ယဲ့ပုဖန်က "ခင်ဗျား တွေးလွန်နေပါပြီ။ ကျွန်တော် ထွက်ပြေးမယ်လို့ ဘယ်တုန်းကများ ပြောဖူးလို့လဲ" ဟု ဆိုလေသည်။
"မင်းက ထွက်ပြေးလို့မလွတ်နိုင်ဘူးဆိုတာကို သိလောက်အောင်တော့ ပါးနပ်သားပဲ" ရှီဝန်စုန်းက ဆက်၍ "ငါတို့ရဲ့ ယွမ်သန်းရှစ်ရာကို ပြန်ပေးဖို့ အချိန်မနှောင်းသေးပါဘူး။ မင်းအတွက် ဆရာကြီးကဲ့ကို ငါ တောင်းဆိုပေးပါ့မယ်။ ဒါဆိုရင် မင်း အသက်ချမ်းသာရာ ရနိုင်ကောင်းပါရဲ့"
"ခင်ဗျား တွေးလွန်နေပြန်ပါပြီ။ ကျွန်တော် ယူထားပြီးသားငွေကို ဘယ်တော့မှ ပြန်မပေးတတ်တဲ့ အကျင့်ရှိတယ်" ဟု ယဲ့ပုဖန်က ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
ထိုအခါ ရှီဝန်စုန်းက "ကောင်လေး... မင်းက ဆရာကြီးကဲ့ကို မကြောက်ဘူးလား" ဟု အော်ဟစ်လိုက်သည်။
"သူ့ကို ကြောက်ရမယ် ဟုတ်လား။ ကဲ့ဝန်ကုန်းက ခင်ဗျားတို့ဘက်က ရပ်တည်ပေးမယ်လို့ သေချာလို့လား"
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်ပြီး "ဒီလိုလုပ်။ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ကြတာပေါ့"
"ခဏနေ ကဲ့ဝန်ကုန်းနဲ့ တွေ့တဲ့အခါ သူကသာ ကျွန်တော့်ကို ခင်ဗျားတို့ဆီ ငွေပြန်ပေးဖို့ ပြောလာခဲ့ရင်... တစ်ပြားမှ မလျော့စေဘဲ တွန့်ဆုတ်မနေဘဲ ပြန်ပေးပါ့မယ်"
"မောက်မာလိုက်တဲ့ ကောင်စုတ်လေး။ ဆရာကြီးကဲ့ နာမည်ကို မင်းကများ အတင့်ရဲစွာ ခေါ်ဝံ့တယ်ပေါ့လေ။ မင်းက သေချင်နေတာပဲ" ရှီဝန်စုန်းက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ယဲ့ပုဖန်က ထိုအဘိုးကြီးကို လျစ်လျူရှုထားလိုက်ပြီး ဝမ်ရွှယ်နင်ကို ဆွဲကာ အထဲသို့ ဝင်သွားတော့သည်။
"ရှောင်ဖန်... တကယ်ပဲ အဆင်ပြေပါ့မလား။ အဲဒါ ဆရာကြီးကဲ့နော်" ဝမ်ရွှယ်နင်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ အထင်းသား ပေါ်လွင်နေ၏။
"စိတ်မပူပါနဲ့။ ငါ အမှန်တရားကို ပြောနေတယ်ဆိုတာကို နောက်ခဏနေရင် မင်း မြင်ရပါလိမ့်မယ်"
ယဲ့ပုဖန်က သူမ၏ လက်ကလေးကို ဆုပ်ကိုင်အားပေးလိုက်ရင်း ခြံဝင်းအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြသည်။
ရှီဝန်စုန်းကလည်း သူတို့နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။ အခန်းအတွင်းသို့ ရောက်သည်နှင့် သူက ရှေ့သို့ ပြေးထွက်သွားကာ "ဆရာကြီးကဲ့... မိစ္ဆာကောင်လေး ရောက်လာပါပြီ။ သူက ခုနလေးတင် အပြင်ဘက်မှာ ဆရာကြီးရဲ့ နာမည်ကို အတင့်ရဲစွာ ခေါ်ဝေါ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေခဲ့တာပါ" ဟု တိုင်တန်းလိုက်လေသည်။
ခြံဝင်းအတွင်းဝယ် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသော လူများအားလုံးသည် ထိုအော်သံကြောင့် ချက်ချင်းပင် လှည့်ကြည့်လာကြသည်။
လူအများစုမှာ ယဲ့ပုဖန် ဆိုသည်ကား မည်သူမည်ဝါမှန်း မသိကြပေ။ သူနှင့် ထိပ်သီးမိသားစုကြီးများ အကြားရှိ ရန်ငြိုးများကို ဆိုလျှင် ပို၍ပင် မသိကြချေ။ သို့သော် ဆရာကြီးကဲ့၏ နာမည်ရင်းကို ခေါ်ဝေါ်ခြင်းမှာ ကြီးမားသော တားမြစ်ချက် တစ်ခု ဖြစ်ကြောင်းကိုမူ အားလုံးက ကောင်းစွာ သိရှိထားကြပေသည်။
ကျန်းပေ့မြို့၏ လေးစားခံရဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့် လူတိုင်းက သူ့အား 'ဆရာကြီးကဲ့' ဟုသာ ရိုသေစွာ ခေါ်ဝေါ်ကြပြီး မည်သူကမျှ သူ၏ နာမည်ရင်းကို မခေါ်ဝံ့ကြပေ။
ဤနေရာတွင်သာ ဆက်လက်၍ မိုက်ရိုင်းနေမည် ဆိုပါက ဆရာကြီးကဲ့ အမျက်ဒေါသ ထွက်လာပေတော့မည်။
ယဲ့ပုဖန်ကို မြင်လိုက်ရသောအခါ ရှီထျန်းချီ၏ မျက်လုံးများက အရောင်လက်သွားကာ "ဆရာကြီး... ကျွန်တော် ပြောခဲ့တဲ့ လူယုတ်မာ ဆိုတာ ဒီကောင်လေးပါပဲ" ဟု ဆိုလိုက်သည်။
သူသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့သဖြင့် ဆရာကြီးကဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို လုံးဝ သတိမထားမိခဲ့ပေ။ ထို့နောက် သူက လှည့်ကာ ယဲ့ပုဖန်ထံသို့ ပြေးသွားပြီး "ယဲ့ပုဖန်... မင်းက ဒီကိုတောင် လာရဲသေးတယ်ပေါ့လေ" ဟု မောက်မာစွာ အော်ဟစ်လိုက်လေသည်။
"မင်းကို ငါ ပြောမယ်။ ဆရာကြီးကဲ့က ခုနလေးတင် မင်းကို အရေးယူတော့မယ်လို့ ပြောထားတာ။ မင်း သေဖို့သာ ပြင်ထားပေတော့"
ယဲ့ပုဖန်က သူ့အား တစ်ချက် လှမ်းကြည့်လိုက်ပြီး "ထွက်သွားစမ်း" ဟု အေးစက်စွာ ပြောလိုက်၏။
"ကောင်စုတ်လေး... မင်းက မောက်မာရဲသေးတယ်ပေါ့"
ဆရာကြီးကဲ့ကို ကျောထောက်နောက်ခံ ပြုထားသဖြင့် တစ်ဖက်လူမှာ သေချာပေါက် အောက်ကျို့လာမည်၊ ထို့ထက်ပို၍ ဒူးထောက်ကာ ခွင့်လွှတ်ပေးရန်ပင် တောင်းပန်လာလိမ့်မည်ဟု ရှီထျန်းချီက အပြည့်အဝ မျှော်လင့်ထားခဲ့သည်။ သို့သော် သူထင်မှတ်မထားသည်မှာ တစ်ဖက်လူက သူ့အား အရေးမလုပ်ခြင်းပင် ဖြစ်၏။
သူက ယဲ့ပုဖန်၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးငေါက်ငေါက် ထိုးကာ "ဒါက ဆရာကြီးကဲ့ရဲ့ စံအိမ်တော်ကွ။ မင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး..." ဟု အော်ဟစ်လိုက်သည်။
သူ၏ စကားပင် မဆုံးလိုက်သေးချေ။ ဧရာမ လက်ဝါးကြီး တစ်ဖက်သည် သူ၏ မျက်နှာရှေ့သို့ ရုတ်တရက် ရောက်ရှိလာကာ ရိုက်ထုတ်လိုက်လေတော့သည်။
"ဖြန်း..."
ကြည်လင်ပြတ်သားလှသော ပါးရိုက်သံကြီး ထွက်ပေါ်လာပြီးနောက် ရှီထျန်းချီ၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာကြီး တစ်ခု အထင်းသား ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ခုနစ်မီတာ၊ ရှစ်မီတာခန့် လွင့်စင်သွားပြီးနောက် ဆရာကြီးကဲ့၏ ခြေရင်းသို့ ဒုတ်ခနဲ ပြုတ်ကျသွားလေတော့သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ဤလူငယ်လေးသည် မည်သူဖြစ်၍ ဤမျှလောက် မောက်မာကာ အတင့်ရဲနေရသနည်း ဟု အားလုံးက အံ့ဩနေကြပေသည်။
ဆရာကြီးကဲ့၏ ရှေ့မှောက်တွင် လူတစ်ယောက်ကို ၊ အထူးသဖြင့် ဆရာကြီးကဲ့ ယခုမှ အသစ်လက်ခံထားသော တပည့်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲသည်တဲ့လား။ ဤလုပ်ရပ်မှာ သေလမ်းရှာနေခြင်းနှင့် ဘာများ ကွာခြားတော့မည်နည်း။
ဝမ်ရွှမ်ချဲ့နှင့် သူ၏ သားဖြစ်သူတို့သည် ယဲ့ပုဖန် ဝင်ရောက်လာသည်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် ဆရာကြီးကဲ့အနေဖြင့် ဂုဏ်သိက္ခာအရ ဤလူငယ်လေးအား အဖက်လုပ်လိမ့်မည် မဟုတ်ဟု တွေးကာ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိနေခဲ့သေးသည်။ သို့သော် ယခုမူ ထိုမျှော်လင့်ချက်များ အားလုံးမှာ တစ်စစီ ရိုက်ချိုးခံလိုက်ရပြီ ဖြစ်၏။
ဆရာကြီးကဲ့သည် မည်မျှပင် သဘောကောင်းလှပါစေ လူပုံအလယ်တွင် ရှီထျန်းချီ အရိုက်ခံလိုက်ရသည့် အတွက် ဒေါသပေါက်ကွဲလာမည်မှာ အသေအချာပင်။
ရှီထျန်းချီသည် သွားများနှင့် ရောနှောနေသော သွေးများကို တစ်ပွက် ထွေးထုတ်လိုက်ပြီးနောက် ကုန်းရုန်းထကာ "ဆရာကြီး... ဆရာကြီး ကိုယ်တိုင် မြင်တဲ့အတိုင်းပါပဲ။ ဒီလူရမ်းကား ဘယ်လောက်တောင် မောက်မာသလဲ ဆိုတာကို..." ဟု ငိုယိုကာ တိုင်တန်းလေတော့သည်။
ယခုအခါ အားလုံး၏ အကြည့်တို့သည် ကဲ့ဝန်ကုန်းထံသို့ စုပြုံကျရောက်သွားကြသည်။ ကဲ့ဝန်ကုန်း၏ မျက်နှာမှာ ပြာနှမ်းနေပြီး ဒေါသအလွန် ထွက်နေကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးအတွင်း၌ အပြာရောင် လျှပ်စီးကြောင်း တစ်ခု ပေါ်ထွက်လာပြီး "ဖျစ်... ဖျစ်..." ဟူသော အသံများနှင့်အတူ လင်းလက် တောက်ပလာလေသည်။
"ဆရာကြီးကဲ့က မိုးကြိုးစွမ်းအင်ကိုတောင် အသုံးပြုလိုက်ပြီပဲ။ သူ တကယ်ကို ဒေါသထွက်နေပြီ"
"ဒီကောင်လေးတော့ ပြီးသွားပြီ။ ဆရာကြီးကဲ့ကိုတောင် ဒီလောက် ရန်စရဲတယ်ဆိုတော့ သေလမ်း ရှာနေတာ မဟုတ်ဘူးလား"
"ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။ ဒီလို သေလမ်းရှာနေတဲ့ သူမျိုးတွေက ဝတ္ထုတွေထဲမှာဆို ပထမဆုံး အခန်းတောင် ကျော်နိုင်မှာ မဟုတ်ဘူး..."
ရှီထျန်းချီမှာမူ ဝမ်းသာလုံးဆို့သွားတော့သည်။ ဤအခိုက်အတန့်၌ ဆရာကြီးကဲ့ ဒေါသထွက်သွားကာ သူ၏ ရှီမိသားစုအတွက် ကလဲ့စားချေခွင့် ရသွားမည် ဖြစ်သောကြောင့် သူ အရိုက်ခံလိုက်ရသည်မှာပင် တန်သည်ဟု သူ ခံစားလိုက်ရသည်။
သူက ယဲ့ပုဖန်ထံသို့ နောက်တစ်ဖန် လက်ညှိုးထိုးလိုက်ပြီး "ကောင်စုတ်လေး... မင်းတော့ သေပြီ..."
သို့သော် သူ၏ စကားများ တစ်ဝက်တစ်ပျက်သာ ရှိသေးချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ဆရာကြီးကဲ့၏ လက်ထဲမှ တူတစ်ချောင်းစာခန့် တုတ်သော လျှပ်စီးကြောင်းကြီးမှာ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာခြင်းပင်။
"ဘန်း..."
မိုးကြိုးပစ်ခံလိုက်ရသော ရှီထျန်းချီသည် မြေပြင်ပေါ်သို့ ဒိုင်းခနဲ လဲကျသွားလေတော့သည်။
သူ၏ ဆံပင်များမှာ မိုးကြိုးထိထားသကဲ့သို့ ထောင်မတ်မတ် ဖြစ်နေပြီး ပါးစပ်မှလည်း အမည်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာကာ ခန္ဓာကိုယ် တစ်ခုလုံး အပေါ်သို့ ဖောင်းကြွနေတော့သည်။ သူ၏ အသွင်အပြင်မှာ အလွန်တရာ သနားစရာ ကောင်းလှပေသည်။
ထိုနေရာရှိ လူတိုင်းမှာ မှင်သက်သွားကြလေပြီ။ ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။
ဆရာကြီးကဲ့၏ လျှပ်စီးက ဘာကြောင့် သူ့တပည့်ကိုယ်သူ ပြန်ပစ်ရတာလဲ။ အဲဒီ လူငယ်လေးကို ပစ်ရမှာ မဟုတ်ဘူးလား။
ရှီဝန်စုန်းသည်လည်း ဇဝေဇဝါ ဖြစ်သွားပြီးနောက် "ဆရာကြီး... ခင်ဗျား လူမှားနေပြီ။ အပစ်ခံရမှာက ဒီကောင်လေးပါ..." ဟု အော်ပြောလိုက်လေသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒါ ငါ့ရဲ့ ဆရာဘိုးဘိုးကွ"
ထိုသို့ ပြောလိုက်သူမှာ ဖူကျောက်ကျယ်ပင် ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူသည် ယဲ့ပုဖန်ကို မြင်လိုက်ရသဖြင့် ရှီဝန်စုန်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်ခြင်းပင်။
ကဲ့ဝန်ကုန်းသည် စင်မြင့်ထက်မှ ချက်ချင်း ပြေးဆင်းလာပြီး ယဲ့ပုဖန်၏ ရှေ့သို့ ရောက်သည်နှင့် ဒုတ်ခနဲ ဒူးထောက်ချလိုက်ကာ "တပည့် ကဲ့ဝန်ကုန်း ဆရာကို ဂါရဝပြုပါတယ်။ တပည့် အပြင်ထွက် ကြိုဆိုနိုင်အောင်လို့ ဘာလို့ ကြိုပြီး ဖုန်းမဆက်လိုက်ရတာလဲ ဆရာ" ဟု ဆိုလေတော့သည်။
သူ၏ နောက်တွင်လည်း ဖူကျောက်ကျယ်နှင့် အခြားသော တပည့်များ အားလုံး ဒူးထောက်ချလိုက်ကြပြီး ယဲ့ပုဖန်အား အရိုအသေ ပေးလိုက်ကြသည်။
သူတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် ခြံဝင်းအတွင်းရှိ လူတိုင်းမှာ ချက်ချင်းပင် ဆွံ့အ တိတ်ဆိတ်သွားကြလေတော့သည်။ အားလုံးလိုလိုသည် ဆရာကြီးကဲ့၏ မိုးကြိုးစွမ်းအင် အပစ်ခံလိုက်ရသည့်အလား အံ့အားသင့် မှင်သက်နေကြပေတော့သည်။
"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ကျန်းပေ့မှာ နာမည်ကြီးလှတဲ့ ဆရာကြီးကဲ့က အဲဒီ လူငယ်လေးကို 'ဆရာ' လို့ ခေါ်လိုက်တာလား"
လူအများ၏ စိတ်ထဲတွင် ဆရာကြီးကဲ့က ဆရာဟု ခေါ်ဝေါ်နိုင်လောက်သူ တစ်ဦးမှာ အလွန်တရာ လေးစားခံရသူ တစ်ဦးဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး အသက် ခုနစ်ဆယ်၊ ရှစ်ဆယ် အရွယ်ခန့် ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်ရမည်။ ယခုကဲ့သို့ ငယ်ရွယ်နေလိမ့်မည် မဟုတ်ဟုသာ တွေးထင်ထားခဲ့ကြပေသည်။
မိုးကြိုးစွမ်းအင်၏ ဒဏ်မှ အနည်းငယ် သက်သာခါစ ရှိသေးသော ရှီထျန်းချီသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်စိရှေ့၌ အမှောင်ကျသွားကာ မေ့မြောသွားလေတော့သည်။
ဆရာကြီးကဲ့၏ တပည့် ဖြစ်လာခြင်းဖြင့် သူသည် အစွမ်းထက်သော ကျောထောက်နောက်ခံ တစ်ခုကို ရရှိသွားပြီး ယဲ့ပုဖန်ကို ခြေအောက်တွင် နင်းချေနိုင်လိမ့်မည်ဟု အစက သူ တွေးထင်ထားခဲ့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်ဖက်လူက သူ၏ ဆရာဘိုးဘိုး ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ ထိုသို့ဆိုလျှင် သူက မည်သို့လုပ်၍ ကလဲ့စား ချေနိုင်တော့မည်နည်း။
မြေပြင်ပေါ်သို့ လဲကျနေသော ရှီဝန်စုန်းမှာလည်း ပါးစပ်ကြီး ဟောင်းလောင်းပွင့်နေပြီး အချိန်အတော်ကြာသည်အထိ ပြန်မပိတ်နိုင်တော့ချေ။ ပြင်းထန်သော တုန်လှုပ်မှုကြောင့် အကန်ခံလိုက်ရသော နာကျင်မှုကိုပင် သူ မေ့လျော့သွားခဲ့လေပြီ။
ယဲ့ပုဖန်၏ ဘေးတွင် ရပ်နေသော ဝမ်ရွှယ်နင်သည်လည်း သူမ၏ ကြီးမားလှပသော မျက်လုံးအစုံတို့ ပြူးကျယ်ထွက်မတတ် ဖြစ်နေပြီး လှပသော ဖယောင်းရုပ်တု တစ်ခုအလား ဖြစ်နေလေသည်။
ကဲ့ဝန်ကုန်း၏ ဆရာဖြစ်သည်ဟု ယဲ့ပုဖန် ပြောခဲ့စဉ်က နောက်ပြောင်နေခြင်း ဖြစ်မည်ဟုသာ သူမ ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ငါ ဘယ်လို ရည်းစားမျိုးကို ရှာတွေ့ခဲ့တာလဲ။
သူ့မှာ ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေသေးသနည်း။
အထိနာဆုံး သူမှာကား ဝမ်ကျီယန်းပင် ဖြစ်လေသည်။ ဆရာကြီးကဲ့၏ တပည့် ဖြစ်လာပြီးနောက် သူမ တည်ဆောက်ထားခဲ့သော ယုံကြည်မှုများနှင့် မာနတရားတို့မှာ တစ်ခဏချင်းအတွင်းမှာပင် ချေမွ ဖျက်ဆီး ခံလိုက်ရလေပြီ။
သူမသည် ဆရာကြီးကဲ့၏ တပည့်ဖြစ်လာကြောင်းကို ယဲ့ပုဖန်သာ သိသွားပါက အလွန်အမင်း မနာလို ဖြစ်သွားမည်ဖြစ်ပြီး သူမတို့၏ ယခင် စေ့စပ်ထားမှုကို ပြန်လည် အသက်သွင်းပေးရန်ပင် သူမထံ တောင်းပန်လာလိမ့်မည်ဟု အစက ထင်မှတ်ထားခဲ့သည်။
သို့သော် သူမ၏ ဂုဏ်ယူဖွယ်ကောင်းသော အဆင့်အတန်းမှာ အခြားသူများ၏ ရှေ့မှောက်တွင် မည်သို့မျှ အသုံးမဝင်ကြောင်း သိလိုက်ရသည့်အခါ သူမ အလွန်အမင်း အံ့အားသင့်သွားရသည်။ ဆရာကြီးကဲ့မှာ ယဲ့ပုဖန်၏ တပည့်တစ်ဦးသာ ဖြစ်နေပြီး သူမမှာကား ယခုအခါတွင် သူ၏ မြေးတပည့် တစ်ဦး ဖြစ်သွားခဲ့လေပြီ။
ယဲ့ပုဖန်က လူတိုင်း၏ မျက်နှာပေါ်ရှိ အမျိုးမျိုးသော အမူအရာများကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ "ကောင်းပြီ... အားလုံး ထကြတော့" ဟု ဆိုလိုက်လေတော့သည်။
*