် ခြံဝင်းထက် ထက်ဝက်ကျော်ခန့် ပိုမို များပြားနေသည်ကို တွေ့ရှိလိုက်ရသည်။
ဤမျှအထိ ကွာခြားချက်မှာ သိသာထင်ရှားလှပေသည်။
အခြား အရင်းအမြစ်များ ခွဲဝေမှုမှာ ကွဲပြားနေစေဦးတော့၊ လပေါင်းများစွာနှင့် နှစ်ပေါင်းများစွာအတွင်း သဘာဝစွမ်းအင် ကွာခြားချက်ကြောင့် ရရှိမည့် အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှ၏။ အခြားသော အစစ်အမှန် တပည့်များ ဤနေရာကို အဘယ်ကြောင့် မျက်စိကျနေကြသည်မှာ မထူးဆန်းတော့ပေ။
"ဒေါက်... ဒေါက်... ဒေါက်..."
ချန်ဖေးသည် တံခါးဝသို့ ချဉ်းကပ်၍ တံခါးကို ခေါက်လိုက်၏။ ခေတ္တမျှ ကြာသောအခါ အမျိုးသမီးငယ် တစ်ဦးက တံခါးဖွင့်ပေးလိုက်ပြီး ချန်ဖေးကို ထိပ်ဆုံးမှ ခြေဖျားအထိ အကဲခတ်ကြည့်လိုက်သည်။
သူသည် အစစ်အမှန် တပည့် တစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါမှသာ သူမ၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။
"ကျွန်တော့် နာမည်က ချန်ဖေးပါ... ဆရာတူအကိုကျန် ရှိပါသလား..." ချန်ဖေးက ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်၏။
"ဆရာတူအကိုကျန်က ကျင့်ကြံနေပါတယ်... ကြိုတင် ချိန်းဆိုထားတာ ရှိလား..." အိမ်ဖော်မလေးက ယဉ်ကျေးသော အပြုံးဖြင့် မေးလိုက်၏။
"ကြိုတင် ချိန်းဆိုထားတာတော့ မရှိပါဘူး... သူ့ကို အကြောင်းကြားပေးစေချင်လို့ပါ..."
ချန်ဖေးအနေဖြင့် ခြံဝင်းအတွင်းမှ စကားပြောသံများကို ကြားနေရပြီ ဖြစ်၏။
ကျန်ကျိုက်ဝမ်မှာ အမှန်တကယ် ကျင့်ကြံနေခြင်း မဟုတ်လျှင်ပင် အခြားလူများနှင့် ကိစ္စရပ်များကို ဆွေးနွေးနေခြင်း ဖြစ်ရပေလိမ့်မည်။ အကယ်၍ သူက ပြင်ပလူများကို မတွေ့ချင်လျှင်တော့ ကျင့်ကြံနေသည်ဟု ပြောဆိုခြင်းမှာ သဘာဝကျလှပေသည်။
"ဆရာတူအကိုချန် လာရင်းကိစ္စကို သိလို့ ရမလား... ကျွန်မ အထဲဝင်ပြီး သတင်းပို့ပေးပါ့မယ်..." အိမ်ဖော်မလေးက ခေါင်းညိတ်ပြလိုက်၏။
ချန်ဖေး တစ်ခဏမျှ စဉ်းစားလိုက်ပြီး စိန်ခေါ်စာကို ပေးအပ်လိုက်သည်။ အိမ်ဖော်မလေးမှာ စိန်ခေါ်စာကို မြင်သောအခါ သူမ၏ အမူအရာမှာ တောင့်တင်းသွားပြီး ချန်ဖေးကို ဇဝေဇဝါ ဖြစ်စွာ ကြည့်လိုက်မိ၏။
အစစ်အမှန် တပည့် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ စတင်ခြင်း မရှိသေးဘဲနှင့် သူက စိန်ခေါ်စာ ပေးအပ်နေသည် ဟုတ်လား...။ ဆိုလိုသည်မှာ သူသည် ကျန်ကျိုက်ဝမ်ကို အချိန်မတိုင်ခင် စိန်ခေါ်လိုခြင်း ဖြစ်ပေသည်။
အိမ်ဖော်မလေးသည် အစစ်အမှန်တပည့် တောင်ထိပ်တွင် ရှိနေသည်မှာ အတန်ကြာပြီ ဖြစ်သဖြင့် အစစ်အမှန် တပည့် အသီးသီး၏ အသွင်အပြင်ကို အကြမ်းဖျင်း သိရှိထား၏။
သို့သော်လည်း ချန်ဖေးမှာမူ သူမအတွက် အတော်လေးကို သူစိမ်း ဖြစ်နေသည်။ သူသည် အသစ်တက်လာသော အစစ်အမှန် တပည့်များထဲမှ တစ်ဦး ဖြစ်နိုင်သဖြင့် သူမ မှတ်မိခြင်း မရှိခြင်း ဖြစ်ပေလိမ့်မည်။
အစပိုင်းတွင်တော့ အိမ်ဖော်မလေးမှာ ချန်ဖေးသည် ကျန်ကျိုက်ဝမ်နှင့် ရင်းနှီးမှု ရယူရန် လာရောက်ခြင်းဟုသာ ထင်မြင်ခဲ့မိ၏။ မည်သို့ပင်ဆိုစေ၊ အဆင့် ၁၀ ရှိသူ ဖြစ်သလို နောင်တစ်ချိန်တွင် ဒွာရ သန့်စင်ခြင်း အဆင့်ရှိ ပညာရှင်တစ်ဦး ဖြစ်လာနိုင်ခြေ မြင့်မားသဖြင့် ကြိုတင်၍ ရင်းနှီးမှု ရယူထားခြင်းမှာ မဆိုးလှသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူက စိန်ခေါ်ရန် လာရောက်လိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ခဲ့ဖူးချေ၊ ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်၏။
"ခဏလောက် စောင့်ပါဦး..."
အိမ်ဖော်မလေးသည် စိန်ခေါ်စာကို ယူဆောင်၍ အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
ခေတ္တမျှ ကြာသောအခါ ခြံဝင်းအတွင်းမှ လှောင်ပြောင် သရော်သံများ ရောနှောနေသည့် ကျယ်လောင်သော ရယ်မောသံများ ထွက်ပေါ်လာ၏။
"အစစ်အမှန်တပည့် ချန်... ဆရာတူအကိုကျန်က ဝင်ခဲ့ဖို့ ပြောပါတယ်..." အိမ်ဖော်မလေး ပြန်ထွက်လာပြီး ချန်ဖေးကို ထူးဆန်းသော အကြည့်တစ်ခုဖြင့် ကြည့်ကာ အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
စင်္ကြံလမ်းကို ဖြတ်ကျော်ဝင်ရောက်သွားသောအခါ ချန်ဖေးသည် ခြံဝင်းအတွင်း၌ ကျန်ကျိုက်ဝမ်နှင့်အတူ အခြား အစစ်အမှန် တပည့် နှစ်ဦးကို တွေ့လိုက်ရ၏။ တစ်ဦးမှာ အဆင့် ၅၇ ရှိသော မိုယွမ်ဖေး ဖြစ်ပြီး ကျန်တစ်ဦးမှာ အဆင့် ၇၃ ရှိသော ချီကျစ်ယီ ဖြစ်သည်။
ချီကျစ်ယီမှာ ရှားပါးလှသော အမျိုးသမီး အစစ်အမှန် တပည့်များထဲမှ တစ်ဦး ဖြစ်၏။ ယခုအချိန်တွင် သူမသည် ချန်ဖေးကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေသည်။
"ဆရာတူအကိုကျန်... ဆရာတူအကိုမို... ဆရာတူအစ်မချီ..." ချန်ဖေးက သူတို့ သုံးဦးကို ဦးညွှတ် နှုတ်ဆက်လိုက်၏။
"စိန်ခေါ်စာ ပေးပို့တာလား ညီလေးချန်... မင်း တကယ်ပဲ မမှားဘူးလား..."
မိုယွမ်ဖေးက ချန်ဖေးကို ကြည့်၍ ကျောက်စားပွဲပေါ်ရှိ စိန်ခေါ်စာကို အသာအယာ ပုတ်ရင်း လှောင်ပြောင်သလို ဆိုလိုက်သည်။
အသစ်တက်လာသော အောက်ဆုံးအဆင့် အစစ်အမှန် တပည့်တစ်ဦးက အစစ်အမှန် တပည့် ကျင့်စဉ်များကို လအနည်းငယ်သာ ကျင့်ကြံရသေးဘဲ အဆင့် ၁၀ ရှိသူကို စိန်ခေါ်ရန် ကြံရွယ်နေခြင်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှပေသည်။
"မင်းအကြောင်း ငါ သိပါတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက အတွင်းတပည့် ၉ ယောက်ကို အနိုင်ယူလိုက်တာ မဟုတ်လား... မင်းရဲ့ ခွန်အားကတော့ မှတ်သားလောက်စရာပါပဲ..."
ကျန်ကျိုက်ဝမ်က ချန်ဖေးကို အထက်စီးမှ ကြည့်လိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းကာ လှောင်ပြောင် ပြုံးလိုက်၏။
"ဒါပေမဲ့ အဲဒါကြောင့်နဲ့တင် မင်းက ငါ့ကို စိန်ခေါ်နိုင်ပြီလို့ တကယ်ပဲ ထင်နေတာလား... ဒီလောက်အထိ မာနကြီးပြီး အတင့်ရဲဖို့အတွက် ဘယ်သူက မင်းကို ယုံကြည်မှုတွေ ပေးထားတာလဲ..."
ကျန်ကျိုက်ဝမ် စကားပြောရင်း သူ၏ လေသံမှာ တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံးတွင် ဟိန်းဟောက်သံကြီးအဖြစ် ပြောင်းလဲသွားကာ ခြံဝင်းတစ်ခုလုံးကို တုန်ခါသွားစေတော့သည်။
မိုယွမ်ဖေးမှာ ဘေးနားမှနေ၍ အော်ဟစ် ရယ်မောနေသော်လည်း ချီကျစ်ယီမှာမူ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး ခေါင်းကိုသာ အသာအယာ ခါလိုက်မိ၏။ ဤမျှအထိ လွန်ကဲလှသော ဖြစ်ရပ်မျိုးကို သူမ တွေ့ကြုံဖူးခြင်း မရှိသဖြင့် ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်နေရတော့သည်။
"ဘုန်း..."
ချန်ဖေး၏ နောက်ကျောမှ ဓားအိမ်ကို သူ၏ လက်ဖြင့် ရုတ်တရက် ကိုင်ဆောင်လိုက်ပြီး မြေပြင်ပေါ်သို့ အားဖြင့် စိုက်ချလိုက်၏။ ထိုပြင်းထန်သော အသံက မိုယွမ်ဖေး၏ ရယ်သံကို ဖြတ်တောက်လိုက်သကဲ့သို့ ကျန်ကျိုက်ဝမ်၏ ဟိန်းဟောက်နေသော အရှိန်အဝါကိုလည်း ဖျက်ဆီးပစ်လိုက်သည်။
"ဒါက ဝိညာဉ်လက်နက်တစ်ပိုင်း ဖြစ်တော့မယ့် ချန်ယွမ် ဓား ပဲ... ဒါဟာ ဒီစိန်ခေါ်မှုအတွက် အလောင်းအစားပဲ... အကယ်၍ ခင်ဗျား နိုင်မယ် ဆိုရင်တော့ ဒီဓားကို ယူသွားပြီး ခင်ဗျား ကြိုက်သလို ပုံဖော်နိုင်ပါတယ်..."
ချန်ဖေးသည် ချန်ယွမ် ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်ရာ ၎င်း၏ အရှိန်အဝါမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။
"လေရှည်မနေကြနဲ့တော့... ရိုးရိုးရှင်းရှင်းပဲ လုပ်ကြရအောင်... ဒီစိန်ခေါ်မှုကို လက်ခံမလား၊ လက်မခံဘူးလား..." ချန်ဖေးက ကျန်ကျိုက်ဝမ်ကို တည်ငြိမ်စွာ ကြည့်၍ ဆိုလိုက်သည်။
***